ဖေဖော်ဝါရီ ၂၅ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စီးပွားရေးကောင်းလာအောင်နဲ့ ငွေကြေးဖောင်းပွနှုန်းကျအောင် လုပ်ထားနိုင်ပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လွှတ်တော်မှာ ပြောတဲ့ သူ့ရဲ့နိုင်ငံတော်အခြေပြမိန့်ခွန်းထဲ ထည့်ပြော၊ အမေရိကန်ထံကနေ ပဲပုပ်ဖတ် ဝယ်ဖို့ မြန်မာဝယ်လက်နဲ့ အမေရိကန်တင်ပို့သူတွေကြား နားလည်မှုစာချွန်လွှာ လက်မှတ်ထိုး၊ ... စတဲ့ တဲ့ သတင်းအပါအဝင် ဖေဖော်ဝါရီ ၂၅ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂၅ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
တရုတ်နှစ်သစ်ကူးကို နိုင်ငံတလွှားက သန်းနဲ့ချီတဲ့ ပြည်သူတွေ ဆင်နွှဲနေကြပါတယ်။ ခုထိ အိမ်ထောင်မကျသေးလို့ မြေးမွေးမပေးနိုင်သေးတဲ့ လူပျိုအပျို တချို့ အတွက်တော့ ဒီအချိန်က မိဘတွေ ဆူလို့ နားပူရမယ့်အချိန် ဖြစ်ပါတယ်။
ကလေးမမွေးတဲ့ကိစ္စက တရုတ်နဲ့ အရှေ့အာရှတလွှားမှာ ပြောစရာ ကိစ္စကြီး ဖြစ်နေပြီး အာဏာပိုင်တွေအတွက် ခေါင်းခဲစရာ ကိစ္စကြီး ဖြစ်နေပါတယ်။
တရုတ်ပြည်ရဲ့ မွေးနှုန်းက အနိမ့်ဆုံးအဆင့်သစ်ကို ကျဆင်းနေကြောင်း တရုတ်အစိုးရက အရင်လက ထုတ်ပြန်ခဲ့ပြီးနောက် သတင်းဖြစ်ခဲ့ပြန်ပါတယ်။
၁၉၄၉ က တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ပြီးနောက်ပိုင်း ဒါက အနိမ့်ဆုံးအဆင့် ရောက်ခဲ့ပြီး လူတထောင်မှ ကလေး ၅ .၆၃ ပဲ မွေးနှုန်း ရှိပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်နိုင်ပါတယ်။
တိရစ္ဆာန် မွေးမြူရေးမှာ အစာဖတ်အဖြစ်သုံးတဲ့ ပဲပုပ်ဖက်ကို အမေရိကန်ကနေ ဝယ်ယူဖို့ မြန်မာက ဝယ်လက်နဲ့ အမေရိကန်က တင်ပို့ရောင်းချသူတွေကြား လက်မှတ်ထိုးလိုက်ပြီလို့ အမေရိကန်ဘက်က သတင်းထုတ်လာပါတယ်။
အရှေ့တောင်အာရှကို ပဲပုပ်ဖက်တင်ပို့မှု တိုးမြှင့်မှုတစ်စိတ်တစ်ပိုင်းအနေနဲ့ မြန်မာ ဝယ်ယူသူတွေနဲ့ အမေရိကန် တင်ပို့သူတွေကြား လက်မှတ်ထိုးကြတာကို အမေရိကန်သံရုံးက မျက်မြင်အဖြစ် ပါဝင်ခဲ့တဲ့အကြောင်း ရန်ကုန်က အမေရိကန်သံရုံးက ဒီနေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ဒါဟာ အမေရိကန်လယ်သမားတွေအတွက် ဈေးကွက်သစ် ဖော်ဆောင်ပေးတဲ့အပြင် ဒေသတွင်းမှာ ခိုင်မာတဲ့ထောက်ပံ့ကွင်းဆက်ဖြစ်လာဖို့ အထောက်အပံ့ဖြစ်မယ်လို့ ထင်တဲ့အကြောင်းလည်း သံရုံးက ပြောပါတယ်။
မြန်မာဘက်က ဝယ်လက်က မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်းလီမိတက် (MAPCO) ဖြစ်ပြီး အမေရိကန်က International Feed Corporation တို့ကြား နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးတာဖြစ်ပါတယ်။
MOU နဲ့ပတ်သက်လို့ MAPCO ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာဦးရဲမင်းအောင် ကတော့ ပထမခြေလှမ်အစလို့ရှုမြင်ပြီး နောက်ပိုင်းမှာ ကျယ်ပြန့်တဲ့ အကောင်အထည်ဖော်မှုတွေဆက်ရှိလာမယ်လို့ ပြောပါတယ်။
''ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အခြေစိုက်တဲ့ အမေရိကန် လယ်ယာစိုက်ပျိူးရေးဌာနနဲ့ နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးခဲ့တာပါ။ အမေရိကန်ရဲ့ ပဲပုပ်က ကမ္ဘာမှာ ခေတ်မီတယ်။ ကြိတ်ဖက်တင် ပရိုတင်းက ၄၃ ရာခိုင်နှုန်း ပါတယ်။ ဖွဲနုကနေ ဆီထုတ်တဲ့စက်တွေရှိတယ်၊ ပဲပုပ်ကနေ ဆီထုတ်နိုင်တာမျိုးရှိတယ်ဆိုတော့ ကာလတို နည်းပညာ ပူးပေါင်းဆောင်ရွက်ဖို့လည်း ရှိပါတယ်။ ဒါတွေလုပ်ဖို့လည်း ဆွေးနွေးခဲ့ပါတယ်'' လို့ သူက ပြောပါတယ်။
အမေရိကန်ပဲပုပ်တင်ပို့ကောင်စီရဲ့အချက်အလက်အရ မြန်မာဟာ ၂၀၂၁ စစ်အာဏာသိမ်းမှု မတိုင်ခင် ၂၀၁၉ နဲ့ ၂၀၂၀ မှာ ပဲပုပ်ဖက် ဒေါ်လာ သန်း ၄၃ သန်းနီးပါးနဲ့ ပဲနို့၊ ပဲပြားလုပ်ဖို့ ပဲပုပ်စေ့ ဒေါ်လာ ၇ သန်း နီးပါးဖိုး တင်သွင်းထားပါတယ်။
သံလွင်မြစ်ရေနဲ့ မိုလိုချောင်းရေကိုစစ်ဆေးရာမှာ အာဆင်းနစ် အန္တရာယ်ရှိတဲ့နှုန်းထားအထိ တွေ့ရှိခဲ့ရကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က သတိပေးစာထုတ်လာပါတယ်။
IEC နဲ့ ချင်းမိုင်တက္ကသိုလ် (သဘာဝပတ်ဝန်းကျင် သုတေသနဌာန) တို့ပူးပေါင်း သုတေသန ပြုလုပ်အပြီး တွေ့ရှိချက်ကို IEC ဘက်က အခုလို ထုတ်ပြန်လာတာဖြစ်ပါတယ်။
ကယား (ကရင်နီ) ပြည်နယ်ထဲကိုဖြတ်သန်းစီးဆင်းတဲ့ သံလွင်မြစ်အထက်ပိုင်း (ရှမ်း - ကရင်နီ နယ်စပ်)၊ သံလွင်မြစ်အလယ်ပိုင်းနဲ့ သံလွင်မြစ်အောက်ပိုင်း (ကရင်နီ - ကရင်/ ကော်သူးလေ နယ်စပ်) တလျှောက် ၁၀ နေရာကို ရေနမူနာယူခဲ့ လေ့လာခဲ့တာဖြစ်ပါတယ်။
ဒါအပြင် မိုလိုချောင်း ၁ နေရာမှာလည်း ရေနမူနာယူပြီး ဓာတ်ခွဲစစ်ဆေးမှုတွေလုပ်ခဲ့တယ်လို့ ဒီနေ့ ဖေဖော်ဝါရီ ၂၅ ရက်မှာ IEC က ထုတ်ပြန်ပါတယ်။
စစ်ဆေးမှုအဖြေအရ သံလွင်မြစ်ရေမှာ အန္တရာယ်ရှိနှုန်းထား ၄ ဆကနေ ၉ ဆ၊ မိုလိုချောင်းမှာ အလွန်အန္တရာယ်ရှိနှုန်းထား ၅၅၃ ဆ ပါဝင်နေတယ်လို့ ဖော်ပြပါတယ်။ အထူးသဖြင့် မိုလိုချောင်းဟာ ခဲမဖြူ၊ အဖြိုက်နက်၊ ခနောက်စိမ်း သတ္တုတွင်းတွေရှိရာ မော်ချီးဒေသကို ဖြတ်သန်း စီးဆင်းတာပါ။
“မိုလိုချောင်းမှာနေတဲ့လူဦးရေက စစ်ရှောင်တွေနဲ့ပေါင်းရင် ၃ ၄ ထောင်လောက်ရှိတယ်။ နှစ်ပေါင်း များစွာခဲလုပ်လာတော့ မိုလိုချောင်းရေက အမြဲလိုလိုနောက်နေတာပါ။ ဘေးပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေကလည်း အခြားတောတောင်ကနေ ရေသွယ်ပြီး သုံးပါတယ်။ မော်ချီးအပေါ်ရွာ၊ အောက်ရွာတွေကလည်း မိုလိုချောင်းရေကို မစားမသောက်ပါဘူး” လို့ IEC အတွင်းရေးမှူး ၂ ကိုဗညားက ပြောပါတယ်။
သံလွင်မြစ်နံဘေးမှာရှိတဲ့ ကရင်နီဒေသထဲက ဖားဆောင်းမြို့ကိုလည်း စစ်တပ်က ပြန်လည် ထိန်းချုပ်ထားတာကြောင့် နေထိုင်တဲ့ပြည်သူတွေ မရှိသလောက်နည်းနေတယ်လို့ သိရပါတယ်။
ဒါပေမဲ့ အာဆင်းနစ်အဆိပ်သင့်နေတာကြောင့် သံလွင်မြစ်ရေနဲ့ မိုလိုချောင်းရေတို့ကို တိုက်ရိုက် သောက်သုံးတာနဲ့ ချက်ပြုတ်ရာမှာ ထည့်မသုံးဖို့ IEC က သတိပေးထားပါတယ်။ ဒီမြစ်ရေတွေကို ထိတွေ့ကိုင်တွယ်ပြီးရင်လည်း ရေသန့်နဲ့ပြန်ဆေးဖို့ပြောပါတယ်။
သံလွင်မြစ်ရေထဲက ရေနေသတ္တဝါတွေကို ချက်ပြုတ်မစားဖို့နဲ့ မဖြစ်မနေစားခဲ့မယ်ဆိုရင်လည်း ဉီးခေါင်းနဲ့ အတွင်းကလီစာကို မစားဖို့ သတိပေးပါတယ်။ မိုလိုချောင်းမှာတော့ ချောင်းထဲက ရေနေသတ္တဝါတွေကိုလုံးဝမစားဖို့ IEC က ပြောထားပါတယ်။
IEC ကတော့ ပြည်သူတွေ ကျန်းမာရေးအတွက် ပြည်နယ်ထဲက သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ရေ၊ စိုက်ပျိုးသီးနှံ၊ ရေနေသတ္တဝါနမူနာတွေကို စစ်ဆေးမယ့်အပြင် မြေနဲ့ မြေဆီလွှာ ကောက်ယူတာ၊ ထိန်းချုပ်တဲ့လုပ်ငန်းစဉ်တွေကို ချမှတ်အကောင်အထည်ဖော်မယ်လို့ ဆိုပါတယ်။
ဒီသတိပေးချက်ကို တစုံတရာမထုတ်ပြန်ခင်အထိ အတည်ဖြစ်ပြီး ပြည်သူတွေအနေနဲ့ ကျန်းမာရေး ဆိုင်ရာအစီအမံတွေကို ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းသွားပါတယ်။
မြန်မာနိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ နှစ်လအတွင်း လူ ၁၂ ဦးအထိ သေဆုံးတဲ့ မီးလောင်မှုပေါင်း ၁၉၁ ကြိမ်ကျော်အထိဖြစ်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနရဲ့အချက်အလက်ကို ကိုးကားပြီး နိုင်ငံပိုင်သတင်းမှာဖော်ပြပါတယ်။
ဒီအချက်အလက်ဟာ ဇန်နဝါရီလကနေ ဖေဖော်ဝါရီလ ၂၀ ရက်အထိ အပိုင်းအခြားကို စာရင်းပြုစုထားတာဖြစ်ပါတယ်။ တဖက်မှာလည်း ဒါဟာ မနှစ်ကနဲ့ ကာလတူ နှိုင်းယှဉ်မယ်ဆိုရင် မီးလောင်မှု ပိုတိုးလာတဲ့အခြေအနေလို့ သိရပါတယ်။
ဇန်နဝါရီလမှာ မီးလောင်မှု အကြိမ် ၁၀၀ ဖြစ်ခဲ့ပြီး ၄ ဦးသေဆုံးကာ ၁၁ ဦးထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ ဖေဖော်ဝါရီလမှာ ၉၁ ကြိမ်မီးလောင်ခဲ့ပြီး ၈ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၅ ဦးရှိပါတယ်။ ဒါဟာ အခုလမှာ လူသေဆုံးမှုပိုများလာတာကို တွေ့ရပါတယ်။
ရန်ကုန်မြို့မှာ လူနေတိုက်ခန်းတွေမှာသာမက စက်မှုဇုန်တွေမှာတည်ရှိတဲ့ စက်ရုံအလုပ်ရုံတွေ မှာပါ မီးလောင်ကျွမ်းမှုတွေဖြစ်ခဲ့ပြီး လူထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်တုန်းက ရန်ကုန်မြို့ မြောက်ဒဂုံ၊ လှည်းကူး နဲ့ သင်္ဃန်းကျွန်းစတဲ့ ၃ မြို့နယ်က နေအိမ်တွေ မီးလောင်ခဲ့ပြီး လူသေဆုံးမှုရှိခဲ့ပါတယ်။
ရန်ကုန်ကစက်မှုဇုန်တွေမှာလည်း ဖေဖော်ဝါရီ ၁၈ ရက်မှာ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန် က Straightex Co.,ltd အထည်ချုပ်စက်ရုံမီးလောင်ခဲ့သလို မနေ့ညတုန်းကလည်း လှိုင်သာယာ စက်မှုဇုန် အပိုင်း ၅ က ဖွဲစက်ရုံမှာမီးလောင်ကျွမ်းမှုဖြစ်ခဲ့ပါတယ်။
“ညကဖြစ်တာကတော့ လျှပ်စစ်ဝါယာကြိုးရှော့ခ်ဖြစ်တာပါ။ ပေါ့ဆတာမျိုးမဟုတ်ပဲ သွယ်ထားတဲ့ ကြိုးပေါက်ပြီးဖြစ်တာပါ။ လူထိခိုက်တာ မရှိပါဘူး” လို့ ဖွဲစက်ရုံမီးလောင်မှုဖြစ်စဉ် သိရှိသူတစ်ဦးက ပြောပါတယ်။
မီးသတ်ဦးစီးဌာနရဲ့အချက်အလက်အရ နှစ်လအတွင်း လျှပ်စစ်ကြောင့် မီးလောင်မှု ၇၄ ကြိမ် ဖြစ်ခဲ့ပြီး ပေါ့ဆမှုကြောင့် ၆၃ ကြိမ်ဖြစ်ခဲ့ပါတယ်။
ရန်ကုန်တိုင်းက စက်မှုဇုန် ၂၉ ဇုန်မှာ ဇုန်အလိုက် မီးသတ်ကားနဲ့ မီးသတ်ဌာနထားရှိဖို့အတွက် ၂၀၂၅ ခုနှစ်ထဲက စီစဉ်နေပေမဲ့ ဘဏ္ဍာရေးလိုအပ်ချက်ကြောင့် လက်ရှိအထိအကောင်အထည်မဖော် နိုင်သေးဘူးလို့ စက်မှုဇုန်တာဝန်ရှိသူတချို့ဆီက သိရပါတယ်။
အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)နှိမ်နင်းဖို့ အမေရိကန် ထောက်လှမ်းရေးဗြူရို(FBI)က အေးဂျင့်တွေကို စေလွှတ်ထားပြီး အဲဒီအေးဂျင့်တွေဟာ ထိုင်းရဲတပ်ဖွဲ့နဲ့အတူ အလုပ်လုပ်နေပြီလို့ FBI အဆင့်မြင့်အရာရှိက ထုတ်ပြောလာပါတယ်။
FBI ဒုတိယလက်ထောက်ညွှန်ကြားရေး စကော့ ရှယ်လ်ဘီက ကျားဖြန့်နှိမ်နင်းရေးနဲ့ပတ်သက်ပြီး ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့ကို သွားရောက်ခဲ့တဲ့သူ့ခရီးစဉ်အပြီး ဖေဖော်ဝါရီ ၂၄ ရက်မှာ အွန်လိုင်းကနေပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အခုလိုပြောလိုက်တာဖြစ်ပါတယ်။
''ထိုင်းရဲတပ်ဖွဲ့နဲ့ ကျွန်တော်တို့ ပူးပေါင်းလုပ်ဆောင်တာဟာ အပြသက်သက် မဟုတ်ပါဘူး။ ယုံကြည်မှုနဲ့ သတင်းအချက်အလက်မျှဝေမှုတွေ လုပ်နေတာကြောင့် ရာဇဝတ်ကွန်ရက် နှိမ်နင်းရေးအပိုင်း၊ ခံရသူတွေ ဘယ်သူလဲဆိုတာ သိအောင်ဖော်တဲ့အပိုင်းနဲ့ ဒီရာဇဝတ်မှုတွေ အထောက်အကူဖြစ်အောင်လုပ်ပေးနေတဲ့ ငွေကြေးအဆောက်အဦတွေကို ပစ်မှတ်ထားတာတွေ လုပ်နေပါတယ်။ ထိုင်းရဲတပ်ဖွဲ့နဲ့ ဒီလိုအတူ လုပ်ကိုင်နိုင်အောင် FBI အေးဂျင့်တွေကိုလည်း စေလွှတ်ထားတယ်'' လို့ သူက ပြောပါတယ်။
အဲဒီလိုပူးပေါင်းလုပ်ဆောင်တဲ့အပိုင်းမှာ FBI အေးဂျင့်တွေ၊ နောက် အမေရိကန်တရားရေးဌာနက ဖွဲ့စည်းပေးထားတဲ့ ကျားဖြန့်နှိမ်နင်းရေးအဖွဲ့(Strike Force)နဲ့ ထိုင်းရဲတပ်ဖွဲ့တို့ ပူးပေါင်းနေတာလို့လည်း သူက ဖြည့်ပြောပါတယ်။
အရှေ့တောင်အာရှအခြေစိုက်ငွေလိမ်ဂိုဏ်းတွေက အမေရိကန်နိုင်ငံသား ထောင်နဲ့ချီဆီကနေ နှစ်စဥ် ဒေါ်လာသန်းပေါင်းထောင်နဲ့ချီ လိမ်လည်နေတာကို ကာကွယ်ဖို့ ဆိုပြီး အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တိုက်ဖျက်ရေးအထူးအဖွဲ့(Scam Center Strike Force) ကို အမေရိကန်က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ဖွဲ့စည်းခဲ့တာပါ။
ဒီအဖွဲ့ဟာ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားက တရုတ်ရာဇဝတ်အဖွဲ့တွေရဲ့ နောက်ကွယ်က ခေါင်းဆောင်တွေကို အဓိက ဦးတည်ဖော်ထုတ်သွားမယ်လို့ အမေရိကန်ရှေ့နေချုပ်ရုံးရဲ့အထူးအဖွဲ့နဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီအဖွဲ့ကို အမေရိကန် ရှေ့နေချုပ်ရုံး၊ တရားရေးဌာနရဲ့ ရာဇဝတ်ဌာနခွဲ၊ FBIနဲ့ US Secret Service(USSS)တို့ ပါဝင်ဖွဲ့စည်းထားပြီး အစိုးရရဲ့ယန္တရားအားလုံးနဲ့ ချိတ်ဆက်လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။
FBI အရာရှိကတော့ နိုင်ငံဖြတ်ကျော် အွန်လိုင်းငွေလိမ်လုပ်ငန်းကို လုပ်နေတဲ့ဂိုဏ်းတွေဟာ အရှေ့တောင်အာရှမှာ လုပ်ငန်းကြီးနယ်ပယ်တစ်ခုအသွင်နဲ့ အဆင့်တစ်ခုအထိ လုပ်နေတာကို ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့ကိုသွားခဲ့တဲ့ခရီးစဉ်အတွင်း မြင်တွေ့ခဲ့ရတယ်လို့ သူက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုက အင်တာနက်ရာဇဝတ်မှု တိုင်ကြားရေးစင်တာ (IC3) ဟာ ၂၀၂၅ ခုနှစ်အတွင်း ကျားဖြန့်ဂိုဏ်းတွေကြောင့် အမေရိကန်က စီးပွားရေးလုပ်ငန်းတွေဟာ ကန်ဒေါ်လာ ၂.၉ ဘီလျံအထိ ငွေကြေးဆုံးရှုံးတယ်လို့ပြောတဲ့တိုင်ကြားချက် ၈၀,၀၀၀ အထိ လက်ခံရရှိခဲ့တယ်လို့လည်း သူက ပြောပါတယ်။
ရေးသူ - တွန် အက်ဒင်တန်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ လွှတ်တော်မှာ ပြောသွားတဲ့ နိုင်ငံအခြေပြ သူ့မိန့်ခွန်းထဲမှာ ငွေကြေးဖောင်းပွမှုနှုန်းကို ကျအောင်လုပ်ထားနိုင်ပြီလို့ ပြောသွားပါတယ်။
''စံချိန်တင်နှုန်းနဲ့မြင့်တက်နေတဲ့ငွေကြေးဖောင်းပွမှုကို သူ အမွေဆက်ခံခဲ့ရတယ်'' လို့ ပြောပြီး သူ သမ္မတ တာဝန် စယူတဲ့ လွန်ခဲ့တဲ့ ၁၂ လအတွင်းမှာတော့ ငွေကြေး ဖောင်းပွနှုန်းကျအောင်လုပ်ခဲ့တယ်လို့ မိန့်ခွန်းထဲ ပြောသွားတာပါ။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် တာဝန်ယူတဲ့ ပထမ ၂ နှစ်ဖြစ်တဲ့ ၂၀၂၂ ခုနှစ် ဇွန်လမှာ ငွေကြေး ဖောင်းပွနှုန်းဟာ ၉.၁ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တာအမှန်ပါ။ ဒါဟာ ရုရှားက ယူကရိန်းကို ကျူးကျော်မှု စတင်ပြီးတဲ့နောက်မှာဖြစ်လာတာဖြစ်ပြီး တခြားနိုင်ငံတွေမှာလည်း ငွေကြေးဖောင်းပွတာတွေဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ဒါဟာ စံချိန်တင် ငွေကြေးဖောင်းပွနှုန်းတော့ မဟုတ်ပါဘူး။ အဲဒီလိုဖြစ်ခဲ့တာက ၁၉၂၀ ခုနှစ်တုန်းကဖြစ်ပါတယ်။ အဲဒီတုန်းက ငွေကြေးဖောင်းပွနှုန်းဟာ ၂၃.၇ ရာခိုင်နှုန်းအထိ ဖြစ်ခဲ့ပါတယ်။ ပြီးတော့ ၁၉၇၀ ပြည့်နှစ်တွေနဲ့ ၁၉၈၀ ပြည့်နှစ်တွေမှာ အတက်ဘက်ကို ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ သမ္မတထရမ့် တက်လာတော့ ငွေကြေးဖောင်းပွနှုန်း အဖြည်းဖြည်း လျော့သွားတော့ ရှိခဲ့ပါတယ်။ အမေရိကန်လုပ်သားစာရင်းအင်းဌာနအရဆိုရင် ၂၀၂၅ ဇန်နဝါရီလမှာ ၃ ရာခိုင်နှုန်း ဖြစ်ခဲ့တဲ့ငွေကြေး ဖောင်းပွနှုန်းဟာ ၁၂ လအကြာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ ၂.၄ ရာခိုင်နှုန်းကို ရောက်ခဲ့ပါတယ်။
ဒါပေမဲ့လည်း ဒါဟာ အမေရိကန်ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ငွေကြေးဖောင်းပွနှုန်း ၂ ရာခိုင်နှုန်းရဲ့ အထက်မှာပဲ ရှိနေပါသေးတယ်။
တအာင်းတပ်(TNLA)အောက် လေ့ကျင့်သင်ကြားပြီး ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းအစပ်မှာ နယ်မြေထိန်းချုပ်နိုင်ခဲ့တဲ့အထိ ရပ်တည်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး (MDY PDF) ဟာ အထူးလှုပ်ရှားတပ်မအဖြစ် ဆက်လှုပ်ရှားမယ့်အကြောင်း MDY -PDF က တပ်တည်ထောင်မှု ၅ နှစ်ပြည့်တဲ့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်မှာစတင်ဖွဲ့စည်းတဲ့ MDY PDF ဟာ စဖွဲ့စည်းချိန်တည်းက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာရှိပြီး ၅ နှစ်သက်တမ်း ရှိလာချိန်မှာတော့ တိုင်းစစ်ဒေသ ဖွဲ့စည်းပုံနဲ့အဆင့်တူတဲ့ တပ်မအဖြစ်ပြောင်းလဲလိုက်ပါတယ်။
“အခုက ကွပ်ကဲမှု ပြောင်းသွားတာ မဟုတ်ပါဘူး။ အထူးလှုပ်ရှားတပ်မက စစ်ရုံးချုပ်ရဲ့ ကွပ်ကဲမှု အောက်မှာရှိပါတယ်။ လက်ရှိမှာအခြားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ လက်တွဲပြီး စစ်ဆင်ရေးတွေ လုပ်ဆောင်နေတာရှိပါတယ်” လို့ MDY PDF ရဲ့ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောပါတယ်။
ဒီအထူးလှုပ်ရှားတပ်မက ဘယ်နေရာတွေမှာစစ်ဆင်ရေးဖော်ဆောင်နေလဲဆိုတာကိုတော့ အသေးစိတ်ဖြေကြားတာမရှိပါဘူး။
MDY PDF ဟာ ဝါဆို၊ သပြေညို၊ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၁ တွေကို တအာင်းတပ် (TNLA) နဲ့ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ မှာတော့ မန္တလေးစစ်ဆင်ရေးကို ဦးဆောင်ခဲ့ပါတယ်။
MDY PDF ထိန်းချုပ်ခဲ့တဲ့ စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ်မြို့တွေကို စစ်တပ်က ပြန်ရပြီးနောက်မှာတော့ အခုလို အထူးလှုပ်ရှားတပ်မအဖြစ် ပြောင်းလဲလာတာလည်းဖြစ်ပါတယ်။
အခုလပိုင်းတွေထဲ NUG တိုင်းစစ်ဌာနတွေရဲ့ ပြင်ဆင်စုဖွဲ့မှုတွေကို ဆက်တိုက်တွေ့နေရပါတယ်။ အထူးတိုင်းစစ်ဌာနမှာလည်း ရန်ကုန်၊ ပဲခူး၊ မွန်တို့က ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကို တိုက်ခိုက်ရေးစစ်ကြောင်းတွေအဖြစ် ပြောင်းလဲဖွဲ့စည်းနေပါတယ်။
စစ်ရုံးချုပ်နဲ့ အမှတ် ၁ စစ်ဆင်ရေးမှူးတို့ရဲ့ ညွှန်ကြားချက်နဲ့အတူ တပ်ရင်း၊ တပ်ဖွဲ့၊ စစ်ကြောင်းတွေကို စုဖွဲ့နေပြီး အမှတ် ၈၀၀၂ တပ်ရင်း - Kanbauk Defence Force၊ အမှတ် ၈၀၀၃ တပ်ရင်းနဲ့ အမှတ် ၉၉၂၅ တပ်ရင်း - Rangoon Warriors PDF ဆိုတဲ့ PDF တပ်ရင်း ၃ ရင်း ထပ်ဖွဲ့ကြောင်း အထူးတိုင်းစစ်ဌာနက မနေ့တုန်းက ထုတ်ပြန်ပါတယ်။
ဒါအပြင် စစ်ကိုင်းတိုင်းထဲမှာဆိုရင်လည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦးဆောင်ခဲ့တဲ့ အမှတ် ၁ စစ်ဒေသကွပ်ကဲမှုကနေ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ကို ပြောင်းလဲတာတွေ ရှိနေပါတယ်။
“စစ်ကိုင်းတိုင်းအောက်ပိုင်း ရွှေဘိုခရိုင်၊ မုံရွာခရိုင်၊ ယင်းမာပင်ခရိုင်၊ စစ်ကိုင်းခရိုင်အပါအဝင် ခရိုင် ၅ ခုဟာ အမှတ် ၁ စစ်ဒေသကွပ်ကဲမှု အောက်မှာ မရှိတော့ပါဘူး။ စစ်ရုံးချုပ်ရဲ့ ကွပ်ကဲမှုအောက်မှာပဲ ရှိတော့တယ်” လို့ စစ်ရေးအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗိုလ်နဂါးရဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)ရဲ့ တပ်စခန်းတွေကို NUG တပ်တွေ ဝင်ရောက်စီးနင်းတာကိုလည်း PDF စစ်ရုံးချုပ်ရဲ့ ကွပ်ကဲမှုနဲ့ စစ်ဆင်ရေးစီမံချက်အဖြစ်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ လွှတ်တော်မှာပြောတဲ့ သူ့ရဲ့နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ အီရန်အကြောင်းကိုလည်း ထည့်ပြောသွားပါတယ်။
အီရန်ရဲ့နျူကလီးယား အခြေခံအဆောက်အဦတွေကို ပစ်မှတ်ထားပြီး ပြီးခဲ့တဲ့နှစ်တုန်းက ပြုလုပ်တဲ့ OperationMidnight Hammer စစ်ဆင်ရေးကို သူရည်ညွှန်းပြီး ပြောခဲ့တာရှိပါတယ်။
''Midnight Hammer ဖြစ်ပြီးတဲ့နောက် သူတို့(အီရန်)ကို သူတို့ရဲ့လက်နက်အစီအစဉ်တွေကို အနာဂတ်မှာ မလုပ်ဖို့ သတိပေးခဲ့တာပါ။ ဒါပေမဲ့ သူတို့ ဆက်လုပ်နေတယ်။ အခုဆိုရင်လည်း သူတို့ရဲ့ နျူကလီးယားရည်မှန်းချက်တွေ ကို ဆက်ပြီး လုပ်နေတယ်'' လို့ သူက ပြောပါတယ်။
အီရန်ဟာ အမေရိကန်ရဲ့နောက်ထပ် လေကြောင်းတိုက်ခိုက်မှုတွေကို ရှောင်ရှားဖို့ အမေရိကန်နဲ့ အပေးအယူ တစ်ခုခု ပြုလုပ်ချင်တာမျိုးရှိပေမဲ့ နျူကလီးယားလက်နက်ကို မဖန်တီးပါဘူးလို့ ကတိကဝတ် မပြုသေးဘူးလို့လည်း သူက ပြောပါတယ်။
''ကျွန်တော့်သဘောကတော့ ဒီပြဿနာကို သံခင်းတမန်ခင်းအရ ဖြေရှင်းချင်တာပါပဲ။ ဒါပေမဲ့ သေချာတာတစ်ခုတော့ရှိတယ်။ ကမ္ဘာမှာ အကြမ်းဖက်မှုကို ပံ့ပိုးနေတဲ့ ကမ္ဘာ့နံပါတ်တစ်ကိုတော့ နျူကလီးယားလက်နက် တစ်ခုကို မရစေချင်ဘူး'' လို့ သူက ပြောပါတယ်။
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အပိုင် ကုလားတန်မြစ်ဘေးမှာတည်ရှိတဲ့ ယိုးငူရွာ ဈေးတန်းကို မနေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့လယ်ခင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲမှုမှာ သေဆုံးသူ ၁၈ ဦးအထိ ရှိလာတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံးက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် လူ ၂၀ နီးပါးသေဆုံးခဲ့ရတဲ့ ဒီလုပ်ရပ်ကိုရှုတ်ချတယ်လို့ ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံးက ဒီနေ့မနက်မှာ ထုတ်ပြန်ပါတယ်။
အဖွဲ့ရဲ့ ဒီနေ့မနက်ပိုင်းထုတ်ပြန်ချက်အရ သေဆုံးသူ ၁၈ ဦးအထိ ရှိလာပြီး အဲဒီထဲ ကလေးငယ် ၄ ဦးပါဝင်ပါတယ်။ နေရာမှာတင်သေဆုံးခဲ့ကြသလို ဆေးရုံကို ပို့ဆောင်ရင်း သေဆုံးသူတွေလည်းရှိတယ်လို့ သိရပါတယ်။
အာရက္ခတပ်တော်(အေအေ)ကတော့ ဒီလေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသူ ၁၇ ဦးရှိတယ်လို့ မနေ့ညနေပိုင်းက သတင်းထုတ်ပြန်ထားတာကြောင့် သေဆုံးသူ ၁ ဦး ထပ်တိုးလာတာလို့ နားလည်ရပါတယ်။
ထိခိုက်ဒဏ်ရာသူတွေထဲမှာလည်း ကလေးငယ်နဲ့ အမျိုးသမီးတွေ အများဆုံးပါဝင်နေပါတယ်။
အသက် ၄ နှစ်၊ ၆ နှစ်နဲ့ ၇ နှစ်အရွယ် မိန်းကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော် (အေအေ) ကလည်း ထုတ်ပြန်ထားပါတယ်။
ဒါဟာ ပုဏ္ဏားကျွန်းမြို့နယ်ထဲကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုတွေထဲ ထိခိုက်ဒဏ်ရာရရှိမှု အများဆုံးဖြစ်စဉ်လို့လည်း ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံးရဲ့ ဒီမနက်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၄ လုံးမီးလောင်ခဲ့သလို ၁၀ အိမ်ကျော် ထိခိုက်ပျက်စီးတယ်လို့ သိရပါတယ်။
အခုနှစ်စ နှစ်လတာအတွင်း ရခိုင်ပြည်နယ်ထဲက အေအေ ထိန်းချုပ်ထားတဲ့ဒေသတွေကို စစ်တပ်က ဆက်တိုက်လေကြောင်းတိုက်ခိုက်ခဲ့ပြီး ကျောက်ဖြူ၊ ကျောက်တော်နဲ့ မြောက်ဦးဖြစ်စဉ်တွေမှာ လူအစုလိုက်သေဆုံးမှုတွေဖြစ်ခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့ သမ္မတ သက်တမ်း ပထမ တစ်နှစ်မှာတင် ၅ နှစ်အတွင်း ပထမဆုံးအကြိမ် ငွေကြေးဖောင်းပွမှုကို အနိမ့်ဆုံးအဆင့်ရောက်အောင် လုပ်ထားနိုင်ပြီလို့ပြောပါတယ်။
သမ္မတ ထရမ့်ဟာ သူ ဒုတိယအကြိမ် သမ္မတ တာဝန်ယူတဲ့ တစ်နှစ်ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းကို လွှတ်တော်မှာ ပြောချိန်အခုလိုပြောလိုက်တာ ဖြစ်ပါတယ်။
စီးပွားရေးအရ အောင်မြင်မှုတွေကို သူ့ မိန့်ခွန်းထဲ ထည့်ပြောသလို သူ့အရှေ့က သမ္မတ ဂျိုးဘိုင်ဒန် လက်ထက်မှာ ငွေကြေးဖောင်းပွနှုန်းဟာ အဆိုးဆုံးကို ရောက်ခဲ့တာကို မြင်ခဲ့တယ်လို့လည်း သူက ထပ်ပြောပါတယ်။
''ဒါပေမဲ့ ကျွန်တော့်အစိုးရ ၁၂ လတာ ကာလအတွင်း ငွေကြေးဖောင်းပွနှုန်းဟာ ၅ နှစ်ကျော်အတွင်းမှာ အနိမ့်ဆုံးကို ရောက်အောင်လုပ်နိုင်ခဲ့တယ်'' လို့ သူက ကွန်ကရက်လွှတ်တော်ကို ပြောပါတယ်။
''ရွေးကောက်ပွဲပြီးကတည်းက စတော့စျေးကွက်ဟာ စံချိန်တင်မြင့်တက်ခဲ့တာ ၅၃ ကြိမ်အထိရှိပါပြီ'' လို့လည်း သူက ဆက်ပြောပါတယ်။
သူ့အစိုးရဟာ တာဝန်ယူတဲ့ပထမနှစ်မှာတင် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၈ ထရီလီယံကျော်အထိ ဖော်ဆောင်ထားနိုင်တယ်လို့လည်း သူက ပြောပါတယ်။
ထရမ့်ရဲ့အခုပြောဆိုချက်နဲ့ပတ်သက်တဲ့ ဆန်းစစ်ချက်ကို BBC Verify က အချက်အလက်နဲ့တကွ ပြန်လည် သုံးသပ်ချက်ကို ဆက်လက်ဖော်ပြဖို့ရှိပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့ ဒုတိယအကြိမ်သမ္မတ သက်တမ်း တစ်နှစ်ပြည့်အဖြစ် အမေရိကန်လွှတ်တော်မှာ နိုင်ငံတော်အခြေပြမိန့်ခွန်းပြောနေပါတယ်။
သမ္မတ အိမ်တော် အိမ်ဖြူတော်ကို သူပြန်ရောက်တဲ့ ပထမနှစ်မှာတင် စီးပွားရေး အကျဘက်ကနေ ပြန်လှည့်လာအောင် လုပ်နိုင်ပြီး ငွေကြေးဖောင်းပွမှုလည်း ကျဆင်းအောင်လုပ်ထားနိုင်ပြီလို့ သမ္မတက မိန့်ခွန်းထဲ ထည့်ပြောပါတယ်။
အမြင်သဘောထားစစ်တမ်းတွေမှာတော့ အမေရိကန်လူထုဟာ ထရမ့်လုပ်မယ့်လုပ်ငန်းစဉ်တွေဘက်ကို စောင်းငဲ့ကြည့်နေကြတယ်လို့ ပြသနေတာကြောင့် ထရမ့်ဟာ နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း မဲဆန္ဒရှင်တွေ သူ့ဘက်ပါနိုင်မယ့် မူဝါဒတွေကို ဖော်ဆောင်နိုင်ခြေရှိတယ်လို့ ဘီဘီစီရဲ့ မြောက်အမေရိကဆိုင်ရာသတင်းထောက် အန်သနီ ဇာချာက ပြောပါတယ်။
အမေရိကန်လွှတ်တော်မှာ ပြောတဲ့ ထရမ့်ရဲ့နိုင်ငံတော်အခြေပြမိန့်ခွန်းကို သူ့ရဲ့သားသမီးတွေလည်း တက်နားထောင်ပြီး သမ္မတကတော် မယ်လာနီယာနဲ့ တရားရုံးချုပ်တရားသူကြီး ၄ ဦးလည်း တက်ရောက် နားထောင်တာတွေ့ရပါတယ်။
ထရမ့်ကတော့ အိုလံပစ်ပြိုင်ပွဲမှာ ရွှေဆုရခဲ့တဲ့ အမေရိကန် အမျိုးသား ဟော်ကီအသင်းကို သမ္မတရဲ့လွတ်လပ်မှုဆိုင်ရာဂုဏ်ပြုဆု (Presidential Medal of Freedom) ချီးမြှင့်ဖို့ ပြင်နေတယ်လို့ ပြောပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ကို ဆန့်ကျင်ဆန္ဒပြတဲ့ တက္ကဆက်ပြည်နယ် ဒီမိုကရက် လွှတ်တော်အမတ် အေအိုင် ဂရင်းကိုတော့ လုံခြုံရေးအဖွဲ့တွေက ထရမ့်စကားမပြောခင်လေးမှာပဲ လွှတ်တော်ခန်းမထဲကနေ ခေါ်ထုတ်သွားတာတွေ့ရပါတယ်။
သမ္မတထရမ့်ရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်း ထူးခြားချက်တွေကို ဒီစာမျက်နှာမှာပဲ ဆက်လက်ဖော်ပြသွားပါမယ်။
စစ်အာဏာသိမ်းတာ ၅ နှစ်ရှိလာချိန်မှာ မြန်မာ့လူငယ်တွေဟာ “အနာဂတ်ရပ်တန့်ခံမျိုးဆက်” ဖြစ်နေပြီလို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာတွေက ညွှန်းဆိုပါတယ်။
လူငယ်တွေကိုပစ်မှတ်ထားစုဆောင်းလာတဲ့ စစ်မှုထမ်း၊ အခွင့်အလမ်းနည်းပါးလာတဲ့အလုပ်အကိုင်တွေနဲ့ စီးပွားရေးကျပ်တည်းမှုတွေဟာ စိတ်ပိုင်းဆိုင်ရာအပေါ်ပါ ဖိနှိပ်မှုတွေဖြစ်လာပြီလို့ ဆိုကြပါတယ်။
အာဏာသိမ်း ၅ နှစ်မှာ လူငယ်တွေလုပ်နိုင်ခဲ့တာ ဘာတွေလဲ၊ လူငယ်တွေ ဘာတွေကြုံခဲ့ရလဲဆိုတာ ပြန်ပြောင်းကြည့်ထားတဲ့ ရုပ်မြင် အထူးဆောင်းပါးကို ဘီဘီစီမြန်မာပိုင်းအင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ဒီလင့်ခ် ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
အပစ်ရပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAOs) တချို့နဲ့ လက်မှတ်မထိုးထားတဲ့ EAOs တွေဟာ နယ်စပ်ကိုထွက်ပြေးတိမ်းရှောင်တဲ့ လူငယ်တွေနဲ့ နိုင်ငံ့ဝန်ထမ်းတချို့ကိုလက်ခံပြီး ပြည်ပနိုင်ငံကြီးတချို့ရဲ့ ငွေကြေးကို ယူကာ သင်တန်းပေး၊ လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောပါတယ်။
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အောက်မှာရှိတဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း ရပ်စောက်မြို့နယ်ထဲက တပ်နယ်သုံးခုထက်မနည်းကို မနေ့ ဖေဖော်ဝါရီ ၂၄ ရက်ကသွားရောက်ချိန်မှာ EAOs တွေနဲ့ပတ်သက်ပြီး အဲဒီလို ထည့်ပြောခဲ့တာပါ။
အာဏာသိမ်းစအချိန်မှာဖြစ်ပေါ်ခဲ့တဲ့ ဆန္ဒပြမှုတွေကို စစ်တပ်က ထိန်းထိန်းသိမ်းသိမ်းဖြေရှင်းနိုင်ခဲ့တယ်လို့ ဆိုပြီး နိုင်ငံရေးဖြစ်စဉ်ကြောင့် ထွက်ပြေးသူတွေကို EAOs တွေက လက်နက်တပ်ဆင်မြှောက်ပင့်ပေးလို့ CRPH၊ NUG နဲ့ PDF အပါအဝင် အဖွဲ့အမျိုးမျိုးပေါ်လာတာလို့ ဒု-စစ်ခေါင်းဆောင် က ဆိုပါတယ်။
တဖက်မှာလည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကိုလက်မခံကြောင်း နိုင်ငံတဝန်း ငြိမ်းချမ်းစွာဆန္ဒပြမှုတွေကို စစ်တပ်က ကျည်အစစ်နဲ့ပစ်ခတ်နှိမ်နင်းခဲ့ရာကနေ လူရာနဲ့ချီသေဆုံးခဲ့ကြရတဲ့နောက် အာဏာရှင်စနစ်ကို ခုခံတော်လှန်ဖို့အတွက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ရတယ်လို့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြောထားကြပါတယ်။
ဒုစစ်ခေါင်းဆောင်ကတော့ အကြမ်းဖက်လုပ်ရပ်လို့ သုံးနှုန်းပြီး စစ်တပ်ဟာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တည်ငြိမ်မှုလိုလားတယ်ဆိုတဲ့ပြည်သူတွေနဲ့ပူးပေါင်းကာ နှိမ်နင်းနေတယ်လို့ နောင်ဝိုး၊ ကျိုင်းခမ်းနဲ့ မိုင်းပျဉ်းတပ်နယ်တို့ကတွေ့ဆုံပွဲတွေမှာ ဆက်တိုက်ပြောခဲ့ပါတယ်။
အဲဒီခရီးစဥ်အတွင်းမှာပဲ လာမယ့် ဧပြီလဆန်းမှာ သမ္မတ ရွေးချယ်ပြီး အစိုးရသစ်ဖွဲ့ကာ နိုင်ငံ့တာဝန်ကို ပြန်ပေးအပ်မယ်လို့ ဒုစစ်ခေါင်းဆောင်က ထည့်ပြောခဲ့ပါတယ်။
အာဏာသိမ်း ၅ နှစ်အကြာမှာ စစ်တပ်ဦးဆောင်မှုနဲ့ အပိုင်းလိုက်ရွေးကောက်ပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး လာမယ့် မတ်လ ၁၆ ရက်မှာ ပြည်သူ့လွှတ်တော်၊ မတ် ၁၈ ရက်မှာ အမျိုးသားလွှတ်တော်ကို ခေါ်ယူမယ်လို့ ပြီးခဲ့တဲ့ရက်က စစ်ကော်မရှင်က ကြေညာထားပါတယ်။
အစိုးရတွေပြောင်းသွားလည်း နိုင်ငံတော်လုံခြုံရေးနဲ့ကာကွယ်ရေးတာဝန်တွေကို စစ်တပ်ကပဲ ထမ်းဆောင်ရမယ်လို့ပြောပြီး သူတွေ့ဆုံခဲ့တဲ့တပ်နယ်တွေမှာ တပ်စွမ်းရည်နဲ့ စွမ်းအားတိုးတက်ဖို့ကို ထည့်ပြောသွားတာတွေ့ရပါတယ်။
မြန်မာစစ်တပ်ဟာ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၂၀၂၃ ခုနှစ်မှာစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို လက်လွှတ်ခဲ့ရတဲ့အခြေအနေအထိပါ ရင်ဆိုင်ခဲ့ရပါတယ်။
အဲဒီနောက် ၂၀၂၅ ခုနှစ်မှာ တရုတ်အကူအညီနဲ့ ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA) တို့နဲ့ အပစ်ရပ်ကာ လက်လွှတ်ခဲ့ရတဲ့ နယ်မြေတချို့ကို ပြန်လည်စိုးမိုးနိုင်တဲ့ အခြေအနေလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (အေအေ)၊ ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ် (KIA) တို့နဲ့ တိုက်ပွဲတွေဆက်ရှိနေပြီး စစ်တပ်က နေ့စဉ်လိုလို နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေဆဲဖြစ်ပါတယ်။
မင်္ဂလာပါ။ ဖေဖော်ဝါရီ ၂၅ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။