ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
“တပ်ကိုတပ်နဲ့တူအောင်တည်ဆောက်ပြီး စစ်ကိုစစ်နဲ့တူအောင်တိုက်ခိုက်မယ်” - မန္တလေး PDF ကွပ်ကဲရေးမှူး
၁၀၂၇ စစ်ဆင်ရေးရဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အထက်ပိုင်းက ထိုးစစ်တိုက်ပွဲတွေဆီ စစ်ကောင်စီ စစ်ကူသွားဖို့ ဖြတ်သန်းရတဲ့ မိုးကုတ်၊ နောင်ချို၊ ကျောက်မဲ တကြောမှာလည်း အောက်တိုဘာ ၂၇ ရက်ကနေ နိုဝင်ဘာ ၁၂ ရက်အထိ တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေပါတယ်။
အရှေ့စည်းအဖြစ် စစ်ကောင်စီရဲ့ တပ်ကူတွေကို ခုခံတွန်းလှန်ဖို့ ဒီနေရာတကြောမှာနေရာယူထားတာဟာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (PSLF/TNLA)နဲ့ စစ်အာဏာသိမ်းပြီးနောက်မှပေါ်ပေါက်လာခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ် (မန္တလေး) MDY PDF တို့ပဲ ဖြစ်ပါတယ်။
ဒီတိုက်ပွဲတွေထဲ နိုဝင်ဘာ ၈ ရက်နေ့မှာဆိုရင် နောင်ချိုမြို့နယ်၊ အုမ္မခါးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေရဲ့ သံချပ်ကာ ကားတစ်စီးကို TNLA ၊ PDF ပူးပေါင်းအဖွဲ့ဘက်ကပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ မန္တလေး နဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကြားမှာရှိတဲ့ ပြင်ဦးလွင်၊ နောင်ချို၊ ကျောက်မဲ လမ်းကြောင်းက ရင်ဆိုင်တိုက်ပွဲတွေဟာ ဘယ်လောက်အထိ စိန်ခေါ်မှုရှိပါသလဲ။ သက်တမ်း နှစ်နှစ်ကျော်သာရှိသေးတဲ့ MDY PDF ရဲ့ အခန်းကဏ္ဍကရော ဘယ်လိုပါဝင်နေပါလဲ။
TNLA ရဲ့ တပ်မဟာ ၂ ဒေသလို့ သတ်မှတ်ထားတဲ့ နောင်ချို၊ ကျောက်မဲ တဝိုက်က တိုက်ပွဲတွေနဲ့ ပကတိ မြေပြင်အခြေအနေဲ့ပတ်သက်လို့ MDY PDF ရဲ့ ကွပ်ကဲရေးမှူး ကိုဖြိုးကို ဘီဘီစီက နိုဝင်ဘာ ၁၁ ရက်နေ့မှာ ဆက်သွယ်မေးမြန်းထားပါတယ်။
အရှေ့စည်းတိုက်ပွဲတွေဟာ ဘာကြောင့်အရေးပါတာလဲ
ဘီဘီစီ - ၁၀၂၇ စစ်ဆင်ရေး စတင်တဲ့ ၁၅ ရက်တာအတွင်းမှာ MDY PDF အနေနဲ့ အဓိကဘယ်နေရာမှာ လှုပ်ရှားနေလဲ။
ကွပ်ကဲရေးမှူး ကိုဖြိုး - နောင်ချို၊ ကျောက်မဲ တခွင်မှာလှုပ်ရှားတာဖြစ်ပါတယ်။ ကျွန်တော်တို့နယ်မြေထဲကို ဝင်ဝင်လာပြီး သူတို့(စစ်တပ်)တွေ တပ်စွဲထားတဲ့စခန်းတွေကို တန်ပြန်ချေမှုန်းရေးလုပ်ရတဲ့ အနေအထားရှိတယ်။ ရှမ်းမြောက်လမ်းကြောင်းရဲ့ ပထမဆုံး အရှေ့စည်း(Frontline)မှာ PSLF/ TNLA နဲ့အတူတူ မန္တလေး PDF အဖွဲ့တွေက တာဝန်ထမ်းဆောင်နေတယ်။ ကြားထဲမှာလည်း တန်ပြန်ထိုးစစ်အနေနဲ့ သူတို့အခြေချထားတဲ့ နေရာငယ်လေးတွေကို လေးကြိမ်ထက်မနည်း ပြန်လည်ထိုးစစ်ဆင်လိုက်၊ ရန်သူ့ရဲ့ အလောင်းနဲ့ လက်နက်ခဲယမ်းတွေရလိုက်ဆိုတဲ့အခြေအနေရှိပါတယ်ဗျ။
ဘီဘီစီ - တိုက်ပွဲဖြစ်နေတဲ့လမ်းကြောင်းဟာ စစ်တပ်ရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကြားမှာ ရှိနေတာကြောင့် စစ်ကောင်စီတပ်ရဲ့ ထောက်ပို့စစ်ကူလမ်းကြောင်းကို ဖြတ်တောက်ရတာမှာ ဘယ်လောက်အောင်မြင်လဲ။
ကွပ်ကဲရေးမှူး ကိုဖြိုး - ၂၇ ရက်နေ့ကစတာဖြစ်လို့ ၁၅ ရက်၊ နှစ်ပတ်ကျော်အတွင်းမှာ ရန်သူကအလုံးအရင်း နဲ့ ထိုးလာတာကို ကျွန်တော်တို့တောင့်ခံထားနိုင်ပါတယ်။ ဒါပေမဲ့ စခန်းသိမ်းပိုက်တာဆိုတာထက် ရှေ့ဆုံးစစ်မျက်နှာပြင်မှာ မဟာမိတ် TNLA နဲ့ပေါင်းပြီးကျွန်တော်တို့အလုပ်လုပ်နေရတယ်။ အောင်မြင်မှုကတော့ အခုချိန်အထိကျွန်တော်တို့ကောင်းကောင်းလေးထိန်းကျောင်းထားနိုင်တယ်။ အဓိကကတော့ ရှေ့ဆုံးစစ်မျက်နှာပြင်ဖြစ်တဲ့အပြင် ရန်သူကလည်းကားအစင်းရေအများကြီး၊ သံချပ်ကား တင့်ကားလို မျိုးတွေနဲ့ စစ်ကြောင်းထိုးတယ်။ လေကြောင်းကတော့ တော်တော်လေးအသုံးပြုတယ်။ ကျွန်တော်တို့ရှိတယ်လို့ ယူဆပြီး ရပ်ရွာတွေကို တိုက်လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာဖြစ်လို့ တိုက်ပွဲက ဖြစ်လိုက်ပြီဆိုတာနဲ့ တော်တော်လေးပြင်းထန်ပါတယ်။
ဘီဘီစီ - လက်နက်အင်အားသာလွန်တဲ့ စစ်ကောင်စီတပ်တွေကို အရှေ့စည်းအဖြစ် ရင်ဆိုင်တိုက်ခိုက်ရချိန်မှာ ဘယ်လိုစိန်ခေါ်မှုတွေရှိပါသလဲ။
ကွပ်ကဲရေးမှူး ကိုဖြိုး - သိကြတဲ့အတိုင်းပါပဲ။ စစ်ကောင်စီက လူအင်အားထက်စာရင်လက်နက်ကြီးသုံးတယ်။ အတွဲလိုက်ဒုံးတွေကို နေ့စဉ်ရက်ဆက်ပစ်တာမျိုးတွေ၊ အဝေးကနေလက်နက်ကြီးနဲ့ နေ့စဉ်ရက်ဆက် တောက်လျှောက်ပစ်တာမျိုးတွေရှိပါတယ်။ အဓိကခက်ခဲတာက အနီးကျေးရွာကရွာသူရွာသားတွေကို ဖမ်းပြီးတော့ သူတို့(စစ်ကောင်စီတပ်)တွေ တက်လာတဲ့အခါ လူသားဒိုင်းကဲ့သို့ထားတာတွေမှာ ကျွန်တော်တို့ စစ်ဆင်ရေးဖော်ဆောင်ရတာအတော်ခက်ပါတယ်။ လက်နက်ကြီး၊ လေကြောင်းရယ် လူထုကို အသုံးပြုတာတွေက အဓိကစိန်ခေါ်မှုသုံးချက်ဖြစ်ပါတယ်ဗျ။
ဘီဘီစီ - ၁၅ ရက်အတွင်း စစ်ကောင်စီတပ်ရဲ့ စစ်ကူလာတဲ့အနေအထားက ဘယ်လိုရှိပါသလဲ။ သိသိသာသာ ပြောင်းလဲလာတဲ့ပုံစံတွေ့ရပါသလား။
ကွပ်ကဲရေးမှူး ကိုဖြိုး - Transportation (သွားလာရေး) မှာ အဓိကနှစ်လမ်းကို သူတို့သုံးကြပါတယ်။ ခြေလျင်စစ်ကြောင်းထိုးတဲ့လမ်းရှိတယ်။ ခြေလျင်စစ်ကြောင်းထိုးတာဆိုပေမဲ့ ယာဉ်ယန္တရားနဲ့သွားလို့ရသလောက်သွားတယ်။ အခုကျွန်တော်တို့နဲ့ရင်ဆိုင်ထားတဲ့နေရာတွေ၊ ယာဉ်ယန္တရားနဲ့သွားလို့မရတဲ့နေရာတွေဆိုရင် အင်အားအလုံး အရင်းအရင်ပို့၊ စစ်ကြောင်းသုံးလေးကြောင်းဖြန့်ပြီးတော့နေရာရှင်းလင်းရေးလုပ်တဲ့ပုံစံမျိုးနဲ့ အဓိကအသုံး ပြုနေတယ်။ လေကြောင်းလည်းတော်တော်အသုံးပြုပါတယ်။ ဥပမာ နောင်ချိုရဲ့ ၁၁၄၊ ၁၁၅ ထဲ အနောက်ဘက် ဒုံးတပ်ထဲတို့ကို တောက်လျှောက် ပြင်ဦးလွင် - နောင်ချို၊ လားရှိုး - နောင်ချိုဆိုပြီးတော့ လေကြောင်း ပို့ဆောင်ရေးလည်း အသုံးပြုနေပါတယ်။
နှစ်ဖက်သေဆုံးထိခိုက်မှုများတဲ့ ရှေ့တန်းစစ်မျက်နှာပြင် နောင်ချို၊ ကျောက်မဲ
ဘီဘီစီ - စစ်ကောင်စီနဲ့ နီးစပ်တဲ့တယ်လီဂရန်ချန်နယ်မှာဖော်ပြချက်အချို့အရ နောင်ချိုဘက်မှာ MDY PDF ဘက်က အထိအခိုက်များတယ်လို့ ပြောပါတယ်။ မြေပြင်မှာ နှစ်ဖက်ထိခိုက်မှုအခြေအနေဘယ်လိုရှိနေလဲ။
ကွပ်ကဲရေးမှူး ကိုဖြိုး - အမှန်အတိုင်းပြောရရင် နှစ်ဖက်အထိအခိုက် ရှိပါတယ်။ တိုက်ပွဲဖြစ်ချိန်မှာ လုံးဝ သူတင်ကိုယ်တင် ပစ်နေကြတာကိုး။ ကျွန်တော်တို့ဘက်မှာလည်း ထိခိုက်ကျဆုံးမှုရှိပေမဲ့ စစ်ကောင်စီဝါဒ ဖြန့်ချန်နယ်တွေက ဖြန့်သလိုမျိုးအခြေအနေမဟုတ်ပါဘူး။ သူတို့ဘက်ကအကျအဆုံးကတော့ အလောင်းနဲ့ လက်နက်ရရှိမှုအနေအထားအရ စာရင်းတွေရှိတယ်။ အရှင်ဖမ်းမိတဲ့သူတွေရှိသလို စစ်မြေပြင်မှာဒဏ်ရာရပြီးတော့ ကျွန်တော်တို့ပြန်လည်ကုသပေးနေရတဲ့ စစ်သည်ကျင့်ဝတ် (Code of Conduct)နဲ့အညီ ကောင်းကောင်းလည်း စောင့်ရှောက်ပေးထားရတဲ့သူတွေလည်းရှိပါတယ်။ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ဒဏ်ရာကတော့ တော်တော်လေးများပါတယ်။ ၂၇ ရက်နေ့ကနေဒီကနေ့အထိ သူတို့ရဲ့ကျဆုံးမှုကတော့ ရာဂဏန်းနီးပါးအထိရှိတယ်လို့ တွက်ချက်ထားလို့ရပါတယ်။
ဘီဘီစီ - ၁၀၂၇ စစ်ဆင်ရေးကာလထဲ အပြင်းထန်ဆုံးတိုက်ပွဲဆိုရင် ဘာများဖြစ်မလဲ။
ကွပ်ကဲရေးမှူး ကိုဖြိုး - အပြင်းထန်ဆုံးတိုက်ပွဲကတော့ နိုဝင်ဘာ ၄ ရက်နေ့က ကျွန်တော်တို့ရှိနေတဲ့နေရာကို ဗဟိုထားပြီး အရှေ့ရော အနောက်ရောပိတ်တဲ့နေ့က အပြင်းထန်ဆုံးဖြစ်ပါတယ်။ သံချပ်ကားနှစ်စီးနဲ့တက်လာခဲ့ တာဗျ။ လက်နက်ကြီးနဲ့လည်းပစ်တယ်၊လေကြောင်းနဲ့လည်းတောက်လျှောက်ပစ်တယ်။ အဲထဲကမှ နှစ်ကြောင်းညပ်ပြီးတော့ ကျွန်တော်တို့ကိုချေမှုန်းဖို့ကြိုးစားတာပေါ့လေ။ ဒါကိုဖောက်ထွက်ခဲ့ရတာပါ။ အုမ္မခါးရွာမှာ သံချပ်ကာကားကို ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့တဲ့ တိုက်ပွဲကတော့ ဒီရက်ပိုင်းမှာဖြစ်ခဲ့တာပါ။ အဲဒီလိုမျိုး တင့်ကားတွေအထိပါပြီးတော့ ကျွန်တော်တို့ပြန်လည်ခုခံနိုင်ခဲ့တာကတော့နှစ်ကြိမ်အထိရှိပြီလို့ ပြောလို့ရပါတယ်။ အုမ္မခါးနဲ့ ၄ ရက်နေ့က တိုက်ပွဲတွေဖြစ်ပါတယ်။
ဘီဘီစီ - အခုလိုစစ်ကောင်စီရဲ့ သံချပ်ကာကားတွေကို ဖျက်ဆီးနိုင်ဖို့ MDY PDF တို့ဘက်က ဘယ်လိုလက်နက်မျိုးတွေ၊ ဘယ်လိုပြင်ဆင်မှုတွေလုပ်ထားတာလဲ။
ကွပ်ကဲရေးမှူး ကိုဖြိုး - အခုဆိုရင် သံချပ်ကာကားတွေပါတဲ့စစ်ကြောင်းကိုတွန်းလှန်နိုင်ပေမဲ့ အတွဲလိုက်ပစ်နေတဲ့အရာတွေ၊ ၈၀ မမ၊ ၁၂၀ မမ၊ ၁၅၅ မမ ဒုံးလက်နက်တွေကတော့ လက်လှမ်းမမီတဲ့အရပ်ကနေပစ်တာဆိုတော့ တော်တော်ခက်ပါတယ်။ သံချပ်ကာကားတွေကတော့ အဲဒီယာဉ်ကိုအကာအကွယ်ယူပြီး အနောက်ကနေ စစ်ကြောင်းထိုးလာတာဖြစ်တဲ့အတွက် စစ်မြေပြင်မှာတွေ့ရတဲ့ပုံစံမျိုးဖြစ်တာပါ။ မိုင်အကွာအဝေးတစ်ခုကနေ ပစ်ခတ်တဲ့အရာတွေအတွက်တော့ ချေမှုန်းဖို့ရာခက်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ PDF နဲ့ ၁၀၂၇ စစ်ဆင်ရေး
ဘီဘီစီ - စစ်အာဏာသိမ်းမှုကြောင့်ပေါ်ပေါက်လာခဲ့တဲ့ PDF တပ်ဖွဲ့အနေနဲ့ အရင်ကတိုက်ခိုက်တဲ့ပုံစံနဲ့ အခုလို စစ်ဆင်ရေးတိုက်ပွဲတွေ တိုက်ခိုက်ရတာ ဘာကွာခြားလဲ။
ကွပ်ကဲရေးမှူး ကိုဖြိုး - ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးအနေနဲ့ဆိုရင်တော့ ဘာမှကွာခြားချက်မရှိပါဘူး။ ဒီအခြေအနေအတွက်ပြင်ဆင်ခဲ့ရတဲ့အခြေအနေတစ်ခုရှိခဲ့တယ်။ အထူးသဖြင့်မဟာမိတ် PSLF/ TNLA ရဲ့ ကူညီဖေးမမှုနဲ့တိုက်ပွဲတွေပြင်ဆင်တဲ့အခါမှာ ခုခံစစ်ဆိုလည်း ခုခံစစ်၊ ထိုးစစ်ဆိုလည်းထိုးစစ်ပေါ့၊ တိုက်စစ်ဆိုလည်း တိုက်စစ်ပေါ့။ တိုက်ရင်းလေ့ကျင့်၊ လေ့ကျင့်ရင်းတိုက်ဆိုပြီး ဒီဘက်နယ်မြေမှာတောက်လျှောက်လှုပ်ရှားခဲ့တာတွေက ကျွန်တော်တို့အတွက် အတွေ့အကြုံများများရထားတဲ့အခြေအနေရှိပါတယ်။ သပြေညိုစစ်ဆင်ရေးဆိုရင် ရန်သူ့ရဲ့ ထိုးစစ်ကို ရက် ၂၀ ကြာအောင်ကြံ့ကြံ့ခံတော်လှန်ခဲ့တယ်။ ကနောင်စစ်ဆင်ရေးဆိုရင် ရန်သူ့နေရာတွေကိုထိုးဖောက်တိုက်ခိုက်ရတာမျိုး ရေရှည်ကိုမျှော်မှန်းပြီးစစ်ဆင်ရေးဖော်ဆောင်ခဲ့တာမျိုးဖြစ်တာကြောင့် အရမ်းကွာခြားချက်မရှိပါဘူး။
ဘီဘီစီ - ၁၀၂၇ စစ်ဆင်ရေးမှာဆိုရင် TNLA အပြင် ကိုးကန့်(MNDAA)၊ ရက္ခိုင့်တပ်တော်(AA)တို့ပါတော့ မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ပူးပေါင်းတိုက်ခိုက်ရတာက ဘယ်လိုစစ်ရေးအတွေ့အကြုံရလဲ။
ကွပ်ကဲရေးမှူး ကိုဖြိုး - ပြည်သူ့ကာကွယ်ရေးတပ်မတော်သား(PDF)တွေအနေနဲ့က တကယ်ဆိုရင် တစ်နှစ်၊ နှစ်နှစ်သားလေးတွေပဲရှိပါသေးတယ်။ စစ်ရေးအတွေ့အကြုံလည်းအတော်အားနည်းပါတယ်။ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေဆိုတာက တပ်ကိုတပ်နဲ့တူအောင်တည်ဆောက်တယ်၊ စစ်ကိုစစ်နဲ့တူအောင်တိုက်ခိုက်တယ်။ ဒီနှစ်ချက်ပေါ့လေ။ မန္တလေး PDF တွေကိုလည်း သူတို့အဓိက ထိန်းကျောင်းပေးတာက တပ်ကိုတပ်နဲ့တူအောင်တည်ဆောက်ရေးနဲ့ စစ်ကိုစစ်နဲ့တူနိုင်ရေးဆိုတာမှာ သူတို့ပူးပေါင်းပါဝင်တည်ဆောက်ပေးတဲ့အပိုင်းတွေရှိပါတယ်။ နွေဦးတော်လှန်ရေးမှ လက်နက်ကိုင်တိုက်ဖို့ကြိုးစားတဲ့လူငယ်တွေအတွက်တော့ တော်တော်လေး အတွေ့အကြုံကောင်းတွေနဲ့ အားကိုးစံထားရတဲ့အဖွဲ့အစည်းတွေပဲဖြစ်ပါတယ်။
နိုဝင်ဘာ ၁၂ ရက် - စစ်ဆင်ရေးစတင်ပြီး ဆက်စပ်တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ၁၇ ရက်တာအတွင်း ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်ပန်ဆန်း၊ ကွမ်းလုံ၊ မုံကိုး၊ နမ့်ခမ်း၊ ကောလင်း၊ ခမ်းပတ်မြို့တွေကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ MNDAA ၊ TNLA ၊ AA အပါအဝင် PDF တို့က ကြေညာထားပြီး ရှမ်းတောင်အစွန်နဲ့ ကယား(ကရင်နီ)အစပ်ကမိုးဗြဲ၊ နောက် နမ်းမယ်ခုံမြို့တွေကို သိမ်းထားနိုင်ပြီလို့လည်း ကရင်နီအမျိုးသားများတပ်မတော်(KNDF) က ထုတ်ပြန်ပြောဆိုထားပါတယ်။