ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၁၀၂၇ စစ်ဆင်ရေး ဘယ်အထိ ရောက်လာနိုင်မလဲ
ရှမ်းမြောက်နဲ့ တရုတ်နယ်စပ် တချို့မှာ အောက်တိုဘာလ ၂၇ ရက်နေ့က စတင်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ အခုဆိုရင် စစ်ကောင်စီ စခန်းပေါင်း ၈၀ ကို သိမ်းထားပြီလို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အောက်တိုဘာ ၂၇ ရက်ကို အစွဲပြုပြီး ၁၀၂၇ လို့ နာမည်ပေးထားတဲ့ စစ်ဆင်ရေးဟာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ဦးဆောင်ပြီး ချင်းရွှေဟော်၊ လားရှိုးနဲ့ သိန္နီတို့ အပါအဝင် နောင်ချိုမြို့ အနီးတဝိုက်ကိုပါ ထိန်းချုပ်ထားပြီး မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးကိုပါ မဟာမိတ်တပ်တွေက ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။
ဒီလမ်းမကြီးဟာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ လမ်းမကြီးလည်း ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲတွေမှာ ကိုးကန့်တပ် MNDAA ၊ တအာင်းတပ် TNLA၊ ရက္ခိုင့်တပ်တော် AA နဲ့ တခြား မဟာမိတ်တပ်တွေပါ ပါဝင်ခဲ့ပါတယ်။
ဗမာပြည်သူ့ လွတ်မြောက်ရေး တပ်တော် (BPLA)၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA)၊မန္တလေးနဲ့ မိုးကုတ်ဗျူဟာ (Red Wolves of Mogok)တို့လည်း ဒီစစ်ဆင်ရေးနဲ့ တခြားတိုက်ပွဲတွေကို ပါဝင် တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
အောက်တိုဘာလ ၃၁ ရက်နေ့အထိ မန္တလေး-မူဆယ်လမ်းမကြီးပေါ် နောင်ချိုမြို့အနီးက ဂုတ်တွင်းလမ်းကို မြောက်ပိုင်း မဟာမိတ်တပ်တွေက ထိန်းချုပ်ထားပြီး သွားလာလို့မရသေးကြောင်းဒေသခံတွေက ပြောပါတယ်။
နောင်ချိုက ခြေမြန်တပ်ရင်း ၂ ခုအနီးကို မြောက်ပိုင်း မဟာမိတ်တပ်တွေက ဝိုင်းထားပြီး ရဲစခန်း၊ ထွေအုပ်ရုံး အပါအဝင် ပညာရေးမှူးရုံးတွေပါ ပိတ်ပြီး တပ်ထဲမှာ သွားပေါင်းပြီးနေကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
တော်လှန်ရေး အဖွဲ့တွေက နောင်ချိုမြို့ပေါ်ကို ရောက်လာပြီး ရုံးတွေသိမ်းတာ မလုပ်သေးကြောင်းနဲ့ ပြင်ဦးလွင်နဲ့ နောင်ချိုနယ်စပ် ပြင်ဦးလွင်နဲ့ ၁၃ မိုင်ခန့်ဝေးတဲ့ ဝက်ဝံရွာအထိကို ထိန်းချုပ်ထားကြောင်းလည်း ဒေသခံတွေက ပြောပြပါတယ်။
ဘယ်လိုစဖြစ်တာလဲ
ပြီးခဲ့တဲ့ ဇူလိုင်လက စလို့ စစ်ကောင်စီတပ်တွေက ကေအိုင်အေ ဌာနချုပ်အနီး လိုင်ဇာကို ဦးတည်ပြီး အပြင်းအထန်တိုက်ခိုက်မှုတွေ လုပ်လာခဲ့ပြီး လိုင်ဇာအနီးကို ပြီးခဲ့တဲ့ရက်ပိုင်းက လေကြောင်းကနေ တိုက်ခိုက်တာတွေလည်း ရှိခဲ့ပါတယ်။
လိုင်ဇာအနီး မုန်လိုင်ခက် စခန်း အောက်တိုဘာလဆန်းက လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရပြီး ကလေးငယ်အပါအဝင် လူ ၂၉ ဦးထက်မနည်း သေဆုံးခဲ့ တဲ့ ဖြစ်ရပ် ရက်သတ္တပတ် ၂ ပတ်ကျော် အကြာမှာ မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေကို စစ်ကောင်စီစခန်းတွေကို စတင်တိုက်ခိုက်လာခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီကို ထောက်ခံသူတွေဘက်ကတော့ ကေအိုင်အေဌာနချုပ် လိုင်ဇာကို တိုက်လို့ မြောက်ပိုင်း မဟာမိတ်တပ်တွေက ရှမ်းပြည်နယ် အတွင်း တိုက်ပွဲသစ်ဖော်တာလို့ ယူဆမှုတွေ ရှိပါတယ်။
မြောက်ပိုင်း မဟာမိတ်တပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် တုန်းကလည်း စစ်တက္ကသိုလ်ရှိရာ ပြင်ဦးလွင်နဲ့ မန္တလေး မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်က ဂိတ်တချို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာလည်း ရှိပါတယ်။
“အခုတစ်ခေါက်တိုက်ပွဲက အရင်ထက် အများကြီးပြင်းတယ်။ အရင်က ဂိတ်က စခန်းလောက်တိုက်ပြီး ပြန်ထွက်သွားတာ အခုဟာက တပ်ရင်းတွေနားကို ဝိုင်းထားတာ။ နောင်ချိုတို့ ကျောက်မဲတို့ဆိုရင် မြို့က ရဲစခန်းတွေ ရုံးတွေပါ ဒီအတိုင်းပစ်ပြီး ထွက်ပြေးသွားကြတာ”လို့ နောင်ချိုဒေသခံတစ်ဦး ကပြောပါတယ်။
သိန္နီမြို့မှာလည်း အထွေထွေအုပ်ချုပ်ရေးမှူးရုံး မီးရှို့ခံရပြီး ကျောက်မဲမှာ ထွေအုပ်ရုံး ရဲစခန်းအပါအဝင် အစိုးရရုံးတွေ ပိတ်ပြီးထွက်ပြေးသွားတယ်လို့ ရှမ်းမြောက်ဒေသခံတချို့က ပြောပါတယ်။
တိုက်ပွဲတွေ စတင်ခဲ့တဲ့ နေ့ကပဲ မြောက်ပိုင်းမဟာမိတ်အဖွဲ့ကတော့ ဒီတိုက်ပွဲဟာ မိမိတို့အဖွဲ့အစည်းများအပေါ် စစ်ကောင်စီက လေကြောင်းလက်နက်ကြီးများနဲ့ နေ့ည အချိန်မရွေး တိုက်ခိုက်နေမှုများကို ဟန့်တားနိုင်ရေး ၊ မြန်မာပြည်သူတွေ လိုလားချက်ဖြစ်တဲ့ စစ်အာဏာရှင် အမြစ်ပြတ်ရေး၊မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်လာနေတဲ့ ကျားဖျန့်အွန်လိုင်းလောင်းကစားမှု ပပျောက်ရေးနဲ့ အဲဒီလောင်းကစားမှာ ပါဝင်နေတဲ့ စစ်ကောင်စီအဖွဲ့နဲ့ပြည်သူစစ်တွေကို အရေးယူရေးစတဲ့ အချက်တွေပါဝင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
မြောက်ပိုင်းမဟာမိတ်တပ်တွေရဲ့ စစ်ဆင်ရေးကြေညာချက်မှာ ပါတဲ့ အွန်လိုင်းကနေ ငွေကြေးလိမ်လည်နေတဲ့ (ကျားဖျန့်) ကုမ္ပဏီတွေကို အမြစ်ဖြတ်ဖို့ဆိုတဲ့ အကြောင်းပြချက်ဟာ အဓိပ္ပာယ်မရှိဘူးလို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး က ဘာလိုချင်တာလဲ
အောက်တိုဘာ ၂၇ ရက်နေ့က မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေ စတင်တိုက်ခိုက်ခဲ့တဲ့ ချင်းရွှေဟော်မြို့ကို မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တွေက ကိုးကန့်တပ်ဖွဲ့တွေက လုံးလုံးထိန်းချုပ်ထားပြီး မုံးကိုး၊ ဖောင်းဆိုင် စတဲ့ ဒေသတွေက စစ်ကောင်စီစခန်းတွေကို ထိန်းချုပ်ထားပြီး သိန္နီမြို့ကိုတော့ ထိန်းချုပ်ဖို့ကြိုးစားနေတယ်လို့ အောက်တိုဘာလ ၃၁ ရက်နေ့ ကိုးကန့်တပ်ဖွဲ့က ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး ရဲ့ စစ်ရေး ရည်မှန်းချက်နဲ့ နယ်မြေစိုးမိုးနိုင်ရေး အတိုင်းတာတွေနဲ့ ပတ်သက်လို့တော့ လတ်တလောမှာ ပြန်လည်ဖြေကြားနိုင်ခြင်း မရှိသေးဘူးလို့ ကိုးကန့်တပ်ဖွဲ့တွေဘက်က ပြောပါတယ်။
စစ်ကိုင်းတိုင်းက ထီးချိုင့်မြို့နယ်မှာလည်း ၁၀၂၇ စစ်ဆင်ရေးအဖြစ် တိုက်ပွဲဖော်ဆောင်နေပြီး နှစ်ဖက် စစ်ရေးပြင်းထန်နေတယ်လို့ အောက်တိုဘာလ ၃၀ ရက်နေ့က မြောက်ပိုင်း မဟာမိတ်တွေ ဘက်က တရားဝင်ထုတ်ပြန်လာခဲ့ပါတယ်။
ထီးချိုင့်မြို့နယ်ထဲက ၊ မော်ကွန်းတောင် အနောက်ဘက် တောင်ရိုးတလျှောက်က တိုက်ပွဲတွေမှာ ရက္ခိုင့်တပ်တော် AA ၊ ကချင်လွတ်လပ်ရေးတပ် KIA သာမက ပြည်သူ့ကာကွယ်ရေးတပ် PDF ခရိုင်တပ်ရင်းတွေအပါအဝင် ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေတယ်လို့ စစ်ရေးအခြေအနေ သိသူတွေက ပြောပါတယ်။
မြန်မာ-တရုတ် အရေးလေ့လာသူ ဒေါက်တာလှကျောဇောကတော့ မြောက်ပိုင်းအဖွဲ့တွေဟာ သူတို့တိုက်ပွဲ စတင်ခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ ထုတ်ပြန်ချက်မှာ စစ်အာဏာရှင် စနစ်ဖျက်သိမ်းရေးဆိုတဲ့ အချက်ပါတဲ့အတွက် သူတို့ စစ်အာဏာရှင်ကို ဖြုတ်ချနိုင်တဲ့ အထိတိုက်မယ်လို့ ယူဆကြောင်း ဘီဘီစီကို ပြောပါတယ်။
အောက်တိုဘာ ၂၇ ရက်နေ့ကစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေး ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် အရပ်သား ၇ ဦး အထိသေဆုံးထားပြီး အဲဒီထဲ ကလေးသူငယ် နှစ်ဦး ပါဝင်တဲ့အကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၃၀ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် ကလေးငယ် ၁ ဦးအပါအဝင် အရပ်သား ၉ ဦး အထိ ထိခိုက်ဒဏ်ရာရထားပြီး သေဆုံးဒဏ်ရာရသူတွေဟာ ချင်းရွှေဟော်၊ သိန္နီ၊ ကွတ်ခိုင်၊ လားရှိုး နဲ့ နမ့်ခမ်း မြို့နယ်တွေကလို့ ဖော်ပြပါတယ်။
အောက်တိုဘာလ ၃၁ ရက်နေ့မှာတော့ မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်က စစ်ကောင်စီတပ်ရဲ့ ကန်တော်ယန် စခန်းကို ကေအိုင်အေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က အရာရှိ စစ်သည်အချို့ သေဆုံးခဲ့ကြောင်းလည်း စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။
ရှမ်းမြောက်တခွင်က စစ်ရှောင်ဦးရေ အရေအတွက်လည်း အယောက် ၆,၂၀၀ ကျော် အထိရှိနေပြီး ချင်းရွှေဟော်မြို့က စစ်ရှောင် ခန့်မှန်းအယောက် ၅၀၀ လောက်ကတော့ အိမ်နီးချင်း တရုတ်နိုင်ငံထဲ နယ်စပ်ဖြတ်ကျော် ခိုလှုံနေကြတယ်လို့ ကုလရဲ့ စစ်တမ်းအရ သိရပါတယ်။
ဒါ့အပြင် တရုတ်- မြန်မာနယ်စပ် မြောက်ပိုင်းဘက်ကနေ လားရှိုးမြို့ကို လာနိုင်တဲ့ ပြည်ထောင်စုလမ်းမကြီးတလျှောက် သွားလာလို့မရသလို လားရှိုးလေဆိပ်ကိုလည်း တိုက်ပွဲစတင်တဲ့နေ့ကစလို့ လာမယ့်နိုဝင်ဘာ ၃ ရက်နေ့အထိ ပိတ်ထားတာကြောင့် စစ်ရှောင်တွေ ပိတ်မိနေတယ်လို့လည်း ကုလသမဂ္ဂ က ထောက်ပြပါတယ်။
ပြည်တွင်းက စစ်ရှောင်ထောင်နဲ့ချီဟာ တောတောင်တွေထဲနဲ့ နီးစပ်ရာ ဘာသာရေးအဆောက်အအုံတွေမှာ စစ်တိမ်းရှောင်ခိုလှုံနေကြရပြီး ရှမ်းမြောက်တကြောမှာ တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့် စစ်ရှောင်အရေအတွက် ထပ်တိုးလာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။
အခုလို ရွှေ့ပြောင်းဒုက္ခသည်အသစ်တွေကို ကူညီထောက်ပံ့နိုင်ဖို့ အခြေခံစားနပ်ရိက္ခာနဲ့ တခြားလိုအပ်တဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို ထောက်ပံ့ပေးနေပြီး ရှမ်းမြောက်က ကုလသမဂ္ဂနဲ့ ဆက်စပ်အဖွဲ့အစည်းတွေမှာ ကူညီထောက်ပံ့ရေးပစ္စည်းတွေ ချက်ချင်းကူညီနိုင်ဖို့ အသင့်ပြင်ထားတယ်လို့ ပြောပါတယ်။
စစ်ဘောင်ကျယ်လာမလား
၁၀၂၇ စစ်ဆင်ရေးစတင်တဲ့နေ့ဟာ မြန်မာစစ်တပ်က အာဏာသိမ်းထားတဲ့ရက်ပေါင်း ၁,၀၀၀ ပြည့်ဖို့ တစ်ရက်အလိုမှာဖြစ်ပါတယ်။
လတ်တလော စစ်ကောင်စီရင်ဆိုင်နေရတဲ့ မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေဟာ မြန်မာပြည်တွင်းက ဒေသတွေမှာ ပြန်ပြီးတိုက်ခိုက်နေကြတဲ့ ဒေသခံ PDF တွေထက် လူအင်အား လက်နက်အင်အားများစွာ တောင့်တင်းတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။
ဒီအဖွဲ့တွေကို စစ်ကောင်စီက လေကြောင်းက ပြန်လည် တိုက်ခိုက်တာ ရှိပါတယ်။ဒါပေမဲ့ အသိမ်းခံရတဲ့ စစ်စခန်းတွေ ပြန်ရပြီဆိုတာမျိုး ထုတ်ပြန်တာ မရှိသေးပါဘူး။
ဒါပေမဲ့ ဒီစစ်ပွဲမှာ စစ်ကောင်စီဘက်က လေယာဥ်နဲ့ အဝေးပစ် လက်နက်ကြီးတွေနဲ့ ပစ်ရင် သိမ်းထားတဲ့ စခန်းတွေကို ကြာကြာထိန်းမထားနိုင်ဘူးဆိုတဲ့ ခန့်မှန်းချက်တွေလည်း ရှိပါတယ်။
စစ်ကောင်စီဟာ ကယားမှာ ကရင်နီ ပြည်သူ့လွတ်မြောက်ရေးတပ်၊ ကရင်ပြည်နယ်မှာ ကေအန်ယူ၊ ချင်းပြည်နယ်မှာ ချင်းပြည်သူကာကွယ်ရေးတပ်၊ စစ်ကိုင်းတိုင်းအတွင်းမှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ ရင်ဆိုင်နေရပြီး စစ်မျက်နှာ အများအပြားမှာ ပြန်လည်တိုက်ခိုက်သူတွေနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးရဲ့အရှိန်နဲ့ အညာဒေသ၊ ကချင်၊ ချင်း၊ ကရင်ပြည်နယ်တွေမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားလာသလို NUG ကလည်း ၁၀၂၇ စစ်ဆင်ရေးကို ကူဖို့ တပြိုင်တည်း ရုန်းထ ကြဖို့ အမိန့်ပေးထားတယ်လို့ PDF တွေဘက်က ထုတ်ပြောလာတာတွေ ရှိပါတယ်။
ရှမ်းမြောက်မှာစခဲ့တဲ့ ၁၀၂၇ တိုက်ပွဲတွေကနေ အခုနှစ်ပိုင်းအတွင်း မြန်မာပြည်အတွင်း အကြီးမားဆုံးနဲ့ အကျယ်ပြန့်ဆုံး စစ်မျက်နှာစာကြီး ဖြစ်လာဖို့လည်းရှိတယ်လို့ ရှမ်းမြောက်အရေး လေ့လာနေသူအချို့ကခန့်မှန်းနေကြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ် - မြန်မာနယ်စပ် မူဆယ် ရဲ့ တဖက်ကမ်း တရုတ်ဘက်ခြမ်းမှာ ဒီနေ့အောက်တိုဘာ ၃၁ ရက်နေ့ကစ တရုတ်သံချပ်ကာ ကားအများအပြား ရောက်ရှိနေပြီး လုံခြုံရေး ချထားကြောင်း ဒေသခံ တွေဆီက သိရပါတယ်။
လက်ရှိ ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲတွေ ရပ်နိုင်တဲ့ အကြောင်းအရာ အနေနဲ့ လက်နက်ခဲယမ်းတွေရရှိမှု အခြေအနေပေါ်သာ မူတည်သလို လက်နက်ကိုင် အများစု ပါဝင်လာမှုကြောင့်လည်း စစ်ကောင်စီအတွက် ကြီးမားတဲ့အကျပ်အတည်းအဖြစ် ဖြစ်လာနိုင်တယ်လို့ သုံးသပ်တာတွေလည်း ရှိနေပါတယ်။