ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၁၀၂၇ စစ်ဆင်ရေး ဘာတွေဆက်ဖြစ်နေလဲ
၁၀၂၇ စစ်ဆင်ရေး ဒုတိယနေ့ဖြစ်တဲ့ အောက်တိုဘာ ၂၈ ရက်မှာ ကိုးကန့်ဒေသနဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)တခွင် တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြောက်ပိုင်းမဟာမိတ်တပ်တွေက ကြေညာပါတယ်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့နယ်နဲ့ သိန္နီမြို့နယ် အနီးတဝိုက်က စစ်ကောင်စီတပ်စခန်းတချို့ကို တအာင်းတပ် (TNLA)က ဦးဆောင် တိုက်ခိုက်နေပြီး တရုတ်နယ်စပ်က တပ်စခန်းတွေကိုတော့ ကိုးကန့်တပ်(MNDAA)က ဦးဆောင် တိုက်ခိုက်နေတာဖြစ်ပါတယ်။
မြောက်ပိုင်းမဟာမိတ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနဲ့ ရှမ်းပြည်မြောက်ပိုင်းကို ကွပ်ကဲရတဲ့ အမှတ်(၂) အထူးစစ်ဆင်ရေးအဖွဲ့မှူးတို့သာမကဘဲ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ကပါ ကွပ်ကဲနေတယ်လို့ စစ်ရုံးကလာတဲ့သတင်းတွေအရသိရပါတယ်။
ချင်းရွှေဟော်မြို့ကို MNDAA က ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ပြီး မြို့အနီးက နယ်စပ်လုံခြုံရေးအတွက်ချထားတဲ့ စစ်ကောင်စီရဲ့ အဓိက စခန်းတစ်ခုကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ကိုးကန့် စစ်ရေးခွင်
မာကျားတိပေါက်လို့ အမည်ရတဲ့ ဒီစခန်းကနေ သံချပ်ကား နှစ်စီးအပြင် တခြားလက်နက်ခဲယမ်းတွေပါရခဲ့ပြီး နှစ်ရက်တိတိ တိုက်ယူခဲ့ရတာဖြစ်ပါတယ်။
မာကျားတိပေါက် စခန်းနဲ့ ညနေပိုင်းကတည်းက အဆက်အသွယ်ပြတ်သွားပြီလို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို အတည်ပြုထားပါတယ်။
ကိုးကန့်တပ် MNDAA ဟာ ချင်းရွှေဟော်ကို အရင်သိမ်းပြီးတော့မှ မြောက်ဘက်အတိုင်း လောက်ကိုင်မြို့ နဲ့ ချင်းရွှေဟော်ကြားက တပ်စခန်းတွေကို ဆက်တိုက်သိမ်းယူသွားတာ ဖြစ်ပါတယ်။
ဒေသကွပ်ကဲမှုစစ်ဌာချုပ်(လောက်ကိုင်)နဲ့ လောက်ကိုင်မြို့ဆီကိုတော့ တိုက်ပွဲမရောက်သေးပေမဲ့ အနီးတဝိုက်မှာတော့ ကိုးကန့်တပ်တွေဖြန့်ထားပြီလို့ မြေပြင်အခြေအနေသိရှိသူတွေက ပြောပါတယ်။
လက်ရှိကိုးကန့် တိုက်ပွဲတွေမှာ မဟာမိတ်တပ်တွေဘက်က အရည်အသွေးမြင့် ဒရုန်းတွေအသုံးပြုနေတယ်လို့ နှစ်ဘက်လုံးက အတည်ပြုထားပါတယ်။
‘‘လောက်ကိုင်မြို့ကို ညဆို ဒရုန်းနဲ့လာထောက်လှမ်းတယ်။ ကျွန်တော်တို့ဆီက ဒရုန်းပစ်ချတဲ့လက်နက်နဲ့ မမှီတဲ့အကွာအဝေးကနေ ထောက်လှမ်းတာ’’ လို့ ကိုးကန့်ဦးစီးအဖွဲ့ နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ချင်းရွှေဟော်မြို့ရဲ့ တောင်ဘက်မှာဆိုရင်လည်း MNDAA ဟာ စစ်ကောင်စီရဲ့ ကွမ်လုံအခြေချစစ်ဗျူဟာကိုပါ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်က စစ်ရေးအရင်းအမြစ်တွေက ပြောပါတယ်။
ကိုးကန့်တပ်တွေ စစ်ဆင်နေတဲ့ ချင်းရွှေဟော်၊ ဟိုပန်နဲ့ ကွမ်လုံတကြောမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေပါ ပြတ်တောက်နေပါတယ်။
MNDAA ဟာ မုံးကိုးဘက်မှာလည်း စစ်ဆင်ခဲ့ပြီး “နန်ဟာ”ဒေသက စစ်ကောင်စီတပ်စခန်း (၂) ခုကို သိမ်းပိုက်ခဲ့ပါတယ်။
မြောက်ပိုင်းမဟာမိတ်တွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းတွေကို ဘက်ပြောင်းလာဖို့ ကမ်းလှမ်းနေပြီး ခုခံတိုက်ခိုက်သူတွေရဲ့ အလောင်းတွေနဲ့ သုံ့ပန်းတွေကို မသတ်တဲ့အကြောင်း ရုပ်သံဖိုင်တွေ ထုတ်လွှင့်ခဲ့ပါတယ်။
လောက်ကိုင်မြို့မှာ အခြေစိုက်နေတဲ့ စစ်ကောင်စီရဲ့ ကိုးကန့်ဦးစီးအဖွဲ့ကလည်း MNDAA ရဲ့ တိုက်ခိုက်မှုတွေကို ရှုတ်ချခဲ့ပြီး ကိုးကန့်ဒေသပြန်တည်ငြိမ်အောင်လုပ်မယ်လို့ ထုတ်ပြန်ပါတယ်။
လားရှိုးစစ်ရေးခွင်
အောက်တိုဘာလ ၂၈ ရက်မှာ နမ့်ခမ်း၊ နောင်ချို၊ လားရှိုးမြို့နယ်တွေထဲမှာ တအာင်းတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ခဲ့တယ်လို့ နှစ်ဘက်လုံးက ဘီဘီစီကိုပြောပါတယ်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့နယ်ထဲက တိန်းတန်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီ စခန်း ၄ ခုအထိ သိမ်းပိုက်နိုင်ခဲ့တယ်လို့ တအာင်းတပ် TNLA က ထုတ်ပြန်ပါတယ်။
TNLA တပ်မဟာ(၆) စစ်ဒေသ အဖြစ်သတ်မှတ်ထားတဲ့ လားရှိုးမြို့နယ်ထဲက မိုင်းကျက်တပ်စခန်းနဲ့ တိန်းတန်တပ်စခန်းနှစ်ခုကို ဝင်တိုက်ခဲ့ပြီး တိန်းတန်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် နမ့်ခမ်း-နမ့်ဖတ်ကားလမ်း (၁၃)မိုင် တပ်စခန်း၊ (၁၂)မိုင် တပ်စခန်းနဲ့ မန်မိုင်တပ်စခန်း (၃)ခုကို လည်း TNLA က မနေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီအလောင်း (၁၈) လောင်း နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု နဲ့အတူ လက်နက်ကြီးတိုက်ခိုက်မှုတွေပါ ပြန်လည် လုပ်ဆောင်နေပါတယ်။
‘‘စခန်းအသေးလေးတချို့ကနေတော့ ကျွန်တော်တို့ဆုတ်ခွာခဲ့ရပါတယ်’’ လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကနေ TNLA ရဲ့ စစ်ဒေသ နယ်မြေဘက်ကို မြေပြင်ပစ် ဒုံးတွေအသုံးပြုပြီး ဆက်တိုက် ပစ်ခတ်နေတဲ့အကြောင်း လားရှိုးမြို့ခံတွေက ဘီဘီစီကို ပြောပါတယ်။
‘‘အရင်တုန်းက ဒီလို အတွဲလိုက်ပစ် ဒုံးလက်နက်တွေ သုံးတာ တခါမှ မတွေ့ဖူးဘူး’’ လို့ နမခ နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
တရုတ်-မြန်မာ ပြည်ထောင်စုလမ်းမကြီး ကို မဟာမိတ်တပ်တွေက ထိန်းချုပ်ထားလို့ စစ်ကောင်စီက လေကြောင်းကိုပဲ အဓိကထားပြီး ထောက်ပံ့ပို့ဆောင်ရေးတွေ လုပ်ဆောင်နေတယ်လို့ စစ်ရုံးက လာတဲ့ သတင်းတွေအရ သိရပါတယ်။