NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ ဘီဘီစီ သီးသန့် တွေ့ဆုံမေးမြန်းမှု

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တာ ၁၁ လကြာသွားပါပြီ။ အခုဆိုရင် ၂၀၂၁ ခုနှစ်ကုန်ဆုံးပြီး နှစ်သစ်ကိုဝင်ရောက်လာပါပြီ။ မြန်မာနိုင်ငံအနှံ့အပြားမှာတော့ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေဆဲပါ။ ပြီးခဲ့တဲ့နှစ်မှာ လူအများအပြားသေကြေခဲ့ရတဲ့ လက်နက်ကိုင်တိုက်ပွဲဟာ တော်လှန်သူတွေမျှော်မှန်းသလို အောင်ပွဲရနိုင်ပါ့မလား။ လာမဲ့ ၂၀၂၂ ခုနှစ်မှာရော တိုက်ပွဲရဲ့ အလားအလာ၊ တော်လှန်ရေးရဲ့ အလားအလာက ဘယ်လိုဆက်ဖြစ်လာနိုင်မှာပါလဲ။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကို ဘီဘီစီသတင်းထောက်ကိုသိမ်းမြတ်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဘီဘီစီ- အခုဆိုရင် ၂၀၂၁ ခုနှစ်ကုန်ဆုံးသွားပါပြီ။ ၂၀၂၁ ခုနှစ်ဟာ ခက်ခဲတဲ့နှစ်တနှစ်ဖြစ်ခဲ့မယ်ဆိုတာတော့ ပြောစရာမလိုဘူးထင်ပါတယ်။ အဲဒီခက်ခဲတဲ့ အတွေ့အကြုံတွေကနေ ဘာတွေများရခဲ့ပါသလဲ။

ဦးရည်မွန်- ၂၀၂၁ ခုနှစ်ကတော့ မြန်မာ့သမိုင်းမှာ အကျည်းတန်တဲ့နှစ်လို့ဆိုရမှာပါ။ မြန်မာပြည်သူတွေအနေနဲ့ မြန်မာ့သမိုင်းမှာ အဆိုးယုတ်ဆုံး စစ်အာဏာသိမ်းမှုကို ကြုံခဲ့ကြရပါတယ်။ လူမဆန်တဲ့ စစ်အုပ်စုရဲ့အကြမ်းဖက်မှုတွေကို ခုခံတွန်းလှန်ဖို့ ပြည်သူ့အသက်ထောင်ချီပြီးပေးဆပ်ခဲ့ရပြီးလည်းဖြစ်ပါတယ်။ သို့သော်အံ့သြဖို့ကောင်းတာက ဒီတကြိမ် မြန်မာပြည်သူတွေရဲ့ ပြတ်သားတဲ့ သန္နိဋ္ဌာန်ပါ။ အနှစ် ၆၀ ကျော်ရင်ဆိုင်ခဲ့ရပြီးဖြစ်တဲ့ စစ်အုပ်စုရဲ့ ဗိုလ်ကျ လွှမ်းမိုးမှုကို ဒီပွဲမှာအပြီးသတ်တိုက်ဖျက်ဖို့ သန္နိဋ္ဌာန်ချပြီးဖြစ်တယ်လို့ နားလည်မိပါတယ်။

ဘီဘီစီ- ဟုတ်ကဲ့ ကျွန်တော်ဆိုလိုတာက ဝန်ကြီးတို့အနေနဲ့ ၂၀၂၁ ခုနှစ်မှာ ကြိုးစားရုန်းကန်ရတာတွေကနေ အကောင်းတွေရခဲ့သလား။ အဆိုးတွေရခဲ့သလား။ ဘာတွေလက်ဆုပ်လက်ကိုင်ရခဲ့တယ်လို့ ဆိုနိုင်ပါသလဲ။

ဦးရည်မွန်- နိုင်ငံရေးဦးဆောင်မှုမှာ အရေးကြီးတဲ့ CRPH, NUCC, NUG တို့ကို ဖွဲ့စည်းထူထောင်နိုင်ခဲ့တယ်။ အနာဂတ်ဖယ်ဒရယ်ပြည်ထောင်စုတပ်မတော်ကို ရှေ့ရှုတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကို ထူထောင်နိုင်ခဲ့တယ်။ PDF နဲ့လက်တွဲပြီးတိုက်ပွဲဝင်မဲ့ ပကဖတွေ၊ LDF တွေဟာလည်း တနိုင်ငံလုံးအတိုင်းအတာနဲ့ ပေါ်ပေါက်လာပါပြီ။ အခုဆိုရင် PDF နဲ့ တော်လှန်ရေးအင်အားစုတွေဟာ ပြောက်ကျားစစ်၊ လှုပ်ရှားစစ်မှာ အတွေ့အကြုံကောင်းကောင်း ရနေပြီလို့ ပြောနိုင်ပါတယ်။ မဟာမိတ်တွေနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့ ဗဟိုကွပ်ကွဲရေးနဲ့ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ C3C နဲ့တကွ စစ်ရေးမဟာမိတ်စုစည်းမှုတွေ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု၊ ပြည်သူ့တော်လှန်ရေးအပေါ် နိုင်ငံတကာရဲ့ စာနာနားလည်မှုကိုလည်း ရယူနိုင်ခဲ့ပါတယ်။ အထူးသဖြင့် စစ်ကောင်စီလုံးဝ အုပ်ချုပ်ခွင့်မရစေရလို့ ကြွေးကြော်ပြီး လူထုနည်း၊ စစ်ရေးနည်းနဲ့ စစ်ကောင်စီရဲ့ အဓမ္မအုပ်ချုပ်မှုကို ဆန့်ကျင်တိုက်ဖျက်နိုင်ခဲ့ပါတယ်။ အဲဒါကြောင့် အခုအခါဆိုရင် ကျေးလက်ဒေသအမြောက်အမြားကို စစ်ကောင်စီလက်လွှတ်ခဲ့ရပါပြီ။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မဟာမိတ်တွေ စိုးမိုးနိုင်လာတဲ့ဒေသတွေကို အခြေပြုပြီး ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးအာဏာထူထောင်မှုကိုလည်း တပြိုင်နက်တည်း အကောင်အထည်ဖော်နေပြီလို့လည်း အသိပေးချင်ပါတယ်။

ဘီဘီစီ- ပြီးခဲ့တဲ့ ရလဒ်တွေကို အဲသလို အားရကျေနပ်တယ်ဆိုရင် လာမဲ့ နှစ်သစ် ၂၀၂၂ ခုနှစ်အတွင်းမှာ ဝန်ကြီးတို့ ဆင်နွှဲနေတဲ့ တော်လှန်ရေးအပေါ်မှာရော အကောင်းမြင်ပါသလား။ အခုချိန်အထိတော့ ဝန်ကြီးတို့ရဲ့ လက်နက်ကိုင်တော်လှန်ရေး အောင်မြင်လိမ့်မယ်လို့ပြောနေသူတွေရှိသလို၊ အောင်မှအောင်မြင်ပါ့မလားဆိုပြီး သံသယဝင်နေတဲ့သူတွေကိုလည်း တွေ့မြင်နေရပါတယ်။ ဝန်ကြီးတို့ရဲ့ မျှော်လင့်ချက်၊ ခန့်မှန်းချက်ကိုသိပါရစေ။

ဦးရည်မွန်- ၂၀၂၁ ခုနှစ်ကို တော်လှန်ရေး ရေသောက်မြစ်တည်တဲ့နှစ်လို့ပြောမယ်ဆိုရင် ၂၀၂၂ ခုနှစ်ကိုတော့ တော်လှန်ရေးအောင်ပွဲခံမဲ့နှစ်လို့ ပြောချင်ပါတယ်။ ရှေ့နှစ်မှာ ပြည်သူ့တော်လှန်ရေးအင်အားစုတွေ အတွက် လူအင်အား၊ ရန်ပုံငွေအင်အား ၊ လက်နက်အင်အား ၊ command and control တွေပိုကောင်းလာဖို့ ရှိပါတယ်။ မဟာမိတ်များနဲ့ညှိနှိုင်းရေးဆွဲထားတဲ့ မဟာဗျူဟာနဲ့ နည်းဗျူဟာ ကျင့်သုံးအကောင်အထည်ဖော်မှု ပိုကောင်းလာဖို့ ရှိပါတယ်။

အခုကိုပဲ ပြည်သူဆင်နွှဲတဲ့ပြောက်ကျားစစ်မှာ စစ်ကောင်စီ တော်တော်အထိနာနေပါပြီ။ သူတို့အင်အားဆိုတာ စာရွက်ပေါ်မှာပဲရှိတော့တာပါ။ နေရာတိုင်းမှာ နေ့စဉ်ပြုန်းတီးနေပါတယ်။ သို့သော်ငြိမ်းခါနီး မီးတောက်လိုပေါ့ဗျာ။ လေကြောင်းနဲ့လက်နက်ကြီးသုံးပြီး ပြည်သူအပေါ်ပိုပြီး အကြမ်းဖက်လာလိမ့်မယ်လို့တော ခန့်မှန်းရပါတယ်။ သို့သော် ပိုမိုအားကောင်းလာတဲ့ တော်လှန်ရေးအဖွဲ့များအနေနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်စစ်ဗျူဟာကို လအနည်းငယ်အတွင်း ဦးချိုးပစ်နိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

ဘီဘီစီ- NUG နဲ့ KIA ရဲ့ မဟာမိတ်ဖွဲ့မှုအနေထား အားကောင်းပေမဲ့ KNU နဲ့ မဟာမိတ်ဖွဲ့မှုအနေအထားမှာတော့ KNU အတွင်းမှာကိုပဲ သဘောထားကွဲလွဲနေမှုမျိုးတွေရှိတယ်လို့ကြားနေရပါတယ်။ အခု လေးကေ့ကော်တိုက်ပွဲဖြစ်လာပြီးတဲ့နောက်ပိုင်းမှာ အခြေအနေပြောင်းလဲမှု ရှိပါသလား။

ဦးရည်မွန်- နွေဦးတော်လှန်ရေးအပေါ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ကျေးဇူးကြီးကြီးမားမားရှိတယ်လို့ ပြောချင်ပါတယ်။ စစ်အာဏာသိမ်းခံရပြီးတဲ့နောက် ကျွန်တော်တို့ကိုယ်တိုင် တိုင်းရင်းသားနယ်မြေတခုကို လာခဲ့ရတယ်။ EAO ရဲ့ ကူညီစောင့်ရှောက်မှုမှာ ကျွန်တော်တို့တတွေ CRPH ရဲ့လုပ်ငန်းတွေ အကောင်အထည်ဖော်ခဲ့တယ်။ နောက် EAO တွေရော CDM နဲ့ မြို့ပေါ်သပိတ်ခေါင်းဆောင်တွေ ပါဝင်တဲ့ NUCC ကို စတင်နိုင်ခဲ့တယ်။ နောက် NUG ပေါ်လာတယ်။ PDF ပေါ်ပေါက်လာဖို့အတွက်လည်း EAO တွေပဲ ဝိုင်းဝန်းပေးခဲ့တာပါ။ အခုဆင်နွှဲနေတဲ့ ပြည်သူ့တော်လှန်ရေးမှာ NUG , MOD ကအရပ်ဘက်ကွပ်ကဲမှု တာဝန်ကိုယူပြီး EAO တွေရဲ့ စစ်ဖက်ခေါင်းဆောင်တွေက စစ်ရေးဦးဆောင်မှုတာဝန်ကိုယူ အဲသလိုပူးပေါင်းဆောင်ရွက်တာပါ။ လေးကေ့ကော်တိုက်ပွဲကတော့ KNU အနေနဲ့ သမိုင်းကတောင်းဆိုတဲ့ တော်လှန်ရေးတာဝန်ကို ဦးဆောင်မှုရှိရှိ ပါဝင်ထမ်းရွက်ဖို့ စိတ်ပိုင်းဖြတ်လိုက်တာပဲလို့ မြင်ပါတယ်။ စစ်ကောင်စီအနေနဲ့ သူဖွင့်ထားရတဲ့ စစ်မျက်နှာစုံမှာ အရူးမီးဝိုင်းပိုဖြစ်လာဖို့ပဲရှိပါတယ်။

ဘီဘီစီ- အရေးပါတဲ့ ရန်ကုန်မြို့ပြပြောက်ကျားလှုပ်ရှားမှုမှာ ကိုဂျင်မီတို့ ကိုဇေယျာသော်တို့လို အရေးပါတဲ့ လူတချို့ အဖမ်းခံကြရပါတယ်။ သူတို့နဲ့ ဆက်စပ်ပြီး နောက်ဆက်တွဲပါသွားတဲ့သူတွေလည်း မနည်းပါဘူး။ အဲဒါဟာ ဝန်ကြီးတို့ရဲ့ လုံခြုံရေးအစီအမံတွေ အားနည်းလို့ အခုလိုဖြစ်သွားရတာလို့ ဆိုနိုင်ပါသလား။ ဘာအကြောင်းကြောင့်လို သုံးသပ်မိပါသလဲ။

ဦးရည်မွန်- မြို့ပြပြောက်ကျားလှုပ်ရှားမှုဟာ အန္တရာယ်များမှန်းသိပေမဲ့ လိုအပ်တဲ့စွန့်စားမှုနဲ့ စွန့်လွှတ်မှုလုပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ကျွန်တော်တို့ အထူးလေးစားရပါတယ်။ တဖက်မှာ စစ်ကောင်စီကလည်း မြို့ပြပြောက်ကျားတွေကို အမဲလိုက်သလို လိုက်နေတာရှိသလို တဖက်မှာလည်း တချို့ရဲဘော်တွေ မြေအောက်စည်းမျဉ်း စည်းကမ်း သိရှိလိုက်နာ ကျင့်သုံးမှုအားနည်းတာလည်း ပါပါလိမ့်မယ်။ ကျွန်တော်တို့လည်း အခုပြန်သုံးသပ်နေပြီး လိုအပ်သလို ပြင်ဆင်ဆောင်ရွက်နေပါတယ်။

ဘီဘီစီ- ဝန်ကြီးစောစောကပြောသလို ၂၀၂၂ ခုနှစ်ဟာ တော်လှန်ရေးအောင်ပွဲခံမဲ့နှစ်ဖြစ်လာဖို့အတွက် လိုအပ်ချက်တွေ resources တွေပြည့်စုံနေပြီလို့ဆိုနိုင်ပါသလား။ အောင်မြင်မှုရဖို့ဆိုရင် ဘာတွေများလိုအပ်နေပါသေးသလဲ။

ဦးရည်မွန်- တော်လှန်ရေးအင်အား Man power အနေနဲ့ကတော့ ပြောစရာမလိုပါဘူး။ ကျွန်တော်တို့ အခုလိုအပ်နေတာက အဓိက ၄ ခုရှိမယ်လို့ မြင်ပါတယ်။ ၁ ရန်ပုံငွေ၊ ၂ လက်နက်၊ ၃ မဟာမိတ်စုဖွဲ့မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ၄ ဗျူဟာပိုင်း ဖြစ်ပါလိမ့်မယ်။ ဒီလိုအပ်ချက် ၄ ခုစလုံးကိုလည်း ပိုမိုဖြည့်ဆည်းလာနိုင်ပြီဖြစ်တဲ့အတွက် ၂၀၂၂ ခုနှစ်အတွင်း ပြည်သူ့အောင်ပွဲကို မျက်မှောက်ပြုနိုင်လိမ့်မယ်လို့ ပြောချင်ပါတယ်။