မြန်မာစစ်တပ်လေယာဉ်ဆီရနေတဲ့ 'တစ္ဆေသင်္ဘောတွေ' - Amnesty International

ဖတ်ရန်အချိန်: မိနစ် ၉

နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုခံထားရတဲ့ အီရန်နိုင်ငံက လေယာဉ်လောင်စာဆီတင်သင်္ဘောတွေ ရေဒါဖျောက်ပြီး ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းကို ရောက်လာတာကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က စုံစမ်းတွေ့ရှိခဲ့ပါတယ်။

နိုင်ငံတကာရဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် စစ်ကော်မရှင်ဟာ သူ့အတွက် လေယာဉ်ဆီရလမ်းတွေ အကျပ်ရိုက်လာချိန်မှာပဲ အီရန်က လာတဲ့လေယာဉ်ဆီတင်သင်္ဘောတွေက စစ်ကော်မရှင်အတွက် အသက်ရှူပေါက်ဖြစ်နေတယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International)ရဲ့ဒေသတွင်း ဒါရိုက်တာ မွန်စီ ဖာရာက ဘီဘီစီကို ပြောပါတယ်။

ဒါဟာ အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ စစ်တပ်ရဲ့တိုက်လေယာဉ်တွေကို ပံ့ပိုးပေးရာရောက်တယ်လို့ သူက ပြောပါတယ်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ ရဲ့စာရင်းအရ ၂၀၂၅ ခုနှစ်အတွင်း လေယာဉ်ဆီတင်သွင်းမှုဟာ ၁၀၉,၆၀၄ မက်ထရစ်တန် ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒီပမာဏဟာ 'တစ္ဆေသင်္ဘောတွေ' တင်ဆောင်လာတဲ့ပမာဏနဲ့ ကိုက်ညီမှုရှိတယ်လို့ Amnesty International ရဲ့ ဒေသတွင်း သုတေသနဆိုင်ရာ ဒါရိုက်တာ မွန်စီဖာရာက ဘီဘီစီကို ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ ၂၀၂၅ ခုနှစ် လေယာဉ်ဆီတင်သွင်းမှုဟာ ၂၀၂၄ ခုနှစ်ထက်စာရင် ၆၉ ရာခိုင်နှုန်း ပိုတိုးခဲ့သလို ၂၀၂၅ ခုနှစ်ဟာလည်း လေကြောင်းတိုက်ခိုက်မှုအများဆုံးနဲ့ အရပ်သားသေဆုံးမှုအများဆုံး နှစ်ဖြစ်ခဲ့တယ်လို့ Amnesty International က ပြောပါတယ်။

ဒီသင်္ဘောတွေဟာ ခရီးနှင်တဲ့အခါ အလိုအလျောက်ခြေရာခံစနစ်(AIS)ကို ပိတ်ထားတာ၊ တည်နေရာအမှားတွေထုတ်လွှင့်တတ်တာကြောင့် ခြေရာခံဖို့ ခက်ခဲတယ်လို့ဆိုပါတယ်။

ဒီသင်္ဘောတွေကို 'တစ္ဆေသင်္ဘောတွေ' လို့ AI အဖွဲ့က သုံးနှုန်းပါတယ်။ Amnesty International အဖွဲ့က ဒီစုံစမ်းစစ်ဆေးမှုတွေကို ဘယ်လို လုပ်ဆောင်ခဲ့ပါသလဲ။ ဘာကြောင့် အီရန်ကလေယာဉ်ဆီတင်သင်္ဘောတွေ ရန်ကုန်ကို ရောက်လာခဲ့သလဲဆိုတာတွေကို Amnesty International အဖွဲ့ ရဲ့ ဒေသတွင်းသုတေသနဆိုင်ရာ ဒါရိုက်တာ မွန်စီဖာရာကို ဘီဘီစီက ဇန်နဝါရီလကုန်ပိုင်းမှာ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ဘီဘီစီ ။ ။ ပထမဆုံးအနေနဲ့ ဒီသင်္ဘောတွေက လေယာဉ်ဆီ တင်ပို့လာတယ်ဆိုတာကို ဘယ်လို အတည်ပြုမှတ်တမ်းတင်ထားနိုင်ခဲ့သလဲ။

မွန်စီဖာရာ ။ ။ ကျွန်မတို့ရရှိတဲ့ သက်သေအထောက်အထားအများအပြားကို အနုလုံပဋိလုံ တိုက်ကြည့်စစ်ဆေးပြီးတော့မှ ဒါဟာ လေယာဉ်ဆီဆိုတာကို ကောက်ချက်ချခဲ့တာပါ။ ပထမဆုံးကတော့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တွေရဲ့တင်သွင်းမှု မှတ်တမ်းတွေပါ။ အဲဒီအထဲမှာ ကုန်ပစ္စည်းကို 'လေယာဉ်ဆီ' ဆိုပြီး အတိအကျ ပြောထားပြီး ၂၀၂၅ ခုနှစ် တစ်နှစ်အတွင်းမှာတင် အနည်းဆုံး လေယာဉ်ဆီ မက်ထရစ်တန်ချိန် ၁၀၉,၆၀၄ တင်သွင်းခဲ့တယ်လို့ ဖော်ပြထားတယ်။ ဒီပမာဏက တစ္ဆေသင်္ဘောတွေ တင်ဆောင်လာတဲ့ ပမာဏတွေနဲ့ ကိုက်ညီမှုရှိတယ်လို့ ထင်ပါတယ်။

ဒုတိယအချက်ကတော့ ဂြိုဟ်တုပုံတွေကို စိစစ်ကြည့်တဲ့အခါ သင်္ဘောအားလုံးက Myan Oil ဆိပ်ကမ်း (အရင် Puma Energy ဆိပ်ကမ်း)မှာပဲ ဆီချခဲ့တာ တွေ့ရပါတယ်။ ဒီဆိပ်ကမ်းက ရန်ကုန်ကဆိပ်ကမ်းတွေထဲ လေယာဉ်ဆီတွေ အတင်အချလုပ်ဖို့ လိုအပ်တဲ့စနစ်အားလုံးရှိတဲ့ တစ်ခုတည်းသော ဆိပ်ကမ်းဖြစ်တယ်လို့ ကျွန်မတို့ရဲ့ သတင်းအရင်းအမြစ်တွေ က ပြောပါတယ်။

နောက်ဆုံးအချက်ကတော့ မြန်မာစစ်တပ်ရဲ့ လေကြောင်းလှုပ်ရှားမှုတွေပါ။ မြန်မာနိုင်ငံက လေယာဉ်ဆီကို ကိုယ်တိုင် မထုတ်လုပ်တဲ့အတွက် တိုက်ခိုက်ရေးလေယာဉ်တွေ ပျံဝဲဖို့ ပြည်ပက တင်သွင်းမှုကို အပြည့်အဝ မှီခိုနေရတယ်ဆိုတဲ့ အချက်ပါ။

ဒါတွေအားလုံး စုပေါင်းလိုက်တဲ့အခါ ဒီသင်္ဘောတွေဟာ လေယာဉ်ဆီ တင်လာတာဖြစ်တယ်လို့ ကောက်ချက်ချပါတယ်။

ဘီဘီစီ ။ ။ ဒီသင်္ဘောတွေက အီရန်နိုင်ငံနဲ့ဆက်နွှယ်တယ်လို့ ဘာကြောင့် ပြောနိုင်ရတာလဲ။

မွန်စီဖာရာ ။ ။ Amnesty International က ဘယ်ကုမ္ပဏီလဲ၊ ဘယ်နိုင်ငံကလဲဆိုတာကို "အတည်မပြုနိုင်ဘူး" လို့ တိုက်ရိုက်ပြောထားပါတယ်။ ဒါပေမဲ့ အီရန်နဲ့ ဆက်စပ်တယ်ဆိုတာ ညွှန်ပြနေတဲ့အချက်တွေ ရှိပါတယ်။

  • သင်္ဘောနှစ်စင်းဟာ အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ သင်္ဘောတွေပါ။ ဒဏ်ခတ်ပိတ်ဆို့မှု မှတ်တမ်းတွေ တင်ပို့မှု မှတ်တမ်းတွေအရ ဒီသင်္ဘောတွေဟာ အီရန်နိုင်ငံက လောင်စာဆီတွေကို တင်ပို့ထားတဲ့စာရွက်စာတမ်းမှတ်တမ်းတွေ ရှိထားပါတယ်။
  • Kpler အဖွဲ့ ကလည်း ကုန်သွယ်မှုမှတ်တမ်းတွေ၊ ကုန်တင်၊ ကုန်ချ နေရာတွေနဲ့ ဂြိုဟ်တုဓာတ်ပုံတွေကို အခြေခံပြီး ဒီသင်္ဘောတွေဟာ အီရန်က ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။
  • ဂြိုဟ်တုဓာတ်ပုံတွေမှာတော့ REEF နဲ့ NOBLE သင်္ဘောတွေက အလိုအလျောက်ခြေရာခံစနစ်(AIS)ဒေတာမှာ တခြားတည်နေရာအမှားတစ်ခုမှာ ရောက်နေတယ်လို့ ပြနေတဲ့တချိန်တည်းမှာပဲ ဒီသင်္ဘောတွေဟာ အီရန်နိုင်ငံ Bandar Abbas ဆိပ်ကမ်းမှာ တကယ်ရှိနေတာကို တွေ့ရပါတယ်။ ဒါဟာ ကိုယ်ယောင်ဖျောက်ထားတယ်ဆိုတာ ညွှန်ပြနေတာပါ။
  • AIS ဒေတာကို လိမ်လည်ထုတ်လွှင့်တာတွေ၊ ဆိပ်ကမ်းနဲ့ ဝေးတဲ့နေရာတွေမှာ စတုဂံပုံစံ လှည့်လည်နေသလို ပြထားတာတွေက ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်လွှဲတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒါကို အီရန် လောင်ဆီတင်ပို့မှုတွေမှာ အရင်ကတည်းက တွေ့ရပါတယ်။

ဒီသင်္ဘောတွေက ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ထားတဲ့အတွက် အတည်ပြုရခက်ပါတယ်။ ဒါတွေဟာ သက်သေအထောက်အထား ဆိုတာထက် အညွှန်းကိန်းတွေဆိုတာကို Amnesty က ပြောလိုပါတယ်။

ဘီဘီစီ ။ ။ HUITONG 78၊ YONG SHENG 56၊ REEF နဲ့ NOBLE သင်္ဘောတွေအားလုံးက ရန်ကုန်မြို့မှာ ကုန်ချခဲ့တယ်လို့ Amnesty International က ပြောတယ်။ ရန်ကုန်က ဘယ်ဆိပ်ကမ်းလဲ။

မွန်စီဖာရာ ။ ။ သင်္ဘောအားလုံး သီလဝါ(ဆိပ်ကမ်း)က Myan Oil Terminal ဆိပ်ကမ်းမှာ ကုန်ချခဲ့တာပါ။

ဘီဘီစီ ။ ။ ဒီသင်္ဘောတွေနဲ့ စစ်ကော်မရှင် ဆက်စပ်မှုရှိတယ်ဆိုတာ ဘယ်လို အတည်ပြုထားနိုင်လဲ။

မွန်စီဖာရာ ။ ။ ကုန်ချခဲ့တဲ့ဆိပ်ကမ်းက စစ်တပ်နဲ့ ဆက်စပ်နေတဲ့ကုမ္ပဏီတွေက ချုပ်ကိုင်ထားတာပါ။ စစ်တပ်ကိုယ်တိုင်ကလည်း သီလဝါဆိပ်ကမ်းတစ်ခုလုံးကို အုပ်ချုပ်ထားတာပါ။ ကျွန်မတို့ ပြောခဲ့သလိုပဲ ဒီဆိပ်ကမ်းကို ဆိုက်ရောက်လာတဲ့ လောင်စာဆီတွေအားလုံးက အရပ်သားတွေရဲ့ အသက်အိုးအိမ်တွေအတွက် တိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်ပါတယ်။

ဒီလေယာဉ်လောင်စီက စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွက် မောင်းနှင်အားပါ။ အာဏာသိမ်းပြီးကတည်းက စစ်တပ်ရဲ့တိုက်ခိုက်မှုတွေထဲမှာ လေကြောင်းတိုက်ခိုက်မှုက လေသေကြေမှု အများဆုံးပါ။

ကုလသမဂ္ဂရဲ့စာရင်းတွေအရ ၂၀၂၄ ခုနှစ် ဧပြီလကနေ ၂၀၂၅ ခုနှစ် မေလအတွင်း အရပ်သားသေဆုံးမှုတွေရဲ့ထက်ဝက်နီးပါးဟာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဖြစ်ပါတယ်။

ဆိုလိုချင်တာကတော့ ဒီတင်ပို့မှု တစ်ခုချင်းစီက လူထုကို ဒုက္ခဖြစ်စေမှာပါ။ ပြည်သူတွေကို ကာကွယ်ဖို့ စစ်တပ်အတွက် လောင်စာဆီဖြတ်တောက်ရေးက အရေးတကြီး လိုအပ်နေပါပြီ။

ဘီဘီစီ ။ ။ ဒါဟာ နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုခံရနေတဲ့ နှစ်နိုင်ငံ - အီရန် နဲ့ မြန်မာက မဟာမိတ်ထူထောင်နေတယ်လို့ ပြောလို့ရနိုင်သလား။

မွန်စီဖာရာ ။ ။ ရရှိထားတဲ့သက်သေအထောက်အထားတွေအရ မြန်မာစစ်တပ်က စည်းနဲ့ဘောင်နဲ့ကန့်သတ်ထားတဲ့စျေးကွက်တွေအစား နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ခံနိုင်တဲ့လေယာဉ်ဆီထောက်ပို့ကွင်းဆက်ကို အသုံးပြုနေတာ တွေ့ရတယ်။ ဒီလိုနည်းလမ်းမျိုးတွေဟာ အီရန်သုံးတဲ့နည်းလမ်းနဲ့လည်း ထပ်နေတာမျိုး တွေ့ရတယ်။

အရေးယူခံထားရပြီးသား သင်္ဘောတွေကိုတောင် သုံးဖို့ လိုလားနေတာက ဒီပေးသွင်းသူတွေဟာ ကိုယ်တိုင် အရေးယူခံထားရတာ ဒါမှမဟုတ် အရေးယူထိရောက်မှုနည်းတဲ့ဒေသတွေမှာ လည်ပတ်နေတာဖြစ်နိုင်တယ်ဆိုတာ ပြနေပါတယ်။

ပြီးခဲ့တဲ့ငါးနှစ်အတွင်း စောင့်ကြည့်ချက်တွေအရ စစ်တပ်က နိုင်ငံတကာပိတ်ဆို့မှုတွေ အကြား လေယာဉ်ဆီဝယ်ယူဖို့ တဖြည်းဖြည်းနဲ့ ပိုခက်လာတာ တွေ့ရတယ်။ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုခံရတာနဲ့ စောင့်ကြည့်ခံရတာတွေကြောင့် စျေးကွက်မှာ ဂုဏ်သိက္ခာရှိရှိ မှန်မှန်ကန်ကန်လည်ပတ်နေတဲ့ဆီရောင်းသူတွေဆီကနေ ဆီရဖို့ အကျပ်ရိုက်လာတယ်။ ဒီတော့ ဒါကိုတုံ့ပြန်တဲ့ အနေနဲ့ နိုင်ငံတကာပိတ်ဆို့မှုတွေပြင်ပမှာ လည်ပတ်နေတဲ့နိုင်ငံတွေနဲ့ ပူးပေါင်းလာတာ တွေ့ရတယ်။ ပိုပြီးတော့ ပွင့်လင်းမြင်သာမှု မရှိတော့ဘူး။ ပိုပြီးတော့ ပျက်စီးယိုယွင်းလာတယ်။

ကျွန်မတို့ရဲ့သုတေသနတွေအရ ဒါဟာ အီရန်နဲ့ မြန်မာအကြား မဟာမိတ်အသစ် တစ်ခုပေါ်လာတာမဟုတ်ဘဲ အရေးယူဒဏ်ခတ်ခံထားရတဲ့အဖွဲ့အစည်းတွေ အချင်းချင်း ဘုံအကျိုးစီးပွားတွေ တူတော့ ပေါင်းမိတာမျိုးဖြစ်လာတာလို့ ပြောနိုင်ပါတယ်။

ဒီလို ဒဏ်ခတ်ပိတ်ဆို့ခံထားရထားတဲ့သင်္ဘောတွေကို တင်ပို့သူတွေက သုံးနေကြတဲ့ အချက်ကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒါကို ကြည့်ရင် တင်ပို့သူတွေက ဒဏ်ခတ်ပိတ်ဆို့ခံထားရသူ၊ ဥပဒေ စိုးမိုးမှုအားနည်းတဲ့နေရာတွေ ဒါမှမဟုတ် ဒဏ်ခတ်မှုတွေကို ကျော်လွှားနိုင်တဲ့ ဂေဟစနစ်ထဲမှာ လည်ပတ်နေသူတွေလည်း ဖြစ်နိုင်ပါတယ်။ ဒီနည်းလမ်းကို တရားဝင်တင်ပို့သူတွေ၊ ကုန်သွယ်ရေးသမားတွေသာလုပ်ရင် ဂုဏ်သိက္ခာပိုင်းဆိုင်ရာတွေ၊ ဥပဒေပိုင်းဆိုင်ရာတွေ၊ ဘဏ္ဍာရေးပိုင်ဆိုင်ရာတွေမှာ ကြီးမားတဲ့သက်ရောက်မှုတွေ ရှိလာမှာပါ။

အချုပ်အားဖြင့်ပြောရရင် မြန်မာစစ်တပ်ဟာ လေယာဉ်ဆီရဖို့ အီရန်လို နိုင်ငံတွေ အသုံးပြုနေတဲ့ နည်းနာတွေကို အသုံးပြုနေတာပါ။ ဒါဟာ နိုင်ငံတကာရဲ့အရေးယူဒဏ်ခတ်ပိတ်ဆို့ခံရတဲ့ နိုင်ငံတွေ၊ စစ်တပ်တွေ အချင်းချင်း အမှီသဟဲပြုနိုင်တဲ့ထောက်ပံ့ရေးကွန်ရက်တွေ၊ ပွဲစားတွေ နောက်ပြီး အဖယ်ကျဉ်ခံတဲ့အခါ လုပ်တတ်တဲ့အလေ့အကျင့်တွေကို ပိုပြီးတော့ အလေးသာလာတယ်ဆိုတာ ပြသနေပါတယ်။