ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

အီရန်နျူကလီးယားနေရာတွေကို အမေရိကန်ဗုံးကြဲ

အမေရိကန်ဟာ တီဟီရန်ရဲ့ နျူကလီးယားနေရာတွေကို ဗုံးကြဲပြီး အီရန်ရဲ့ နျူကလီးယားအစီအစဥ်တိုက်ခိုက်ရေး အစ္စရေး အစီအစဥ်မှာ ပါ၀င်လာပါတယ်၊ ဒီအကြောင်း နောက်ဆုံးရသတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  •  အီရန်က ဖော်ဒိုနဲ့ တခြားနျူကလီးယားနေရာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သမ္မတဒေါ် နယ်ထရမ့်က ပြောပါတယ်
  • တိုက်ခိုက်မှုတွေ အောင်မြင်ပြီး အီရန်ရဲ့နျူကလီးယား သန့်စင်စက်ရုံရှိရာ ဖော်ဒို ပေါ် ကို ဗုံးတွေနဲ့ ကြဲချခဲ့တာလို့လည်း သူက ပြောပါတယ်
  • အီရန်နိုင်ငံပိုင် မီဒီယာကတော့ ဖော်ဒို နျူကလီးယားစက်ရုံရဲ့ တစ်စိတ်တစ်ပိုင်းဟာ ရန်သူရဲ့ လေကြောင်းတိုက်ခိုက်မှုကြုံရတယ်လို့ ပြောပါတယ်
  • အီရန်နိုင်ငံခြားရေးဝန်ကြီးကတော့ ကုလလုံခြုံရေးကောင်စီ အဖွဲ့ဝင်ဖြစ်တဲ့ အမေရိကန်ရဲ့ အခုလုပ်ရပ်ဟာ ကုလသမဂ္ဂပဋိဉာဥ်ကို ချိုးဖောက်တာလို့ပြောပြီး အီရန်အနေနဲ့ နည်းစုံသုံးပြီး ခုခံပိုင်ခွင့်ရှိတယ်လို့ ပြောလာပါတယ်
  • တစ်ချိန်တည်းမှာပဲ အမေရိကန်ရဲ့တိုက်ခိုက်မှုအပြီးမှာ အီရန်က အစ္စရေးလေဆိပ်နဲ့ စစ် ခြေစိုက်စခန်းတွေကို တာဝေးပစ်ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အီရန်ရဲ့နျူကလီးယားအစီအစဉ်ကို အမေရိကန်က တိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။

    အခုသတင်းနဲ့ဆက်စပ်ပြီး နောက်ဆက်တွဲ သုံးသပ်ချက်တွေ၊ ဒေသတွင်း ရိုက်ခတ်နိုင်ခြေနဲ့ နိုင်ငံတကာရဲ့ တုံ့ပြန်ချက်တွေကိုလည်း ဒီစာမျက်နှာမှာ တစုတစည်းတည်း ဖော်ပြထားလို့ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

    ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. အီရန်ကို အမေရိကန်တိုက်ခိုက်မှု ကမ္ဘာတလွှားက ဘီစီသတင်းထောက်တွေရဲ့ အမြင်

    အရှေ့အလယ်ပိုင်း၊ အမေရိကန်အပါအဝင် ကမ္ဘာတဝန်းမှာရှိနေတဲ့ ဘီဘီစီသတင်းထောက်တွေက အမေရိကန်က အီရန်နျူကလီးယားစက်ရုံတွေကို တိုက်ခိုက်မှု ဖြစ်စဉ်ရဲ့နောက်ဆုံးရသတင်းတွေကို စောင့်ကြည့်ခဲ့ကြပါတယ်။

    သူတို့တွေ ဘာတွေပြောပြထားလဲ... ကြည့်ရအောင်ပါ။

    - အိမ်ဖြူတော်သတင်းထောက် - အီရန်နျူကလီးယားနေရာတွေကို အမေရိကန်တိုက်ခိုက်အပြီး မိနစ်ပိုင်းအတွင်းမှာပဲ ထရမ့်က သတင်းထွက်ပြောခဲ့တာကို ကြည့်မယ်ဆိုရင် ဆုံးဖြတ်ချက်တွေ မြန်မြန်ဆန်ဆန်ချမှတ်လေ့ရှိတဲ့ သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒကျင့်သုံးတဲ့ပုံစံကို ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။

    - အခု အမေရိကန်ရဲ့တိုက်ခိုက်မှုဟာ နောက်ဆက်တွဲတိုက်ခိုက်မှုတွေအတွက် တံခါးဖွင့်ပေးလိုက်သလို ပဲ လို့ ဂျေရုဆလင်မြို့အခြေစိုက် ဘီဘီစီသတင်းထောက် ကရေးပါတယ်။ အစ္စရေးရဲ့ အီရန်အပေါ် တိုက်ခိုက်မှုတွေဆက်လုပ်နေတာကလည်း တိုင်းပြည်ကို “ရှင်သန်ကျန်ရစ်အောင်ကြိုးစားရုန်းကန်” ရတဲ့ အသွင်လည်းပေါ်တယ်လို့ သူ က ထောက်ပြပါတယ်။

    - လုံခြုံရေးဆိုင်ရာသတင်းထောက်ဖြစ်တဲ့ ဖရန့်ခ် ဂါနာ ကတော့ အီရန်အနေနဲ့ ချက်ချင်းလက်တုံ့ ပြန်မလား၊ နောက်မှလက်တုံ့ပြန်မလား ဒါမှမဟုတ် ဘာမှမလုပ်ဘဲနေမလားဆိုတဲ့ လမ်းသုံးသွယ် သာ ရှိတော့တယ်လို့ ရေးပါတယ်။

    - ထရမ့်ရဲ့ အီရန်ကိုတိုက်ခိုက်တဲ့ ဆုံးဖြတ်ချက်က ပြည်တွင်းရော အခြားနိုင်ငံအတွက်ပါ အန္တရာယ်တွေပဲဖြစ်စေတယ်လို့ မြောက်အမေရိကသတင်းထောက် အန်တိုနီ ဇာချာ က သုံးသပ်ပါတယ်။

    - ဘီဘီစီအရှေ့အလယ်ပိုင်းဌာနရဲ့ အကြီးအကဲကတော့ ဒီနေ့မနက်ပိုင်းမှာ ဒေသတခွင်လုံး အသက်ရှု မမှားအောင် ထိန်းညှိနေကြတဲ့အနေအထားလို့ ပြောပါတယ်။ ဆိုလိုတာက သူတို့ရဲ့ လှုပ်ရှားမှုဟာ ဒီပဋိပက္ခအဆုံးသတ်ဖို့ အစပျိုးတာဖြစ်နိုင်သလို နောက်ထပ် ကြောက်မက်ဖွယ်အခင်းအကျင်းတစ်ခု ရဲ့ အစကို ယူဆောင်လာတာလည်းဖြစ်နိုင်နေတာကြောင့်ပါ။

  3. ပင်တဂွန်က သတင်းစာရှင်းလင်းပွဲ ဘာထူးခြားလဲ

    အီရန်ရဲ့ နျူကလီးယားစက်ရုံတွေကို တိုက်ခိုက်တဲ့လေကြောင်း တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ် ဟတ်ဆက်သ်နဲ့ အမေရိကန်စစ်တပ် ပူးတွဲ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ဒန် ကိန်းတို့ သတင်းစာရှင်းလင်းပွဲကို ပင်တဂွန် စစ်ဌာနချုပ်မှာ ပြီးခဲ့တဲ့ မိနစ်ပိုင်းကပဲ ပြုလုပ်သွားပါတယ်။

    သူတို့ သတင်းစာရှင်းလင်းပွဲက ထူးခြားချက်တွေက ဒါတွေဖြစ်ပါတယ်။

    - ဟတ်ဆတ်သ်က အီရန်က ဖော်ဒို၊ နတန့်ဇ်နဲ့ အစ္စဖာဟန် နျူကလီးယားစက်ရုံတွေကို ညသန်းခေါင်အချိန်မှာ ပစ်မှတ်် တိတိကျကျ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

    - ''အီရန်ရဲ့နျူကလီးယားအစီအစဉ် ပျက်လိုပျက်စီးဖြစ်အောင် ကျွန်တော်တို့ လုပ်နိုင်ခဲ့ပေမဲ့ ဒီစစ်ဆင်ရေးဟာ အီရန်တပ်ဖွဲ့တွေ ဒါမှမဟုတ် လူထုကို ပစ်မှတ်ထားတာမဟုတ်ပါဘူး'' လို့ သူက ဖြည့်စွက်ပြောပါတယ်။

    - ''အခုစစ်ဆင်ရေးဟာ ဘယ်တုန်းကမှ အီရန်က အုပ်စိုးသူ အာဏာရှင်တစု ပြောင်းလဲရေး အတွက် မရည်ရွယ်ပါဘူး'' လို့လည်း သူက ဆိုပါတယ်။

    - စစ်ဆင်ရေးအကြောင်း အသေးစိတ်ပြောရာမှာတော့ ကိန်းက ဗုံးကြဲလေယာဉ်တွေဟာ အမေရိကန်ကနေ ပျံတက်သွားတာဖြစ်ပြီး တချို့လေယာဉ်တွေကိုတော့ ပစိဖိတ်သမုဒ္ဒရာထဲမှာ တည်ကြက်အနေနဲ့ အသုံးပြုခဲ့တာရှိတယ်လို့ ပြောပါတယ်။

    - ပစ်မှတ်တိတိကျကျ ချိန်ရွယ်တဲ့ လက်နက် ၇၅ ခုကို သုံးခဲ့ပြီး အဲဒီထဲမှာ ဘန်ကာဖျက်စက်လို့ခေါ်တဲ့ MOP မော့ ဗုံး ၁၄ လုံး ပါဝင်တယ်လို့ ဆိုပါတယ်။

    - အဲဒီစစ်ဆင်ရေးအတွင်း အမေရိကန်ကနေ ပစ်ခတ်တာတွေ မလုပ်ခဲ့ဘဲ အခုတော့ အဲဒီဗုံးကြဲလေယာဉ်တွေဟာ အမေရိကန်ကို ပြန်လည် ပျံသန်းလာပြီလို့ဆိုပါတယ်။

    -အမေရိကန် အနေနဲ့ သူလုပ်ခဲ့တဲ့အခုစစ်ဆင်ရေးမှာ အီရန်မှာဖြစ်နေတဲ့အပျက်အစီး အတိုင်းအဆကို သိအောင်လုပ်နေတုန်းလို့ သတင်းစာရှင်းလင်းပွဲမှာပြောသွားပါတယ်။

    သမ္မတ ထရမ့်ကတော့ အီရန်နျူကလီးယား အဆောက်အဦတွေကို အစတုံး ဖျောက်လိုက်နိုင်ပြီလို့ အစောပိုင်းတွေကတည်းက ပြောထားတာကြောင့် ထရမ့်အပြောနဲ့ သတင်းစာရှင်းလင်းပွဲက အခြေအနေကြားမှာ စစ်ဆင်ရေး တယ်အောင်မြင်လားဆိုတဲ့မေးခွန်းထွက်လာတယ်လို့ ဝါရှင်တန် ဒီစီကနေ သတင်းရယူနေတဲ့ မြောက်အမေရိကန်ဆိုင်ရာ သတင်းထောက်ချုပ် ဂယ်ရီ အိုဒနယ်ဟုက ပြောပါတယ်။

  4. အီရန်နျူကလီးယားအခြေခံအဆောက်အဦ ထိခိုက်မှုကြီးတယ်လို့ အစ္စရေး သမ္မတပြော

    အမေရိကရဲ့ အီရန်အပေါ် တိုက်ခိုက်မှုဟာ “သမိုင်းဝင်” သလို “ရဲရင့်” တဲ့ ဆုံးဖြတ်ချက်လို့ အစ္စရေးသမ္မတက ဘီဘီစီသတင်းထောက် လော်ရာ ကူနက်ဘာ့ကို ပြောပါတယ်။

    အီရန်ရဲ့ နျူကလီးယားစွမ်းရည်တွေကို ဖျက်ဆီးလိုက်သလားဆိုတဲ့ အချက်ကိုအလေးပေးပြောဖို့အတွက် အတိအကျမသိသေးဘူးလို့ သမ္မတ ဟားဇ်ဇွတ်က ပြောပါတယ်။

    “ဒါပေမဲ့ ကျွန်တော်သေချာသိတဲ့အရာကတော့ အီရန်ရဲ့ နျူကလီးယားအစီအစဉ်အပေါ် ကြီးကြီးမားမား သက်ရောက်ခဲ့တယ်ဆိုတာပါပဲ” လို့ သူက ဆက်ပြောပါတယ်။

    အီရန်ကိုတိုက်ခိုက်ဖို့အတွက် ထရမ့်ကိုတိုက်ရိုက်အကူအညီတောင်းခဲ့သလားလို့ သူ့ကို ဘီဘီစီက မေးခွန်းထုတ်ခဲ့ပါတယ်။

    အီရန်ရဲ့ နျူကလီးယားစက်ရုံတွေကို မတိုက်ခိုက်မီ ကြိုတင်မသိရှိရခဲ့ရဖူးလို့ မဖြေခင်မှာ “ဒါကို အမေရိကန်လက်ထဲလွှတ်ထားလိုက်ဖို့အတွက် ကျွန်တော်တို့ဆုံးဖြတ်ခဲ့ပါတယ်” လို့ သမ္မတ ဟားဇ်ဇွတ်က ဖြေခဲ့ပါတယ်။

    “ဒါတွေဖြစ်ပျက်နေတဲ့အချိန်ကျမှ ကျွန်တော်နိုးလာခဲ့တယ်” လို့ သူက ဆက်ပြောပါတယ်။

    ဒါဆိုရင် အစ္စရေးက အီရန်ကိုတိုက်ခိုက်တာတွေရပ်တန့်တော့မှာလားလို့ ဘီဘီစီကသတင်းထောက်က ထပ် မေးမြန်းခဲ့ပါတယ်။ ဟားဇ်ဇွတ်က တိုက်ရိုက်အဖြေမဖြေဘဲ အစ္စရေးနယ်နိမိတ်ထဲကို အီရန်က မစ်ဇိုင်းတွေ ပစ်နေတယ်ဆိုပြီး “မစ်ဇိုင်းတွေရန်ကနေ ကိုယ့်ကိုယ်ကို ခုခံကာကွယ်နိုင်ဖို့အတွက် ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တာတွေလုပ်သွားမှာပါ” လို့သာ တုံ့ပြန်ပြောပါတယ်။

    “နိုင်ငံတကာအဆင့်အနေနဲ့ ညှိနှိုင်းဆွေးနွေးနိုင်ဖို့အတွက် အခုလိုလုပ်တာဖြစ်ပြီး ဒါအတွက် ဗျူဟာမြောက် ထွက်ပေါက်တစ်ခုသေချာရအောင် လုပ်မှာပါ” လို့သူက ဖြည့်စွက်ပြောပါတယ်။

  5. အီရန်နျူကလီးယားနေရာတွေကို အမေရိကန်ဗုံးကြဲမှု အာရပ်နိုင်ငံတွေ ဘယ်လိုတုံ့ပြန်ကြလဲ

    ဟီရှမ် ရှာဝှစ်

    BBC Monitoring (အရှေ့အလယ်ပိုင်း)

    အီရန်က နျူကလီးယားနေရာတွေကို အမေရိကန်က ဗုံးကြဲမှုတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ နာရီပိုင်းတွေအတွင်း ကမ္ဘာတလွှားက တုံ့ပြန်သံတွေ ထွက်လာပါတယ်။

    အာရပ်နိုင်ငံတွေကတော့ ခပ်မြန်မြန်ပဲ တုံ့ပြန်သံတွေ ထွက်လာပါတယ်။ သူတို့ ဘယ်တွေပြောထားလဲဆိုတာကို ဆက်ကြည့်ရအောင်ပါ။

    ဝါရှင်တန်နဲ့ တီဟီရန်ကြား နျူကလီးယားဆွေးနွေးပွဲတွေကို ကြားဝင်ညှိနှိုင်းပေးနေတဲ့ အိုမန်နိုင်ငံကတော့ အမေရိကန်ရဲ့ အခုတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ ပြောလိုက်ပါတယ်။

    အိုမန်နိုင်ငံအနေနဲ့ “ အမေရိကန်ပြည်ထောင်စုက လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို အတော်လေးစိုးရိမ်ပါတယ်။ အခုတိုက်ခိုက်မှုကိုလည်း ရှုတ်ချပါတယ်”လို့ ဆိုပါတယ်။

    အမေရိကန်နဲ့ လုံခြုံရေးဆိုင်ရာဆက်ဆက်ရေး ခိုင်မာပြီး ဒေသတွင်းမှာ အနီးကပ်ဆုံး မဟာမိတ်လည်းဖြစ်တဲ့ ဆော်ဒီအာရေးဗျကတော့ အခုတိုက်ခိုက်မှုကို ရှုတ်ချပါတယ်။ “အီရန်ရဲ့ အချုပ်အခြာကို ချိုးဖောက်ရာရောက်ပြီး ချင့်ချင့်ချိန်ချိန် လုပ်ဖို့လည်း လိုအပ်လှပါတယ်” လို့ ဆိုပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ “အတော်လေးထိခိုက်လွယ်အခြေအနေမှာ နိုင်ငံရေးအဖြေရရှိရေး နှစ်ဆ အားထုတ်ကြဖို့”ကိုလည်း တိုက်တွန်းသွားပါတယ်။

    ကာတာ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ “အန္တရာယ်ကြီးလှတဲ့ လက်ရှိ တင်းမာမှုဟာ ဒေသတွင်းနဲ့ နိုင်ငံတကာ အဆင့်အထိရောက်အောင် ရိုက်ခတ်မှုရှိလာနိုင်တယ်” လို့ သတိပေးပါတယ်။ “ သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေ အားလုံးအနေနဲ့လား ဉာဏ်ပညာနဲ့ ချင့်ချိန်ပြီး တွေးဆလုပ်ကိုင်ကြဖို့တိုက်တွန်းပါတယ်” လို့လည်း ဆိုပါတယ်။

    အီဂျစ်နိုင်ငံကတော့ “ဒေသတွင်း တင်းမာမှုနဲ့ ကသောင်းကနင်းဖြစ်မှုဆီ ဦးတည်နိုင်တဲ့အန္တရာယ်ကို သတိပေးပြီး စစ်ရေးနဲ့မဖြေရှင်းဘဲ နိုင်ငံရေး၊ သံခင်းတမန်ခင်းအရေးနဲ့ဖြေရှင်းဖို့လိုအပ်တဲ့အကြောင်း” ပြောပါတယ်။

    ဒီအတောအတွင်းမှာပဲ လက်ဘနွန် သမ္မတ ဂျိုးဇက် အနွန်ကတော့ ''အီရန်နျူကလီးယားအဆောက်အဦတွေကို ဗုံးကြဲတာဟာ ဒေသတွင်းတစ်ခုနဲ့ နိုင်ငံတစ်နိုင်ငံဆိုတာထက်ပိုတဲ့ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်တဲ့ တင်းမာမှု မြင့် တက်လာစေနိုင်တယ်'' လို့ ပြောပါတယ်။

  6. အီရန်ကို အမေရိကန်လေကြောင်းတိုက်ခိုက်မှုတွေ ဘယ်လိုပေါ်ပေါက်လာလဲ

    အီရန်ကို အမေရိကန်တိုက်ခိုက်မှုဟာ အီရန် စံတော်ချိန် တနင်္ဂနွေနေ့မနက် ၃ နာရီ၊ ၂၀ မိနစ် (မြန်မာစံတော်ချိန် မနက် ၆ နာရီ မိနစ် ၂၀) မှာ စတင်ပါတယ်။

    - အီရန်နိုင်ငံရဲ့ ဖော်ဒို၊ နာတန့်ဇ်နဲ့ အက်ဖာဟန်ဆိုတဲ့ နျူကလီးယားနေရာတွေကို အမေရိကန်က တိုက်ခိုက်ခဲ့တယ်လို့ ဒေါ်နယ်ထရမ့် ထုတ်ပြောပါတယ်။

    မြန်မာစံတော်ချိန် မနက် ၇ နာရီခွဲခန့် - နျူကလီးယားနေရာ ၃ ခု တိုက်ခိုက်ခံရတဲ့အကြောင်း အီရန်ဘက်က တရားဝင်အတည်ပြု ပါတယ်။

    မြန်မာစံတော်ချိန် မနက် ၈ နာရီ ၁၃ မိနစ် - “သမ္မတထရမ့် နဲ့ အမေရိကန်တို့က ဒီအတွက်အများကြီးကြိုးစားအားထုတ်ခဲ့တယ်” လို့ အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ညာဟု က စာထုတ်ပါတယ်။

    မြန်မာစံတော်ချိန် မနက် ၈ နာရီ ၂၄ မိနစ် - ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က အမေရိကန်ရဲ့ လုပ်ဆောင်မှုဟာ “အန္တရာယ်များတဲ့ ပဋိပက္ခ” ဖြစ်စေတဲ့ လုပ်ရပ်လို့ ပြောပါတယ်။

    မြန်မာစံတော်ချိန် မနက် ၈ နာရီ ၃၀ မိနစ် - ဒေါ်နယ်ထရမ့်ကတော့ နိုင်ငံအတွက်မိန့်ခွန်းပြောရာမှာ “အခုငြိမ်းချမ်းရေးစကားပြောမလား” ဒါမှမဟုတ် “ပိုကြီးတဲ့တိုက်ခိုက်မှုတွေကို ရင်ဆိုင်မလား” ဆိုပြီး အီရန်ကိုသတိပေးစကား ထည့်ပြောပါတယ်။

    မြန်မာစံတော်ချိန် မနက် ၁၁ နာရီ - အီရန်ဘက်က တိုက်ခိုက်မှုအသစ်စတင်လာပြီလို့ အစ္စရေးက ပြောလာပါတယ်။

    မြန်မာစံတော်ချိန် မနက် ၁၁ နာရီခွဲ - တိုက်ခိုက်မှုအပြီး အီရန်ရဲ့ နျူကလီးယားနေရာတွေမှာ ဓာတ်ရောင်ခြည်ယိုစိမ့်မှုကြောင့်ဖြစ်တဲ့ “ဓာတ်သင့်မှုနှုန်း မြင့်လာတာ မတွေ့ရဘူး” လို့ ကုလမသဂ္ဂရဲ့ နျူကလီးယားစောင့်ကြည့်အဖွဲ့ဖြစ်တဲ့ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ(IAEA) က ပြောပါတယ်။

    မြန်မာစံတော်ချိန် မနက် ၁၂ နာရီ ၁၇ မိနစ် - အီရန်အနောက်ပိုင်းမှာရှိတဲ့ “စစ်ရေးပစ်မှတ်တွေ” ကို ဦးတည်တိုက်ခိုက်တဲ့ အစ္စရေးလေတပ်ရဲ့ တိုက်ခိုက်မှုလှိုင်းအသစ်စတင်လိုက်ပြီလို့ အစ္စရေးတပ်မတော်က ထုတ်ပြောလာပါတယ်။

  7. အစ္စရေး-အီရန် စစ်အဖြေကို ပြောင်းနိုင်တဲ့ အမေရိကန်လက်နက်

    အစ္စရေးက သူတို့ အီရန်ကိုတိုက်နေတဲ့ ပင်မ ရည်မှန်းချက်က အီရန်ရဲ့ နျူကလီးယား လက်နက်ထုတ်နိုင်တဲ့ စွမ်းရည်ကို ဖျက်ဆီးပစ်ဖိုလို့ ပြောပါတယ်။

    သူတို့ရဲ့ အဓိက ပစ်မှတ်က ဖိုဒိုလို့ခေါ်တဲ့ ယူရေနီယမ်သန့်စင်စက်ရုံရှိရာနေရာပါ။ အဲဒီ စက်ရုံနေရာဟာ အကာအကွယ် အရံအတားအထပ်ထပ်နဲ့ပါ။

    အဲဒီနေရာကို ဖျက်ဆီးနိုင်မယ့် လက်နက်ကလည်း တစ်မျိုးထဲရှိပြီး အဲဒီလက်နက်က အမေရိကန်မှာပဲ ရှိပါတယ်။

    ဇွန် ၂၂ ရက်မှာတော့ အီရန်ကို အဲဒီလက်နက်နဲ့တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်ကကြေညာပါတယ်။ အဲဒီလက်နက်အကြောင်းရှင်းပြထားတာကို ကြည့်နိုင်ပါပြီ။

  8. သုံးသပ်ချက် - အီရန်နျူကလီးယားအစီအစဉ်ကို အမေရိကန်တိုက်ခိုက်မှု ထောက်ခံ၊ ကန့်ကွက်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် မပြသ

    ဂျိုး အင်ဝုဒ်

    ကမ္ဘာ့သတင်း သတင်းထောက်

    ညတုန်းက အီရန်နျူကလီးယားနေရာတွေကို အမေရိကန်ရဲ့တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဗြိတိန်ဝန်ကြီးချုပ်ရဲ့ တုံ့ပြန်မှုဟာ အပြည့်အဝ ထောက်ခံအားပေးတာမဟုတ်သလို့ အဲဒီလုပ်ရပ်ကို ဝေဖန်တာလည်း မဟုတ်ပြန်ပါဘူး။

    ပဋိပက္ခလျော့ချပြီး ဆွေးနွေးညှိနှိုင်းကြဖို့ ဝန်ကြီးချုပ် ကီယာ စတားမာ တစ်ယောက် တစ်ချိန်လုံးပြောခဲ့တာဖြစ်ပြီး မနေ့ညက ကိစ္စကိုတော့ အဲဒီလို မဟုတ်ပါဘူး။

    ဒီနေရာမှာပြောနိုင်တာကတော့ ဗြိတိန်အစိုးရဟာ သူ လုပ်ဖို့ရာရှိခဲ့တဲ့ ခက်ခဲနိုင်ခြေရှိတဲ့ဆုံးဖြတ်ချက်တစ်ရပ်ကို ရှောင်ရှားနိုင်ခဲ့တာကြောင့် ပင့်သက်ချသွားနိုင်တဲ့အခြေအနေလို့ ကျွန်တော်တို့ ဆိုလို့ရပါတယ်။

    အခုလိုတိုက်ခိုက်မှုမှာ ဗြိတိန်ပါဝင်ဖို့သာဖြစ်ခဲ့မယ်ဆိုရင် ပျံတက်ရမယ့် စစ်ခြေစိုက်စခန်းက အိန္ဒိယသမုဒ္ဒရာထဲမှာရှိတဲ့ ဗြိတိန်စီမံတဲ့ ဒီယေဂို ဂါစီယာအခြေစိုက်စခန်းကနေ တက်မှ ရမှာပါ။

    ဘာကြောင့်လဲဆိုရင် အဲဒီကနေ အီရန်မှာရှိတဲ့နျူကလီးယားစက်ရုံနေရာတွေကို သွားရတဲ့ခရီးက ဂူအမ်မှာရှိတဲ့ စခန်းကနေ ပျံတက်တာထက်စာရင် ခရီးတဝက်လောက် သက်သာတာကြောင့်ဖြစ်ပါတယ်။

    အကယ်လို့ အမေရိကန်ကသာ ယူကေအစိုးရကို ဒိုင်ဂို ဂါစီရာကျွန်းပေါ်က အဆောက်အဦတွေကို အသုံးပြု ခွင့် တောင်းခဲ့တယ်ဆိုရင် အခု အီရန်ဖြစ်စဉ်မှာ ယူကေက စစ်ပွဲထဲ ပါဝင်လာတာကို အီရန်ဘက်က သေချာပေါက် ရှုမြင်မှာဖြစ်ပါတယ်။

    ညကဖြစ်ပွားတဲ့ တိုက်ခိုက်မှုမှာပါဝင်ရင် ကျယ်ပြန့်တဲ့ ဂယက်ရိုက်ခတ်မှုဖြစ်လာမှာကို စိုးရိမ်စရာရှိပေမဲ့ ဒီယေဂို ဂါစီယာ စစ်စခန်း ပါစရာမလိုခဲ့တာကတော့ ဗြိတိန်အစိုးရ မူဝါဒချမှတ်သူတွေကြားမှာ အတိုင်းအတာတစ်ခုအထိ သက်ပြင်းချနိုင်စရာဖြစ်ခဲ့ပါတယ်။

  9. အီရန်ရဲ့ နျူကလီးယား စီမံကိန်းနေရာတွေကိုတိုက်ခိုက်မှု အပြီးထရမ့်မိန့်ခွန်း

    ထရမ့်က အီရန် နျူကလီးယားနေရာတွေကို တိုက်ခိုက်တဲ့အကြောင်း အိမ်ဖြူတော်ကနေ ရုပ်သံမိန့်ခွန်းမှာပြောခဲ့ပါတယ်။

    အစ္စရေးနဲ့ ပူးတွဲ လုပ်ခဲ့တဲ့အခြေအနေကိုလည်း သူက ထုတ်ပြောသွားပါတယ်။

    အီရန်စစ်တပ် တပ်မှူးဟောင်း ကာဆမ် ဆိုလီမန်နီကြောင့် လူထောင်ချီ အသက်ဆုံးရှုံးခဲ့တယ်လို့ ထရမ့်က ပြောပါတယ်။

    ထရမ့်ရဲ့ မိန့်ခွန်းဟာ ၄ မိနစ်နီးပါးကြာမြင့်ပါတယ်။

  10. သတင်းထူး, အီရန်ကို အမေရိကန် တိုက်ခိုက်မှုမှာ ဗြိတိန် မပါဝင်ဘူးလို့ နားလည်ရ

    အီရန်ရဲ့နျူကလီးယားအစီအစဥ်ကို အမေရိကန်တိုက်ခိုက်မှုမှာ ဗြိတိန်မပါဝင်ဘူးလို့ ဘီဘီစီက နားလည်ရပါတယ်။

    ဒါပေမဲ့ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဗြိတိန် ဝန်ကြီးချုပ် ကီယာစတာမာ သိရှိခဲ့တယ်လို့လည်း နားလည်ရပါတယ်။

    ဒီအတောအတွင်းမှာပဲ အဲဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်ဆီက စကားသံတချို့ ထွက်လာပါတယ်။

    ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာကတော့ အမေရိကန်ရဲ့လုပ်ဆောင်ချက်ဟာ အီရန်နျူကလီးယားအစီအစဥ်နဲ့ ပတ်သက်ပြီး ကြီးမားတဲ့ခြိမ်းခြောက်မှုကို လျော့ပါးအောင် လုပ်တာလို့ သူက ပြောပါတယ်။

    သူ့ရဲ့ကြေညာချက်မှာတော့ ''အရှေ့အလယ်ပိုင်းမှာ အခြေအနေတွေဟာ အတိမ်းအစောင်း မခံတဲ့အခြေအနေမှာ ရှိနေပြီး ဒေသတွင်း တည်ငြိမ်ရေးဟာ ဦးစားပေးလုပ်ရမယ့်ကိစ္စလို့ ဆိုပါတယ်။ အီရန်အနေနဲ့ ညှိနှိုင်းရေး စားပွဲဝိုင်းဆီပြန်လာပြီး သံခင်းတမန်နည်းနဲ့ဖြေရှင်းဖို့'' လည်း ဝန်ကြီးချုပ်က တိုက်တွန်းထားပါတယ်။

  11. အမေရိကန်ရဲ့ အီရန်နျူကလီးယားစီမံကိန်းနေရာတွေကို တိုက်ခိုက်မှု သိထားချက်များ

    အီရန်နဲ့ အစ္စရေးတို့ကြား ဖြစ်ပွားနေတဲ့ စစ်ပွဲအရှိန် သိသိသာသာ တိုးမြင့်လာနေချိန်မှာ အီရန်နျူကလီးယား စခန်းသုံးခုကို အမေရိကန်စစ်တပ်က အပြီးတိုင် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာပါတယ်။

    "ပစ်မှတ်တွေ အများကြီး ကျန်နေသေးတာကို သတိရပါ။ လောလောဆယ်တော့ ဒီညက သူတို့ အားလုံးအတွက် အခက်ခဲဆုံးဖြစ်တယ်။ သေတဲ့အထိလည်း ဖြစ်နိုင်တာပေါ့လေ" လို့ သမ္မတက အမေရိကန်ပြည်သူတွေကို ရုပ်မြင်သံကြားကနေ အကျဉ်းချုပ် မိန့်ခွန်းပြောပါတယ်။

    "ဒါပေမဲ့ ငြိမ်းချမ်းရေးက မြန်မြန်ဆန်ဆန် မရောက်လာဘူးဆိုရင် ကျန်တဲ့ ပစ်မှတ်တွေဆီကို တိကျအရှိန်နဲ့ ပစ်မှတ်တွေ‌ရောက်လာပါလိမ့်မယ်'' လို့ ထရမ့်က အီရန်ဘက်က ငြိမ်းချမ်းရေးစကား မြန်မြန်ပြောဖို့ဆိုတဲ့ သဘောဖိအားပေးခြိမ်းခြောက်ပါတယ်။

    အီရန်နျူကလီးယားနေရာတွေကို တိုက်ခိုက်မှု သိထားသမျှကို ဘီဘီစီက အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးနေသလို သီးခြားစာမျက်နှာ တစ်ခုအနေနဲ့လည်း ဘီဘီစီရဲ့ ဝါရင့် သတင်းထောက်တွေရဲ့ သုံးသပ်ချက်တွေကိုလည်း အဲဒီ စာမျက်နှာမှာ စုစည်း ဖော်ပြထားပါတယ်။

    ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  12. အစ္စရေးက ဘန် ဂူရီယန် လေဆိပ်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ အီရန်ပြော

    အီရန်ဟာ အစ္စရေးက နေရာအတော်များများကို တိုက်ခိုက်ခဲ့ပြီး အဲဒီထဲမှာ ဘန် ဂူရီယန် လေဆိပ်လည်း ပါဝင်တယ်လို့ အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားက ပြောပါတယ်။

    တခြား ပစ်မှတ်တွေကတော့ အခြေစိုက်စခန်းတွေ၊ ထိန်းချုပ် ကွပ်ကဲရေးစခန်းတွေနဲ့ ဇိဝသုတေသနစင်တာတစ်ခုလည်းပါဝင်တယ်လို့ ဆိုပါတယ်။

    တာဝေးပစ်ဒုံးကျည်တွေကို အသုံးပြု တိုက်ခိုက်ခဲ့တာလို့ဆိုပြီး အီရန်တော်လှန်ရေး အစောင့်တပ် (IRGC)ကို ကိုးကားပြီး နိုင်ငံပိုင်မီဒီယာက သတင်းဖော်ပြထားပါတယ်။

    အစောပိုင်းတုန်းကတော့ ဒီတိုက်ခိုက်မှုတွေထဲက ဒုံးကျည်လို့ ယူဆရတဲ့ ဒုံးကျည်တွေ အစ္စရေးသိမ်းပိုက်ခံ ဂါဇာကမ်းမြောင် ကောင်ကင်ယံကို ဖြတ်ပျံသွားတဲ့ဓာတ်ပုံတွေကို ဘီဘီစီက ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

    တစ်ချိန်တည်းမှာပဲ ဒီတိုက်ခိုက်မှုတွေကြောင့် တဲလ်အဗီးမြို့မှာ လူနေအဆောက်အုံတွေ ပျက်စီးတဲ့ဓာတ်ပုံတွေ ထွက်ပေါ်လာပြီး ရှာဖွေကယ်ဆယ်ရေးတွေ လုပ်နေတာတွေ့ရပါတယ်။

  13. အီရန်ရဲ့ မြေအောက် နျူကလီးယား ဘန်ကာကို ဖောက်နိုင်တဲ့ အမေရိကန်လက်နက်

    မြေအောက်မှာဆောက်လုပ်ထားတဲ့ အီရန် နျူကလီးယာစီမံကိန်းနေရာတွေကို ပစ်ခတ်နိုင်တဲ့ လက်နက်တွေထဲ အခုအချိန်ထိ အသုံးမပြုသေးတဲ့ လက်နက် တမျိုးရှိနေပါတယ်။

    ဒါက အစ္စရေးမှာလည်း မရှိသေးပါဘူး။ ဒီလက်နက်က နျူကလီးယားလက်နက်မဟုတ်တဲ့ လက်နက်တွေထဲမှာ "ဘန်ကာ ဖောက်ခွဲရေး" နဲ့ ပတ်သက်လို့ အကြီးဆုံးဗုံးဖြစ်ပြီး အမေရိကန်ဆီမှာပဲ ရှိပါတယ်။

    ဒီလက်နက်ကို ဂျီဘီယူ - ၅၇ အေ/ဘီ (GBU-57A/B) ဘန်ကာဖောက် ဖျက်အားပြင်း လက်နက် - မော့ (Massive Ordnance Penetrator - MOP) လို့ ခေါ်ပါတယ်။

    အခုနောက်ဆုံး အမေရိကန် အီရန်ကို တိုက်ခိုက်တဲ့ လေကြောင်းတိုက်ခိုက်မှုမှာ ဒီလက်နက်ကို သုံး မသုံးဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

    ဒါပေမဲ့ ဒီလက်နက်နဲ့ပတ်သက်ပြီး သိသင့်တဲ့အချက်တွေကို ဘီဘီစီ မြန်မာပိုင်းအင်တာနက် စာမျက်နှာမှာ အစောပိုင်းက ဖော်ပြထားပါတယ်။

    ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  14. အီရန်နျူကလီးယားနေရာတွေမှာ ဓာတ်သင့်မှုနှုန်း မြင့်တက်မှု မတွေ့ရ - စောင့်ကြည့်အဖွဲ့

    အီရန်နျူကလီးယားနေရာတွေမှာ ဓာတ်ရောင်ခြည်ယိုစိမ့်မှုကြောင့်ဖြစ်တဲ့ ဓာတ်သင့်မှုနှုန်း မြင့်တာ မတွေ့ရဘူးလို့ ကုလမသဂ္ဂရဲ့ နျူကလီးယားစောင့်ကြည့်အဖွဲ့ဖြစ်တဲ့ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ(IAEA) က ထုတ်ပြန်လာပါတယ်။

    အီရန်က နျူကလီးယားစက်ရုံနေရာ ၃ ခုကို အမေရိကန်ရဲ့တိုက်ခိုက်မှုအပြီးမှာ ဓာတ်ရောင်ကြည် ယိုစိမ့်မှု မတွေ့ရတဲ့အကြောင်း IAEA က ပြောပါတယ်။

    ''သတင်းအချက်အလက်တွေ ထပ်မံရရှိတဲ့ အပေါ် မူတည်ပြီး IAEA ဟာ အီရန်က အခြေအနေကို နောက်ထပ် ချင့်တွက်မှုတွေ ဆက်လုပ်သွားပါမယ်''

  15. ကိုယ့်ကိုယ်ကိုယ် နည်းလမ်းပေါင်းစုံနဲ့ ကာကွယ်ခွင့်ရှိတယ် - အီရန်နိုင်ငံခြားရေး၀န်ကြီး

    အီရန်နိုင်ငံခြားရေး၀န်ကြီး အာယစ် အာဘတ်စ် အာရာချီကတော့ အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ''လက်ခံနိုင်ဖွယ်မရှိ'' လို့ဆိုပြီး အီရန်နိုင်ငံအနေနဲ့ နိုင်ငံ့အချုပ်အခြာကို ကာကွယ်ဖို့ နည်းပေါင်းစုံ သုံးခွင့်ရှိတယ်လို့လည်း ပြောလာပါတယ်။

    ''ဒီနေ့မနက်ခင်းဖြစ်သွားတဲ့ဖြစ်ရပ်တွေဟာ လက်ခံနိုင်စရာမရှိသလို နောင် တာရှည်မယ့် အကျိုးဆက်တွေရှိလာမှာဖြစ်ပါတယ်။ ကုလသမဂ္ဂအဖွဲ့၀င် နိုင်ငံတွေအနေနဲ့ ဥပဒေမဲ့ပြီး ရာဇ၀တ်မှုမြောက်သလို အန္တရာယ်လည်းကြီးတဲ့ဒီလို တိုက်ခိုက်မှုကြောင့် စိုးရိမ်သင့်ကြပါပြီ'' လို့ သူက သူ့ရဲ့လူမှုကွန်ရက်အကောင့် X(အရင်က တွစ်တာ)မှာ ရေးတင်ပါတယ်။

    ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့၀င်နိုင်ငံဖြစ်တဲ့ အမေရိကန်အနေနဲ့ ကုလပဋိဉာဥ်ကို ကျော်လွန် ချိုးဖောက်လိုက်တာလို့လည်း သူက ပြောပါတယ်။

  16. အစ္စရေးကောင်းကင်မှာ မြင်ရတဲ့ အီရန်ဒုံးကျည်တွေလို့ဆို

    အစ္စရေးမှာတော့ ဒေသစံတော်ချိန် မနက် ၈ နာရီခွဲကျော်ရှိပါပြီ။

    ပြီးခဲ့တဲ့ မိနစ်ပိုင်းမှာ အီရန်ကနေ ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တွေ အစ္စရေး ကောင်းကင်ယံကို ၀င်လာလို့ သတိပေးချက်တွေ အစ္စရေးစစ်တပ်က ထုတ်ပြီးနောက်မှာ သိမ်းပိုက်ခံ ဂါဇာကမ်းမြောင် ကောင်းကင်ယံမှာ ဒုံးကျည်တွေဖြတ်သန်းသွားတာကို ရိုက်တာ ဓာတ်ပုံတွေအရ သိရပါတယ်။

  17. ဂျေရုစလင် ကောင်းကင်ယံမှာ ပေါက်ကွဲသံတွေကြားနေရ

    အစ္စရေးမှာ ကာကွယ်ရေးတပ်က ဒုံးကျည်တွေ လေထုထဲ ၀င်လာလို့ ကာကွယ်ရေးစနစ် စတင်ပြီလို့ သတိပေးချက် ထုတ်ပြန်နေချိန်မှာပဲ ဂျေရုစလင် ကောင်းကင်ယံမှာ ပေါက်ကွဲသံတွေ ကြားနေရတယ်လို့ အဲဒီမှာရှိတဲ့ ဘီဘီစီ သတင်းထောက် ဟူဂို ဘချေးဂါက ပြောပါတယ်။

    လေထုထဲကို အီရန်ဒုံးကျည်တွေ ၀င်လာတယ်လို့ဆိုပြီး အစ္စရေးဘက်က အစောပိုင်းမှာ သတိပေးချက် ထုတ်လိုက်တာပါ။

  18. အီရန်က အစ္စရေးကို ဒုံးကျည်တွေနဲ့ပစ် - IDF

    ဂျို ဖလိုတို

    အရှေ့အလယ်ပိုင်း ဗျူရိုအကြီးအကဲ (ဂျေရုစလင်)

    အစ္စရေး ကာကွယ်ရေးဌာန (IDF) ကတော့ သူတို့ရဲ့ နယ်မြေထဲကို အီရန်က ဒုံးကျည်တွေနဲ့ ပြီးခဲ့တဲ့မိနစ်ပိုင်းတုန်းက ပစ်ခတ်ခဲ့တယ်လို့ ကြေညာချက်ထုတ်ပါတယ်။

    အစ္စရေးနိုင်ငံတလွှားမှာတော့ ဖုန်းတွေမှာ ဒုံးကျည်သတိပေးချက် တွေ၀င်လာပါတယ်။

    ဒီခြိမ်းခြောက်မှုကို ကြားဖြတ်ဟန့်တားဖို့ ကာကွယ်ရေးစနစ်တွေ အသင့်အနေအထားဖြစ်တယ်လို့လည်း IDF က ကြေညာပါတယ်။

    လူထု အနေနဲ့ နောက်ထပ် ကြေညာချက် တစုံတရာ မထွက်မချင်း အကာကွယ်ရှိတဲ့နေရာတွေမှာပဲ နေကြဖို့ IDF က တိုက်တွန်းထားပါတယ်။

    .

  19. စစ်ရေးကွပ်ကဲမှု အခန်း Situation Room ထဲက ထရမ့် ဓာတ်ပုံတွေ

    အမေရိကန်သမ္မတ အိမ်တော် အိမ်ဖြူတော်က အီရန်ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ချိန် အဲဒီအခြေအနေကို စစ်ရေး ကွပ်ကဲမှု အခန်း (Situation Room) ခန်းကနေ စောင့်ကြည့်တဲ့ ထရမ့် ဓာတ်ပုံတွေကို ထုတ်ပြန်လာပါတယ်။

    သမ္မတ ထရမ့်၊ ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်တို့အပြင် အမေရိကန်နိုင်ငံခြားရေး၀န်ကြီးနဲ့ ကာကွယ်ရေး၀န်ကြီးတို့အပြင် တခြား အမေရိကန် အရာရှိကြီးတွေကိုလည်း အဲဒီ အခန်းထဲမှာ တွေ့ရပါတယ်။

  20. ထရမ့်ပြောသလောက် ထိခိုက်မှု မများတဲ့အကြောင်း အီရန်နိုင်ငံပိုင်သတင်း ဖော်ပြ

    ဂွန်ချေ ဟာဘီဘီဟဇာ

    ဘီဘီစီ ပါရှန်းဘာသာဌာန၊ ကမ္ဘာတလွှားသတင်းထောက်

    လေလုံးထွား ပြောဆိုမှု။ ပြီးခဲ့တဲ့နာရီပိုင်းတွေအတွင်း အီရန်နိုင်ငံပိုင် ရုပ်သံကို ကြည့်ရင် သူ့ရဲ့နျူကလီးယားဆိုင်ရာနေရာတွေကို အမေရိကန်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အီရန်ရဲ့ တုံ့ပြန်မှုမှာ ကျွန်မ ခဏခဏ ကြားတဲ့စကားလုံး ဖြစ်ပါတယ်။

    နိုင်ငံပိုင် ရုပ်သံမှာ သတင်းတင်ဆက်သူတစ်ဦးကတော့ ဖော်ဒိုနျူကလီးယားစက်ရုံနေရာကို ဖျက်ဆီးလိုက်ပြီဆိုတာဟာ ဒေါ်နယ်ထရမ့်ရဲ့ လေလုံးထွား ပြောဆိုနေမှုဖြစ်ပြီး ''ဖော်ဒို နျူကလီးယားစက်ရုံ၀င်းရဲ့ အ၀င်နဲ့အထွက် လိုဏ်ခေါင်းနှစ်ခုပဲ ပျက်စီးတယ်'' လို့ ဆိုပါတယ်။

    အီရန်နိုင်ငံပိုင်ရုပ်သံတွေမှာတော့ အစောပိုင်းမှာ ဒီတိုက်ခိုက်မှုကို လျှော့ပြောခဲ့ပါတယ်။ အတည်မပြုနိုင်တဲ့သတင်းတွေအရလို့ပဲ သတင်းဖော်ပြကြပါတယ်။

    ကွင်ပြည်နယ် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ ပြောခွင့်ရ မော်တေဇာ ဟေဒါရီကတော့ ဖော်ဒိုရဲ့ တစ်စိတ်တစ်ပိုင်းကို တိုက်ခိုက်ခံရမှု အတည်ပြုနိုင်ပြီး နောက်မှာတော့ ပြည်နယ်တစ်ခုလုံး တည်တည်ငြိမ်ငြိမ်ဖြစ်သွားပြီလို့ ထပ်ပြောပါတယ်။

    အီရန် မီီီဒီယာတွေမှာတော့ ပေါက်ကွဲသံတွေဟာ အဲဒီလောက် မကျယ်ဘူးလို့ သတင်းဖော်ပြတာလည်း ရှိပါတယ်။

    တစ်ချိန်တည်းမှာပဲ အီရန်မှာ အင်တာနက်ရရှိမှုကို အကန့်အသတ်ဖြစ်သွားပါပြီ။ ရန်သူရဲ့ ဆိုက်ဘာ တိုက်ခိုက်မှုတွေကြောင့်လို့ဆိုပါတယ်။

    ဒါကြောင့်ပဲ ရုပ်သံတွေနဲ့ ဗီဒီယိုတွေ ဘီဘီစီကို ပေးပို့မှုနဲ့ လူမှုကွန်ရက်မှာ တင်ကြတာတွေ ကျဆင်းသွားပြီး တဖက်မှာလည်း ဒါဟာ အီရန်နိုင်ငံရဲ့မီဒီယာတွေနဲ့ သူတို့ရဲ့အပြောတွေကိုပဲ ပိုပြီး အားထားရမလိုဖြစ်နေပါတယ်။