
ဓာတ်ပုံ ရင်းမြစ်, Reuters
ဓာတ်ပုံ ပုံစာ, MIDNIGHT HAMMER ဆိုတဲ့စစ်ဆင်ရေးနဲ့ အီရန်ကို တိုက်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က သတင်းထုတ်ပြန်အီရန်ရဲ့ နျူကလီးယားစက်ရုံတွေကို တိုက်ခိုက်တဲ့လေကြောင်း တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ် ဟတ်ဆက်သ်နဲ့ အမေရိကန်စစ်တပ် ပူးတွဲ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ဒန် ကိန်းတို့ သတင်းစာရှင်းလင်းပွဲကို ပင်တဂွန် စစ်ဌာနချုပ်မှာ ပြီးခဲ့တဲ့ မိနစ်ပိုင်းကပဲ ပြုလုပ်သွားပါတယ်။
သူတို့ သတင်းစာရှင်းလင်းပွဲက ထူးခြားချက်တွေက ဒါတွေဖြစ်ပါတယ်။
- ဟတ်ဆတ်သ်က အီရန်က ဖော်ဒို၊ နတန့်ဇ်နဲ့ အစ္စဖာဟန် နျူကလီးယားစက်ရုံတွေကို ညသန်းခေါင်အချိန်မှာ ပစ်မှတ်် တိတိကျကျ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
- ''အီရန်ရဲ့နျူကလီးယားအစီအစဉ် ပျက်လိုပျက်စီးဖြစ်အောင် ကျွန်တော်တို့ လုပ်နိုင်ခဲ့ပေမဲ့ ဒီစစ်ဆင်ရေးဟာ အီရန်တပ်ဖွဲ့တွေ ဒါမှမဟုတ် လူထုကို ပစ်မှတ်ထားတာမဟုတ်ပါဘူး'' လို့ သူက ဖြည့်စွက်ပြောပါတယ်။
- ''အခုစစ်ဆင်ရေးဟာ ဘယ်တုန်းကမှ အီရန်က အုပ်စိုးသူ အာဏာရှင်တစု ပြောင်းလဲရေး အတွက် မရည်ရွယ်ပါဘူး'' လို့လည်း သူက ဆိုပါတယ်။
- စစ်ဆင်ရေးအကြောင်း အသေးစိတ်ပြောရာမှာတော့ ကိန်းက ဗုံးကြဲလေယာဉ်တွေဟာ အမေရိကန်ကနေ ပျံတက်သွားတာဖြစ်ပြီး တချို့လေယာဉ်တွေကိုတော့ ပစိဖိတ်သမုဒ္ဒရာထဲမှာ တည်ကြက်အနေနဲ့ အသုံးပြုခဲ့တာရှိတယ်လို့ ပြောပါတယ်။
- ပစ်မှတ်တိတိကျကျ ချိန်ရွယ်တဲ့ လက်နက် ၇၅ ခုကို သုံးခဲ့ပြီး အဲဒီထဲမှာ ဘန်ကာဖျက်စက်လို့ခေါ်တဲ့ MOP မော့ ဗုံး ၁၄ လုံး ပါဝင်တယ်လို့ ဆိုပါတယ်။
- အဲဒီစစ်ဆင်ရေးအတွင်း အမေရိကန်ကနေ ပစ်ခတ်တာတွေ မလုပ်ခဲ့ဘဲ အခုတော့ အဲဒီဗုံးကြဲလေယာဉ်တွေဟာ အမေရိကန်ကို ပြန်လည် ပျံသန်းလာပြီလို့ဆိုပါတယ်။
-အမေရိကန် အနေနဲ့ သူလုပ်ခဲ့တဲ့အခုစစ်ဆင်ရေးမှာ အီရန်မှာဖြစ်နေတဲ့အပျက်အစီး အတိုင်းအဆကို သိအောင်လုပ်နေတုန်းလို့ သတင်းစာရှင်းလင်းပွဲမှာပြောသွားပါတယ်။
သမ္မတ ထရမ့်ကတော့ အီရန်နျူကလီးယား အဆောက်အဦတွေကို အစတုံး ဖျောက်လိုက်နိုင်ပြီလို့ အစောပိုင်းတွေကတည်းက ပြောထားတာကြောင့် ထရမ့်အပြောနဲ့ သတင်းစာရှင်းလင်းပွဲက အခြေအနေကြားမှာ စစ်ဆင်ရေး တယ်အောင်မြင်လားဆိုတဲ့မေးခွန်းထွက်လာတယ်လို့ ဝါရှင်တန် ဒီစီကနေ သတင်းရယူနေတဲ့ မြောက်အမေရိကန်ဆိုင်ရာ သတင်းထောက်ချုပ် ဂယ်ရီ အိုဒနယ်ဟုက ပြောပါတယ်။