ဗန်းမောက်မြို့ကို စစ်တပ်ပြန်ထိန်းချုပ်မှုနဲ့ စစ်ကိုင်းအထက်ပိုင်း စစ်ရေးဗျူဟာ

ဖတ်ရန်အချိန်: မိနစ် ၈

ကချင်လွတ်လပ်ရေးတပ်(KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့ကို လေးလကျော်ကြာစစ်ဆင်ရေးလုပ်ပြီးနောက် ဖေဖော်ဝါရီလမှာ ပြန်သိမ်းလိုက်ပြီလို့ စစ်ကော်မရှင်က ကြေညာပါတယ်။

မြေပြင်သတင်းရင်းမြစ်တစ်ဦးကတော့ ကချင်ပြည်နယ်နဲ့ ကပ်လျက် စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ ရှိနေတဲ့ ဗန်းမောက်မြို့ကို စစ်တပ်နဲ့ ရှမ်းနီတပ်(SNA )တွေ ပူးပေါင်းပြီး ပြန်သိမ်းတာလို့ ပြောပါတယ်။

ဗန်းမောက်မြို့ကို KIA/PDF ပူးပေါင်းအဖွဲ့တွေမသိမ်းခင်က မြို့နယ်ရဲ့ နေရာအများစုကို စစ်တပ်ရဲ့ မဟာမိတ် ရှမ်းနီတပ်တွေက နေရာယူခဲ့ပါတယ်။ စစ်တပ် CDM စစ်ရေးအကဲခတ်တချို့ကတော့ ရှမ်းနီတပ်(SNA) အတွက် ဗန်းမောက်ကို စစ်တပ်က ပြန်တိုက်ယူပေးတာဖြစ်သလို ဆက်စပ်မြို့နယ်တွေကို စစ်တပ်ခြေဆန့်ဖို့လည်း ရည်ရွယ်ထားတဲ့စစ်ဆင်ရေးလို့ ကောက်ချက်ချပါတယ်။

ဒါ့ကြောင့် မြန်မာစစ်တပ်ဟာ ကချင်နဲ့ကပ်လျက်က စစ်ကိုင်းအထက်ပိုင်းစစ်ရေးဗျူဟာအတွက် ဗန်းမောက်ကို ဘယ်လိုအသုံးချနိုင်ခြေရှိနေလဲ။

ဗန်းမောက်ကို အခြေပြုလာနိုင်ခြေရှိတဲ့ စစ်တပ်ခြေလှမ်း

ဗန်းမောက်မြို့ရဲ့ ပတ်လည်မှာ ကချင်လွတ်လပ်ရေးတပ်နဲ့ ပြည်သူ့ကာကွယ်‌ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ဟုမ္မလင်း၊ ပင်လည်ဘူး၊ အင်းတော်မြို့နယ်တွေ ရှိနေပါတယ်။

ကချင်ပြည်နယ်မှာ KIA၊ PDF ပူးပေါင်းအဖွဲ့တွေနဲ့ ရှမ်းနီ၊ စစ်တပ် ပူးပေါင်းအဖွဲ့တွေကြား တိုက်ပွဲဖြစ်နေတဲ့ မိုးညှင်းမြို့နယ်နဲ့ ဗန်းမောက်မြို့ဟာ မိုင် ၁၀၀ ကျော်အကွာမှာ ရှိပါတယ်။ ဒီခရီးဟာ ကားနဲ့ခရီးနှင်ရင် လက်ရှိလမ်းခရီးအခြေအနေအရ ၄ နာရီဝန်းကျင်မောင်းနှင်ရတဲ့ အကွာအဝေးမှာရှိပါတယ်။

ဒါကြောင့် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ထဲက တိုက်ပွဲတွေအပေါ်လည်း သက်ရောက်မှုရှိနိုင်တယ်လို့ စစ်ရေးအကဲခတ်တွေက မှတ်ချက်ပေးပါတယ်။

"အဓိကဆိုရင် ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်စတဲ့ ချင်းတွင်းမြစ်တကြောနဲ့ ဗန်းမောက်အနောက်ဘက် အိန္ဒိယနဲ့နယ်စပ် စစ်ကိုင်း၊ တမူးမြို့ နယ်စပ်အထိ အပြည့်အဝထိန်းချုပ်ဖို့ စစ်တပ်က ကြိုးစားလိမ့်မယ်" လို့ စစ်တပ် CDM ဗိုလ်မှူးနောင်ရိုးက ဘီဘီစီကို ပြောပါတယ်။

ဗိုလ်မှူးနောင်ရိုးက စစ်တပ်ရဲ့စစ်ရေးလှုပ်ရှားမှုတွေကို စောင့်ကြည့်တဲ့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI)ရဲ့ စစ်ဘက်ရေးရာတာဝန်ခံ ဖြစ်ပါတယ်။

ဒ့ါအပြင် ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ကြားမှာရှိတဲ့ စစ်ကိုင်းတိုင်းအလယ်ပိုင်းဒေသတွေကို စိုးမိုးနိုင်ဖို့ စစ်ရေးအင်အား တိုးမြှင့်လာတာတွေ တွေ့ရတယ်လို့ ဗိုလ်မှူးနောင်ရိုးက ပြောပါတယ်။

စစ်ကိုင်းတိုင်း အလယ်ပိုင်းက မြို့နယ်တွေဆိုရင် အင်းတော်၊ ပင်လည်ဘူး၊ ကောလင်း၊ ဝန်းသို၊ ကန့်ဘလူ၊ ကျွန်းလှ၊ ချောင်းဦး၊ မုံရွာ၊ ကနီ၊ ဒီပဲယင်း၊ ရေဦး၊ ခင်ဦးစတဲ့မြို့နယ်တွေ ပါဝင်နေပါတယ်။

လက်ရှိအချိန်မှာ အင်းတော်၊ ပင်လည်ဘူးမြို့နယ်တွေကလွဲပြီး ကျန်မြို့နယ်တွေရဲ့ မြို့ပေါ်တွေကို စစ်တပ်က ထိန်းချုပ်ထားပြီး ကျေးရွာတွေမှာတော့ တော်လှန်ရေးတပ်တွေ စိုးမိုးနေတာပါ။

"အဲဒီအချက်တွေကြောင့် ဗန်းမောက်က စစ်တပ်အတွက် စစ်ဗျူဟာအရ အရမ်းအရေးကြီးတာတော့ မဟုတ်ပေမဲ့ ကျန်တဲ့မြို့နယ်တွေကို ဗျူဟာအရ ထိုးစစ်ဆင်ဖို့ စုရပ်၊ ခြေကုတ်နေရာဖြစ်နေတယ်။ သူ့ရဲ့ မဟာမိတ် SNA ရှိတဲ့နေရာကို ခြေကုတ်ယူပြီး စစ်ရေးချဲ့လို့ရတာပေါ့"လို့ ဗိုလ်မှူးနောင်ရိုးက သုံးသပ်ပါတယ်။

ဒ့ါအပြင် ဗန်းမောက်ကနေ ၂၈ မိုင်အကွာမှာရှိတဲ့ အင်းတော်နဲ့ ၁၈ မိုင်သာဝေးတဲ့ ကသာလိုမျိုး ရေလမ်းကြောင်းနဲ့ သွားလာလို့ရတဲ့နေရာတွေကလည်း စစ်တပ်အတွက် စစ်ရေးရှေ့ဆက်လာနိုင်တဲ့မြို့တွေဖြစ်တယ်လို့ အင်းတော်မြို့နယ်က တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်ရေးဗျူဟာ တစ်ခုသာမက ဗန်းမောက်မြို့နယ်ဟာ ရွှေနဲ့ သစ်လို သဘာဝရင်းမြစ်ထုတ်လုပ်တူးဖော်တဲ့လုပ်ငန်းတွေနဲ့ ရွှေဖြူ၊ ခဲ၊ ဘော်၊ သံရိုင်း၊ ကြေးစတဲ့ သတ္တုတွေလည်း ထွက်ရှိတဲ့နေရာဖြစ်ပါတယ်။

"ဗန်းမောက်မှာက ရွှေတွေ၊ ကျွန်းသစ်တွေ အများကြီးထွက်တယ်။ ပြီးတော့ အနောက်ဘက်ဆို ဟုမ္မလင်းဘက်၊ နာဂအထိလမ်းကြောင်း ပေါက်တယ်။ အဲဒီဘက်မှာ ဘိန်းစိုက်ခင်းတွေရှိပြီး ဗန်းမောက်အထိကို ပို့လို့ရတယ်"လို့ ဒေသခံက ပြောပါတယ်။

စစ်တပ်နဲ့ရှမ်းနီတပ်လက်ထဲရောက်သွားတဲ့ ဗန်းမောက်

ကချင်လွတ်လပ်ရေးတပ်(KIA)နဲ့ NUG လက်အောက်က PDF တပ်ဖွဲ့တွေက ဗန်းမောက်မြို့နယ်ထဲမှာ အင်အားအလုံးအရင်းနဲ့ လုံခြုံရေးယူနေတဲ့စစ်တပ်နဲ့ SNA တပ်တွေကို ၂၀၂၅ ခုနှစ် စက်တင်ဘာမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ စစ်တပ်ရဲ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဗန်းမောက်မြို့ရဲ့အနောက်ဘက်နဲ့ အနောက်မြောက်ဘက်က စစ်ဗျူဟာလို အရေးကြီးတဲ့နေရာတွေ၊ ပင်ဟင်းခါး၊ ရွှေကျောင်း၊ ခိုပြင်၊ နောင်သာယာ၊ တာဝါတိုင်ကုန်း၊ ခမိုးရွာ၊ ဖြူတောင်တဝိုက်တွေကို ၂၀၂၅ အောက်တိုဘာမှာ ပြန်ထိန်းချုပ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

ဗန်းမောက်မြို့တစ်ခုလုံး ထိန်းချုပ်နိုင်တယ်ဆိုတာကိုတော့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၈ မှာ ထုတ်ပြန်ပါတယ်။

"စစ်တပ်က SNA ကို လက်နက်၊ ခဲယမ်း၊ အင်အား၊ နည်းပညာအကူအညီတွေ ပေးတယ်။ ရှမ်းနီတပ်မှာကလည်း ကျေးရွာတွေကနေ စုဆောင်းထားတဲ့ အင်အားရှိတယ်။ စစ်တပ်ကလည်း မြေပြင်စစ်ကြောင်းရော၊ လေကြောင်းကနေပါ ပစ်ကူတွေ တအားသုံးလာလို့ နောက်ဆုတ်လိုက်ရတယ်" လို့ ဗန်းမောက်မြို့ တိုက်ပွဲအခြေအနေတွေကို သိရှိတဲ့စစ်ရေးအရင်းအမြစ်က ပြောပါတယ်။

ဗန်းမောက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတော့ စစ်တပ်ရဲ့လေကြောင်းပစ်ကူကြောင့် လတ်တလောအထိအခိုက်များမှာ စိုးရိမ်လို့ ဆုတ်ခွာပေးခဲ့တာလို့ ပြောပါတယ်။

"စစ်ပွဲဆိုတာ အတိုးအဆုတ် ရှိနိုင်ပါတယ်။ အခုအခြေအနေအရဆိုရင် မြို့ပေါ်ရပ်ကွက်တွေတော့ SNA တွေ ရောက်နေပြီး မြို့ရဲ့အနီးနား ဘေးပတ်လည်ကို PDF ပကဖတွေက ဝိုင်းရံပိတ်ဆို့ထားဆဲ ဖြစ်ပါတယ်။ PDF ပကဖ က အချိန်မရွေးပြန်သိမ်းကောင်း သိမ်းနိုင်ပါလိမ့်မယ်" လို့ ဗန်းမောက်(ပအဖ)အဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

စစ်တပ်ရဲ့မဟာမိတ်တပ်ဖြစ်တဲ့ SNA အပေါ် စစ်တပ်ရဲ့စစ်ရေးပံ့ပိုးမှုတွေဟာ တော်လှန်ရေးအဖွဲ့တွေ ခုခံနိုင်ဖို့ လက်နက်အင်အားနည်းတာကြောင့် လက်လွှတ်လိုက်ရတဲ့အခြေအနေတွေကို ဗိုလ်မှူးနောင်ရိုးက ထောက်ပြပါတယ်။

မြေပြင်အချက်အလက်တွေအရ ဗန်းမောက်မြို့ပေါ်နဲ့ မြို့အနောက်ဘက်ပိုင်းကို စစ်တပ်နဲ့ SNA တပ်တို့ ထိန်းချုပ်နိုင်ပေမဲ့ ဗန်းမောက်မြို့တောင်ပိုင်း၊ အရှေ့ပိုင်းနဲ့ မြောက်ပိုင်းနေရာတွေကိုတော့ KIA နဲ့ NUG ရဲ့ PDF အဖွဲ့တွေ ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

ဒေသခံတွေ ရွှေတူးခွင့်ပေးဖို့ ဆန္ဒပြခံနေရတဲ့ NUG

ဗန်းမောက်မြို့မှာ စစ်တပ်နဲ့ ကာကွယ်ရေးတပ်တွေကြား စစ်ရေးတင်းမာမှုအခြေအနေနဲ့အတူ သယံဇာတခွဲဝေမှုဆိုင်ရာပြဿနာလည်း ရှိနေပါတယ်။

NUG တပ်တွေထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့တောင်ပိုင်းမှာတော့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေက လက်လုပ်လက်စား ရွှေလုပ်ကွက်တွေကို လုပ်ခွင့်ပေးဖို့ တောင်းဆိုကြတဲ့ဆန္ဒပြမှုတွေရှိနေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့သယံဇာတဝန်ကြီးဌာနက လူအင်အား ၅၀၀ ဝန်းကျင်လောက်က ဖေဖော်ဝါရီ ၉ ရက်မှာ တောင်းဆိုခဲ့ကြပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ( NUG)ရဲ့ သယံဇာတဝန်ကြီးဌာနက ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာကစပြီး လက်လုပ်လက်စား ရွှေတူးဖော်ခွင့်တွေ ပိတ်သိမ်းလိုက်တာကြောင့် အဲဒီလိုတောင်းဆိုကြတာလို့ ဒေသအခြေအနေသိရှိသူက ပြောပါတယ်။

"NUG စိုးမိုးနယ်မြေမှာ ရွှေလုပ်ကွက်တွေကို စည်းကမ်းတကျနဲ့ လုပ်ခွင့်ပေးထားတယ်။ အကြီးစား၊ အလတ်စား၊ တပိုင်တနိုင်ဆိုပြီး ခွဲထားတာပေါ့။ အခွန်ဆောင်ထားလို့ အကြီးစား လုပ်ပိုင်ခွင့် ပေးထားတဲ့နေရာတွေကို တပိုင်တနိုင်လက်လုပ်လက်စားတွေက ဝင်လုပ်လို့ မရဘူးလေ။ သူတို့ကလည်း NUG မို့လို ဆန္ဒပြရဲတာ" လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

ခရိုင်နဲ့ ပြည်ထောင်စုအဆင့်အုပ်ချုပ်ရေးအဖွဲ့အစည်းတွေက ဒေသတွင်းက ရရှိတဲ့ သယံဇာတဝင်ငွေတွေကို မြို့နယ်လိုအပ်ချက်တွေအတွက် ပြန်ဖြည့်ဆည်းတာတွေ ပျက်ကွက်ပြီး သတ်မှတ်ရာခိုင်နှုန်းအနည်းငယ်ကိုသာ သုံးစွဲခွင့်ရရှိနေတယ်လို့လည်း ဗန်းမောက်မြို့ လူမှုကွန်ရက် စာမျက်နှာကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇွန်တုန်းကလည်း ဗန်းမောက်မြို့နယ် အထူးသယံဇာတအဖွဲ့ တာဝန်ရှိသူတွေဟာ အလွဲသုံးစားလုပ်နေတယ်ဆိုပြီး အတိုင်ခံရတာကြောင့် NUG က ဖမ်းဆီး စစ်ဆေးခဲ့ပါတယ်။

ဖမ်းဆီးပြီးနောက် အရေးယူတဲ့အခြေအနေတွေနဲ့ လက်ရှိဒေသခံတွေရဲ့တောင်းဆိုချက်တွေကို ဘယ်လိုဆောင်ရွက်ပေးမလဲဆိုတာကို NUG ဝန်ကြီးချုပ်ရုံး တာဝန်ရှိသူ ဦးနေဘုန်းလတ်ကို ဆက်သွယ်ပေမဲ့ ပြန်မဖြေသေးပါဘူး။

ဒီလိုအခြေအနေကြားမှာ ဗန်းမောက်မြို့ကို စစ်တပ်နဲ့ SNA ရှမ်းနီတပ်တွေ ထိန်းချုပ်သွားပြီးနောက်ပိုင်း စစ်တပ်ရဲ့ခြေလှမ်း ဦးတည်ချက်တွေ စောင့်ကြည့်ရမယ်လို့ စစ်ရေးအကဲခတ်တွေက မှတ်ချက်ပေးပါတယ်။