ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ် ကလေးထိန်း ဆရာမ ဖမ်းခံရ
တရုတ်နိုင်ငံ ဘေဂျင်းမြို့က အသက် ၂၂ နှစ်အရွယ် နေ့ကလေးထိန်းကျောင်း ဆရာမတဦး ဟာ ကလေးတွေကို မလျော်မကန် ပြုမူခဲ့တယ် ဆိုပြီး ရဲက ဖမ်းဆီးလိုက်ပါတယ်။
အဲဒီဆရာမ လုပ်တဲ့ ကျောင်းက ကလေးတွေဟာ အဝတ်အစားတွေ ချွတ်ပြီး အပ်စိုက်၊ ဆေးတိုက်ခံရတယ်ဆိုတဲ့ ကိစ္စကို ရဲတွေက စစ်ဆေးနေတာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်အတွက် အလွန် ဝမ်းနည်းကြောင်း ကျောင်းဘက်က တောင်းပန်ခဲ့ပါတယ်။
အနည်းဆုံး ကလေး ၈ ယောက် ကို ဘာမှန်းမသိတဲ့ အချွန်တွေနဲ့ ထိုးဆွခဲ့တယ်လို့ သိရပါတယ်။
ကလေးတွေရဲ့ ကိုယ်ပေါ်မှာ အပ်ရာတွေ တွေ့တာအပြင် သူတို့ နေ့လယ်ခင်း မအိပ်ခင်မှာ ဆေးလုံးတွေ ဆေးရည်တွေ တိုက်တာ တွေ့ရတယ်လို့ ကလေးမိဘ တွေက ပြောကြပါတယ်။
ကလေးတယောက်က ဆိုရင် သူတို့ကို နေ့ခင်းစာ စားပြီးတိုက် ဆေးလုံးအဖြူတွေ ပေးပြီး အိပ်ခိုင်းတယ်လို့ ဆိုကြောင်း ကလေး အဖေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းမှားတွေ ဖြန့်တဲ့ နောက်ထပ် အမျိုးသမီးတယောက်ကိုလည်း ရဲက ဖမ်းဆီးထားပါတယ်။
တရုတ် နိုင်ငံက နေ့ကလေးထိန်း ကျောင်းတွေမှာ ပြဿနာတွေ ရှိနေတဲ့အတွက် ဒီကိစ္စကို တရုတ်ပြည် တလွှား ဒေါသထွက်ခဲ့ကြပါတယ်။
မနှစ်ကလည်း ဂျိလင် ပြည်နယ်က ကလေးထိန်း ဌာနတခုမှာ ဆရာ ၄ ယောက်ကို ကလေးတွေကို ဆေးထိုးတာ အပါအဝင် ညှဉ်းပန်းမှုနဲ့ ထောင်ချ ခဲ့ပါတယ်။
အဲဒီတုန်းက ကလေးတယောက်မှာ အပ်ရာ ၅ဝ ကျော် တွေ့ရတယ်လို့ ဆင်ဟွာ သတင်းမှာ ဖော်ပြပါတယ်။