ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အခွန်ဂိတ်ပေါင်း ၄၀ ကို သိန်းရာချီပေးပြီးဖြတ်ရတဲ့လမ်း
"အညာမှာ ဆီတစ်ဂါလံ ကျပ် ၂သောင်း ပေးရတယ်ဆိုရင် ပင်လည်ဘူးမှာ ကျပ် ၄ သောင်းပေါ့။ အင်္ကျီအဝတ်အစားကစလို့ ဘာပစ္စည်းမဆိုစျေးနှုန်းက အညာနဲ့တောင် ၂ ဆလောက်ကွာတဲ့အထိ ကုန်စျေးနှုန်းတက်လာတယ်" လို့ ပင်လည်ဘူးဒေသခံ တစ်ဦးက ပြောပါတယ်။
စားဝတ်နေရေးခက်ခဲလာသလို ကုန်စျေးနှုန်းကြီးမြင့်လာမှုဒဏ်ကြောင့်လည်း ဝမ်းရေးဖူလုံရုံနဲ့ လောက်ငအောင်သုံးစွဲနေရတဲ့အကြောင်း စစ်ကိုင်းအထက်ပိုင်း၊ ပင်လည်ဘူးဒေသခံက ရင်ဖွင့်ပါတယ်။
'' ပစ္စည်းကတော့ဝယ်လို့ရတယ်၊ ဒါပေမဲ့ အရမ်းစျေးကြီးကုန်တယ်။ ကုန်ဆိုင်တွေကလည်း သူတို့ လမ်းစရိတ်တွေကြီးလို့ အခွန်တွေပေးရလို့ ကုန်ပစ္စည်းတွေစျေးကြီးတယ်ပြောတာပေါ့'' လို့ ပင်လည်ဘူးဒေသခံက ဆိုပါတယ်။
တချိန်တည်းမှာပဲ နမ့်ခမ်း-မံစီ-စစ်ကိုင်း လမ်းပိုင်းက အခွန်ဂိတ်တွေမှာ အခွန်ငွေ သိန်းရာချီပေးနေရတယ်လို့ စစ်ကိုင်းက ကုန်သည်နဲ့ လုပ်ငန်းရှင်တွေက ထုတ်ပြောလာကြပါတယ်။ အဲဒီလမ်းပိုင်းက တိုင်းရင်းသားလက်နက် ကိုင်တပ်တွေနဲ့ တော်လှန်ရေးတပ်တွေပူးပေါင်းထိန်းချုပ်ထားတဲ့ နယ်မြေတွေကနေ ဖြတ်သန်းသွားရတာဖြစ်ပါတယ်။
အရင်အသုံးပြုခဲ့တဲ့ ရွှေဘို- မြစ်ကြီးနား လမ်းပိုင်းအစား ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ နမ့်ခမ်း-မံစီ-စစ်ကိုင်း လမ်းပိုင်းကိုပိုသုံးလာကြတာဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးတွေနဲ့အတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာတိုင်းရင်းသားတပ်တွေနဲ့ တော်လှန်ရေးထိန်းချုပ်နယ်မြေတွေ ပိုကျယ်ပြန့်လာတဲ့နောက် ကုန်သွယ်လမ်းကြောင်းတွေလည်း ပိုတွင်ကျယ်လာပါတယ်။
ရှမ်းမြောက်၊ နမ့်ခမ်းကနေ စစ်ကိုင်းအထက်ပိုင်းကိုသွားတဲ့ ကုန်သွယ်ရေးလမ်းကြောင်းမှာ ဘယ်အဖွဲ့အစည်းရဲ့ အခွန်ဂိတ်တွေရှိနေလဲ။ ဒီလမ်းပိုင်းကို အသုံးပြု ကုန်သွယ်နေတဲ့ ကုန်သည်နဲ့ လုပ်ငန်းရှင် ၃ ဦးထက်မနည်းကို ဘီဘီစီက စကားပြောခဲ့ပါတယ်။
ကုန်ဖြတ်သန်းရာလမ်းကြောင်း
ရွှေဘို- မြစ်ကြီးနားလမ်းပိုင်းဟာ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေမကြာခဏဖြစ်နေတဲ့ စစ်ကိုင်းတိုင်းထဲက ခင်ဦး၊ ကန့်ဘလူ၊ ကောလင်း၊ ဝန်းသိုစတဲ့ မြို့တွေရဲ့ အရှေ့ဘက်ခြမ်းကနေ ဖြတ်သန်းသွားတာဖြစ်ပါတယ်။
"၁၀၂၇ စစ်ဆင်ရေးတွေအတွင်း ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းမှာ တိုက်ပွဲတွေဖြစ်တော့ လမ်းပိတ်စစ်ဆေးဖမ်းဆီးတာတွေလုပ်တယ်။ အသက်အန္တရာယ်စိတ်မချရတော့လို့ နမ့်ခမ်း-မံစီ-စစ်ကိုင်းလမ်းကြောင်းကို ပြောင်းသုံးလာရတာ" လို့ စစ်ကိုင်းက ကုန်သည်တစ်ဦးက ပြောပါတယ်။
နမ့်ခမ်း-မံစီ-စစ်ကိုင်း လမ်းကြောင်းဟာ စစ်တပ်ထိန်းချုပ်ထားတဲ့ ကသာမြို့နဲ့လည်းနီးသလို အမျိုးသားညီညွတ်ရေးအစိုးရ - NUG ထိန်းချုပ်ထားတဲ့ အင်းတော်မြို့နယ်ထဲကနေလည်း ဖြတ်သန်းသွားပါတယ်။
တိုက်ပွဲတွေနဲ့ နီးစပ်နေတဲ့လမ်းပိုင်းကိုရှောင်ချင်တာကြောင့် ၂၀၂၄ နှောင်းပိုင်းကတည်းကစပြီး နမ့်ခမ်း-မံစီ-ပင်လည်ဘူး ဆိုတဲ့ လမ်းကြောင်းအသစ်ကို ပိုသုံးလာကြတယ်လို့ သူက ဖြည့်ပြောပါတယ်။
ရှမ်းမြောက်-ကချင်-စစ်ကိုင်း စတဲ့ ဒေသ ၃ ခုကို ဖြတ်သန်းသွားတဲ့ အဲဒီလမ်းပိုင်းတလျှောက်မှာ တအာင်းတပ်(TNLA)၊ ကချင်လွတ်လပ်ရေးတပ်(KIA)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ရဲ့ ထိန်းချုပ်မှုအောက်က အခွန်ဂိတ်တွေကို အခွန်ငွေပေးဆောင်ရတယ်လို့ စစ်ကိုင်းက ကုန်သည်တချို့က ပြောပါတယ်။
စစ်ကိုင်းဒေသခံ လုပ်ငန်းရှင်တချို့ကလည်း ဒီအဖွဲ့အစည်းတွေရဲ့ အခွန်ဂိတ်တွေရှိနေကြောင်းအတည်ပြုပါတယ်။
"တရုတ်-မြန်မာနယ်စပ်ဂိတ်ကနေ မူဆယ်က တဆင့် နမ့်ခမ်းကိုဖြတ်တယ်။ နမ့်ခမ်း ကြိုးတံတားကနေ မန့်ဝိန်းကြီး၊ ပြီးတော့ မံစီ၊ ဟန်ထက် လမ်းဆုံကနေ ဗန်းမော်၊ စင်းခန်းတံတားကိုဖြတ်တယ်" လို့ ကုန်သည်တစ်ဦးက ဖြတ်ရတဲ့ လမ်းကြောင်းအဆင့်ဆင့်ကို ရှင်းပြပါတယ်။
ဗန်းမော် – မန္တလေးသွားလမ်းမပေါ် လမ်းလေးခွဆုံမှာရှိတဲ့ ဟန်ထက်လမ်းဆုံဟာ မန္တလေး၊ စစ်ကိုင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွေကို သွားလာလို့ရတဲ့ ဆုံချက်လမ်းဆုံဖြစ်ပါတယ်။
ဗန်းမော်၊စင်းခန်းတံတားကတဆင့် စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ကိုဆက်သွယ်ထားတဲ့ ရွှေကူ- ကသာလမ်းပိုင်းပေါ်ကို ဆက်ပြီးဖြတ်သန်းရတယ်လို့ဆိုပါတယ်။
ဒါပေမဲ့ ကသာမြို့ကို စစ်တပ်က ထိန်းချုပ်ထားတာကြောင့် ကသာမြို့နဲ့အနီးတဝိုက်နေရာတွေကို ရှောင်ကွင်းကာ မိုးတားကြီး၊ မိုးတားလေးဘက်ကနေ အင်းတော်ဘက်ကို ဦးတည်ပြီးခရီးဆက်ရတယ်လို့ စစ်ကိုင်းက ကုန်ကားမောင်းသူတစ်ဦးက ပြောပါတယ်။
အင်းတော်မြို့နယ်ထဲက မန်လည်(မင်းလည်)-နဘားရွာတို့ကို ဖြတ်ပြီးမှ ဗန်းမောက်မြို့ကို ရောက်တဲ့အကြောင်း သူက ဆက်ရှင်းပြပါတယ်။
နောက်ပြီး "ဗန်းမောက်ကနေမှ စစ်ကိုင်း၊ ပင်လည်ဘူးဘက်ကို ဆက်ဆင်းပြီး ကုန်တွေကိုတော့ စစ်ကိုင်းမှာချတာပေါ့" လို့ သူကပြောပြပါတယ်။
နမ့်ခမ်း-မံစီ-စစ်ကိုင်းကုန်သွယ်လမ်းပိုင်းမှာ အခွန်ဂိတ်ပေါင်း ၄၀ ဝန်းကျင်အထိရှိပြီး ဂိတ်တွေအားလုံးနီးပါး အခွန်ငွေပေးရတယ်လို့ ကုန်သည်နဲ့ လုပ်ငန်းရှင် ၃ ဦးထက်မနည်းက ပြောကြပါတယ်။
အဲဒီထဲက ဂိတ် ၅ ခုထက်မနည်းမှာတော့ အခွန်ငွေ သိန်းဆယ်နဲ့ချီအထိ ပေးရတယ်လို့ ကုန်သည်နဲ့ ကုန်ကားမောင်းသူတချို့က အတည်ပြုပါတယ်။ ဂိတ်ကြီးတွေမှာတော့ တင်လာတဲ့ ကုန်ပစ္စည်းအမျိုးအစားအလိုက် ကျပ် ၁၀ သိန်းကနေ သိန်း ၄၀ ဝန်းကျင်အထိ အခွန်ပေးရတယ်လို့ ကုန်သည်တချို့ဆီကနေ သိရပါတယ်။
ကျန်တဲ့ ဂိတ်တွေမှာတော့ တစ်ဂိတ်ကို ပျမ်းမျှအနေနဲ့ ဂိတ်ဖြတ်သန်းခ ကျပ် ၅ သောင်း ကနေ ကျပ် ၂ သိန်းဝန်းကျင်အထိ ပေးဆောင်ရတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။
ဒါကြောင့် နမ့်ခမ်းကနေ စစ်ကိုင်းအထိ လမ်းကြောတစ်ခုလုံးစာအတွက် ပေးရတဲ့ အခွန်ငွေပမာဏ စုစုပေါင်းဟာ ကျပ်သိန်း ၃၅,၀၀၀,၀၀၀ (သုံးရာ့ငါးဆယ်)ဝန်းကျင်အထိ ရှိတယ်လို့ ကုန်သည်တွေကဖွင့်ပြောပါတယ်။
TNLA ရဲ့ အခွန်ဂိတ်တွေ
တအောင်းတပ်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ကနေ KIA ထိန်းချုပ်ထားတဲ့ မန့်ဝိန်းကြီးနဲ့ ဆက်သွယ်ထားတဲ့ နမ့်ခမ်းကြိုးတံတားနားအထိ TNLA ရဲ့ အခွန်ဂိတ်တွေနဲ့ လုံခြုံရေးစစ်ဆေးတဲ့ ရဲဂိတ် ၃ ဂိတ်ထက်မနည်းရှိတယ်လို့ ကုန်သည်တချို့က ပြောပါတယ်။
TNLA ရဲ့ နမ့်ခမ်းက အခွန်ဂိတ်တစ်ခုမှာ လိုင်စင်မဲ့ ကားအသစ်တစ်စီးကို တရုတ်ယွမ်ငွေ ၂,၅၀၀ (ပြင်ပငွေလဲဈေးနှုန်း ကျပ်ငွေ ၁၄ သိန်းကျော်) ပေးဆောင်ရတယ်လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။
စစ်ကိုင်းက ရွှေလုပ်ငန်းရှင်တစ်ဦးကလည်း နမ့်ခမ်းဘက်မှာ အခွန်ဆောင်ပြီးလို့ နမ့်ခမ်းကြိုးတံတားကိုဖြတ်မယ်ဆိုရင်လည်း ကြိုးတံတားအနီးက TNLA ရဲ့ ရဲဂိတ်တချို့မှာ အခွန်ထပ်ဆောင်ရတယ်လို့ ပြောပြပါတယ်။
"မန့်ဝိန်းကြီးအထိ သွားမယ်ဆိုရင် ထပ်ပေးရမယ်လို့ TNLA ရဲ့ ရဲတွေက တောင်းတယ်။ အဲဒီရဲဂိတ်မှာတော့ ညှိနှိုင်းပြီးပေးလို့ရတယ်။ ကုန်ကားတစ်စီးကို ကျပ် ၂ သိန်းပေးရတယ်"လို့ သူကဆိုပါတယ်။
TNLA ရဲ့ ဂိတ်တွေမှာ အခွန်ဆောင်ပြီးမှ တစ်ဖက် KIA ထိန်ချုပ်ထားတဲ့ မန့်ဝိန်းကြီးဂိတ်ကို ကုန်တင်ကားတွေ ဆက်ပြီးခရီးဆက်နိုင်မှာဖြစ်ပါတယ်။
TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းဘက်မှာ အခွန်ငွေကောက်ခံတဲ့ စနစ်နဲ့ အခွန်ငွေနှုန်းထားတွေကိုသိရဖို့ ဘီဘီစီက TNLA ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။
တရုတ်နယ်စပ်ဂိတ်ဖြစ်တဲ့ ကျင်စန်းကျော့ကနေ နမ့်ခမ်းမရောက်ခင် စစ်တပ်ထိန်းချုပ်ထားတဲ့ မူဆယ်မြို့ဝင်၊ မြို့ထွက်ဂိတ်တွေမှာလည်း စစ်တပ်အခွန်ဂိတ်တွေကို ပေးဆောင်ရတာရှိတယ်လို့ စစ်ကိုင်းက ကုန်သည်တချို့က ပြောပါတယ်။
ဒါပေမဲ့ မူဆယ်မှာ ပေးရတဲ့ အခွန်ခကိုတော့ တရုတ်ကုန်သည်တွေနဲ့ တိုက်ရိုက်အဆက်အသွယ်ရှိတဲ့ တဆင့်ပြန်ယူရောင်းချတဲ့ မြန်မာရောင်းသူတွေဘက်က တာဝန်ယူပြီး ပေးချေရတယ်လို့ စစ်ကိုင်းက ကုန်သည်တစ်ဦးက ပြောပါတယ်။
"မူဆယ်ဘက်က စစ်တပ်ဂိတ်တွေမှာလည်း လိုင်စင်မဲ့ကားတစ်စီးကို ကျပ်ငွေ ၁၀ သိန်းဝန်းကျင်ပေးရတယ်။ လိုင်စင်မဲ့ ဆိုင်ကယ်ဆိုရင်လည်း မော်ဒယ်အလိုက်ပေးရတာပေါ့" လို့ မူဆယ်က လိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်အရောင်းအဝယ်လုပ်နေသူတစ်ဦးက ဖွင့်ပြောပါတယ်။
"ရွှေမျောလုပ်ငန်းသုံး လိုင်စင်မဲ့ကားတွေကိုတော့ နမ့်ခမ်းဘက်ကနေပဲ ဝယ်တယ်" လို့ စစ်ကိုင်းက ရွှေလုပ်ငန်းရှင်တစ်ဦးက ရှင်းပြပါတယ်။
ဒါပေမဲ့ ရွှေမျောလုပ်ငန်းသုံးပစ္စည်းတွေ၊ အိမ်ဆောက်ပစ္စည်းတွေ၊ လိုင်စင်မဲ့ အိမ်စီးကားတွေ၊ ဆိုင်ကယ်တွေကိုတော့ KIA ထိန်းချုပ်ထားတဲ့ မန့်ဝိန်းကြီးဒေသကနေ ဝယ်ယူတယ်လို့ သူက ဆက်ပြောပါတယ်။
မန့်ဝိန်းကြီးဒေသထဲမှာ လူသုံးကုန်ကစလို့ ဖျော်ရည်ယမကာနဲ့ စားသောက်ကုန်ကနေ ရွှေမျောလုပ်ငန်းသုံးပစ္စည်းတွေအားလုံး ဝယ်လို့ရတယ်လို့ ကုန်သည်တချို့က ပြောပါတယ်။
ဒါကြောင့် ကုန်သည်တွေအနေနဲ့ အခွန်ငွေသက်သာချင်တာကြောင့် နမ့်ခမ်းကနေ ကုန်အများစုကို မဝယ်ဘဲ သိန်းဆယ်ချီပေးဆောင်ရတဲ့ မန့်ဝင်းကြီးအဝင်ဂိတ်အထိ ဖြတ်ပြီးမှပဲ ကုန်တွေကို ဝယ်ပြီးတင်လေ့ရှိတယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။
KIA အခွန်ဂိတ်တွေ
မန့်ဝိန်းကြီးအဝင်ဘက်မှာ KIA ရဲ့ အခွန်ဂိတ်ကြီးတစ်ခုရှိပြီး အဲဒီဂိတ်မှာတော့ ပေးဆောင်ရတဲ့ အခွန်ပမာဏက ကျပ်သိန်းနှစ်ဆယ်နီးပါးရှိတယ်လို့ အခွန်ဆောင်ခဲ့ရတဲ့ ကုန်သည်တချို့က အတည်ပြုပါတယ်။ KIA ရဲ့အခွန်ဂိတ်မှာ ကုန်ကားနဲ့ ဂိတ်ဖြတ်သန်းခကို သတ်သတ်စီပေးဆောင်ရတယ်လို့ သူက ဆိုပါတယ်။
ကုန်ကားတွေဟာ တရုတ်ဘက်ကနေ ဝယ်ယူလာတဲ့ လိုင်စင်မဲ့ ဖော်လန်း(၆ ဘီး)အမျိုးအစား ကားအသစ်တွေဖြစ်တာကြောင့် အခွန်ကိုခွဲပြီးဆောင်ရတာလို့ ဒီလိုင်စင်မဲ့ ကုန်ကားသစ်တွေကို မံစီနဲ့ စစ်ကိုင်းဘက် အရောင်းအဝယ်လုပ်နေတဲ့ ကုန်သည်တစ်ဦးက ရှင်းပြပါတယ်။
"လိုင်စင်မဲ့ကားတစ်စီးအလွတ်ကို ကျပ်ငွေ ၉ သိန်းပေးရတယ်။ ဂိတ်ဖြတ်ခက ယွမ်ငွေ ၁,၅၀၀ (ပြင်ပငွေလဲဈေးနှုန်း ကျပ် ရှစ်သိန်းခွဲ) သတ်သတ်စီပေးရတယ်"လို့ သူက ပြောပါတယ်။
အဲဒီမန့်ဝိန်းကြီးဂိတ်မှာတော့ အခွန်ဆောင်ထားတဲ့ပြေစာပေးတယ်လို့ ဆိုပါတယ်။ မန့်ဝိန်းကြီးကနေ ဟန်ထက်လမ်းဆုံ မရောက်ခင်မှာလည်း KIA ရဲ့ စစ်ဆေးရေးဂိတ်တချို့ရှိပြီး အဲဒီဂိတ်တွေမှာလည်း အခွန်ထပ်ဆောင်ရတယ်လို့ သူက ပြောပါတယ်။
"ဂိတ်အသေး သုံးဂိတ်လောက်ရှိတယ်။ တစ်ဂိတ်ကို ကျပ် ၁ သိန်းကနေ ၂ သိန်းဝန်းကျင်လောက်ပေးရတယ်။ အခွန်ဆောင်တဲ့အတွက် ပြေစာတော့ရတယ်" လို့ သူက ဖြည့်ပြောပါတယ်။
ဟန်ထက်လမ်းဆုံကိုလွန်လာပြီးရင်တော့ လမ်းကြောင်းအရ စင်းခန်းတံတားကို ဖြတ်ရမှာပါ။ စင်းခန်းတံတားပေါ်မှာတော့ အခွန်ကောက်ခံတဲ့ "ဂိတ် ၃ ဂိတ်က စောင့်ကြိုနေပြန်ရော" လို့ ကုန်သည်တစ်ဦးက စိတ်မသက်မသာနဲ့ပြောပါတယ်။
တံတားပေါ်က အခွန် ဂိတ် ၃ ဂိတ်မှာတော့ အခွန်ဆောင်တဲ့ပြေစာမပေးဘူးလို့ သူက ဆက်ပြောပါတယ်။ အဲဒီဂိတ် ၃ ဂိတ်ဟာ KIA၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) နဲ့ NUG ရဲ့ ဂိတ်တွေဖြစ်တယ်လို့ သူက ဆိုပါတယ်။
အဲဒီထဲက အလယ်ဂိတ် KIA ဂိတ်မှာတော့ တပ်ဖွဲ့ဝင်တွေက တင်းတင်းကျပ်ကျပ်စစ်ဆေးတယ်လို့ သူကထပ်ပြောပါတယ်။
KIA တပ်ဖွဲ့ဝင်တချို့က ကုန်ကားမောင်းတဲ့သူတွေကို "ကိုယ့်နယ်လည်းမဟုတ်ဘဲ ဒီလမ်းကြောင်းမှာ ဘာလို့ယာဉ်မောင်းလုပ်တာလဲ၊ စစ်တပ်နဲ့ရော ကင်းလွတ်ရဲ့လားဆိုပြီး မေးမြန်းတာတွေလုပ်တယ်"လို့ ကုန်ကားမောင်းသူတစ်ဦးက ကြုံခဲ့ရတဲ့အခြေအနေကို ဖွင့်ပြောပါတယ်။
ဒါက ငွေပိုရချင်လို့ မေးခွန်းတွေမေးနေတာလို့ သူယူဆကြေင်းနဲ့ အဲဒီဂိတ်မှာ ကျပ် ၁ သိန်းကနေ ၃ သိန်းဝန်းကျင်လောက်အထိ ဆောင်မှ ဂိတ်ကနေ ဖြတ်ခွင့်ရတယ်လို့ သူက ဖြည့်ပြောပါတယ်။
"ကျန်တဲ့ ၂ ဂိတ်ကတော့ ကျပ်ငါးသောင်းကနေ တစ်သိန်းလောက်အထိ ပေးရတယ်။ တစ်သမတ်တည်း မရှိပြန်ဘူး" လို့ သူက ဆက်ပြောပါတယ်။
စင်းခန်းတံတားအလွန်မှာတော့ KIA ရဲ့ အခွန်ဂိတ်တွေ မရှိတော့ဘူးလို့ သူက ဆိုပါတယ်။
KIA ထိန်းချုပ်နယ်မြေထဲက အခွန်ဂိတ်တွေမှာ ပေးဆောင်ရတဲ့ အခွန်အခတွေနဲ့ ပတ်သက်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခွန်ကောက်တာကို စီမံခန့်ခွဲတဲ့ ဌာနတွေရှိတယ်လို့ ဘီဘီစီကို ဖေဖော်ဝါရီ ပထမအပတ်မှာ ဖြေကြားပါတယ်။
"ဌာနတွေရဲ့ လမ်းညွှန်ချက်အတိုင်းကောက်တာဖြစ်မှာပါ။ တရုတ်ဘက်က ဝင်တဲ့ ကုန်တွေကိုတော့ ပြည်ပအခွန် ပြီးတော့ ပြည်တွင်းအခွန်ဆိုပြီး သတ်မှတ်နှုန်းထားတွေနဲ့ ကောက်ပါတယ်" လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဒါပေမဲ့ မြေပြင်မှာရှိတဲ့ အခွန်ဂိတ်တွေက သတ်မှတ်နှုန်းထားထက် ပိုကောက်ရင် စစ်ဆေးအရေးယူတယ်လို့ သူက ထပ်ပြောပါတယ်။ နိုင်ငံခြားဖြစ်ကားတွေဝင်လာရင်တော့ အခွန်ကောက်တာမျိုးရှိပေမဲ့ ပမာဏအများကြီး အခွန်ကောက်ခံတာမျိုးတော့ မရှိဘူးလို့ ဗိုလ်မှူးကြီး နော်ဘူက တုံ့ပြန်ပါတယ်။
NUG ရဲ့ အမှတ် ၁ စစ်ဒေသ အခွန်ဂိတ်တွေ
NUG ထိန်းချုပ်ထားတဲ့ အမှတ် ၁ စစ်ဒေသထဲက အခွန်ဂိတ်ကြီး ၂ ခုမှာလည်း ကျပ်သိန်း ဆယ်ချီ ပေးဆောင်မှ ဂိတ်ဖြတ်ခွင့်ပေးတယ်လို့ ကုန်သည်နဲ့ လုပ်ငန်းရှင်တချို့က ပြောပါတယ်။
အဲဒီထဲမှာ တစ်ဂိတ်ကတော့ စင်းခန်းတံတားအကျော် ကသာခရိုင်ထဲက မိုးတားကြီး၊ မိုးတားလေးရွာဘက်မရောက်ခင် ရွှေကူ-ကသာလမ်းပိုင်းပေါ်မှာရှိတယ်လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။
စစ်ဒေသ အောင်နိုင်ရေး ရန်ပုံငွေရှာဖွေရေးဂိတ်လို့ ဆိုင်းဘုတ်တပ်ထားပြီး အဲဒီဂိတ်မှာ "၆ ဘီးလို့ခေါ်တဲ့ လိုင်စင်မဲ့ Forland ကုန်ကားအသစ်တစ်စီးကို ကျပ် ၁၀ သိန်းတောင်းတယ်။ လုံးဝညှိနှိုင်းလို့မရဘူး"လို့ သူက ရှင်းပြပါတယ်။
အဲဒီစစ်ဒေသဂိတ်မှာ တော်လှန်ရေးအဖွဲ့အစည်းနဲ့ ပတ်သက်ဆက်နွှယ်မှုရှိတဲ့ လုပ်ငန်းရှင်တချို့ရဲ့ လိုင်စင်မဲ့ ကုန်ကားတွေကိုတော့ အခွန်ငွေ ကျပ် ၁၀ သိန်းတောင်းပြီး သာမန်အရပ်သားလုပ်ငန်းရှင်တွေရဲ့ လိုင်စင်မဲ့ ကုန်ကားတွေဆိုရင်တော့ အခွန်ငွေ ကျပ် ၁၆ သိန်းအထိ တောင်းတယ်လို့ ဒီအခြေအနေကို သိတဲ့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။
လိုင်စင်မဲ့ ကုန်ကားအသစ်တွေဆိုရင်တော့ ကားပေါ်မှာ ပါတဲ့ကုန်အတွက် အခွန်မကောက်ဘဲ ကားအတွက် အခွန်ပဲ ပေးဆောင်ရတယ်လို့ သူကဆိုပါတယ်။
"ကုန်ကားအသစ်မဟုတ်ရင်တော့ ကုန်အမျိုးအစားအလိုက် ကြည့်ပြီးတောင်းတာပေါ့" လို့ သူက ဆက်ပြောပါတယ်။
ဒါပေမဲ့ စက်သုံးဆီတင်လာတဲ့ တွဲကားတွေကတော့ လိုင်စင်မဲ့ကားအသစ်တွေနဲ့ တခြားကုန်ကားတွေထက် အခွန်ငွေပိုပေးရတယ်လို့ ဒီအခြေအနေကို သိတဲ့ ဘီဘီစီရဲ့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
မန့်ဝိန်းကြီးနဲ့ စစ်ကိုင်းဘက်ကို စက်သုံးဆီအရောင်းအဝယ်လုပ်နေတဲ့ ကုန်သည်တစ်ဦးကတော့ ကားပေါ်တင်ဆောင်လာတဲ့ ဆီပေပါအရေအတွက်နဲ့ ဂိတ်ဖြတ်ကြေးပေါင်းပြီး ပေးဆောင်ရတယ်လို့ ဆိုပါတယ်။
"ဆီတစ်ပေပါကို ကျပ် ၂ သိန်းကနေ ၃ သိန်းဝန်းကျင်အထိ တောင်းတယ်။ တွဲကားတစ်ကားဆိုရင် ဆီ က ပေပါ ၂၀၀ ကနေ ၂၂၀ လောက်ပါတယ်။ စက်သုံးဆီတွဲကားတစ်ကားကို သိန်း ၅၀၀ ဝန်းကျင်လောက်အထိ ဆောင်ရတာပေါ့" လို့ သူက ဆက်ရှင်းပြပါတယ်။
စစ်ဒေသဂိတ်ကို ကျော်ပြီဆိုရင်တော့ အင်းတော်မြို့နယ်၊ မင်းလည်ရွာထဲက နောက်ထပ် အခွန်ဂိတ်တစ်ဂိတ်ကို ထပ်ဖြတ်ရတယ်လို့ ကုန်ကားမောင်းသူတစ်ဦးက ဆိုပါတယ်။ မင်းလည်ဂိတ်မှာ NUG ရဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)အပါ အခွန်ဌာနက အဖွဲ့ ၂ ဖွဲ့ပေါင်းကောက်တယ်လို့ သူကဆိုပါတယ်။
"ကားဖိုးမကောက်ဘဲ ကားပေါ်ပါလာတဲ့ ကုန်ဖိုးကောက်တယ်။ လိုင်စင်မဲ့ဆိုင်ကယ်တွေတင်လာရင် တစ်စီးကို ကျပ် ၁ သိန်းခွဲပေးရတယ်။ အလျှော့အပေါ့ ညှိနှိုင်းလို့တော့ရတယ်"လို့ သူက ဆက်ပြောပါတယ်။
တခြားကုန်တွေဆိုရင် ကင်းလွတ်ခွင့်ပေးတဲ့ကုန်ရှိသလို ရာခိုင်နှုန်းနဲ့ပေးဆောင်ရတဲ့ကုန်လည်းရှိတယ် လို့ သူကရှင်းပြပါတယ်။
ရွှေမျောလုပ်ငန်းသုံးပစ္စည်းတချို့နဲ့ ကောဇောလိပ်တွေတင်လာတဲ့ ကုန်ကားတစ်စီးအတွက် မင်းလည်ဂိတ်မှာ ကျပ် သိန်း ၂၀ နီးပါးပေးဆောင်ရတယ်လို့ စစ်ကိုင်းက ရွှေလုပ်ငန်းရှင်တစ်ဦးက ဖေဖော်ဝါရီ ဒုတိယအပတ်မှာ ပြောပါတယ်။
မင်းလည်ဂိတ်ကို ဖြတ်လာပြီးရင်တော့ နောက်ဆုံးအခွန်ဂိတ်ကြီးအနေနဲ့ နဘားလမ်းဆုံအနီး နဘားရွာက အဖွဲ့လေးဖွဲ့ပေါင်းထိုင်တဲ့ ဂိတ်ကိုဖြတ်ရတယ်လို့ ကုန်သည်နဲ့ ကုန်ကားမောင်းသူတချို့က ပြောပါတယ်။
"လေးလမ်းဆုံဂိတ်လို့ခေါ်တာပေါ့။ NUG ပကဖ၊ သယံဇာတနဲ့ စစ်ဒေသ လည်းပါတယ်။ အားလုံးပေါင်း ၄ ဖွဲ့လောက်ပေါင်းထိုင်ပြီး အခွန်ကောက်တော့ ရင်တမမနဲ့ဖြတ်ရတယ်" လို့ ကုန်ကားမောင်းသူတစ်ဦးက ဆိုပါတယ်။
နဘားဂိတ်မှာထိုင်တဲ့ ၄ ဖွဲ့ထဲက စစ်ဒေသအဖွဲ့ကို မိုးတားကြီးက NUG ရဲ့ စစ်ဒေသဂိတ်မှာဆောင်ခဲ့တဲ့ အခွန်ပြေစာထဲက ၂၀ ရာခိုင်နှုန်းကို ထပ်ပေးရတယ်လို့ သူကဆက်ပြောပါတယ်။
ကျန်တဲ့ ၃ ဖွဲ့ဆီမှာတော့ မင်းလည်ဂိတ်မှာ အခွန်ကင်းလွတ်ခွင့်ရခဲ့တဲ့ ကုန်တွေအားလုံးနဲ့ ကုန်ကားအသစ် တန်ဖိုးကိုပါ ထပ်ပေါင်းပြီးဆောင်ရတယ်လို့ လိုင်စင်မဲ့ကုန်ကားအရောင်းအဝယ်လုပ်တဲ့ ကုန်သည်တစ်ဦးက ထပ်ပြောပါတယ်။
"အခွန်ကင်းလွတ်ခွင့်က ကြားကောင်းရုံပြောတာ၊ ရှေ့ဂိတ်က မကောက်ရင် နောက်ဂိတ်က ကောက်တာပဲ ဘာမှမထူးဘူး" လို့ သူကရင်ဖွင့်ပြောပါတယ်။
ကားတန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းကို အခွန်ထပ်ဆောင်ရတာလို့ သူကဆိုပါတယ်။
"သိန်း ၅၀၀ တန်ကားဆိုရင် တစ်စီးကို သိန်း ၅၀၊ သိန်း ၁,၀၀၀ တန်ကားဆိုရင် တစ်စီးကို သိန်း ၁၀၀၊ ဆိုင်ကယ်အသစ်ဆိုရင် တစ်စီးကို တစ်သိန်းခွဲ၊ ဒီဂိတ်မှာ ကားဖိုးကတော်တော်ထိတယ်" လို့ သူက ထုတ်ပြောပါတယ်။
နဘားဂိတ်ကို ကျော်ပြီးရင်တော့ စစ်ကိုင်းအထက်ပိုင်း၊ အမှတ် ၁ စစ်ဒေသထဲက အင်းတော်မြို့နယ်ထဲကိုရောက်ပါပြီ။ NUG ထိန်းချုပ်ထားတဲ့ အင်းတော်မြို့နယ်ထဲက စစ်ဆေးရေးဂိတ်တွေမှာလည်း အခွန်ဆောင်မှ ဂိတ်ဖြတ်သန်းခွင့်ရတယ်လို့ ကုန်သည်တချို့က အတည်ပြုပါတယ်။
"အင်းတော်မှာ ၅ ဂိတ်လောက်ရှိတယ်။ တစ်ဂိတ်ကို ကျပ် ၅ သောင်းကနေ ကျပ် ၁ သိန်းခွဲလောက် ထပ်တောင်းတယ်" လို့ စစ်ကိုင်းက ကုန်သည်တစ်ဦးက ပြောပါတယ်။
အင်းတော်အလွန် ဗန်းမောက်မြို့နယ်ရောက်ပြန်တော့လည်း နောက်ထပ် စစ်ဆေးရေးဂိတ် ၃ ဂိတ်ကို ထပ်ဖြတ်ရတယ်လို့ သိရပါတယ်။ အဲဒီဂိတ်တွေမှာတော့ အခွန်ငွေကျပ် ၅ သောင်းကနေ ၂ သိန်းဝန်းကျင်ကြား ပေးရတယ်လို့ ကုန်သည်တစ်ဦးက ထုတ်ပြောပါတယ်။
ဗန်းမောက်ကနေ ပင်လည်ဘူးကြားမှာလည်း NUG ရဲ့ အထူးတပ်ရင်း(SR) ဂိတ် ၂ ဂိတ်ရှိပြီး အဲဒီ ၂ ဂိတ်မှာတော့ ငွေကျပ်သောင်းဂဏန်းကနေ ၁ သိန်းဝန်းကျင်တောင်းတယ်လို့ သူကဆိုပါတယ်။
"ဒီဂိတ်တွေပြီးရင်တော့ ပင်လည်ဘူးရောက်ပြီ။ ပင်လည်ဘူးမှာ ကုန်အားလုံးချတယ်"လို့ သူက ဖြည့်ပြောပါတယ်။
စက်သုံးဆီအပါအဝင် အခြားကုန်တွေတင်တဲ့ ကုန်ကားအများစုကလည်း ပင်လည်ဘူးမှာပဲ ကုန်ချတာ များတယ်လို့ သိရပါတယ်။ ပင်လည်ဘူးမြို့နယ်ဟာ စစ်ကိုင်းက ဒေသတော်တော်များများအတွက် ဆုံချက်နေရာလိုဖြစ်နေတာကြောင့်လို့ အလုပ်ပိုဖြစ်တယ်လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။
ပင်လည်ဘူးကနေ"ရေဦးဘက်ကို ကုန်ပို့လို့လည်းရတယ်။ ကံထူးမတို့ မူးကမ်းကြီးဘက်တို့ကိုလည်းလမ်းပေါက်တယ်။ မင်းကင်းနဲ့ ကနီဘက်တို့ကိုလည်း သွားလို့ရတာကြောင့် ပင်လည်ဘူးမှာပဲ ကုန်တွေချကြတာ" လို့ သူက ရှင်းပြပါတယ်။
ဘီဘီစီမေးမြန်းခဲ့တဲ့ ကုန်သည်နဲ့ လုပ်ငန်းရှင်တွေအပါအဝင် ကုန်ကားမောင်းသူ ၃ ဦးထက်မနည်းကတော့ နမ့်ခမ်းကနေ ပင်လည်ဘူးကုန်လမ်းကြောင်း တလျှောက်ပေးဆောင်ခဲ့ရတဲ့ အခွန်ပမာဏသိန်းရာချီဟာ ၂၀၂၆ ဖေဖော်ဝါရီအထိ ပေးဆောင်နေရတဲ့ ပမာဏတွေလို့ ဖြေကြပါတယ်။
တစ်ဖက်မှာလည်း နမ့်ခမ်းနဲ့ မံစီ၊ မန့်ဝိန်းကြီးဒေသက ဝယ်လာတဲ့ကုန်တွေဟာ စစ်ကိုင်းဘက်ရောက်တဲ့အချိန် မူလကုန်တန်ဖိုးရဲ့ ၂ ဆ ကျော်ပေးပြီး ဝယ်နေရတယ်လို့ စစ်ကိုင်းက လုပ်ငန်းရှင်တချို့က ပြောပါတယ်။
"ကျပ် ၃,၅၀၀ တန်အချိုရည်တစ်ဘူးကို ကျပ် ၉,၅၀၀ လောက်ပေးသောက်ရတယ်။ ၄,၀၀၀ တန်ဆေးလိပ်တစ်ဘူးကလည်း ၁၂,၀၀၀ လောက်ဖြစ်နေပြီ" လို့ ပင်လည်ဘူးဒေသခံတစ်ဦးက ပြောပါတယ်။
ပေးရတဲ့အခွန်တွေကြောင့် မံစီ၊ မန့်ဝိန်းကြီးဘက်ကနေ ကျပ် ၃,၅၀၀ နဲ့ ဝယ်ယူရတဲ့ ရေသန့် တစ်လီတာဘူး ၆ လုံးပါ တစ်ကတ်ကို ပင်လည်ဘူးဘက်မှာတော့ တစ်လီတာ တစ်ဘူးကို ကျပ် ၃,၅၀၀ နဲ့ ပြန်ရောင်းချနေရတယ်လို့ ပင်လည်ဘူးဒေသခံ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။
ရွှေမျောလုပ်ငန်းသုံးဖို့အတွက် တရုတ်ဘက်မှာ ကျပ် သိန်း ၆၀၀ ဝန်းကျင်နဲ့ ဝယ်ရတဲ့ လိုင်စင်မဲ့ကားတစ်စီးဟာ စစ်ကိုင်းက "ပင်လည်ဘူးမှာ ကျပ်သိန်း ၁,၂၀၀ ပေါက်ဈေးရှိတယ်" လို့ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ဒီလမ်းကြောင်းပေါ်က NUG ရဲ့ အခွန်ဂိတ်တွေမှာ အခွန်ကောက်ခံနေတဲ့စနစ်နဲ့ ပတ်သက်လို့ အမှတ် ၁ စစ်ဒေသရဲ့ ကွပ်ကဲရေးအဖွဲ့ဝင်တစ်ဦးနဲ့ NUG အစိုးရရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဦးတင်ထွန်းနိုင်ကို ဘီဘီစီက မေးမြန်းခဲ့ပါတယ်။
အမှတ် ၁ စစ်ဒေသက အခွန်ဂိတ်တွေရဲ့ အခွန်ကောက်ခံမှုအခြေအနေတွေနဲ့ ပတ်သက်လို့ NUG ဘက်က အကြောင်းပြန်ဖြေကြားတာမရှိသေးပေမဲ့ NUG ရဲ့ အခွန်ကောက်ခံရေးလုပ်ငန်းစဉ်တွေကို သိထားသူတစ်ဦးနဲ့ ဘီဘီစီက မေးမြန်းခွင့်ရခဲ့ပါတယ်။
သူ့အပြောအရ NUG ရဲ့ အခွန်ကောက်ခံမှုတွေကို ဖွဲ့စည်းပုံအသစ်နဲ့ ပြောင်းလဲပြင်ဆင်ကောက်ခံတာတွေရှိလာမယ်လို့ ဖေဖော်ဝါရီ ၂၅ ရက်မှာ ဘီဘီစီကို အတည်ပြုပြောပါတယ်။
အမှတ် ၁ စစ်ဒေသအပါအဝင် စစ်ကိုင်းတိုင်းအတွက် ရန်ပုံငွေကောက်ခံတဲ့နေရာမှာ တိုင်း၊ ခရိုင်နဲ့မြို့နယ် အဆင့်အလိုက် ကော်မတီအသီးသီးနဲ့ ဖွဲ့စည်းဆောင်ရွက်ကွပ်ကဲမယ်ဆိုပြီး အဖွဲ့အစည်းအတွင်း ညွှန်ကြားချက်စာထုတ်ထားတယ်လို့ သူက ဆက်ပြောပါတယ်။
အသစ်ဖြစ်လာမယ့် ဖွဲ့စည်းပုံအရ တိုင်းအဆင့်ကော်မတီမှာဆိုရင် စစ်ကိုင်းတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး မြို့နယ်အလိုက် ကော်မတီအသီးသီးမှာဆိုရင်လည်း တပ်ရင်းမှူးရာထူးရှိသူတွေက ကော်မတီအဖွဲ့ခေါင်းဆောင်ဖြစ်ပြီး မြို့နယ်ပကဖ တာဝန်ခံ၊ ဒုတပ်ရင်းမှူးနဲ့ တပ်ရေးဗိုလ်တို့ကလည်း ကော်မတီထဲမှာ ပါဝင်မှာဖြစ်တယ်လို့ သိရှိရပါတယ်။
အဲဒီညွှန်ကြားစာထဲမှာ ရန်ပုံငွေရှာဖွေရေးအဖွဲ့တွေရဲ့ အသုံးစရိတ်တွေအပြင် ရန်ပုံငွေ ကောက်ခံတဲ့စည်းမျဉ်းတွေနဲ့ ပစ္စည်းအမျိုးအစားတွေအပေါ် ကောက်ခံရမယ့် နှုန်းထားတွေကိုပါ အသေးစိတ်ဖော်ပြထားတယ်လို့ သူက ဆက်ရှင်းပြပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံပြောင်းပြီးတဲ့အခါမှာလည်း တကယ့်မြေပြင်မှာ ဘယ်လောက်လိုက်ပါဆောင်ရွက်လဲဆိုတာကို စိစစ်ဖို့လိုတယ်လို့ သူက ထောက်ပြပါတယ်။
"စည်းမျဉ်းတွေ မူဝါဒအသစ်တွေ ညွှန်ကြားချက်တွေ အသစ်ပြင်ဆင်တာ ကောင်းတဲ့အချက်ပါ။ ဒါပေမဲ့ တာဝန်ရှိသူတွေက မြေပြင်မှာ ဒီညွှန်ကြားချက်တွေအတိုင်း လိုက်လုပ်နေလားဆိုတာလည်း ပြန်စိစစ်ဖို့လိုတာပေါ့"