ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ပါကစ္စတန်-အာဖဂန်နစ္စတန်စစ်ရေး၊ ကဘူးနဲ့ ကန်ဒါဟာမြို့တွေ လေကြောင်းတိုက်ခိုက်ခံရ

အာဖဂန်နစ္စတန်၊ ကဘူးနဲ့ ကန်ဒါဟာမြို့တွေကို ပါကစ္စတန်ကလေကြောင်းက တိုက်ခိုက်နေပြီး ဘယ်လိုရန်လိုကျူးကျော်မှုကိုမဆိုရှင်းလင်းနိုင်စွမ်းရှိနေတယ်လို့ပါကစ္စတန်ဝန်ကြီးချုပ်ပြောတဲ့သတင်းအပါအဝင် ဖေဖော်ဝါရီ ၂၇ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံအကြား အာကာသနည်းပညာ ပူးပေါင်းတာတွေ တိုးမြှင့်ဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားနိုင်ငံပိုင် "Roscosmos" ကော်ပရေးရှင်း အထွေထွေညွှန်ကြားရေးမှူးချုပ်နဲ့ တွေ့ဆုံ ဆွေးနွေး
  • ပါကစ္စတန်က အာဖဂန်နစ္စတန်နိုင်ငံ ကဘူးနဲ့ ကန်ဒါဟာမြို့တွေကို လေကြောင်းက တိုက်ခိုက်နေပြီး အာဖဂန်တာလီဘန်တွေကလည်း နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွေကိုတိုးမြှင့်နေ
  • စစ်မှုထမ်းဖို့ခေါ်ထားသူတွေကို စုရပ်တွေမှာ စိစစ်တဲ့အခါ အသက်မပြည့်သေးသူတွေနဲ့ အသက်ကျော်လွန်သူတွေတွေ့ရတယ်လို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး မောင်မောင်အေးပြော
  • ဖောင်းပြင်မြို့နယ်ထဲက ဟော်ဇောင်းရွာကို ဖေဖော်ဝါရီ ၂၆ နဲ့ ၂၇ ရက်မှာ နှစ်ရက်ဆက်တိုက် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ ထိခိုက်ဒဏ်ရာရသူ အယောက် ၃၀ ဝန်းကျင် ရှိ
  • ကုန်စည်စီးဆင်းရေးအတွက် အရေးပါတဲ့ လားရှိုးမြို့နယ်နဲ့ နမ္မတူမြို့နယ်အကြား အီနိုင်းတံတားကို ကိုးကန့်တပ်-MNDAA က ဖေဖော်ဝါရီ ၂၆ ရက်ကစပြီး ကုန်စည်သယ်ယူခွင့်
  • ဗမာအမျိုးသားတော်လှန်ရေးတပ် (BNRA) ဦးဆောင်သူ ဗိုလ်နဂါးနဲ့တပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၁၈ ရက်မှာ စစ်တပ်နဲ့ပူးပေါင်းသွားပြီးနောက် NUG တပ်ရင်းတွေက ဖမ်းဆီးသွားတဲ့ ဗိုလ်နဂါးရဲ့ညီမဖြစ်သူကို ပြန်လွှတ်ပေးဖို့ မိသားစုဝင်က တောင်းဆို

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဖေဖော်ဝါရီ ၂၇ ရက်နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. ဇာတ်မင်းသားအောင်ဇမ္ဗူ ပွဲကခွင့် တစ်နှစ်ပိတ်ခံရ

    လူငယ် ဇာတ်မင်းသား အောင်ဇမ္ဗူကို ဇာတ်ပွဲကပြခွင့် တစ်နှစ် ပိတ်ပင်ဖို့ သာသနာရေးနဲ့ယဥ်ကျေးမှုဝန်ကြီးဌာနက ညွှန်ကြားလာတယ်လို့ မြန်မာနိုင်ငံ သဘင် အစည်းအရုံး(ဗဟို)တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို အတည်ပြုပါတယ်။

    ‘မှန်ပါတယ်။ ရွှေမင်းသားဖောင်ဒေးရှင်းက တိုင်ကြားထားတဲ့ကိစ္စကြောင့်ပါ’ လို့ အထက်ပါပုဂ္ဂိုလ်က ပြောပါတယ်။

    မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) က ဝန်ကြီးဌာန ညွှန်ကြားချက်ကို သက်ဆိုင်ရာ ဇာတ်အဖွဲ့ထံ အကြောင်းကြားထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။

    အောင်ဇမ္ဗူဇာတ်အဖွဲ့ဟာ မကြာသေးခင်ကလည်း ကလေးသူငယ်နဲ့ပတ်သက်လို့ ဇာတ်စင်ပေါ်မှာ မဖွယ်မရာ ပြုလုပ်ခဲ့တယ်ဆိုပြီး ကလေးသူငယ်ဆိုင်ရာအဖွဲ့အစည်းတစ်ခုက တိုင်ကြားခဲ့တာရှိပြီး ဖြေရှင်းခဲ့ရတာရှိပါတယ်။

    “သဘင်အစည်းအရုံးမှာ ဒီကိစ္စနဲ့ပတ်သက်လို့ ဖြေရှင်းပေးခဲ့ရဖူးပြီး ခံဝန် လက်မှတ် ထိုးခဲ့ရတာရှိတယ်။ အဲဒီတုန်းက ဝန်ကြီးဌာနမှတ်ချက် က အရေးယူရန် ဆိုပြီးရှိခဲ့ဖူးတယ်။ အခုတစ်ခါကျတော့ ဝန်ကြီးဌာနက ညွှန်ကြားလာတဲ့အတွက် ထပ်ဆင့် အကြောင်းကြားပေးလိုက်ရတာဖြစ်ပါတယ်’လို့ သဘင်အစည်းအရုံး(ဗဟို) တာဝန်ရှိသူက ပြောပါတယ်။

    အောင်ဇမ္ဗူဇာတ်အဖွဲ့ရဲ့ဖျော်ဖြေတင်ဆက်မှုတွေဟာ အများပြည်သူကြား အတုယူလွဲမှား စေတဲ့အပြင် မသန်စွမ်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ဂုဏ်သိက္ခာကိုများစွာထိခိုက်စေတာကြောင့် ပြန်လည်တောင်းပန်ရမယ်လို့လည်း အောင်ဇမ္ဗူဇာတ်အဖွဲ့တည်ထောင်သူထံ လိပ်မူပြီး ပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။

    ဒါ့အပြင် ဒီဖြစ်စဥ်မျိုးထပ်မံမပေါ်ပေါက်စေဖို့ ထိရောက်စွာအရေးယူပေးဖို့ ရွှေမင်းသား ဖောင်ဒေးရှင်းမြန်မာရဲ့ တိုင်ကြားစာ၊ ရုပ်ရှင်စာပေဂီတသုခုမဆိုင်ရာတို့မှာ မသန်စွမ်းသူတွေရဲ့ ဂုဏ်သိက္ခာ၊ စွမ်းရည်နဲ့ စွမ်းဆောင်နိုင်မှုတွေကို အသိအမှတ်ပြုခြင်း၊ နည်းမျိုးစုံနဲ့ခွဲခြားဆက်ဆံမှု မပြုခြင်းတို့အတွက် အခုတိုင်ကြားခံရတဲ့အဖွဲ့ကိုလိုအပ်သလို ဆောင်ရွက်ပေးဖို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်ကြားရေးဝန်ကြီးဌာန က ညှိနှိုင်းအကြောင်းကြား လာတယ်လို့လည်း ပါရှိပါတယ်။

    ဒါကြောင့် သာသနာရေးနဲ့ ယဥ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့ကို တစ်နှစ်တိတိကပြဖျော်ဖြေခွင့် ရပ်ဆိုင်းလိုက်တာလို့ ဖော်ပြထားပါတယ်။

    အခုလို ပွဲကခွင့်တစ်နှစ်ပိတ်ပင်ခံရတာနဲ့ပတ်သက်လို့ အောင်ဇမ္ဗူဇာတ်အဖွဲ့တည်ထောင်သူထံဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပြီး အဆက်အသွယ်မရသေးပါဘူး။

    ဒီနှစ် ပွဲရာသီအတွက် လက်ခံကြော်ငြာထားပြီးသား ပွဲတွေရှိနေပြီး အဲဒီဇာတ်ပွဲတွေနဲ့ပတ်သက်လို့ ဘယ်လိုဆက်လက်လုပ်ကိုင်သွားမယ်ဆိုတာလည်းမသိရသေးပါဘူး။

    အောင်ဇမ္ဗူဇာတ်အဖွဲ့ဟာ ဒီကနေ့ညပိုင်းမှာ ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ် ရန်မျိုးအောင် ဘုရားပွဲမှာ ကပြဖို့လက်မှတ်တွေရောင်းချထားပြီး အဲဒီပွဲအတွက် ကြိုတင်လက်မှတ်ဝယ်ယူထားသူတွေအနေနဲ့ ဇာတ်ရုံမှာ ဒီကနေ့ည ၇ နာရီကစလို့ ပြန်လည်လာရောက်ထုတ်ယူဖို့ ဇာတ်အဖွဲ့တာဝန်ရှိသူတချို့က လူမှုကွန်ရက်မှာ ရေးသားတာတွေ့ရပါတယ်။

  3. တရုတ်မှာ ဖယ်ရှားရှင်းလင်းမှုတွေ ဆက်လက်လုပ်ဆောင်

    တရုတ်မှာ နှစ်စဉ်ပြုလုပ်နေကျ နိုင်ငံရေးဆိုင်ရာညီလာခံမတိုင်မီမှာ စစ်ဘက်ဆိုင်ရာအရာရှိ ကိုးဦးအပါအဝင် အရာရှိ ၁၉ ဦးကို ဖယ်ရှားလိုက်ပါတယ်။

    နိုင်ငံရဲ့ထိပ်တန်းဥပဒေပြုရေးအဖွဲ့အစည်းဖြစ်တဲ့ အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီက ဖယ်ရှားတဲ့စာရင်းကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

    ဖယ်ရှားရတဲ့ ရည်ရွယ်ချက်ကို ထုတ်ပြန်တာမရှိသေးပေမဲ့ တရုတ်သမ္မတရှီကျင့်ဖျင်ဟာ ဗိုလ်ချုပ်ကြီးကျန်းယိုရှားကို ဖယ်ရှားပြီးနောက်ပိုင်း အခုလို ဖယ်ရှားတဲ့စာရင်းထွက်လာတာပဲဖြစ်ပါတယ်။

    အာဏာရချိန်ကစလို့ ရှီဟာ အကျင့်ပျက်ခြစားမှုဟာ ကွန်မြူနစ်ပါတီအတွက် အကြီးဆုံးခြိမ်းခြောက်မှုဖြစ်တယ်လို့ ပြောပြီး ခြစားမှုတိုက်ဖျက်ရေးလှိုင်းတစ်ခုပြီးတစ်ခု လုပ်ဆောင်ခဲ့ပါတယ်။

    ဒါပေမဲ့ ခြစားမှုတိုက်ဖျက်ရေးအမည်ခံပြီး နိုင်ငံရေပြိုင်ဘက်တွေကို ဖယ်ရှားနေတာလို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

    ဖယ်ရှားခံရသူစာရင်းမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ကြည်းတပ်က တပ်မှူး လီ ချောက်မင်နဲ့ PLA ရေတပ်တပ်မှူး ရှန်း ချင်လောင်တို့ ပါဝင်တယ်လို့ နိုင်ငံပိုင်မီဒီယာတွေရဲ့ သတင်းဌာနခွဲတွေက ဖော်ပြထားပါတယ်။

    အတွင်းမွန်ဂိုလီးယားဒေသရဲ့ ပါတီအကြီးအကဲဟောင်း ဆွန် ရှောက်ချုံအပါအဝင် ပြည်နယ်အရာရှိတွေနဲ့ စစ်ဘက်ဆိုင်ရာအရာရှိတွေလည်း ဖယ်ရှားခံရတဲ့အထဲ ပါဝင်ပါတယ်။

    ၂၀၂၅ ခုနှစ် အောက်တိုဘာမှာစတင်တဲ့ ဖြုတ်ထုတ်ဖယ်ရှားမှုအရ ထိပ်တန်းစစ်ဗိုလ်ချုပ်ကိုးဦး ရာထူးက ဖယ်ရှားခံရတာအပါအဝင် နှစ်အနည်းငယ်အတွင်း စစ်တပ်က ထိပ်တန်းအရာရှိများစွာ ဖယ်ရှားခံရပြီးဖြစ်ပါတယ်။ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးတစ်စိတ်တစ်ပိုင်းအဖြစ် ဖယ်ရှားမှုကိုပြုလုပ်ခဲ့တာဖြစ်တယ်လို့ အာဏာပိုင်တွေက အဲဒီအချိန်တုန်းက ပြောပါတယ်။

    ရှီဟာ ၂၀၁၃ ခုနှစ်မှာ အာဏာရရှိပြီးနောက် မကြာမီမှာ အဆင့်မြင့်နဲ့ သာမန်အရာရှိတွေကို ပစ်မှတ်ထားတဲ့ ကျားနဲ့ယင်ကောင်တွေ ဖယ်ရှားရေးဆိုတဲ့ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးလုပ်ဆောင်မှုကို သူ့အုပ်ချုပ်မှုရဲ့ အဓိကထောက်တိုင်တစ်ခုအဖြစ် ဖော်ဆောင်ခဲ့ပါတယ်။ ခြစားမှုတိုက်ဖျက်ရေးတိုက်ပွဲဟာ လေးနက်ပြီး ရှုပ်ထွေးလှတယ်လို့ သူက မကြာသေးမီက ပြောပါတယ်။

    တရုတ်ရဲ့ ဥပဒေပြုရေးအဖွဲ့ဖြစ်တဲ့ NPC နဲ့ နိုင်ငံရေးအတိုင်ပင်ခံအဖွဲ့အစည်းဖြစ်တဲ့ တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံညီလာခံတို့ရဲ့ နှစ်စဉ်ပြုလုပ်နေကျ အစည်းအဝေးအတွက် လာမဲ့အပတ်မှာ ဘေဂျင်းကို ကိုယ်စားလှယ်ထောင်ပေါင်းများစွာ ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

    အစည်းအဝေးကြီးနှစ်ခုကို မတ် ၄ ကနေ ၁၁ အထိကျင်းပမှာဖြစ်ပြီး အဓိကမူဝါဒလျာထားချက်တွေ၊ နှစ်စဉ်စီးပွားရေးလျာထားချက်တွေအပါအဝင် ငါးနှစ်စီမံကိန်းကို အစိုးရက ထုတ်ပြန်မှာဖြစ်ပါတယ်။

  4. အခွန်ဂိတ်ပေါင်း ၄၀ ကို သိန်းရာချီပေးပြီးဖြတ်ရတဲ့လမ်း

    ရှမ်းမြောက်-ကချင်-စစ်ကိုင်းစတဲ့ ဒေသ ၃ ခုကို ဖြတ်ဖောက်ထားတဲ့ကုန်သွယ်လမ်းပိုင်းတကြောမှာအခွန်ကောက်ခံနေတဲ့ ဂိတ်ပေါင်း ၄၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

    ကုန်လမ်းကြောင်းအစအဆုံးအတွက်ပေးဆောင်ရတဲ့အခွန်ငွေကသိန်းရာချီရှိတယ်လို့

    ဒီလမ်းကြောင်းအခြေအနေကိုသိထားတဲ့ ကုန်သည်နဲ့ လုပ်ငန်းရှင်တချို့က ပြောပါတယ်။

    ရှမ်းမြောက်၊နမ့်ခမ်းကနေ စစ်ကိုင်းအထက်ပိုင်းကိုသွားတဲ့ကုန်‌သွယ်ရေးလမ်းကြောင်းမှာဘယ်အဖွဲ့အစည်းတွေရဲ့ အခွန်ဂိတ်တွေရှိနေလဲ။

    အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  5. စက်ရုံတွေမီးလောင်မှု - အလုပ်သမားတွေရဲ့ အသက်၊ အလုပ်နဲ့ ဘဝတွေ

    ရန်ကုန်၊ ရွှေပြည်သာမြို့နယ်ထဲက ဝါးတရာစက်မှုဇုန်မှာရှိတဲ့ အထည်ချုပ်စက်ရုံတစ်ရုံရဲ့ မီးလောင်မှုကို ၂၄ နာရီနီးပါး မီးငြှိမ်းသတ်ခဲ့ရတာက မီးသတ်သမားတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေအတွက် ထူးခြားဖြစ်စဥ်ဖြစ်ခဲ့ပါတယ်။

    ထမင်းစားနားချိန်မှာ စက်ရုံအတွင်းက ထွက်လာတဲ့ မီးခိုးလုံးတွေကြောင့် အထည်ချုပ်အလုပ်သမားအမျိုးသမီးငယ်တွေ ထိတ်လန့်တကြားရှိခဲ့ကြသလို ပြေးပြေးလွှားလွှားဖြစ်ခဲ့ကြတဲ့ ပုံရိပ်တွေက လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့ခဲ့ပါတယ်။

    စက်ရုံမီးလောင်မှုဟာ မိနစ်အနည်းငယ်အတွင်းပျံ့နှံ့သွားပြီး အလုပ်သမားအချို့ ပိတ်မိတာရှိသလို၊ အချို့ကတော့ အသက်ဘေးလွတ်အောင် ထွက်ပြေးခဲ့ကြရတယ်လို့ဆိုပါတယ်။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့် ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  6. စစ်ပွဲကြားအနေကြာတဲ့အခါ လက်နက်ကြီး ပစ်သံကို နားယဉ်သဘောကျတတ်လား

    ''ခေါင်းထဲမှာ သိတဲ့အသိက ပေါက်ကွဲမှုတွေဆိုတာ အန္တရာယ်များပြီး ကြောက်ဖို့လည်းကောင်းတယ်လို့ သိတယ်။ ... ဒါပေမဲ့ ကိုယ်ခန္ဓာကကျတော့ အဲဒီအထိအတွေ့ကို ခံစားချင်နေမိတယ်'' လို့ မာဂရီတာက ပြောပါတယ်။

    ရုရှားရဲ့ကျူးကျော်မှုကို ခံရတာ ၄ နှစ်ကြာလာတဲ့အခါမှာတော့ ယူကရိန်းနိုင်ငံသားအများစုဟာ စစ်ပွဲနဲ့ပတ်ပြီး ခံစားချက်တွေ ရောပြွမ်းနေပါတယ်။

    လက်နက်ကြီးကျသံတွေ နိစ္စဓူဝကြုံနေရလို့ လက်နက်ကြီးသံဟာ ကြောက်စိတ်ရော၊ နားစွင့်ချင်စိတ်ပါ ဖြစ်နေစေတယ်လို့ အချို့က ပြောလာပါတယ်။ စိတ်ပညာရှင်တွေကတော့ ဒါဟာ ''စိတ်ဖိစီးမှုကို စွဲလမ်းမှု'' လို့ ခေါ်ပါတယ်။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့် ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  7. ဗိုလ်နဂါးရဲ့ညီမကို ပြန်လွှတ်ပေးဖို့ မိသားစုဝင် တောင်းဆို

    အာဏာသိမ်း စစ်တပ်ကို လက်နက်ချတဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ထဲက ဗိုလ်နဂါးရဲ့ ညီမဖြစ်သူ မဝါဝါခိုင်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ မောင်တော်စပ်သူ ကိုရန်နိုင်ထွန်းက တောင်းဆိုထားပါတယ်။

    ဗမာအမျိုးသားတော်လှန်ရေးတပ် (BNRA) ဦးဆောင်သူ ဗိုလ်နဂါးနဲ့တပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၁၈ ရက်မှာ စစ်တပ်နဲ့ပူးပေါင်းသွားတယ်လို့ စစ်တပ်က ထုတ်ပြန်ပြီးနောက် ဖေဖော်ဝါရီ ၂၂ ရက်မှာ ညီမဖြစ်သူ အဖမ်းခံရတာလို့ သိရပါတယ်။

    မဝါဝါခိုင်ကို ဖမ်းတဲ့အထဲမှာ ယင်းမာပင်ခရိုင်တပ်ရင်းက အမျိုးသမီး စစ်မေတွေမပါဘဲ မိန်းကလေးတစ်ယောက်ကို ဖမ်းဆီးသွားတာကြောင့် မိသားစုဝင်တွေမှာလည်း စိတ်ပူနေတယ်လို့ မောင်ဖြစ်သူ ကိုရန်နိုင်ထွန်းက လူမှုကွန်ရက်မှာရေးသားထားပါတယ်။

    “ဒီနေ့အထိ ပြန်မလွတ်လာသေးပါဘူး။ အဖမ်းခံရချိန်ကနေ အခုထိ ဘယ်နေရာမှာ ဘယ်သူနဲ့ရှိနေတယ်ဆိုတာ မိသားစုတွေ လုံးဝအဆက်အသွယ်မရပါဘူး”လို့ ဗိုလ်နဂါးရဲ့ ညီဖြစ်သူ ကိုရန်နိုင်ထွန်းက ဘီဘီစီကို ပြောပါတယ်။

    လူ့အခွင့်အရေးနဲ့ အမျိုးသမီးအခွင့်အရေးတွေကို အလေးထားတဲ့ NUG အနေနဲ့ ပြစ်မှုကျူးလွန်တာမရှိတဲ့ မဝါဝါခိုင်ကို မိသားစုဆီ ပြန်အပ်ပေးဖို့ကို တောင်းဆိုထားတာပါ။

    ဗိုလ်နဂါးညီမဖြစ်သူကို ဖမ်းဆီးချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရော၊ တပ်ရင်းတွေပါ ပူးပေါင်းဖမ်းတာလို့ ပုလဲမြို့နယ် အခြေစိုက် တပ်ရင်းတစ်ခုရဲ့ ဒုစစ်ကြောင်းမှူးက အတည်ပြုပါတယ်။

    တော်လှန်ရေးပိုင်ပစ္စည်းတွေနဲ့ ဆက်စပ်ပြီး စစ်ဆေးစရာရှိလို့ ဖမ်းဆီးထားတယ်လို့ သူက ပြောပါတယ်။

    ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ ဦးဇော်ထက်ကို ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်ဖြေတာ မရှိသေးပါဘူး။

    ဗိုလ်နဂါးက စစ်တပ်နဲ့ပူးပေါင်းသွားပြီးနောက်မှာ သူနေထိုင်ခဲ့တဲ့ ချဉ်ပြစ်ရွာကို ဖေဖော်ဝါရီ ၂၁ ကစပြီး အင်အား ရာချီပါတဲ့ စစ်ကြောင်းထိုးနေတယ်လို့လည်း ဒေသတွင်း သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

  8. လားရှိုးနဲ့ နမ္မတူကြား အီနိုင်းတံတားပေါ် ကုန်စည်ဖြတ်သန်းခွင့် ကိုးကန့်တပ်ပိတ်

    လားရှိုးမြို့နယ်နဲ့ နမ္မတူမြို့နယ်အကြား ကုန်စည်စီးဆင်းရေးအတွက် အရေးပါတဲ့ အီနိုင်းတံတားကို ကိုးကန့်တပ်-MNDAA က ဖေဖော်ဝါရီ ၂၆ ရက်ကစပြီး ကုန်စည်သယ်ယူခွင့် ပိတ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    လူမှုကွန်ရက်မှာ တွေ့ရတဲ့ ရုပ်သံမှတ်တမ်းအရ အီနိုင်းတံတားနားကို ဖြတ်သန်းခွင့်မရလို့ ရပ်စောင့်နေရတဲ့ ကားတွေ စီတန်းနေတာကိုလည်း တွေ့ရပါတယ်။

    “ဘာပစ္စည်းမှ မပါဘဲ လူချည်းပဲပါရင် ပေးဖြတ်တယ်၊ ဆိုင်ကယ်သွားလို့ရတယ်၊ ကုန်တွေပါရင်မရဘူး၊ ရေသန့်ကားတောင် ပေးမဖြတ်တော့ဘူး။ ကုန်ကားတချို့ကတော့ ပြန်လှည့်တာပေါ့၊ တချို့ကတော့ ရပ်စောင့်နေကြတုန်းပဲ”လို့ ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

    အာဏာသိမ်းစစ်တပ်ကို တော်လှန်ဖို့အတွက် ဖွဲ့စည်းခဲ့တဲ့ မဟာမိတ်ညီနောင် ၃ ဖွဲ့ထဲက ကိုးကန့်တပ်-MNDAA နဲ့ တအာင်းတပ်-TNLA တို့ဟာ TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့မှာ တင်းမာမှု၊ မကျေလည်မှုတွေ ဖြစ်နေတာ ၂ ပတ်လောက်ကြာပါပြီ။

    ကိုးကန့်ထိန်းချုပ်တဲ့ လားရှိုးမြို့နယ်ထဲကနေ တအာင်းတပ် ထိန်းချုပ်တဲ့ နမ္မတူမြို့နယ်ထဲ စက်သုံးဆီ စီးဆင်းမှုတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်ကစလို့ MNDAA က ပိတ်ဆို့ထားတာကနေ ဖေဖော်ဝါရီ ၂၆ မှာတော့ ကုန်စည်တွေကိုပါ ပိတ်ဆို့လိုက်တာ ဖြစ်ပါတယ်။

    ကုန်စည်စီးဆင်းမှုနဲ့ စက်သုံးဆီတွေ သွားလာခွင့် ပိတ်ထားတာနဲ့ ပတ်သက်ပြီး MNDAA-ကိုးကန့်တပ်ကို ဆက်သွယ်မေးမြန်းထားပေမဲ့ မဖြေသေးပါဘူး။

    ကိုးကန့်တပ်နဲ့ တအောင်းတပ်တွေကြား တင်းမာမှုတွေဖြစ်ပြီး တဖက်နဲ့တဖက် ဖမ်းဆီးထိန်းသိမ်းတာ၊ ရန်လိုမှု အပြုအမူတွေ ဖြစ်ပွားနေတာအပြင် လူထုတွေကို ဖြတ်သန်းသွားလာခွင့် ကန့်သတ်တာ၊ ကုန်စည်စီးဆင်းမှု ပိတ်ဆို့တာတွေဖြစ်နေတယ်လို့လည်း တအာင်းအရပ်ဖက် အဖွဲ့တွေက ဖေဖော်ဝါရီ ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

  9. ဖောင်းပြင်- ဟော်ဇောင်းရွာကို နှစ်ရက်ဆက်တိုက် လေကြောင်းဗုံးကြဲ, ခရီးသွား ၃၀ ဝန်းကျင်ဒဏ်ရာရ

    ချင်းတွင်းမြစ်ကမ်းဘေးမှာရှိတဲ့ စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်ထဲက ဟော်ဇောင်းရွာကို ဖေဖော်ဝါရီ ၂၆ နဲ့ ၂၇ ရက်မှာ နှစ်ရက်ဆက်တိုက် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတယ်လို့ မော်လိုက်ခရိုင် အမှတ် ၁ တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

    စစ်တပ်ရဲ့ ဂျက်ဖိုက်တာနဲ့ ၁၈ ကြိမ် ၊ Y-12 နဲ့ ၂ ကြိမ် ၊ ဂျိုင်ရိုကော်ပတာနဲ့ ၃ ကြိမ် ဗုံးကြဲတာကြောင့် ထိခိုက်ဒဏ်ရာရသူ အယောက် ၃၀ ဝန်းကျင် ရှိတယ်လို့လည်း သိရပါတယ်။

    ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းနဲ့ ဖေဖော်ဝါရီ ၂၇ ရက် မနက် ၃ နာရီဝန်းကျင်တွေမှာ လေကြောင်းဗုံးကြဲတာလို့ မော်လိုက်ခရိုင် အမှတ် ၁ တပ်ရင်း တာဝန်ရှိသူကပြောပါတယ်။

    ဟော်ဇောင်းရွာဟာ ပင်လည်ဘူးမြို့နယ်ကို ဆက်သွယ်ထားတဲ့ ကားလမ်းဘေးမှာရှိသလို ထမင်းဆိုင်တွေ၊ စားသောက်ဆိုင်တွေရှိတာကြောင့် မန္တလေးဘက်ကနေလာတဲ့ ခရီးသွားတွေ ခရီးတထောက်နားတဲ့ နေရာလည်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    အဲဒီနေရာမှာ အရင်ကတော့ တော်လှန်ရေးအဖွဲ့တွေ သင်တန်းပေးခဲ့ဖူးတာရှိတယ်လို့လည်း သိရပါတယ်။

    “ဒေသခံတွေကိုတော့ ကြိုရှောင်ခိုင်းထားလို့ ရှောင်နေကြပြီ။ အခု အထိအခိုက်ထဲမှာက ကားလမ်းပေါ် သွားလာနေတဲ့ ကားသမားတွေနဲ့ ခရီးသွားပြည်သူတွေ များလိမ့်မယ်”လို့ မော်လိုက်ခရိုင် အမှတ် ၁ တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

    ဖောင်းပြင်မြို့နယ်ဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အားကောင်းတဲ့နေရာဖြစ်သလို စီးပွားရေး ကောင်းမွန်တဲ့နေရာလည်း ဖြစ်တယ်လို့ သိရပါတယ်။

  10. အသက်မပြည့်သူတွေ စစ်မှုထမ်းဆင့်ခေါ် တဲ့အထဲပါနေတယ်လို့ ကာကွယ်ရေးဝန်ကြီးပြော

    စစ်မှုထမ်းဖို့ခေါ်ထားသူတွေကို လေ့ကျင့်ရေးသင်တန်းကျောင်းတွေကို မပို့မီစုရပ်တွေမှာ စိစစ်တဲ့အခါ အသက်မပြည့်သေးသူတွေနဲ့ အသက်ကျော်လွန်သူတွေတွေ့ရတယ်လို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး မောင်မောင်အေးက မနေ့က နေပြည်တော်မှာ ပြောလိုက်ပါတယ်။

    စစ်မှုထမ်းအသက်ထဲ အကျုံးဝင်သူတွေကို ဆင့်ခေါ်တဲ့အခါမှာ ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့ရတဲ့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်တွေအနေနဲ့ ငွေကြေးဆိုင်ရာ မသမာတာတွေ မဖြစ်အောင် စိစစ်ကြပ်မတ်ဖို့ လိုအပ်တယ်လို့ ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောပါတယ်။

    စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်တဲ့လည်းဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးက ဖေဖော်ဝါရီ ၂၆ ရက်မျာ ကျင်းပတဲ့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ အစည်းအဝေးမှာ ပြောတာပါ။

    မြို့နယ်၊ ရပ်ကွက်/ကျေးရွာ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေအနေနဲ့ လူမှုဆက်ဆံရေးကောင်းမွန်ဖို့ လိုအပ်သလို စစ်မှုထမ်းဆင့်ခေါ်ဖို့ သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်ဖို့အတွက် အဆင့်ဆင့် ကြပ်မတ်ပေးဖို့လည်း ပြောပါတယ်။

    ဒါ့အပြင် ဥပဒေကို လက်တလုံးခြား အသုံးချပြီး မတရားလုပ်တဲ့ ကြားခံလူတွေကိုလည်း ထိထိရောက်ရောက် အရေးယူဖို့လည်း လိုအပ်တယ်လို့ ဆိုပါတယ်။

    စစ်မှုထမ်းသင်တန်းကျောင်းကို မပို့ခင် စုရပ်တွေမှာ စိစစ်တဲ့အခါမှာလည်း စစ်မှုထမ်းသက် ကျော်လွန်သူတွေ၊ အသက်မပြည့်သေးသူတွေ ပါဝင်လာတာကြောင့် ပြန်လွှတ်လိုက်ရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

    လုပ်ထုံးလုပ်နည်းအတိုင်း အမှန်တကယ် ဆောင်ရွက်နေတဲ့ ရပ်ကျေးအဖွဲ့ဝင်တွေကို မမှန်သတင်းတွေနဲ့ တိုင်ကြားသူတွေကိုလည်း ဖော်ထုတ်အရေးယူဖို့ကိုလည်း ပြောပါတယ်။

    ဘီဘီစီက ဆက်သွယ်မေးမြန်းဖြစ်တဲ့ စစ်မှုထမ်းမှာ အသက်အကျုံးဝင်သူ မိသားစုဝင်တွေကတော့ ရပ်ကျေးအဖွဲ့ဝင်တွေကို အပတ်စဉ်အလိုက် သတ်မှတ်ထားတဲ့ ငွေကြေးတွေ ပေးဆောင်ရတယ်လို့လည်း သိရပါတယ်။

    စစ်မှုထမ်းမှာ ပါသွားတဲ့ တချို့ လူငယ်တွေရဲ့ မိဘတွေရဲ့ ပြောပြချက်အရ သူတို့သားတွေဟာ အလုပ်အပြန်၊ အပြင်သွားလာနေချိန်တွေမှာ လူတချို့က လိမ်လည်ခေါ်ဆောင်သွားကြပြီးနောက် စစ်မှုထမ်းထဲ ရောက်သွားကြတာလို့လည်း သိရပါတယ်။

    စစ်မှုထမ်း အမှတ်စဉ် ၁ ကို ၂၀၂၄ ခုနှစ် ဧပြီမှာ စတင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၁ ရှိနေပြီဖြစ်ပါတယ်။

  11. ပါကစ္စတန်-အာဖဂန်နစ္စတန်စစ်ရေး, ကဘူးနဲ့ ကန်ဒါဟာမြို့တွေ လေကြောင်းတိုက်ခိုက်ခံရ

    ပါကစ္စတန်ကအာဖဂန်နစ္စတန် ကဘူးနဲ့ ကန်ဒါဟာမြို့တွေကို လေကြောင်းက တိုက်ခိုက်နေပြီး အာဖဂန်တာလီဘန်တွေကလည်း နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွေကိုတိုးမြှင့်ပြုလုပ်နေပါတယ်။ဘယ်လိုရန်လိုကျူးကျော်မှုကိုမဆိုရှင်းလင်းနိုင်စွမ်းရှိနေတယ်လို့ပါကစ္စတန်ဝန်ကြီးချုပ်ရှာဘက် ရှာရစ်က ပြောပါတယ်။

    အမိမြေကာကွယ်ရေးအတွက်အလျှော့အတင်းလုပ်မှာမဟုတ်ဘဲရန်လိုမှုတိုင်းကို တူညီတဲ့တုံ့ပြန်မှုနဲ့ ရင်ဆိုင်မယ် လို့ သူက ပါကစ္စတန်အစိုးရရဲ့ အိပ်စ်လူမှုမီဒီယာအကောင့်မှာရေးသားခဲ့ပါတယ်။

    ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်တို့ဟာ ကီလိုမီတာ ၂၆၀၀ (၁၆၁၅ မိုင်) ခန့် နယ်စပ်ချင်းထိစပ်နေပါတယ်။

    ပါကစ္စတန်ဟာကဘူး၊ ကန်ဒါဟာနဲ့ ပတ်တီကာမြို့တွေကို လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။

    ပါကစ္စတန်ဟာလက်ရှိမှာတော့ အာဖဂန်တာလီဘန်စစ်ရေးဆိုင်ရာစခန်း၂၇ ခုကို တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး နောက်ထပ်နေရာကိုးခုကို သိမ်းပိုက်ထားနိုင်တယ်လို့ ဝန်ကြီးချုပ်ပြောခွင့်ရှိသူမိုရှာရက် ဇိုင်ဒီက ပြောပါတယ်။

    ဒါ့အပြင်ပါကစ္စတန်ဟာ အာဖဂန်တာလီဘန်တွေရဲ့ သံချပ်ကာယာဉ်၊ လက်နက်ကြီးနဲ့ လက်နက်တပ်ဆင်လူတင်ယာဉ်အစီး ၈၀ ကျော်ကို ဖျက်ဆီးနိုင်ခဲ့ပြီးဖြစ်တယ်လို့သူကပြောပါတယ်။ ကြာသပတေးနေ့ညမှာ ပါကစ္စတန်စစ်ကင်းစခန်း ၁၉ ခု၊ အခြေစိုက်စခန်းနှစ်ခုတို့ကိုသိမ်းပိုက်နိုင်ခဲ့ပြီးပါကစ္စတန်စစ်သည် ၅၅ ဦးသေဆုံးခဲ့ပြီးဖြစ်တယ်လို့ တာလီဘန်ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ ပါကစ္စတန်တပ်တွေလက်ချက်ကြောင့်တာလီဘန် ၁၃၃ ဦးသေဆုံးပြီး ၂၀၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ်ရဲ့ပြောခွင့်ရှိသူမိုရှာရက် ဇိုင်ဒီကပြောဆိုခဲ့ပါတယ်။

    ပါကစ္စတန်ရဲ့နောက်ဆုံးလေကြောင်းတိုက်ခိုက်မှုတွေကြောင့်တာလီဘန်ဘက်က သေဆုံးသူမရှိခဲ့ဘူးလို့ အာဖဂန်တာလီဘန်တွေရဲ့ပြောခွင့်ရှိသူဇာဘီဟူလာ မူဂျာဟစ်ကပြောပါတယ်။

    ဒီလိုရန်လိုမှုတွေအတွင်းမှာနှစ်ဖက်စလုံးက အခြားတစ်ဖက်မှာထိခိုက်သေဆုံးမှုတွေရှိတယ်လို့ပြောတတ်ပေမဲ့ ထိခိုက်သေဆုံးမှုစာရင်းကို အတည်ပြုဖို့ ခက်ခဲပါတယ်။

    ပါကစ္စတန်နဲ့အာဖဂန်တပ်တွေကြား အရင်က ထိပ်တိုက်ဆုံမှုတွေမှာလိုပဲနှစ်ဖက်စလုံးက အခြားတစ်ဖက်ကို ဦးဆုံးစတင်တိုက်ခိုက်တာလို့စွပ်စွဲနေကျဖြစ်ပါတယ်။

    အာဖဂန်ဘက်ကဦးဆုံးစတင်တိုက်ခိုက်ခဲ့လို့တန်ပြန်တိုက်ခိုက်မှုအဖြစ်ကဘူးနဲ့ ကန်ဒါဟာမြို့တွေကို တိုက်ခိုက်ခဲ့တယ်လို့ ပါကစ္စတန်အာဏာပိုင်တွေက သောကြာနေ့မှာ ပြောပါတယ်။

    အခုအပတ်အစောပိုင်းမှာပါကစ္စတန်ဘက်က တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အင်အားကြီးမားတဲ့ စစ်ဆင်ရေးကို ပြုလုပ်ခဲ့ရတာဖြစ်တယ်လို့ အာဖဂန်တာလီဘန်တွေက ပြောခဲ့ပါတယ်။

  12. ရုရှားနဲ့ မြန်မာကြား အာကာသနည်းပညာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်

    မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံအကြား အာကာသနည်းပညာ ပူးပေါင်းတာတွေ တိုးမြှင့်ဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားနိုင်ငံပိုင် “Roscosmos” ကော်ပရေးရှင်း အထွေထွေညွှန်ကြားရေးမှူးချုပ်နဲ့ တွေ့ဆုံဆွေးနွေးတယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၆ ရက် တုန်းက ရုရှားနိုင်ငံကို အလုပ်သဘော ခရီးရောက်ခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနဲ့ရုရှားအကြား ပြင်ပအာကာသ စူးစမ်းလေ့လာရေး ပူးပေါင်းဖို့ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့တာပါ။

    သဘောတူ လက်မှတ်ရေးထိုးပြီး တစ်နှစ်ပြည့်တဲ့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

    အာကာသနည်းပညာအတွက် ပူးပေါင်းဆောင်ရွက်နေတဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် “Roscosmos” ကော်ပိုရေးရှင်းနဲ့ မြန်မာအာကာသ အေဂျင်စီတွေအကြား ပူးပေါင်းဆောင်ရွက်တာတွေကို တိုးမြှင့်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။

    နှစ်နိုင်ငံအကြား ပြင်ပအာကာသ စူးစမ်းလေ့လာရေးနယ်ပယ်တွေမှာပါ ပူးပေါင်းဆောင်ရွက်သွားမှာလို့လည်း ဆွေးနွေးချက်တွေမှာ ဖော်ပြထားပါတယ်။

    ဒါ့အပြင် မြန်မာနိုင်ငံမှာ လိုအပ်တဲ့ အာကာသ နည်းပညာအသုံးပြုတာတွေ ဖွံ့ဖြိုးတိုးတက်စေဖို့၊ ဂြိုဟ်တုလွှတ်တင်ဖို့၊ လူသားအရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့တွေနဲ့ အာကာသ နည်းပညာနဲ့ဆိုင်တဲ့ ပညာတော်သင်စေလွှတ်ရေးတွေလည်း ပါဝင်ပါတယ်။

    မြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရုရှားနဲ့ ဆက်ဆံရေးဟာ ပိုနီးကပ်လာပြီး ၂၀၂၂ ခုနှစ်ကစပြီး အာကာသနည်းပညာ ပူးပေါင်းမှုတွေအတွက် အစီအစဉ်တွေ ချခဲ့တာ ဖြစ်ပါတယ်။

  13. မင်္ဂလာပါ။ ဖေဖော်ဝါရီ ၂၇ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။