စစ်ပွဲကြားအနေကြာတဲ့အခါ လက်နက်ကြီး ပစ်သံကို နားယဉ်သဘောကျတတ်လား

    • ရေးသားသူ, အီလိုနာ ဟရိုမလျု
    • ရာထူးတာဝန်, ဘီဘီစီ(ယူကရိန်း)
  • ဖတ်ရန်အချိန်: မိနစ် ၁၂

''ခေါင်းထဲမှာ သိတဲ့အသိက ပေါက်ကွဲမှုတွေဆိုတာ အန္တရာယ်များပြီး ကြောက်ဖို့လည်းကောင်းတယ်လို့ သိတယ်။ ... ဒါပေမဲ့ ကိုယ်ခန္ဓာကကျတော့ အဲဒီအထိအတွေ့ကို ခံစားချင်နေမိတယ်'' လို့ မာဂရီတာက ပြောပါတယ်။

ရုရှားရဲ့ကျူးကျော်မှုကို ခံရတာ ၄ နှစ်ကြာလာတဲ့အခါမှာတော့ ယူကရိန်းနိုင်ငံသားအများစုဟာ စစ်ပွဲနဲ့ပတ်ပြီး ခံစားချက်တွေ ရောပြွမ်းနေပါတယ်။

လက်နက်ကြီးကျသံတွေ နိစ္စဓူဝကြုံနေရလို့ လက်နက်ကြီးသံဟာ ကြောက်စိတ်ရော၊ နားစွင့်ချင်စိတ်ပါ ဖြစ်နေစေတယ်လို့ အချို့က ပြောလာပါတယ်။ စိတ်ပညာရှင်တွေကတော့ ဒါဟာ ''စိတ်ဖိစီးမှုကို စွဲလမ်းမှု'' လို့ ခေါ်ပါတယ်။

စိတ်ပညာရှင် ယာချင် စကစ်ညစ် တစ်ယောက် ဒီအကြောင်းကို လူမှုကွန်ရက်ပေါ်မှာ ရေးတင်လိုက်တဲ့အခါမှာ လူရာနဲ့ချီက မှတ်ချက်ပေးတုံ့ပြန် ရေးသားပြောဆိုချပါတယ်။ ဒါဟာ 'ယူကရိန်းတွေအတွက် စိတ်ရောဂါအသစ်'' လို့တောင် ခေါ်ကြပါတယ်။ သူတို့လည်း ဒီလိုဖြစ်နေတယ်လို့ ပြောပေမဲ့ ဒီလိုဖြစ်နေကြောင်း ဝန်ခံဖို့ရာ မစွမ်းသာဘူးလို့ ဆိုကြပြန်ပါတယ်။

တချို့ကလည်း ထိခိုက်နာကျင်ရမယ့် ကြောက်စရာအခြေအနေ တစ်ရပ်ရပ်ကို သဘောကျစရာတစ်ခုလို့ မှတ်ယူတဲ့သူ ရှိပါဦးမလားလို့ ထောက်ပြပြီး ဒါဟာ ယုတ္တိမရှိတဲ့သဘောတရားတစ်ခုလို့ဆိုကြပြန်ပါတယ်။

ဒီတော့ ဒီလိုစိတ်ခံစားချက်တွေကို ဘယ်အရာက စေ့ဆော်ပေးတာပါလဲ။ စစ်ပွဲဇုန်ထဲမှာ နေထိုင်ကြသူတွေရဲ့ စိတ်ကျန်းမာရေးကို ဘယ်အရာတွေက မီးမောင်းထိုးပြနိုင်ပါလဲ။

'မပြတ်ကြားချင်နေမိတယ်'

ကီယက်ဗ်မြို့မှာနေတဲ့ အသက် ၂၇ နှစ်အရွယ် မာဂရီတာက သူ့မှာ ''စိတ်ဖိစီးမှုကို စွဲလမ်းမှု'' ဖြစ်နေပြီလို့ ယူဆနေပါတယ်။ ပိုဒီလ်အရပ်က သူ့ရဲ့တိုက်ခန်းကို ၂၀၂၂ ခုနှစ် ဇွန်လမှာ ခင်ပွန်းနဲ့အတူ အိမ်ပြန်ရောက်လာပြီး အဲဒီကတည်းကစလို့ လက်နက်ကြီးပစ်ခတ်သံတွေကို အဆက်မပြတ် ကြားနေရကြောင်း ပြောပြပါတယ်။

လေကြောင်းတိုက်ခိုက်မှု သတိပေးချက်တွေ ထွက်ပေါ်လာတဲ့အခါ ဒါ အန္တရာယ်ရှိတယ်လို့ ခန္တာကိုယ်က အလိုအလျောက်တုံ့ပြန်ပေမဲ့ ပေါက်ကွဲသံတွေကြားရတဲ့အခါမှာတော့ "သိချင်စိတ်" ဖြစ်လာတယ်လို့သူက ဘီဘီစီ ယူကရိန်းဘာသာစကားဌာနကို ပြောပါတယ်။

မသိစိတ်ထဲမှာ အဲဒီအရေးပေါ်ဖြစ်တဲ့နေရာကို ကိုယ်တိုင်ရောက်သွားလိုစိတ်ဖြစ်ပြီး ကိုယ်တိုင်ကြည့်ချင်တာ၊ ကိုယ်တိုင်ကူကယ်တာမျိုး လုပ်ချင်စိတ်ပေါ်စေတယ်လို့ပြောပါတယ်။

"လက်နက်ကြီးပစ်သံ အဆက်မပြတ်ကြားရတဲ့အခါတိုင်းမှာ စိတ်လှုပ်ရှားလာတယ်။ ပြတင်းပေါက်တွေများ လွင့်ထွက်သွားမလားလို့ တွေးမိတယ်" လို့ ဆိုပါတယ်။

"စိတ်ထဲမှာ အဲဒီလိုတွေးရတာကို ကြိုက်လာတယ်။ လုံခြုံတဲ့ကလေးအတွေးလို ဖြစ်နေပေမဲ့ စိတ်လှုပ်ရှားဖို့ကောင်းတယ်။ အဲဒီအသံတွေကို အဆက်မပြတ် မျှော်လင့်နေမိတယ်" လို့ သူက ပြောပါတယ်။

မာဂရီတာပြောတာက ဒီအတွေးတွေက သူ့ကို ကြောက်လန့်နေစေပေမယ့် ကိုယ်ဝန်ရှိချိန်နဲ့ ကလေးမွေးဖွားပြီးနောက်မှာတော့ ရပ်တန့်သွားခဲ့ပါတယ်။

အခုတော့ ပစ်ခတ်မှုဖြစ်တယ်ဆိုရင် သူ့ရဲ့လုံခြုံဘေးကင်းရေးအတွက် "ကာကွယ်ရေး" ကို ပိုစိုးရိမ်ပြီး တိုက်ခိုက်မှုပိုပြင်းထန်လာပါက ဘာဖြစ်မလဲဆိုတာကို သူ စိုးရိမ်နေပြန်ပါတယ်။

"အပြင်မှာ ဆောင်းရာသီဆိုတော့ အေးခဲနေရော။ လက်နက်ကြီး လေထဲဖြတ်လာလို့ လင်းနေတဲ့အရောင်နဲ့ အသံဗလံတွေကို အရင်လို မမြင်ချင် မကြားချင်တော့ဘူး''

'adrenaline addiction' လို့ခေါ်တဲ့ ဖိစီးမှုကို စွဲလမ်းမှု ဘာကြောင့်ဖြစ်တာလဲ

ယူကရိန်းကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးစင်တာမှ စကရစ်ပနစ်က "အက်ဒရီနလင်း စွဲလမ်းမှုဆိုတာ စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ရပ်သာဖြစ်ပြီး စိတ်ရောဂါတစ်မျိုး မဟုတ်ပါ" လို့ ဘီဘီစီကို ပြောပါတယ်။

အက်ဒရီနလင်းဟော်မုန်းဆိုတာ အန္တရာယ်၊ စိတ်လှုပ်ရှားမှု၊ ကြောက်ရွံ့မှုတွေ ကြုံရချိန်မှာ ကိုယ်ခန္ဓာက ထုတ်လွှတ်တဲ့ဟော်မုန်းပါ။ ဒါက နှလုံးခုန်မြန်စေတယ်၊ အာရုံစိုက်မှု တိုးစေတယ်၊ ခန္ဓာကိုယ်ကို "အရေးပေါ်အခြေအနေ" အတွက် ပြင်ဆင်စေပါတယ်။

"Adrenaline addiction" လို့ ခေါ်ကြတာကတော့ လူတစ်ယောက်ဟာ ဒီလို စိတ်လှုပ်ရှားမှု၊ အန္တရာယ်နီးစပ်တဲ့ ခံစားချက်တွေကို မကြာခဏ ရှာဖွေလာတာ၊ မရှိရင် မပြည့်စုံသလို ခံစားလာတာကို ဆိုလိုပါတယ်။

အကြောင်းရင်းတွေက အမြဲတမ်း ဖိစီးမှုအောက်မှာ နေထိုင်ရခြင်း၊ စစ်ပွဲဒေသလို အန္တရာယ် မကြာခဏ ဖြစ်ပေါ်တဲ့နေရာတွေမှာ ကိုယ်ခန္ဓာက အက်ဒရီနလင်းကို အမြဲနီးပါး ထုတ်လွှတ်နေနိုင်ပါတယ်။ အချိန်ကြာလာရင် ဒီအခြေအနေကို "ပုံမှန်" လို့ ခံစားလာပြီး စိတ်လှုပ်ရှားမှုနဲ့ အသက်ရှင်နေတာကို ခံစားလိုတာမျိုးဖြစ်လာပါတယ်။

စစ်ပွဲလို အတွေ့အကြုံတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ အက်ဒရီနလင်းနဲ့ ဆက်စပ်နေတဲ့ ဒိုပါမင်း (dopamine) လို စိတ်ကျေနပ်မှုနဲ့ သက်ဆိုင်တဲ့ ဓာတ်ပစ္စည်းတွေ ပါဝင်နေတာကြောင့် စိတ်လှုပ်ရှားမှုကို "ကောင်းမွန်တဲ့ခံစားချက်" အဖြစ် ခံစားလာနိုင်ပါတယ်။

ဒါပေမဲ့ "adrenaline addiction" ဟာ ဆေးဘက်ဆိုင်ရာ တရားဝင် ရောဂါအမည်တစ်ခု မဟုတ်ပါဘူး။ အများအားဖြင့် စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတစ်မျိုးအဖြစ် ဖော်ညွှန်းကြပါတယ်။

လူတွေဟာ အမြဲတမ်း ဖိစီးမှုအောက်မှာ နေထိုင်နေရတဲ့ အခါ ခန္ဓာကိုယ်က ကော်တီဆိုလ် (cortisol) နဲ့ အက်ဒရီနလင်း (adrenaline) ဟော်မုန်းတွေကို ထုတ်လွှတ်လာတတ်ပါတယ်။

ဒီဟော်မုန်းတွေဟာ "ပျော်ရွှင်မှုဟော်မုန်း" လို့ ခေါ်ကြတဲ့ ဒိုပါမင်း (dopamine) ထုတ်လွှတ်မှုကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် အရင်က ပျော်ရွှင်စေခဲ့တဲ့အရာတွေဟာ အရင်ကာလတွေလို သက်ရောက်မှု မရှိတော့ဘဲ စိတ်ကျေနပ်မှု နည်းလာနိုင်ပါတယ်။

ဒီလို ဖိစီးမှုအခြေအနေအောက်မှာ ရှိနေပြီးသား လူတွေအနီးမှာ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်လာတဲ့အခါ အက်ဒရီနလင်းဟော်မုန်း ပိုမိုတိုးထွက်လာစေနိုင်ပါတယ်။ ဒိုပါမင်း (ပျော်ရွှင်မှုဟော်မုန်း) မရရှိနေတဲ့အချိန်မှာ ဒီအက်ဒရီနလင်း တက်လာခြင်းက ခဏတာ စိတ်လှုပ်ရှားမှုတစ်မျိုးကို ပေးနိုင်ပြီး အစားထိုးစိတ်ကျေနပ်မှုတစ်ရပ်လို ခံစားစေနိုင်ပါတယ်။

တချို့လူတွေကတော့ အာရုံကြောစနစ်ကို ပြင်းထန်စွာ လှုံ့ဆော်ပေးတဲ့ ဒီလို ခံစားချက်မျိုးကို စွဲလမ်းလာနိုင်ပါတယ်။

တချိန်ကတော့ ဒီလိုစိတ်လှုပ်ရှားမှုကို ရဖို့ အလွန်ပြင်းထန်တဲ့အတွေ့အကြုံတစ်ခုခု လိုအပ်ခဲ့တယ်လို့ စကရစ်ပနစ်က ပြောပါတယ်။ ဥပမာ ယာဉ်မတော်တဆမှုတစ်ခု၊ လေထီးခုန်ခြင်း၊ သို့မဟုတ် တောင်တက်ခြင်းတို့လို ဖြစ်ရပ်များပါ။ ဒါပေမယ့် ဒီကနေ့ခေတ်မှာတော့ အလွယ်ဆုံးနည်းလမ်းက ဒရုန်းတိုက်ခိုက်မှုတစ်ခု ဖြစ်လာမယ့်အချိန်ကို စောင့်နေရုံသာ ဖြစ်လာပြီလို့ သူက ရှင်းပြပါတယ်။

ဒါပေမဲ့ "အက်ဒရီနလင်း စွဲလမ်းမှု" ကို ကိုယ်ကိုယ်ကို နာကျင်စေချင်တဲ့ စိတ်သဘောထား (masochism) အဖြစ် မမြင်သင့်ကြောင်း ယူကရိန်းအမျိုးသားစိတ်ပညာအသင်းရဲ့ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဗာလေရီးယာ ပါလီယီက ပြောပါတယ်။

သူ့ရဲ့အဆိုအရ ဒါဟာ ကိုယ်ကိုယ်ကို ထိခိုက်စေလိုတာ မဟုတ်ဘဲ စိုးရိမ်ပူပန်မှုတွေ ကြာရှည်ကြုံတွေ့ပြီးနောက် လွတ်မြောက်သလို ခံစားချင်တဲ့ဆန္ဒတစ်မျိုးသာ ဖြစ်တယ်လို့ ရှင်းပြပါတယ်။

PTSD နဲ့ တူညီသလား

Post-traumatic Stress Disorder (PTSD) ဆိုတာက ဆိုးရွားပြင်းထန်ပြီးစိတ်ဒဏ်ရာရစေတဲ့ ဖြစ်ရပ်တစ်ခုကို ကြုံတွေ့ပြီးနောက် ဖြစ်ပေါ်လာတတ်တဲ့ အခြေအနေဖြစ်ပြီး၊ ဖြစ်ရပ်ကို ပြန်လည်မြင်ယောင်ခြင်း၊ မလိုလားအပ်ပဲ စိတ်ထဲဝင်လာသော အမှတ်ရစရာများ၊ မကြာခဏ မျက်ရည်ကျခြင်း၊ စိုးရိမ်ပူပန်မှုတွေနဲ့ အန္တရာယ်ရှိနိုင်ခြေအပေါ် အမြဲသတိထားနေခြင်းတို့ ပါဝင်ပါတယ်။

စကရစ်ပနစ်ရဲ့အဆိုအရ "အက်ဒရီနလင်း စွဲလမ်းမှု" ဟာ လူတိုင်းမှာ ဖြစ်ပေါ်နိုင်တဲ့ စိတ်အလိုကျ ညှိနှိုင်းမရခြင်းဆိုင်ရာအခြေအနေ (adjustment disorder) တစ်မျိုးနဲ့ ပိုပြီး ဆင်တူတယ်လို့ဆိုပါတယ်။

စိုးရိမ်တတ် ပူပန်တတ်တဲ့အခံရှိသူများအနေနဲ့ ပေါက်ကွဲမှုတွေဖြစ်ပေါ်ချိန်မှာတောင် ပိုပြီးတည်ငြိမ်သလို ခံစားရကြောင်း စကရစ်ပနစ်က ဆက်ရှင်းပြပါတယ်။ အကြောင်းက သူတို့ရဲ့ အက်ဒရီနလင်းအဆင့်က မူလကတည်းက မြင့်နေပြီးသားဖြစ်တာကြောင့်လို့ ဆိုပါတယ်။

"စစ်ပွဲအစပိုင်းကာလမှာ အမျိုးသား၊ အမျိုးသမီးတချို့က စိုးရိမ်ပူပန်မှုမရှိခဲ့ဘဲ ပြေးလွှားကြပေမယ့် စိုးရိမ်ပူပန်မှုရောဂါရှိတဲ့လူနာတွေကတော့ တည်ငြိမ်စွာ အိတ်တွေ သယ်ပြီး သူတို့ရဲ့ ဇနီး၊ ခင်ပွန်းတွေကို အားပေးနှစ်သိမ့်သလို ပိုမို စနစ်တကျ၊ အာရုံစိုက်ပြီး ဆောင်ရွက်နိုင်ခဲ့ကြပါတယ်"လို့ စကရစ်ပနစ်က ပြောပါတယ်။

ကီယက်ဗ်မြို့က အီရီနာကလည်း သူ့မှာ ဒီလိုအတွေ့အကြုံမျိုး ဖြစ်ခဲ့ကြောင်း ဘီဘီစီကို ပြောပြပါတယ်။

"အာရုံကြောစနစ်ထဲမှာ ထူးဆန်းတဲ့ အတွင်းပိုင်းတုံ့ပြန်မှုတစ်မျိုးရှိတယ်။ အခြေအနေအရ အဆိုးဆုံးလို ဖြစ်နေသင့်တဲ့အချိန်မှာ ကိုယ်တိုင်ကို အကောင်းဆုံးပုံစံနဲ့ ရှိနေသလို ခံစားရတယ်" လို့ သူက ပြောပါတယ်။

လက်နက်ကြီးပစ်ခတ်မှုဖြစ်နေချိန်မှာ အရင်က သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့တဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ အတွေးတွေ အားလုံး ပျောက်ကွယ်သွားပြီး အာရုံစိုက်မှုတစ်မျိုး ပေါ်ထွက်လာတတ်ကြောင်း သူက ရှင်းပြပါတယ်။

လစ်ဗ်မြို့က စိတ်ပညာကျွမ်းကျင်သူ ဗိုလိုဒီမီးယာ စတန်ချီရှင်က က စစ်ပွဲဆိုင်ရာ စိတ်ခံစားချက်တွေကို ဆွေးနွေးထားတဲ့ "Emotional Swings of War" စာအုပ်ကို ရေးသားသူဖြစ်ပြီး လူတွေ ဘာကြောင့် ဒီလိုစိတ်ရှုပ်ထွေးတဲ့စိတ်ခံစားချက်တွေကို ကြုံတွေ့ရသလဲဆိုတာကိုနားလည်နိုင်ကြောင်း ပြောပါတယ်။

ပေါက်ကွဲမှုတွေဖြစ်ပေါ်နေချိန်မှာ လူတစ်ယောက်အတွက် တစ်ခုတည်းသောရည်ရွယ်ချက်မှာ အသက်ရှင်ကျန်ရစ်ဖို့သာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

"ဒီအချိန်အတွင်းမှာ လူတစ်ယောက်က စိတ်ပေါ့ပါးသလို ခံစားရတတ်တယ်။ ဘာကြောင့်လဲဆိုတော့ အခြားအရာအားလုံးက ခဏတဖြုတ် ရပ်သွားသလို ဖြစ်သွားလို့ပါ" လို့သူကပြောပါတယ်။

စတန်ချီရှင်က "အက်ဒရီနလင်း စွဲလမ်းမှုကို ပြဿနာကြီးတစ်ခုလို မမြင်သင့်ပါဘူး။ ဒါဟာ ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ သဘာဝထဲက စိတ်ဝင်စားဖို့ကောင်းတဲ့ လက္ခဏာတစ်ရပ်သာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။

ကောင်းတဲ့အရာတွေဆိုရင် မြန်မြန်အကျင့်ရသွားလေ့ရှိတယ်

ဘီဘီစီ ယူကရိန်းဘာသာစကားဌာနနဲ့ စကားပြောခဲ့သူအချို့ကတော့ သူတို့မှာ ဖြစ်ပေါ်ခဲ့တဲ့ ဒီလို စိတ်ပိုင်းဆိုင်ရာ စွဲလမ်းမှုတွေဟာ မကြာမီပဲ လျော့နည်းသွားခဲ့ကြောင်း ပြောပါတယ်။

ဘူချန်စကီးခရိုင်၊ ချာယ်ကီကျေးရွာက မိုင်ကိုလာက ရုရှားတပ်ဖွဲ့တွေ ကီယက်ဗ်မြို့အနီးကို နီးကပ်လာခဲ့တဲ့အချိန်က အဲဒီလို ခံစားချက်ကို အလွန်ပြင်းထန်စွာ ခံစားခဲ့ရကြောင်း ပြန်ပြောပြပါတယ်။

အဲဒီအချိန်မှာတော့ သူနေထိုင်တဲ့တိုက်ခန်းတွဲမှာ နေကြသူအများစုဟာ မိသားစုတွေကိုပါခေါ်ပြီး ရွှေ့ပြောင်းသွားကြပြီဖြစ်ပေမဲ့ သူကတော့ ကျန်နေခဲ့ပြီး ပေါက်ကွဲမှုတွေကို ၁၂ ထပ်ကနေ စောင့်ကြည့်နေခဲ့တယ်လို့ ဆိုပါတယ်။

"လက်နက်ကြီးပစ်ခတ်တဲ့တိုက်ပွဲတွေ၊ Bayraktar ဒရုန်းတွေနဲ့ လေကြောင်းတိုက်ပွဲတွေ ဖြစ်ခဲ့တယ်။ ညအချိန်မှာ ပစ်ချခံရတဲ့တိုက်လေယာဉ်တွေပါ ရှိခဲ့တယ်။ ပတ်ဝန်းကျင်တစ်လျှောက်လုံး မီးလောင်နေချိန်မှာတောင် ကော်ဖီဖျော်ပြီး တိုက်ခန်း လေသာဆောင်ကနေ အဲဒီအဖြစ်အပျက်တွေကို တစ်လကျော်ကြာ စောင့်ကြည့်နေခဲ့တယ်" လို့ မိုင်ကိုလာက ပြောပါတယ်။

ရုရှားတပ်ဖွဲ့များ ဆုတ်ခွာသွားချိန်မှာတောင် "ဒီအခြေအနေကိုတောင် တောင့်တနေခဲ့တယ်" လို့ သူ တွေးမိခဲ့ကြောင်း ပြန်ပြောပြပါတယ်။

"ကောင်းတဲ့အရာတွေကို လူတွေ မြန်မြန် အကျင့်ရသွားတတ်တယ်" လို့ သူက ဖြည့်ပြောပြီး နှစ်ပတ်ခန့်အတွင်း အဲဒီခံစားချက်ဟာ ပျောက်ကွယ်သွားခဲ့တယ်လို့ဆိုပါတယ်။

ဒါပေမဲ့ စစ်ပွဲကို ကြုံခဲ့ရသူတွေအတွက် ရေရှည်အကျိုးဆက်တွေ ကျန်နေတတ်သလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး တိကျရေရာတဲ့အဖြေတော့ မရှိသေးပါဘူး။

စိတ်ရောဂါဆိုင်ရာ ဆရာဝန် စကရစ်ပနစ်က ရှင်းပြတာက ယေဘုယျအားဖြင့် အနီဒိုးနီးယား (anhedonia)ဆိုတာက အရင်က ပျော်ရွှင်မှု ပေးစွမ်းခဲ့တဲ့အရာတွေက ပျော်ရွှင်မှု မခံစားနိုင်တော့ဟာ စိုးရိမ်ပူပန်မှုရောဂါတွေနဲ့ စိတ်ကျရောဂါများ ပေါ်ပေါက်လာတဲ့ အခြေခံအကြောင်းရင်းတစ်ရပ် ဖြစ်တယ်လို့ဆိုပါတယ်။

စစ်ပွဲပြီးဆုံးသွားတဲ့အခါ လူအချို့ဟာ သူတို့ရဲ့နေ့စဉ်ဘဝအတွင်းမှာ အက်ဒရီနလင်းဟော်မုန်း တက်စေတဲ့ စိတ်လှုပ်ရှားမှုတွေကို ရှာဖွေလာနိုင်ကြပါတယ်။

"ဒါက မိသားစုအတွင်း အငြင်းပွားမှုတွေ ပိုများလာ နိုင်တယ်။ ကွာရှင်းမှုတွေ တိုးလာနိုင်တယ်။ အရက်သောက်သုံးမှုလည်း မြင့်တက်လာနိုင်တယ်။ လူတွေက သူတို့ကို ပြင်းထန်စွာ လှုံ့ဆော်ပေးနိုင်တဲ့အတွေ့အကြုံတစ်မျိုးမျိုးကို လိုအပ်လာနိုင်တယ်" လို့ သူက ပြောပါတယ်။

ဒါပေမဲ့ လူအများက ပြဿနာမရှိဘဲ ပုံမှန်ဘဝကို ပြန်လည်လိုက်လျောညီထွေ လိုက်နာနိုင်ကြလိမ့်မယ်လို့ သူက ယုံကြည်ထားပါတယ်။

"စစ်ပွဲပဲ အရင်ပြီးဆုံးပါစေဦး။ အဲဒီနောက်မှာတော့ ကျွန်တော်တို့ စိတ်ရောဂါဆရာဝန်တွေ၊ စိတ်ပညာရှင်တွေက အခြေအနေကို ကြည့်ရှုသုံးသပ်ကြမယ်" လို့ သူက ပြောပါတယ်။