ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ရွေးကောက်ပွဲကျင်းပရုံနဲ့ မြန်မာ့အကျပ်အတည်းဖြေရှင်းနိုင်မှာမဟုတ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော

မြန်မာမှာ အားလုံးပါဝင်တဲ့ တွေ့ဆုံ‌ ဆွေးနွေးရေးနဲ့ စစ်မှန်တဲ့ငြိမ်းချမ်ရေးဖြစ်စဥ်တွေ ဖြစ်ပေါ်လာဖို့ လိုအပ်တယ်လို့ ထိုင်းနိုင်ငံခြား‌ရေးဝန်ကြီး ပြောတဲ့ သတင်းအပါအဝင် ဖေဖော်ဝါရီ ၂၆ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ထိုင်းနိုင်ငံခြားမြန်မာမှာ အားလုံးပါဝင်တဲ့ တွေ့ဆုံ‌ ဆွေးနွေးရေးနဲ့ စစ်မှန်တဲ့ငြိမ်းချမ်ရေးဖြစ်စဥ်တွေ ဖြစ်ပေါ်လာဖို့ လိုအပ်တယ်လို့ ထိုင်းနိုင်ငံခြား‌ရေးဝန်ကြီးပြော
  • ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ကြား ချစ်ကြည်မှုလမ်းကြောင်းသစ်တစ်ရပ် တည်ဆောက်ဖို့ အခွင့်အရေးလို့ ULA/AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော
  • ကိုးကန့်ရဲ့ မြီနဲ့ ပယ် မိသားစုဝင်တွေနဲ့ သူတို့ရဲ့ဆက်စပ်သူတွေရဲ့အမှုတွေကို တရုတ်တရားရုံးတွေမှာ တရားစွဲဆိုထားတာတွေ ပြီးဆုံးပြီလို့ ပြည်သူ့တရားရုံးချုပ်ဆို
  • နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းရွာက အာဟာရသုခစျေး မီးလောင်မှုမှာ ဆိုင်ခန်း ၂၄၀ နီးပါး မီးထဲပါ
  • KNU တပ်မဟာ ၇ နယ်မြေဖြစ်တဲ့ ပိုင်ကျုံမြို့နယ်ထဲကို စစ်ကော်မရှင်တပ်က အခုသီတင်းပတ်အတွင်း အင်အားသုံး စစ်ကြောင်းထိုးလာ
  • တရားဝင်အထောက်အထားမရှိတာ ဒါမှမဟုတ် ထိုင်းအစိုးရက တားမြစ်ထားတဲ့ အလုပ်အကိုင်တွေကို လုပ်နေတာကြောင့် မဲဆောက်မှာ မြန်မာ ၁၄ ဦး ဖမ်းဆီးခံရ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဖေဖော်ဝါရီ ၂၆ ရက်နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. ပုဏ္ဏားကျွန်းနဲ့ မြင်းမူကို စစ်တပ် ဗုံးကြဲမှု အလွန်အမင်းစိုးရိမ်ကြောင်း UNICEF ပြော

    ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူရွာ စျေးတန်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲမှုနဲ့ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်ထဲကို စစ်တပ်ဗုံးကြဲချိန် သေဆုံးခဲ့ကြသူတွေထဲမှာ ကလေးငယ် ၅ ဦးထက်မနည်း ပါဝင်နေတာကြောင့် ဒီဖြစ်ရပ်ကို အလွန်အမင်းစိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF) က ထုတ်ပြန်ပြောဆိုပါတယ်။

    စစ်တပ်ဟာ ပုဏ္ဏားကျွန်းမြို့နယ်ထဲက ယိုးငူရွာစျေးတန်းကို ဖေဖော်ဝါရီလ ၂၄ ရက်မွန်းလွဲပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ကလေးနဲ့ အမျိုးသမီးတွေအများစုအပါအဝင် လူ ပေါင်း ၁၈ ဦးသေဆုံးပြီး နောက်ထပ် ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့ပါတယ်။

    ဒဏ်ရာရသူတွေထဲက အချို့ဟာ စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ မြေပြင်မှာ ကူညီရေးလုပ်နေတဲ့ ဦးဝေဟင်အောင်က ဒီနေ့ ညနေပိုင်းမှာပဲ ဘီဘီစီကို ပြောပါတယ်။

    ဖေဖော်ဝါရီလ ၂၃ ရက် ည ၇ နာရီကျော်ခန့်တုန်းကလည်း စစ်တပ်က စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ရွှေကျောင်းကန်ရွာကို ဗုံးကြဲချိန် ဆီကြိတ်စက်လုပ်ငန်းလုပ်တဲ့အိမ်ကို ထိမှန်ခဲ့တာကြောင့် သေဆုံးသူ ၁၀ ဦးအထိရှိခဲ့ပါတယ်။ အဲဒီဖြစ်ရပ်မှာလည်း သေဆုံးသူတွေထဲ အသက် ၅ နှစ်အောက် ကလေးငယ် ၁ ဦးပါဝင်ပါတယ်။

    UNICEF ကတော့ ကလေးငယ်နဲ့ အရပ်သားတွေသေဆုံးနေတဲ့ ဒီဖြစ်ရပ်အတွက် အထူးစိုးရိမ်နေလို့ပြောပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေကို လေးစားလိုက်နာဖို့၊ ကလေးငယ်တွေဟာ ကာကွယ်စောင့်ရှောက်ပေးရမယ့်သူတွေဖြစ်တယ်လို့ ပြောထားပါတယ်။

  3. စစ်ပွဲကြားအနေကြာတဲ့အခါ လက်နက်ကြီး ပစ်သံကို နားယဉ်သဘောကျတတ်လား

    ''ခေါင်းထဲမှာ သိတဲ့အသိက ပေါက်ကွဲမှုတွေဆိုတာ အန္တရာယ်များပြီး ကြောက်ဖို့လည်းကောင်းတယ်လို့ သိတယ်။ ... ဒါပေမဲ့ ကိုယ်ခန္ဓာကကျတော့ အဲဒီအထိအတွေ့ကို ခံစားချင်နေမိတယ်'' လို့ မာဂရီတာက ပြောပါတယ်။

    ရုရှားရဲ့ကျူးကျော်မှုကို ခံရတာ ၄ နှစ်ကြာလာတဲ့အခါမှာတော့ ယူကရိန်းနိုင်ငံသားအများစုဟာ စစ်ပွဲနဲ့ပတ်ပြီး ခံစားချက်တွေ ရောပြွမ်းနေပါတယ်။

    လက်နက်ကြီးကျသံတွေ နိစ္စဓူဝကြုံနေရလို့ လက်နက်ကြီးသံဟာ ကြောက်စိတ်ရော၊ နားစွင့်ချင်စိတ်ပါ ဖြစ်နေစေတယ်လို့ အချို့က ပြောလာပါတယ်။ စိတ်ပညာရှင်တွေကတော့ ဒါဟာ ''စိတ်ဖိစီးမှုကို စွဲလမ်းမှု'' လို့ ခေါ်ပါတယ်။

    စိတ်ပညာရှင် ယာချင် စကစ်ညစ် တစ်ယောက် ဒီအကြောင်းကို လူမှုကွန်ရက်ပေါ်မှာ ရေးတင်လိုက်တဲ့အခါမှာ လူရာနဲ့ချီက မှတ်ချက်ပေးတုံ့ပြန် ရေးသားပြောဆိုချပါတယ်။ ဒါဟာ 'ယူကရိန်းတွေအတွက် စိတ်ရောဂါအသစ်'' လို့တောင် ခေါ်ကြပါတယ်။ သူတို့လည်း ဒီလိုဖြစ်နေတယ်လို့ ပြောပေမဲ့ ဒီလိုဖြစ်နေကြောင်း ဝန်ခံဖို့ရာ မစွမ်းသာဘူးလို့ ဆိုကြပြန်ပါတယ်။

    တချို့ကလည်း ထိခိုက်နာကျင်ရမယ့် ကြောက်စရာအခြေအနေ တစ်ရပ်ရပ်ကို သဘောကျစရာတစ်ခုလို့ မှတ်ယူတဲ့သူ ရှိပါဦးမလားလို့ ထောက်ပြပြီး ဒါဟာ ယုတ္တိမရှိတဲ့သဘောတရားတစ်ခုလို့ဆိုကြပြန်ပါတယ်။

    ဒီတော့ ဒီလိုစိတ်ခံစားချက်တွေကို ဘယ်အရာက စေ့ဆော်ပေးတာပါလဲ။ စစ်ပွဲဇုန်ထဲမှာ နေထိုင်ကြသူတွေရဲ့ စိတ်ကျန်းမာရေးကို ဘယ်အရာတွေက မီးမောင်းထိုးပြနိုင်ပါလဲ။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။

  4. အမေရိကန်နယ်ခြားစောင့်တပ်ဖွဲ့ လမ်းဘေးမှာ ချထားခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်တစ်ဦးကို သေဆုံးလျက် ပြန်တွေ့

    အမေရိကန်နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေက လမ်းဘေးမှာ ထားခဲ့တာကြောင့် အမြင်အာရုံ ချို့ယွင်း နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တစ်ဦးကို ဖေဖော်ဝါရီ ၂၄ ရက်မှာ သေဆုံးလျက်တွေ့ရတယ်လို့ ဘက်ဖလိုမြို့သတင်းက ထုတ်ပြန်ပါတယ်။

    သေဆုံးသူက အမေရိကန်၊ ဘက်ဖလိုမြို့ကို ဒုက္ခသည် အဖြစ်ရောက်လာတာ ၁၅ လပဲရှိသေးတဲ့ အသက် ၅၆ နှစ်အရွယ် နူရူလ် အမင် ရှာအလမ်ဆိုသူ ဖြစ်ပါတယ်။

    သူက အီရီခရိုင်ထိန်းသိမ်းရေးစခန်းကနေ လွတ်မြောက်လာချိန်မှာ နယ်ခြားစောင့်တပ်ဖွဲ့က အိမ်ကို အကြောင်းမကြားပေးဘဲ လမ်းဘေးက ထားပစ်ခဲ့တာလို့ အမေရိကန်သတင်းတွေက ဖော်ပြပါတယ်။

    ဖမ်းဆီးခံရတာကလည်း အမြင်အာရုံကွယ်လုနီးပါးချို့ယွင်းနေတာကြောင့် လမ်းလျှောက်တုတ်ကိုင်ပြီး သွားလာချိန်မှာ လမ်းပျောက်ကာ အမျိုးသမီးတစ်ဦးရဲ့နေအိမ်ကို လမ်းမှားဝင်မိကာ ကျူးကျော် ဝင်ရောက်မှု၊ လက်နက်ကိုင်ဆောင်မှုတို့နဲ့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

    ခန်းဆီးလိုက်တာတပ်တဲ့တုတ်ကို ကိုင်လျှောက်တာကြောင့် လက်နက်ကိုင်ဆောင်မှုလို့ သတ်မှတ်ခံရတာပါ။

    အဲဒီတုန်းကလည်း ရဲတပ်ဖွဲ့က သူ့လက်ထဲကတုတ်ကို ချခိုင်းတာကို ဘာသာစကား အခက်အခဲကြောင့် နားမလည်တဲ့အတွက် ရိုက်နှက်ခံရတယ်လို့ သူ့ရှေ့နေက သတင်းမှာ ဖြေထားပါတယ်။

    သူအာမခံနဲ့ ပြန်လွတ်လာတဲ့ရက်မှာ ထိန်းသိမ်းရေးစခန်းက နယ်ခြားစောင့်တပ်လက်ထဲကို လွှဲခဲ့တာပါ။

    ဖေဖော်ဝါရီ ၁၉ ရက်မှာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေက မိသားစုဝင်နဲ့ ရှေ့နေဆီကို အကြောင်း ကြားပေးတာမရှိဘဲ သေဆုံးသူရဲ့ နေအိမ်ကနေ ၅ မိုင်အကွာက စားသောက်ဆိုင်ရှေ့မှာ ချထားခဲ့တာပါ။

    အမေရိကန် အကောက်ခွန်နှင့် နယ်စပ်လုံခြုံရေးဌာနရဲ့ ဒီဆုံးဖြတ်ချက်ဟာ ပရော်ဖက်ရှင် နယ်မဆန်သလို လူမဆန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ဘက်ဖလိုမြို့တော်ဝန် ရှောင်ရိုင်ယန်က ပြောပါတယ်။

    “နူရူလ် အမင် ရှာအလမ် မသေသင့်ဘဲ သေဆုံးရမှုအတွက် အလွန်ထိတ်လန့်မိသလို အမေရိကန် အကောက်ခွန်နဲ့ နယ်စပ်လုံခြုံရေးဌာနရဲ့ တာဝန်ပျက်ကွက်မှုဖြစ်ပါတယ်" လို့ မြို့တော်ဝန်က ဆိုပါတယ်။

  5. မဲဆောက်မှာ နေအိမ်နဲ့ လုပ်ငန်းခွင်ထဲအထိ ဝင်ရောက် စစ်ဆေးလို့ ၂ ရက်အတွင်း မြန်မာ ၁၄ ဦးဖမ်းဆီးခံရ

    ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ ထိုင်းအာဏာပိုင်တွေက မြန်မာရွှေ့ပြောင်းတွေရဲ့နေအိမ်နဲ့ လုပ်ငန်းခွင်တွေကို အခုရက်ပိုင်းအတွင်း ဆက်တိုက်ဝင်ရောက်စီးနင်း စစ်ဆေးတာကြောင့် ၂ ရက်အတွင်း ဖမ်းဆီးခံရသူ ၁၄ ဦးရှိတယ်လို့ ထိုင်း လူဝင်မှုကြီးကြပ်ရေး(လ၀က) အချက်အလက်တွေအရ သိရပါတယ်။

    ဖမ်းဆီးခံရသူတွေဟာ တရားဝင်အထောက်အထားမရှိတာ ဒါမှမဟုတ် ထိုင်းအစိုးရက တားမြစ်ထားတဲ့ အလုပ်အကိုင်တွေကို လုပ်နေတာကြောင့် ဖမ်းဆီးခံရတာလို့ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။

    ဖေဖော်ဝါရီ ၂၄ ရက်မှာ အွန်လိုင်းကတဆင့် ရွှေနဲ့ လက်ဝတ်ရတနာရောင်းချသူ ၄ ဦးကို အာဏာပိုင်တွေက အိမ်ထဲ ဝင် ဖမ်းခဲ့ပါတယ်။

    အဲဒီတစ်နေ့တည်းမှာပဲ ‌ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့်မရှိဘဲ ဝင် ရောက်လုပ်ကိုင်သူ ၄ ဦးလည်း ထပ်ပြီး ဖမ်းဆီးခံရပါတယ်။

    ထိုင်းအာဏာပိုင်တွေဟာ မနေ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့တုန်းကလည်း မဲဆောက်က ဆံပင်ညှပ်ဆိုင်၊ ပတ်စ်ပို့နဲ့ CI ဝန်ဆောင်မှုရုံး၊ စားသောက်ဆိုင်တွေက မြန်မာ ၆ ဦးကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးခဲ့ပါတယ်။

    ဒီဖမ်းဆီးမှုတွေကို မနေ့က ပြုလုပ်ခဲ့တဲ့အကြောင်း တာ့ခ်ခရိုင် လဝကက ဒီနေ့ သတင်းထုတ်ပြန်ချိန်မှာ ဖော်ပြတာဖြစ်ပါတယ်။

    ဆံပင်ညှပ်ဆိုင်က ၁ ဦး၊ ပတ်စ်ပို့နဲ့ CI ဝန်ဆောင်မှုရုံးက ၃ ဦးနဲ့ စားသောက်ဆိုင်က ၂ ဦး ဖမ်းဆီးခဲ့တာပါ။

    သူတို့ဟာ အထောက်အထားမရှိတာနဲ့ တားမြစ်အလုပ်တွေကို လုပ်ကိုင်လို့ ဖမ်းဆီးခံရတာဖြစ်ပြီး ဥပဒေအတိုင်းဆက်လက်အရေးယူသွားမယ်လို့ တာ့ခ်ခရိုင်လဝကက ထုတ်ပြန်ပါတယ်။

    ထိုင်းမှာ ထိုင်းနိုင်ငံသားတွေသာ လုပ်ပိုင်ခွင့်ရတဲ့ အလုပ်အကိုင် အမျိုးအစားပေါင်း ၂၇ ခုအထိ သတ်မှတ်ထားပြီး အဲဒီထဲမှာ အနှိပ်ပညာ၊ အလှပြင်လုပ်ငန်း၊ ယက်ကန်း စတဲ့လုပ်ငန်းတွေ ပါဝင်ပါတယ်။

  6. နယ်မြေစိုးမိုးဖို့ KNU တပ်မဟာ ၇ ဘက်ကို စစ်တပ်က အင်အားသုံး စစ်ကြောင်းထိုး

    ကရင်ပြည်နယ်ထဲက ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၇ နယ်မြေဖြစ်တဲ့ ပိုင်ကျုံမြို့နယ်ထဲကို စစ်ကော်မရှင်တပ်က အခုသီတင်းပတ်အတွင်း အင်အားသုံး စစ်ကြောင်းထိုးတာကြောင့် နှစ်ဖက်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတယ်လို့ ကရင်စစ်ရေးအရင်းအမြစ်က ဘီဘီစီကို ပြောပါတယ်။

    KNU ကလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)နဲ့ စစ်တပ်တို့ဖြစ်တဲ့ ဖေဖော်ဝါရီ ၂၃ ရက်တိုက်ပွဲမှာ စစ်သား ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရတယ်ဆိုတဲ့စစ်ရေးသတင်းကို ထုတ်ပြန်ထားပါတယ်။

    အဲဒီတိုက်ပွဲအတွင်း အရပ်သား ၂ ဦး ထိခိုက်တယ်လို့လည်း KNU က ဆိုပါတယ်။

    “တိုက်လေယာဉ်တွေ တစ်နေ့လုံး လာနေတယ်။ လေကြောင်း တိုက်သွားတာတော့ မရှိသေးဘူး။ အာရှလမ်းကို တရားဝင် ဖွင့်သုံးနိုင်ဖို့နဲ့ နယ်စပ်ကုန်သွယ်ရေးအတွက် KNU သိမ်းထားတဲ့ နယ်စပ် စခန်းတွေကို စစ်တပ်က နယ်မြေစိုးမိုးဖို့ ချဲ့လာတာပဲ” လို့ ကရင်စစ်ရေးအရင်းအမြစ်က ပြောပါတယ်။

    KNU ရဲ့ KNLA တပ်နဲ့ ပြည့်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဟာ ဒေါနတောင် အရှေဘက်ခြမ်း ထိုင်း- မြန်မာနယ်စပ်က စစ်တပ်အခြေစိုက်စခန်းတွေ အားလုံးနီးပါးကို ပြီးခဲ့တဲ့နှစ်အတွင်း ဆက်တိုက်သိမ်းယူ ထားတာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာ KNU ဟာ ထိုင်း-မြန်မာနယ်စပ်တလျှောက်က ပူလူးတူ၊ ခလယ်ဒေး၊ တခေါဘီခွီးအပါအဝင် စစ်တပ်စခန်းတွေကို သိမ်းထားတာဖြစ်ပါတယ်။

    နယ်စပ်တကြောက နယ်မြေတွေကို လက်လွှတ်ဆုံးရှုံးထားရတာကြောင့် စစ်တပ်က ထိုင်းကုန်စည်တွေကို ကုန်းလမ်းကတဆင့် တင်သွင်းခွင့်ကိုလည်း ပိတ်ပင်ထားပါတယ်။

    အခုတော့ စစ်တပ်ဟာ ပိုင်ကျုံကနေတဆင့် ဒေါနတောင်တန်းကို ကျော်ပြီး အဲဒီစခန်းတွေကို ပြန်သိမ်းဖို့နဲ့ နယ်မြေ စိုးမိုးဖို့ အင်အားသုံး စစ်ကြောင်းထိုးတယ်လို့ သုံးသပ်မှုတွေလည်း ရှိိနေပါတယ်။

    တဖက်မှာလည်း ထိုင်း-မြန်မာကုန်သွယ်ရေး အဓိကလမ်းကြောင်းဖြစ်တဲ့ အာရှလမ်းမကြီး ဖြတ်သွားရာ ကရင်ပြည်နယ်ထဲက ကော့ကရိတ်နဲ့ မြဝတီမြို့နယ်တို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်ထားပြီးဖြစ်ပေမဲ့ ဒီလမ်းမကြီးကို ပြည့်ပြည့်ဝ၀ အသုံးမပြုနိုင်သေးတာကြောင့် နယ်စပ်ကုန်သွယ်ရေး ပြန်မစနိုင်သေးပါဘူး။

    နယ်စပ်ကုန်သွယ်ရေး ပိတ်ထားတာကြာပြီဖြစ်လို့ ထိုင်းဘက်ကလည်း ဒီကုန်သွယ်ရေးပြန်စနိုင်ဖို့ နေပြည်တော်ကို တိုက်တွန်းနေပါတယ်။

    နယ်စပ်ကုန်သွယ်ရေးပြန်စနိုင်ဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ပြီးခဲ့တဲ့တစ်ပတ်တုန်းက ဖူးခက်မြို့မှာတွေ့ချိန် ထပ်မံတိုက်တွန်းထားပါတယ်။

    ထိုင်းနိုင်ငံခြားရေးဝန်ကြီးကတော့ နယ်စပ်ကုန်သွယ်ရေးဟာ မြန်မာအတွက်ရော၊ ထိုင်းအတွက်ပါ အရေးကြီးတာကြောင့် မြန်မာစစ်တပ်နဲ့ နယ်စပ်ကို ထိန်းချုပ်ထားတဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ တွေ့ဆုံဆွေးနွေးဖို့ ကြားဝင် ကူညီပေးနိုင်မယ်ဆိုရင် ကူညီဖို့အထိ မြန်မာဘက်ကို ကမ်းလှမ်းထားပါတယ်။

  7. စက်ရုံတွေမီးလောင်မှု - အလုပ်သမားတွေရဲ့ အသက်၊ အလုပ်နဲ့ ဘဝတွေ

    ရန်ကုန်၊ ရွှေပြည်သာမြို့နယ်ထဲက ဝါးတရာစက်မှုဇုန်မှာရှိတဲ့ အထည်ချုပ်စက်ရုံတစ်ရုံရဲ့ မီးလောင်မှုကို ၂၄ နာရီနီးပါး မီးငြှိမ်းသတ်ခဲ့ရတာက မီးသတ်သမားတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေအတွက် ထူးခြားဖြစ်စဥ်ဖြစ်ခဲ့ပါတယ်။

    ထမင်းစားနားချိန်မှာ စက်ရုံအတွင်းက ထွက်လာတဲ့ မီးခိုးလုံးတွေကြောင့် အထည်ချုပ်အလုပ်သမားအမျိုးသမီးငယ်တွေ ထိတ်လန့်တကြားရှိခဲ့ကြသလို ပြေးပြေးလွှားလွှားဖြစ်ခဲ့ကြတဲ့ ပုံရိပ်တွေက လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့ခဲ့ပါတယ်။

    စက်ရုံမီးလောင်မှုဟာ မိနစ်အနည်းငယ်အတွင်းပျံ့နှံ့သွားပြီး အလုပ်သမားအချို့ ပိတ်မိတာရှိသလို၊ အချို့ကတော့ အသက်ဘေးလွတ်အောင် ထွက်ပြေးခဲ့ကြရတယ်လို့ဆိုပါတယ်။

    ဒီမီးလောင်မှုနဲ့အတူ ထွက်လာတဲ့မေးခွန်းကတော့ စက်ရုံအလုပ်ရုံတွေမှာ မီးအပါအဝင် ဘေးအန္တရာယ် ကင်းရှင်းရေး အစီအမံတွေကို ဘယ်လိုလိုက်နာလုပ်ဆောင်နေလဲဆိုတဲ့အချက်အဖြစ်ပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  8. နေပြည်တာ်(ပျဉ်းမနား)က အာဟာရသုခစျေးက ဆိုင်ခန်း ၂၄၀ နီးပါး မီးလောင်

    နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းရွာက အာဟာရသုခစျေး မီးလောင်မှုမှာ ဆိုင်ခန်း ၂၄၀ နီးပါး မီးထဲပါသွားခဲ့တယ်လို့ စစ်ကော်မရှင်က သတင်းထုတ်လာပါတယ်။

    မနေ့ ဖေဖော်ဝါရီလ ၂၅ ရက် ည ၉ နာရီခန့်မှာ အဲဒီစျေး မီးလောင်ခဲ့တာကြောင့် ၁ နာရီနီးပါး မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကလည်း အစောပိုင်းမှာ ပြောထားပါတယ်။

    စစ်ကော်မရှင်ကတော့ ဒီစျေးမီးလောင်မှုမှာ လူထိခိုက်သေဆုံးမှုမရှိပေမဲ့ ပျဉ်းမနားမြို့နယ်ထဲ အဓိက ကျတဲ့စျေးဖြစ်တာကြောင့် ဒီစျေး မီးလောင်ရတဲ့အကြောင်းရင်းကို တိတိကျကျသိရအောင်စုံစမ်းမယ်လို့ သတင်းထုတ်ပါတယ်။

    မီးသတ်ယာဉ် ၈ စင်းနဲ့ငြှိမ်းသတ်ခဲ့ရတဲ့ ဒီမီးလောင်မှုမှာ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ဘယ်လောက်ရှိတယ်ဆိုတာကို စုံစမ်းနေတုန်းလို့ စစ်ကော်မရှင်က ပြောပါတယ်။

  9. ကိုးကန့်က မြီအိမ်၊ ပယ်အိမ်တို့နဲ့ ဆက်စပ်တဲ့အမှုတွေ ပြီးပြီလို့ တရုတ်ပြော

    ကိုးကန့်ရဲ့ထင်ရှားတဲ့ မိသားစုကြီး လေးစုထဲက မြီနဲ့ ပယ် မိသားစုဝင်တွေနဲ့ သူတို့ရဲ့ဆက်စပ်သူတွေရဲ့အမှုတွေကို တရုတ်တရားရုံးတွေမှာ တရားစွဲဆိုထားတာတွေ ပြီးဆုံးပြီလို့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ ပြည်သူ့တရား ရုံးချုပ်က ဆိုပါတယ်။

    ကိုးကန့် မြီနဲ့ ပယ်မိသားစုဝင်တွေအပါအဝင် လူပေါင်း ၁၆ ဦးကို သေဒဏ်ပေးပြီးတဲ့နောက်မှာ ဒီမိသားစုနဲ့ဆက်နွှယ်တဲ့အမှုတွေ ပြီးပြတ်ပြီလို့ တရုတ်ဘက်က ဒီနေ့မှာ ကြေညာလာတာဖြစ်ပါတယ်။

    ကျားဖြန့်နှိမ်နင်းရေးနဲ့ဆက်စပ်ပြီး ဒီမိသားစုကြီး ၂ စုရဲ့ မိသားစုဝင်တွေ အပါအဝင် လူပေါင်း ၃၉ ဦးကို ထောင်တစ်သက်၊ သေဒဏ်စီရင်တာအပြင် ပြင်းထန်တဲ့ပြစ်ဒဏ်တွေအသီးသီးချမှတ်ခဲ့တာလို့ တရုတ်နိုင်ငံပိုင် ဆုင်ဟွာက သတင်းဖော်ပြပါတယ်။

    တရုတ်ဟာ ကိုးကန့် မိသားစုကြီး ၂ စုက လူတွေအပါအဝင် လူ ၁၆ ဦးကို တရုတ်နှစ်သစ်ကူးမတိုင်ခင်မှာပဲ သေဒဏ်စီရင်ခဲ့တာလို့ တရုတ်ဘက်က သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

    တဖက်မှာလည်း ဒါဟာ မြန်မာနိုင်ငံမှာအခြေစိုက်နေထိုင်သူတွေကို တရုတ် တရားစီရင်ရေးအောက်မှာ အရေအတွက်အများဆုံး သေဒဏ်ပေးမှုဖြစ်ပါတယ်။

    နယ်စပ်ဖြတ်ကျော်ရာဇဝတ်ဂိုဏ်းကြီးနှစ်ခုကို အပြီးတိုင် ဖျက်သိမ်းလိုက်တာကြောင့် ဒါဟာ ပြည်တွင်းပြည်ပက ရာဇဝတ်ဂိုဏ်းတွေအတွက် ထိုးနှက်ချက်တစ်ခုဖြစ်တယ်လို့ ဆင်ဟွာသတင်းက ဖော်ပြပါတယ်။

    ၂၀၂၅ ခုနှစ်၊ နှစ်ကုန်ပိုင်းအထိ တရုတ်တရားရုံးတွေမှာ မြန်မာနိုင်ငံမြောက်ပိုင်းက တယ်လီကွန်းလိမ်လည်မှုတွေနဲ့ ဆက်စပ်တဲ့ အမှုပေါင်း ၂၇,၀၀၀ ကို အပြီးသတ်အမိန့်ချခဲ့တယ်လို့ ပြည်သူ့တရားရုံးချုပ်ရဲ့သတင်းစာရှင်းလင်းပွဲတစ်ရပ်မှာ ကြေညာထားပါတယ်။

    ဒီအမှုတွေနဲ့ ဆက်စပ်တဲ့ မြန်မာက ပြန်လွှဲလာသူ ၄၁,၀၀၀ ဦးထက်မနည်းကို တရုတ်ဘက်က ပြစ်ဒဏ်တွေချမှတ်ခဲ့တာ ဖြစ်ပါတယ်။

  10. စစ်ကော်မရှင်နဲ့ အေအေက ဘင်္ဂလားဒေ့ရှ်ကို ဂုဏ်ပြုသဝဏ်လွှာ အပြိုင်ပို့

    စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ အာရက္ခတပ်တော်(အေအေ) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့က အသစ်တက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ခါလီလူ ရာမန်ကို ဂုဏ်ပြုသဝဏ်လွှာတွေ ပေးပို့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းကနေ လာတဲ့သတင်းတွေမှာဖော်ပြပါတယ်။

    ဒါဟာ ULA/AA အနေနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရသစ်အဖွဲ့ဝင် ဝန်ကြီးတစ်ဦးကို ပထမဆုံးပေးပို့တဲ့သဝဏ်လွှာဖြစ်လာပါတယ်။

    စစ်ကော်မရှင်ရဲ့နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက နှစ်နိုင်ငံဆက်ဆံရေးနဲ့ နေပြည်တော်နဲ့ ဒါကာအကြား ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ဖို့ ခိုင်မာတဲ့ကတိကဝတ်ကို ရေးသားပေးပို့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းကဖော်ပြပါတယ်။

    ULA/AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပေးပို့တဲ့ ဂုဏ်ပြုသဝဏ်လွှာမှာတော့ ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ကြား ချစ်ကြည်မှု လမ်းကြောင်းသစ်တစ်ရပ် တည်ဆောက်ဖို့ အခွင့်အရေးလို့ ပြောတဲ့အကြောင်းသတင်းမှာ ဖော်ပြပါတယ်။

    ”ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူချိန်မှာ လက်တွေ့ကျကာ ရေရှည်တည်တံ့တဲ့ စစ်မှန်တဲ့ ဖြေရှင်းနည်းတွေ ကျွန်တော်တို့နဲ့အတူတကွ ဆက်လက်ရှာဖွေမယ်လို့ မျှော်လင့်ပါတယ်” လို့ ဆိုထားပါတယ်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးကလည်း ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ မြန်မာအစိုးရသာမက အာရက္ခတပ်တော်နဲ့လည်း ထိတွေ့ဆက်ဆံနေတယ်လို့ ဆိုထားပါတယ်။

    စစ်ကော်မရှင်နဲ့ အေအေဘက်က ပို့လာတဲ့သဝဏ်လွှာတွေနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်သတင်းမှာတော့ ဒါဟာ ရိုဟင်ဂျာအရေးအတွက် နှစ်ဖက်စလုံးက ဘင်္ဂလားဒေ့ရှ်အစိုးရသစ်နဲ့ ပူး‌ပေါင်းဆောင် ရွက်လိုတဲ့ဘက် ဦးတည်တယ်လို့ သုံးသပ်ထားကြပါတယ်။

    ဘင်္ဂလားဒေ့ရှ်နဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နဲ့ မောင်တောကို အေအေက မြေပြင်ရော၊ နတ်မြစ်ရေပြင်ကိုပါ ထိန်းချုပ်ထားပြီး မြန်မာရေပိုင်နက်ထဲ တရားမဝင် ငါးဝင်ဖမ်းတယ်ဆိုတဲ့ ဘင်္ဂလားဒေ့ရှ် ရေလုပ်သား ၇၀ ကျော်ကို မကြာသေးခင်တုန်းကပဲ အေအေက ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြန်လွှဲပေးထားပါတယ်။

  11. ကန့်ကွက်အော်ဟစ်သံတွေနဲ့ ၁ နာရီ၊ ၄၇ မိနစ်ကြာ ထရမ့်ရဲ့နိုင်ငံ့အခြေပြမိန့်ခွန်း

    နိုင်ငံ့သမိုင်းတစ်လျှောက် အချိန်အကြာဆုံး နိုင်ငံအခြေပြမိန့်ခွန်းကို သမ္မတ ဒေါ်နယ်ထရမ့် တစ်ယောက် အမေရိကန်လွှတ်တော်မှာ ပြောသွားပါတယ်။ ဒီမိန့်ခွန်းထဲ အောင်နိုင်သူ တစ်ယောက်လို၊ တစ်ခါတလေမှာ တိုက်ပွဲဝင်နေသူတစ်ယောက်လို ပြောသွားတဲ့အချိန်ရှိခဲ့သလို သူ့ပါတီ ရီပတ်ဘလီကန်က အမတ်တွေရဲ့လုပ်ဆောင်ချက်ကို ချီးကျူးတာ၊ နောင် သူ ဘာဆက်လုပ်သွားဖို့ရှိတယ်ဆိုတာတွေကိုလည်း ပြောသွားပါတယ်။

    သူ ဒုတိယအကြိမ် တာဝန်ထမ်းတဲ့သမ္မတသက်တမ်း တစ်နှစ်ပြည့်အဖြစ်ပြောတဲ့ ဒီမိန့်ခွန်းကို ကွန်ဂရက်လွှတ်တော်အမတ်တွေ၊ သူ့အစိုးရအဖွဲ့ဝင်တွေ၊ တရားရုံးချုပ်တရားသူကြီးတွေ၊ သူ့ မိသားစုအပြင် ဧည့်သည်တော်တွေလည်း တက်နားထောင်ခဲ့ကြပါတယ်။

    အီရန်မှာ တင်းမာမှုဖြစ်နေချိန်၊ သမ္မတထရမ့် အခွန်တိုးကောက်တာကို နိုင်ငံ့တရားရုံးချုပ်က ကန့်သတ်လိုက်ပြီးချိန်၊ ကုန်ကျစရိတ်ကြီးနေလို့ အမေရိကန်လူထုကြား နေရေးစားရေး ပူပင်နေကြချိန်မှာ သမ္မတထရမ့်တစ်ယောက် လွှတ်တော်မှာ အခြေပြမိန့်ခွန်း တက်ပြောရတာပါ။

    သန်းဆယ်ချီတဲ့အမေရိကန် လူထု စောင့်ကြည့်ခဲ့တဲ့အပြင် အမြင်မတူလို့ သဘောထားကွဲလွဲမှုတွေဖြစ်နေတဲ့ လွှတ်တော်ရှေ့မှောက်မှာ သမ္မတ ထရမ့် ပြောခဲ့တဲ့ ၁ နာရီ ၄၇ မိနစ်ကြာ မိန့်ခွန်းက ထူးခြားချက်တွေကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  12. ရွေးကောက်ပွဲကျင်းပရုံနဲ့ မြန်မာ့အကျပ်အတည်းဖြေရှင်းနိုင်မှာမဟုတ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော

    မြန်မာမှာဖြစ်ပေါ်နေတဲ့ အကျပ်အတည်းကို ရွေးကောက်ပွဲကျင်းပရုံနဲ့ ဖြေရှင်းနိုင်မှာမဟုတ်ဘဲ အားလုံးပါဝင်တဲ့ တွေ့ဆုံ‌ ဆွေးနွေးရေးနဲ့ စစ်မှန်တဲ့ငြိမ်းချမ်ရေးဖြစ်စဥ်တွေ ဖြစ်ပေါ်လာဖို့ လိုအပ်တယ်လို့ ထိုင်းနိုင်ငံခြား‌ရေးဝန်ကြီး ဆီဟာဆတ် ဖုန်ကတ်ကောင်းက မှတ်ချက်ပေး ပြောလာပါတယ်။

    မြန်မာ့အရေးကို စိတ်ဝင်စားတဲ့ ပြင်သစ်နိုင်ငံရဲ့ ဥရောပနဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံချိန် ပြောဖြစ်ခဲ့တဲ့ အကြောင်းအရာကို ဖေဖော်ဝါရီ ၂၅ ရက်တုန်းက ဂျီနီဗာမြို့မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန် ပြန်လည်ထုတ်နုတ်ပြီး သူက ပြောခဲ့တာပါ။

    ပြင်သစ်နဲ့ ထိုင်းနှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံချိန်မှာ မြန်မာ့အရေးကလည်း အဓိက အကြောင်းအရာတစ်ခုအနေနဲ့ ဆွေးနွေးခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

    ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ ဂျီနီဗာကို မသွားခင်ရက်ပိုင်းမှာပဲ မြန်မာနိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေနဲ့ ဖူးခက်မြို့မှာ တွေ့ဆုံခဲ့ပါသေးတယ်။

    ဒီတွေ့ဆုံမှုအပြီး ထိုင်းနိုင်ငံရဲ့အမြင်ကို ပြင်သစ်ဘက်က မေးမြန်းခဲ့တဲ့အပေါ် အထက်မှာပြောခဲ့သလို ရွေးကောက်ပွဲ ကျင်းပရုံနဲ့ မလုံလောက်သေးဘူးဆိုတဲ့ အခြေအနေကို ပြောခဲ့တာပါ။

    ထိုင်းနဲ့မြန်မာဟာ နယ်နိမိတ်ချင်းထိစပ်နေတာကြောင့် ထိုင်းပိုင်နက်အတွင်း မတည်ငြိမ်မှုတွေ တိုက်ရိုက်သက်ရောက်နိုင်တဲ့အတွက် ထိုင်းနိုင်ငံအနေနဲ့ မြန်မာစစ်တပ်၊ တိုင်းရင်းသားအစုအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှုကို ရှောင်ရှားလို့မရနိုင်ဘူးလို့လည်း ထိုင်းနိုင်ငံခြား ရေးဝန်ကြီးက ဆိုပါတယ်။

    နယ်စပ်တကြောမှာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေ၊ မူးယစ်ဆေးဝါးတရားမဝင်ရောင်းဝယ်ဖောက်ကားတာတွေ၊ နယ်စပ်ဖြတ်ကျော် မြစ်ချောင်းညစ်ညမ်းမှုတွေ ကြုံနေရတယ်လို့ ထောက်ပြပါတယ်။

    ထိုင်းနိုင်ငံက မြန်မာ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကိုလိုလားတယ်လို့လည်း ဆိုပါတယ်။

    ထိုင်းနိုင်ငံက မြန်မာစစ်တပ်နဲ့ ပူးပေါင်းတယ်ဆိုတာနဲ့ အာဆီယံဘုံသဘောတူညီချက်ကို လျစ်လျူရှုတယ်ဆိုတဲ့ အချက်ကိုတော့ ငြင်းဆိုထားပါတယ်။

    ဒီဘုံသဘောတူညီချက်တွေအတွက် ထိုင်းဘက်က မြန်မာကို ဆက်လက်ချဥ်းကပ်ဆောင်ရွက်သွားမှာဖြစ်ပေမဲ့ တိုးတက်မှုမြင်ရဖို့ကတော့ နှစ်ဦးနှစ်ဖက်အပေါ် မူတည်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

    မနေ့တုန်းက မြန်မာစစ်ခေါင်းဆောင်နဲ့ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်တို့ တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲကို ကြီးမားတဲ့ကန့်ကွက်မှုမရှိတာကြောင့် အောင်မြင်တဲ့ရွေးကောက်ပွဲလို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

  13. မင်္ဂလာပါ။ ဖေဖော်ဝါရီ ၂၆ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။