ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လူရင်းတွေကို စိတ်ကုန်သွားတာအတွက် ဖြေရှင်းနည်း ၃ နည်း
- ရေးသားသူ, အမ်မလီ ဟော့
- ရာထူးတာဝန်, ဘီဘီစီ သတင်း
သင့်ဆီမှာ လူမှုဆက်ဆံရေးစွမ်းအင်တွေကို စုပ်ယူနေသူ ရှိနေပြီလား။
ဒီလိုလူမျိုးတွေက ဒဏ္ဍာရီ ပုံပြင်လာ သွေးစုပ်ဖုတ်ကောင်တွေလို သွေးဆာလောင်တဲ့ သဘာဝလွန် လူသားမျိုးတော့ မဟုတ်ပါဘူး။ လူမှုဆက်ဆံရေး စွမ်းအင်စုပ်ယူသူ ဆိုတာဟာ သူတို့နဲ့ အတူရှိနေပြီးတဲ့နောက် ကိုယ့်ရဲ့စကားပြောချင်စိတ်၊ လူအများနဲ့ ဆက်ဆံလိုစိတ်တွေ ကုန်ခမ်းသွားစေတဲ့လူတွေကို ဆိုလိုတာဖြစ်ပါတယ်။
ကိုယ့်ရဲ့စွမ်းအင်ကို ကုန်ခမ်းသွားစေတဲ့လူတွေဟာ အမြဲအပြစ်တင်တဲ့စကားတွေပဲ ဆိုမယ်၊ ကိုယ်ဘာဖြစ်နေလဲဆိုတာကို အလေးထား စိတ်ဝင်စားမှုမရှိဘဲ သူတို့အကြောင်းကိုပဲ ရှေ့တန်းတင် ထပ်တလဲလဲ ပြောတတ်ကြသူတွေပါ။
ဒီတော့ ဒီလိုလူတွေကို ဘယ်လို သိနိုင်ပါသလဲ။
ယေဘုယျမြင်သာတဲ့လက္ခဏာကတော့ အဲဒီလိုလူတွေမှာ လူအများအာရုံစိုက်ခံရချင်စိတ်ကဲတာ နဲ့ ချီးမွမ်းမှုတွေကို အမြဲလိုချင်နေကြတာမျိုးကို တွေ့ရလေ့ရှိတယ်လို့ စိတ်ပညာကျွမ်းကျင်သူ စာရေးဆရာမ ဆူဇီ ရီးဒင်းက ပြောပါတယ်။
ဒီလူတွေဟာ ကိုယ့်ရဲ့စိတ်ခံစားမှုတွေကို မသိမသာနဲ့ ထိခိုက်စေပါတယ်။ သူတို့က ချီးမွမ်းသယောင် ခနဲ့တဲ့တဲ့ပြောဆိုမှုတွေ၊ နောက်ပြီး အမြဲပျော်ရွှင်နေဖို့ ဖိအားပေးတာတွေကြောင့် ကိုယ့်ရဲ့ခံစားချက်တွေ ပြောခွင့်မရှိတော့တာပါ။
ဒီလိုလူတွေနဲ့ တွေ့ပြီးတဲ့နောက် ကျန်ခဲ့တဲ့ခံစားချက်ဟာ ပေါင်းသင်းဆက်ဆံရေးလုပ်လိုစိတ် စွမ်းအင်ကုန်ဆုံးရခြင်းရဲ့သိသာတဲ့လက္ခဏာဖြစ်တယ်လို့ စာရေးသူလည်းဖြစ် သတင်းထောက်လည်းဖြစ်သူ ရက်ဒီကာ ဆင်ဟာနီက ပြောပါတယ်။
"ကိုယ်က ဒီအခြေအနေတွေကို ပြန်ပြီး သုံးသပ်တဲ့ အခါ ဒီဟာက အလုပ် မဖြစ်ဘူး။ ကိုယ့်ကြောင့်ထက် သူတို့ကြောင့် အင်အားကုန်ဆုံးတယ်လို့ ခံစားရတယ်။ ပြီးတော့ ကျွန်မ မြင်လာတယ်။ ပြဿနာက ကျွန်မ မဟုတ်ဘူး။ သူတို့ဆိုတာကို မြင်လာတယ်" လို့ ရက်ဒီကာ ဆင်ဟာနီက ပြောပါတယ်။
ဒီလို ပြဿနာတွေကို ကိုယ်လည်း ကြုံနေရပြီဆိုရင်တော့ ဖြေရှင်းနည်း ၃ နည်း ရှိနေပါတယ်။
BBC Radio 4 ရဲ့ အမျိုးသမီးအစီအစဥ်မှာ ဒီလို သူငယ်ချင်းဆက်ဆံရေးတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ ဆူဇီနဲ့ ရက်ဒီကာတို့ ပြောပြထားတာကို ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
သူတို့ကြောင့် ကိုယ် ဘယ်လို ခံစားနေရတယ်ဆိုတာ ပြောပြပါ
လူအများစုဟာ ကိုယ့်အပြုအမူကြောင့် တစ်ဖက်သူ အပေါ် ဘယ်လိုသက်ရောက်မှုရှိတယ်ဆိုတာ သတိမူမိဖို့ ခက်ပါတယ်။
တည့်တည့်ပြောလိုက်လို့ သက်သောင့်သက်သာ မရှိနိုင်ပေမဲ့ ကိုယ့် ခံစားချက်တွေကို သူတို့ကို တိုက်ရိုက် ဖွင့်ဟပြောလိုက်တာဟာ အတော် ထိရောက်မှုရှိနိုင်ပါတယ်။
"ဒီလို အကြံပြုချက်မျိုး ပေးတဲ့အခါ အလန့်တကြားဖြစ်သွားကြတဲ့ ဥပမာတွေ အများကြီး ရှိပါတယ်။ ဒီလိုလူတွေရဲ့ အပြုအမူတွေက တခြားသူတွေအပေါ် ဘယ်လောက်ထိ သက်ရောက်မှုရှိတယ်ဆိုတာ သူတို့ကိုယ်တိုင် မှန်းဆမိပုံမရကြဘူး" လို့ ဆူဇီက ပြောပါတယ်။
ဒီလိုရိုးသားမှုဟာ ခင်မင်ရင်းစွဲဆက်ဆံရေးကို ဆက်ပြီးထိန်းသိမ်းနိုင်ဖို့ အထောက်အကူဖြစ်စေ ပါတယ်။
"ကျွန်မတို့ အပြင်မှာဆုံကြတဲ့အခါ အနေကြပ်တယ်လို့ ခံစားရတယ်။ ကျွန်မ စကားတွေ အရာမရောက်ဘူး။ ကျွန်မအတွက် အဆင်ပြေရဲ့လားလို့လည်း မေးတာမြန်းတာတွေ မရှိဘူး" လို့ ဆိုပြီး စကားစပြောတာမျိုးနဲ့ ပြောချင်တဲ့ ခေါင်းစဉ်ရောက်အောင် ဆွဲခေါ်တာမျိုး လုပ်နိုင်တယ်လို့ ရက်ဒီကာ က ချဥ်းကပ်နိုင်ပုံနည်းလမ်းတစ်ခုကို ပြောပြပါတယ်။
သူတို့က တကယ်စစ်မှန်တဲ့ သူငယ်ချင်းတွေ ဆိုရင် ကိုယ်ဘာပြောပြော လစ်လျူမရှုဘဲ နားထောင်ပေးပါလိမ့်မယ်။
"အကယ်လို့ သူတို့က နားမထောင်ပေးဘူး ဒါမှမဟုတ် ခုခံပြောဆိုနေရင် ဒီလူတွေဟာ ကိုယ့်ဘဝထဲမှာ ရှိမနေသင့်တဲ့လူ ဖြစ်တယ်" လို့ ရက်ဒီကာက ပြောပါတယ်။
စည်းဘောင်ကို ပြတ်ပြတ်သားသား ထားရှိပါ
တကယ်လို့ ကိုယ့် သူငယ်ချင်းက အမူအကျင့်တွေ မပြောင်းချင်ဘူး၊ ကိုယ်ကိုယ်တိုင်ကလည်း တစ်ယောက် နဲ့ တစ်ယောက်ဘဝထဲကနေ မလွတ်မြောက်နိုင်ဘူးဆိုရင် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ရှင်းလင်းပြတ်သားတဲ့ စည်းတွေဘောင်တွေ ထားဖို့ အရေးကြီးပါတယ်။
ဒီအခြေအနေကို သူနဲ့ သွားသွားလာလာ လုပ်တဲ့အချိန်လျှော့ချလိုက်တာမျိုး ဒါမှမဟုတ် နှစ်ယောက်ဆုံတဲ့အခါ ဘာကိုတော့ လုပ်မယ် ဘာကိုတော့ မလုပ်ဘူးဆိုတာမျိုး တစ်ခါတည်း စည်းကမ်းသတ်မှတ်တာမျိုးနဲ့ စတင်နိုင်ပါတယ်။
ကိုယ့်အတွက် ဘယ်အရာက အဆင်ပြေတယ်၊ ဘယ်အရာကအဆင်မပြေဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ရှိဖို့လည်း လိုပါတယ်။
"ဥပမာ 'တစ်ချိန်လုံး မက်ဆေ့တွေ ပို့မနေနဲ့' ဒါမှမဟုတ် 'ငါတို့နှစ်ယောက်ရဲ့ ဝမ်းနည်းရတဲ့ ဘဝဇာတ်ကြောင်းတွေ မပြောကြရအောင်' ဆိုပြီး ပြောနိုင်တယ်" လို့ ဆူဇီက ပြောပါတယ်။
သူနဲ့အတူ အချိန်အများစု ကုန်ဆုံးနေတာကို ပြောင်းလဲပစ်လိုက်တာကလည်း ကိုယ့်အတွက် အထောက်အကူ ဖြစ်စေပါတယ်။ တကယ်လို့ ပုံမှန်အားဖြင့် ကိုယ်က သူနဲ့အတူအပြင်ထွက်စားသောက်တာနဲ့ စကားစမြည်ပြောတာ ဒါမှမဟုတ် ကော်ဖီပုံမှန်သောက်ကြတာမျိုးရှိတယ်ဆိုရင် အခြားဟာတွေ ပြောင်းလဲဖို့ လုပ်ကြည့်ပါ။
အတူတူရှိတဲ့အခါ လုပ်လေ့ရှိတာတွေကို ပြောင်းလဲပစ်လိုက်တာကလည်း အထောက်အကူဖြစ်ပါတယ်။ အကယ်လို့ ကိုယ်တွေနှစ်ယောက်က အပြင်မှာ မုန့်သွားစားရင်း စကားစမြည်ပြောကြတာ ဒါမှမဟုတ် ကော်ဖီသောက်ကြတယ်ဆိုရင် အခုတစ်ခါတော့ အဲဒါတွေနဲ့ မတူညီတာတွေ လုပ်ကြည့်ပါ။
"လမ်းအတူလျှောက်ကြည့်လို့ရတယ်။ အတူတူ လေ့ကျင့်ခန်းလုပ်ကြလို့ရတယ်။ ဒါဆိုရင် သူတို့ရဲ့ အရာရာ လွှမ်းမိုးလိုစိတ်ကို လျှော့ချပေးရာလည်း ရောက်မှာပါ" လို့ ဆူဇီက ပြောပါတယ်။
ခင်မင်မှုဆက်ဆံရေး ပြတ်တောက်နိုင်ခြေကိုလည်း ကြိုမျှော်လင့်ထားပါ
သူငယ်ချင်း မိတ်ဆွေ တစ်ယောက်နဲ့ တွေ့ဆုံပြီးတဲ့နောက် ဘယ်လိုခံစားရတယ်ဆိုတာကို သေချာ သတိပြုကြည့်ပါ။
"သူတို့နဲ့ တွေ့ပြီးတဲ့အခါ ပြန်သုံးသပ်ကြည့်ပါ။ အပေါင်းလက္ခဏာဆောင်လား။ ခံစားမှုတွေ ပိုကောင်းလာသလား။ သုညက သုညပဲ။ ဘာထူးခြားမှုမှ မရှိဘူးလား။ ထပ်ပြီး မပြောမဆိုချင်တော့တဲ့ အနုတ်လက္ခဏာဆောင်သလားပေါ့" လို့ ရက်ဒီကာက ပြောပါတယ်။
ကိုယ့်မှာ လူတစ်ယောက်နဲ့ပတ်သက်ပြီး သည်းခံနိုင်တဲ့အတိုင်းအဆဟာ တခြားသူတွေနဲ့ မတူညီနိုင်ပါဘူး။ ဒါ့ကြောင့် သူတို့နဲ့ ကုန်ဆုံးတဲ့အချိန်တွေကို စပြီး ကန့်သတ်သင့် မသင့် ဆိုတာတွေကို ကိုယ့် ကိုယ်တိုင် သုံးသပ်ချက်ကိုပဲ ယုံကြည်ပါ။
အကယ်လို့ ပြန်ပြင်လို့မရတော့တဲ့ ခံစားချက်မျိုးရလာပြီဆိုရင် အဲဒီ ဆက်ဆံရေးကို အဆုံးသတ်ဖို့ မကြောက်ပါနဲ့ လို့ ရက်ဒီကာက ပြောပါတယ်။
"တချို့အခြေအနေတွေမှာ လွယ်လွယ်ကူကူနဲ့ နောက်ဆုတ်လို့ရရင် နောက်ဆုတ်လိုက်ပါ။ အထူးသဖြင့် အခုမှ စတွေ့တဲ့သူတွေဆိုရင်တောင်မှပေါ့။"