ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရှေ့တန်းက ချစ်သူထံရောက်ဖို့ အန္တရာယ်တွေကြား 'မေတ္တာရထား' စီး ခရီးနှင်သူတွေ
- ရေးသားသူ, မာရီယာနာ မက်ဗေချက်
- ရာထူးတာဝန်, ဘီဘီစီသတင်း ယူကရိန်း၊ ခါခိဗ် ဒေသ
စစ်ပွဲရဲ့ ရှေ့တန်းအရောက်ဆုံးနေရာဆီ ညလုံးပေါက် ခုတ်မောင်း ခရီးနှင်မယ့် ရထားတစ်စင်းပေါ်မှာ ဆာရှာ စီးနင်းလိုက်ပါလာပါတယ်။ သူ့ အသက် ၂၂ ပါ။ သူ စီးနင်းလာတဲ့ ရထားကိုတော့ ''အချစ်ရထား''လို့ ခေါ်ကြပါတယ်။ အကြောင်းကတော့ ယူကရိန်းနိုင်ငံအရှေ့ပိုင်း၊ ဒွန်ညက်စ်ဒေထဲက ခရာမာတော့စ်ခ် (Kramatorsk)မြို့မှာ တာဝန်ထမ်းနေတဲ့သူ ချစ်သူ အမျိုးသားကို သွားတွေ့ဖို့ ကိယက်ဗ်မြို့ကနေ လာခဲ့တာပါ။
''ကျွန်မ အတွက် စိတ်မပူရဘဲ အမျိုးသားအတွက်ပဲ စိတ်ပူနေရတယ်။ အခု ကျွန်မကို တွေ့ဖို့ သူ တာဝန်ကျတဲ့နေရာကနေ ထွက်လာရမှာမို့လို့ '' ဆိုပြီး ဆာရှာက မနက်ခင်းအရောက် ကော်ဖီသောက်နေရင်း ဘီဘီစီကို ပြောပါတယ်။
အခုခရီး ကြမ်းသလို အန္တရာယ်လည်းများပါတယ်။ ဒါပေမဲ့ ဆာရှာအတွက်တော့ သွားသင့်လို့သွားတာလို့ မှတ်ယူပါတယ်။ ''ခရီးက ကြာရင်ကြာလိမ့်မယ်။ ဒါပေမဲ့ မျှော်လင့်ချက်ကလေးနဲ့ သွားရတာပေါ့။ အပြန်ခရီးက ပိုပြီးခက်ခဲလိမ့်မယ်'' လို့ သူက ပြောပါတယ်။
ရထားလမ်းပိုင်းတွေ တိုက်ခိုက်ခံရမှု တိုးလာတာကြောင့် ဒွန်ညက်စ်ကို သွားတဲ့ ရထားခရီးတွေ အားလုံးကို ယူကရိန်းမီးရထားအာဏာပိုင်အဖွဲ့က ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်ကတည်းက ဆိုင်းငံ့ထားပါတယ်။
အခုတော့ ဒီရထားဟာ မြို့မှာလည်း ရပ်မှာမဟုတ်ပါဘူး။ အဲဒီအစား မြို့ကနေ ၂ နာရီလောက် ကားနဲ့သွားရတဲ့ ခရာမာတော့စ်ခ်မြို့ငယ်လေးတစ်ခုမှာ ရပ်မှာပါ။
''တာဝန် အလွှဲအပြောင်း အထွက်အလာမှာ ဘာမဆိုဖြစ်သွားနိုင်တယ်'' လို့ ဆာရှာက ပြောပါတယ်။ ''ဒါပေမဲ့ လောလောဆယ် ရထားလည်း ဆက်ခုတ်မောင်းနေဆဲဖြစ်လို့ အဆင်ပြေမယ်လို့ပဲ မျှော်လင့်ထားရတာပေါ့''
ခရာမာတော့စ်ခ်(Kramatorsk)မြို့ကို ပြောင်းနေတော့မလား
ဆာရှာတစ်ယောက် ၂၀၂၅ ခုနှစ်၊ သြဂုတ်လမှာ လက်ထပ်ခဲ့ပါတယ်။
''ဒီမီထရိုက ကျွန်မကို လက်ထပ်ယူမယ်လို့ ချက်ချင်းပြောတယ်။ အဲဒီလိုပြောတုန်းက ကျွန်မ မယုံခဲ့ဘူး။ ကျွန်မ အသက် ၂၅ နှစ်မတိုင်ခင် လက်မထပ်သေးဘူးလို့ စိတ်ပိုင်းဖြတ်ထားခဲ့တာ'' လို့ ဆာရှာက ပြုံးပြီးပြောပါတယ်။
သူ့ အမျိုးသားက စစ်သားပါ။ အသက် ၂၆ နှစ်ထဲရောက်နေပြီး ယူကရိန်းတပ်ထဲ တာဝန်ထမ်းနေတာ ၇ နှစ်ရှိပါပြီ။ ဆာရှာလည်း တပ်မိသားစုကနေ မွေးဖွားလာသူပါ။ ''ကျွန်မ မိသားစုမှာ ယောက်ျားသားတွေ အားလုံးက ယူကရိန်းစစ်တပ်မှာ တာဝန်ထမ်းဖူးသူတွေချည်းပဲ။ ကျွန်မ အဖေဆို ရဲ။ ဒါပေမဲ့ အငြိမ်းစားယူပြီးတဲ့နောက်မှာ စစ်တပ်ထဲ ဆက်ပြီး တာဝန်ထမ်းတယ်။ အစ်ကိုအကြီးဆုံးဆိုရင်လည်း တပ်ထဲမှာ'' လို့ သူက ရှင်းပြပါတယ်။
ဆာရှာတစ်ယောက် ခင်ပွန်းဖြစ်သူကို လစဉ်နီးပါး သွားတွေ့ပါတယ်။ မကြာမကြာသွားတွေ့ချင်ပေမဲ့ တာဝန်ထမ်းနေတဲ့ခင်ပွန်းဖြစ်သူ ဒီမီထရီအတွက်တော့ တပ်ကနေ ခွင့်ယူဖို့ ခက်ပါတယ်။
လက်ထပ်ကြပြီးတဲ့နောက်မှာ ခရာမာတော့စ်ခ်မြို့မှာ ပြောင်းနေဖို့အထိ ဆာရှာ စိတ်ကူးခဲ့ပါတယ်။ ''စက်တင်ဘာ အစောပိုင်းမှာ အဲဒီကိစ္စကို ကျွန်မတို့ ဆွေးနွေးခဲ့ကြသေးတယ်။ ပြီးခဲ့တဲ့တစ်လလောက်တုန်းကလည်း ပြောဖြစ်တယ်။ အရင်တစ်ပတ်လောက်တုန်းကတောင် ပြောဖြစ်သေးတယ်။ တချိန်လုံးဆွေးနွေးဖြစ်တယ်။ ဒါပေမဲ့ အခုတော့ မဖြစ်နိုင်တော့ဘူး။ မြို့က သိပ်ကို အန္တရာယ်များနေပြီ''
ဒီမီထရီကနော့ သူတို့နှစ်ယောက် ခဏတာ ပြန်ဆုံရတဲ့အချိန်ကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ လုံခြုံဘေးကင်းစွာတွေ့နိုင်မယ့် နေရာကို ရွေးချယ်ပါတယ်။ ဒီလိုရွေးတာတောင် မြို့ဟာ လေကြောင်း တိုက်ခိုက်သံတွေနဲ့ ပေါက်ကွဲသံတွေ ရပ်မနေပါဘူး။ ''လူ့လက်မောင်း ခေါင်းအုံးအိပ်နေရချိန်မှာ ကျွန်မ ဘာကိုမှ မကြောက််ဘူး'' လို့ ဆာရှာက ပြောပါတယ်။
ကိယက်ဗ်မြို့ကနေ ဆာရှာစီးနင်းလိုက်ပါလာတဲ့ရထားက အမြန်ရထားဖြစ်ပါတယ်။ အဲဒီနေ့မှာပဲ ရထားဟာ ၂ နာရီလောက် ကြာအောင် နှောင့်နှေးခဲ့ပါတယ်။ ''ပိုလ်တာဗာ မတိုင်ခင်အထိ အမြန်မောင်းတာ။ ဒါပေမဲ့ ခါခိဗ်ဒေသထဲလည်းရောက်ရော မူလလမ်းအတိုင်းမဟုတ်ဘဲ ကွေ့ပတ်မောင်းရတယ်။ ရထားလမ်းတွေကို လက်နက်ကြီးတွေ ကျလို့လေ။ ဒီတော့ ဘယ်အချိန် ရောက်မလဲ ခန့်မှန်းလို့မရဘူး။ ခရီးသည်တွေကတော့ ဒါကို ကြိုတွေးထားကြပါတယ် '' လို့ ရထားလုံခြုံရေး ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ဘာဗင်ကော့ဗ်မြို့မှာ ရထားခရီးလမ်းဆုံးပြီး ဆိုက်ရောက်တာတောင် ရှေ့ခရီးက မလွယ်လှပါဘူး။ တစ်ခါတုန်းကဆိုရင် ဘူတာနဲ့ အတော်ဝေးဝေးမှာ ရပ်ထားတဲ့ ဘတ်စ်ကားဟာ စောပြီး ထွက်သွားလို့ ဆာရှာတစ်ယောက် ကားမမီခဲ့ပါဘူး။
''အဲဒီအချိန်မှာပဲ အမျိုးသမီးအငှားယာဉ်မောင်းတစ်ယောက်ကို တွေ့လိုက်တယ်'' လို့ ဆာရှာက ပြန်ပြောင်းပြောပြပါတယ်။ ''အဲဒါနဲ့ ကျွန်မကို ခရာမာတော့စ်ခ်မြို့ကို ပို့ပေးဖို့ တောင်းတောင်းပန်ပန်ပြောခဲ့ရတယ်။ မြူတွေဆိုင်းနေတဲ့ကြားထဲမှာ ကားကို ၃ နာရီလောက်မောင်းလိုက်ရတယ်။ လမ်းပေါ်မှာလည်း ချိုင့်တွေ အပြည့်ပဲ''
''ဒီလိုခရီးနှင်နိုင်အောင် ကျွန်မကို စေ့ဆော်နေတာက သာမန်အတွေးတစ်ခုပါပဲ။ ကျွန်မတို့ နှစ်ယောက်စလုံး အသက်ရှင်နေသေးတယ်။ အဆက်အသွယ်လည်းရှိနေကြသေးတယ်။ သွားလို့ လာလို့လည်း ရနေသေးတယ်ဆိုတာမျိုးပေါ့'' လို့ ဆာရာက ပြုံးပြီးပြောပါတယ်။
ခင်ပွန်းဖြစ်သည်နဲ့တွေ့ဆုံပြီးတဲ့နောက်မှာ နောက်တစ်ခေါက်ထပ်တွေ့ဆုံနိုင်ရေး သူ ကြိုးပမ်းပါတယ်။
ဘတ်စ်ကားတတန် ရထားတတန်
ဘာဗင်ကော့ဗ်မြို့က ရထားစင်္ကြန်ကိုရောက်တော့ ခရီးသည်တွေလည်း လှေအဆင်း မြင်းအတက် သတိကြီးကြီးထားပြီး ရထားပေါ်ကနေ ဆင်းကြပါတယ်။ ညနေခင်းမှာ ဆိုင်းနေတဲ့မြူတွေကြောင့် တချို့အတွက်တော့ စိတ်အေးလက်အေးဖြစ်သွားကြဟန်ရှိပါတယ်။
''မြူဆိုင်းနေရင် ဒရုန်းပျံတာ မတွေ့ရဘူး'' လို့ အဖွားအိုတွေက တစ်ယောက်ကို တစ်ယောက် တိုးတိုးလေး ပြောလိုက်တာ ကြားရပါတယ်။
အမှောင်ထုကြီးစိုးလာပြီဖြစ်လို့ ရထားပေါ်ကနေ ဆင်းတဲ့သူအချို့ဟာ ဘယ်ကို ဆက်သွားကြရမယ်မှန်း မသိကြပါဘူး။ လုပ်နိုင်တာတစ်ခုကတော့ လူအုပ်သွားတဲ့နောက် နောက်ကနေ လိုက်ဖို့ပဲ ရှိပါတယ်။ အများစုဟာ ပြောက်ကျားဝတ်စုံ ဝတ်ထားကြပါတယ်။
နှုတ်ခမ်းမွှေးနဲ့အမျိုးသားတစ်ယောက်က ဂျာကင်အဖြူရောင်ဝတ်မိန်းကလေးငယ်တစ်ယောက်ကို ပွေ့ပိုက်လိုက်တာတွေ့ရပါတယ်။ ကျွန်မ သူတို့နား တိုးသွားပြီး စကားပြောကြည့်ပါတယ်။
''ရဲဆေးနည်းနည်းတင်လာတယ်။ မငိုမိအောင်လေ။ အရင်တစ်ခေါက်တုန်းကဆိုရင် တွေ့တဲ့အချိန် တစ်ချိန်လုံး ငိုနေမိလို့ နှုတ်ဆက်စကား ကောင်းကောင်းမပြောဖြစ်လိုက်ဘူး'' လို့ ပေါ်လီနာက ပြောပါတယ်။ သူက အန်ဒရေနဲ့ လွန်ခဲ့တဲ့ ၄ လလောက်မှာ ဘတ်စ်ကားတစ်စီးပေါ်မှာ ဆုံခဲ့တာပါ။ အဲဒီတုန်းက အန်ဒရေမှာ စစ်မှုထမ်းဖို့ စာရင်းသွားပေးချိန်ဖြစ်ပါတယ်။ ပေါ်လီနာက ပင်လယ်ကမ်းခြေ ဇာတိမြေကနေ ပြန်လာတာဖြစ်ပါတယ်။
ပေါ်လီနာက ၂၄ နှစ်ရှိပါပြီ။ ခရာမာတော့စ်ခ်ကို သူ ပထမဆုံး လာတာဖြစ်ပါတယ်။ အဲဒီမတိုင်ခင်တုန်းကတော့ အန်ဒရေးက စနေ တနင်္ဂနွေရက်တွေမှာ ကိယက်ဗ်မြို့ကို ပြန်လာလေ့ရှိပါတယ်။
''ကျွန်မတို့က မတွေ့ရတာကြာလေလေ၊ တစ်ယောက်ကို တစ်ယောက် သတိရလေလေပဲ။ တစ်ခါတော့ အန်ဒရေကို ကျွန်မ ပြောဖူးတယ်။ ကော်ဖီလေး တစ်ခွက်လောက် အတူသောက်ရဖို့ နေ့တဝက်လောက်ခရီးလာရလည်း ကိစ္စမရှိဘူးဆိုပြီး ကျွန်မ ပြောလိုက်တော့တယ်'' လို့ သူက ပြောပါတယ်။
နောက်တော့ အန်ဒရေလည်း စနေ တနင်္ဂနွေ ပိတ်ရက်ရရှိပါတယ်။ အဲဒီတော့ ပေါ်လီနာလည်း ရထားလက်မှတ် ဝယ်လိုက်ပါတော့တယ်။
''ခွဲနေရတာကြာတာကတော့ ခက်တယ်'' လို့ ပေါ်လီနာက ပြောပါတယ်။ '' အန်ဒရေတစ်ယောက် ကျွန်မကို အကြောင်းမပြန်တော့ဘူးဆိုရင် ကျွန်မ အလိုလို စိတ်ပူလာတယ် ... ဒါပေမဲ့ သူ တစ်ခုခု လုပ်နေလို့ နေမှာပါပဲလေဆိုပြီး ကျွန်မ ချက်ချင်းဖြည့်တွေးလိုက်ပါတယ်။ ပြီးတော့ ကျွန်မတို့ ဆုံကြတိုင်းမှာ တစ်ယောက်နားမှာ တစ်ယောက် လူကိုယ်တိုင်ရှိကြပါလားဆိုတာမျိုး သိစိတ်က လက်ခံနိုင်အောင် ကျင့်ကြရတယ်။ ဘာကြောင့်လဲဆိုရင် တစ်ယောက်နဲ့ တစ်ယောက်က တွေ့ချိန်လည်း မကြာကြဘူးလေ''
ဒါပေမဲ့ အန္တရာယ်က စက္ကန့်မလပ်ပါ။ မနက်ခင်းအစောပိုင်းမှာတော့ ပေါ်လီနာရဲ့ရထား ကိယက်ဗ်မြို့တော်ကို ပြန်ရောက်ပါတယ်။ စင်္ကြန်ပေါ်မှာပဲ ရှိနေတုန်း ပေါက်ကွဲသံတွေကို သူကြားခဲ့ရပါတယ်။ အဲဒီညတုန်းက မြို့တော် ကိယက်ဗ်ဟာ အရှည်ကြာဆုံးလေကြောင်းအန္တရာယ်သတိပေးချက်တပ်လှန့်သံ လုပ်ခဲ့ရပါတယ်။ ၁၀ နာရီတောင်ကြာပါတယ်။ ညလုံးပေါက် လေကြောင်းတိုက်ခိုက်ခံရမှုတွေမှာ လူ ၂ ဦးသေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့တယ်လို့ နောက်ပိုင်းမှာ သတင်းတက်ပါတယ်။
ရှေ့တန်းက ချစ်သူခင်သူတွေဆီကို တင်ဆောင်လာတဲ့ မေတ္တာရထားဟာ အပြန်ခရီးမှာလည်း မိသားစုတွေကို ပြန်တင်ဆောင်သွားပါတယ်။ ဒရုန်းနဲ့ လက်နက်ကြီးအန္တရာယ်ကြောင့် မြို့ခံတွေကို ဘေးလွတ်ရာရွှေ့ကြဖို့ ဒေသန္တရအာဏာပိုင်တွေက တိုက်တွန်းနေတာကြောင့်ပါ။
ဒါကြောင့် ဒရုန်းနဲ့ လက်နက်ကြီးဒဏ်လွတ်တဲ့ ခရာမာတော့စ်ခ်နဲ့ ဆလိုဗီညက်စ်ခ်မြို့တွေကနေ ၁၂ မိုင်အကွာအထိ သွားဖို့ အာဏာပိုင်တွေက တိုက်တွန်းတာပါ။
ဘေးကင်းရာကို ထွက်ပြေးတိမ်းရှောင်ကြဖို့ ခါခိဗ်နဲ့ ဒွန်ညက်စ်ဒေသ နယ်စပ်မှာရှိတဲ့ လူစုပေါင်း ၂၀၀ လောက်နေ့စဉ်ရောက်လာနေကြပါတယ်။
တချို့ကလည်း ဘဝရှေ့ခရီးအတွက် ကိုယ့်အစီအစဉ်နဲ့ကိုယ် ကိုယ်ပိုင်ယာဉ်တွေနဲ့ ထွက်ပြေးကြပါတယ်။ တချို့ကလည်း ရုရှားရဲ့မပြတ်တိုက်ခိုက်မှုတွေကြောင့် အချိန်နှောင်း ဆိုက်ရောက်လာတတ်တဲ့ ယူကရိန်းမီးရထားက ပြေးဆွဲပေးလာမယ့် ရထားခရီးစဉ် ထွက်လာလေမလားလို့ စောင့်ဆိုင်းနေတုန်းဖြစ်ပါတယ်။
''နောက်တစ်ခါ လာတွေ့ဖို့ ကျွန်မ မျှော်လင့်နေမိပြီ'' လို့ ဆာရှာက ပြောပါတယ်။
''လွမ်းမျက်ရည်ကျဖို့၊ စိတ်ပျက်ဖို့ အချိန်မရှိပါဘူး''
BBC Global Journalism အဖွဲ့လည်း ပါဝင်ရေးသားပါတယ်။