ပန်းအလှဆင်သူမှ ဒရုန်းထုတ်လုပ်သူသို့

    • ရေးသားသူ, ဂီဒီယွန် လောင်း
    • ရာထူးတာဝန်, စီးပွားရေးသတင်းထောက်

ရုရှား-ယူကရိန်းစစ်ပွဲကို ကမ္ဘာ့ပထမဆုံး ဒရုန်းစစ်လို့ ဆိုကြပါတယ်။ ဒီစစ်ပွဲကြောင့် ယူကရိန်းပြည်တွင်းမှာရော ပြည်ပမှာပါ စစ်ဘက်ဆိုင်ရာဒရုန်းတွေ ထုတ်လုပ်မှု အဆမတန်တိုးတက်လာခဲ့ပါတယ်။

ယူကရိန်းကို ရုရှား မကျူးကျော်ခင်က ကဆန်နီးယား ကယ်မတ်စ်ဟာ ပန်းအလှဆင် အနုပညာရှင်တစ်ဦးဖြစ်ခဲ့ပါတယ်။ ယူကရိန်းနိုင်ငံမြို့တော် ကိယက်ဗ်မှာ သူက ပန်းဆိုင်တစ်ဆိုင်ပူးတွဲပိုင်ပြီး ဥရောပတစ်ဝန်းလှည့်လည် ပန်းအလှဆင်သူဖြစ်ပါတယ်။

အခုအချိန်မှာတော့ သူဟာ ရုရှားကို တိုက်ခိုက်ဖို့ ဒရုန်းတွေ ထုတ်လုပ်နေပါပြီ။

" ဒါက ကျွန်မအတွက် ရှင်းလင်းပြတ်သားတဲ့ ဆုံးဖြတ်ချက်ပါပဲ၊ ကျွန်မနိုင်ငံ၊ နိုင်ငံသားတွေနဲ့ စစ်တပ်ကို ကျွန်မကူညီချင်တယ်" လို့ သူက ဘီဘီစီကို ကိယက်ဗ်မှာ ပြောပါတယ်။

"၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှာ စစ်စတင်တော့ သူဟာ ယူကရိန်းစစ်သည်တွေလိုအပ်တာတွေကို ဝယ်ပေးနိုင်ဖို့ ရန်ပုံငွေရှာခဲ့ပါတယ်။

ဆေးဝါး၊ယူနီဖောင်းနဲ့ စစ်ဘက်သုံးယာဉ်တွေအထိဝယ်ပေးနိုင်ဖို့ ရည်ရွယ်ခဲ့ပြီး အချိန်ကြာလာတာနဲ့အမျှ ရှေ့တန်းက တောင်းဆိုတာတွေဟာ ပြောင်းလဲလာခဲ့တယ်လို့ သူကဆိုပါတယ်။

"တောင်းဆိုမှုတွေအကုန်လုံးက FPV ဒရုန်းတွေဖြစ်လာတယ်၊ အဲဒါအတွက် ရန်ပုံငွေရှာပါတယ်၊ နောက်ပိုင်းကိုယ့်ဘာသာကိုယ်ထုတ်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်" လို့ သူက ပြန်ပြောင်းပြောပြပါတယ်။

ဒီနေ့မှာတော့ သူနဲ့ ဘဝတူစေတနာ့ဝန်ထမ်းတွေဟာ လစဉ်လတိုင်း ဒရုန်းရာပေါင်းများစွာကို အဆက်မပြတ်ထုတ်လုပ်ပေးခဲ့ပါတယ်။

သူတို့ထုတ်လုပ်တဲ့ ဒရုန်းတွေဟာ ပလတ်စတစ်နဲ့လုပ်ထားတဲ့ အိပ်စ်(X)ပုံစံ ပန်ကာလေးခုတပ်ဒရုန်းတွေဖြစ်ပါတယ်။ ထောင့်လေးထောင့်မှာ ရိုတာဘလိတ်တစ်ခုစီရှိပါတယ်။ မင်္ဂလာဆောင်တွေမှာ အပေါ်စီးကနေ ဓာတ်ပုံရိုက်ဖို့အတွက် သုံးတဲ့ ဒရုန်းမျိုးကို ဗုံးသေးသေးလေးတစ်လုံးလောက် ချိတ်လိုက်တာနဲ့ လက်နက်ဖြစ်လာပါပြီ။

တိုက်ခိုက်ရေးဒရုန်း၊ ပို့ဆောင်ရေးဒရုန်း၊ စောင့်ကြည့်ရေးဒရုန်း၊ ရေအောက် ဒရုန်း စသဖြင့် ဒရုန်းတွေဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အရေးပါတဲ့လက်နက်တွေဖြစ်လာပါပြီ။

အရပ်ဘက်သုံးဒရုန်းကို ပြုပြင်ပြီး စစ်ဘက်မှာသုံးတာပဲဖြစ်ဖြစ်၊ မောင်းသူမဲ့လေယာဉ်တွေလို အဝေးကြီးကိုသွားနိုင်ပြီး ထိခိုက်မှုကြီးတဲ့ အဆင့်မြင့်နည်းပညာသုံး စစ်ဘက်ဆိုင်ရာ ဒရုန်းတွေဖြစ်ဖြစ် အရေးပါပါတယ်။

၂၀၂၂ ခုနှစ်မတိုင်မီက ယူကရိန်းမှာ ဒရုန်းလုပ်တဲ့ ကုမ္ပဏီက လက်တစ်ဆုပ်စာပဲရှိခဲ့ပါတယ်။ အခုတော့ ရာနဲ့ချီနေပါပြီ။ စစ်မြေပြင်မှာ ရုရှားဘက်က ထိခိုက်မှု လေးပုံသုံးပုံဟာ အရင်ကလို ကျည်ဆန်နဲ့ လက်နက်ကြီးတွေကြောင့်မဟုတ်ဘဲ ဒရုန်းတွေကြောင့်ဖြစ်တယ်လို့ ယူကရိန်းအစိုးရက ပြောပါတယ်။

"ဒါဟာ ပထမဆုံး ဒရုန်းစစ်ပွဲပဲ" လို့ ဝါရှင်တန်က အမေရိကန်သစ်လုံခြုံရေးဗဟိုဌာနက ကာကွယ်ရေးအစီအစဉ်ဒါရိုက်တာ စတေစီ ပက်တီဂျွန်က ပြောပါတယ်။ သူဟာ ဒရုန်းစစ်ပွဲတွေနဲ့ပတ်သက်ပြီး အစီရင်ခံစာတွေ အများကြီးရေးသားဖူးသူဖြစ်ပါတယ်။

"ယူကရိန်းမှာ ဒရုန်းလုပ်တဲ့ ဆိုင်လေးတွေ အများကြီးရှိပါတယ်၊ လူတွေဟာ သူတို့ရဲ့တိုက်ခန်းတွေ၊ ကားဂိုထောင်တွေထဲမှာ ဒရုန်းတွေဆင်ပြီး စစ်တပ်ကို လှူဒါန်းကြပါတယ်၊ ယူကရိန်းအတွက် ဒရုန်းက စျေးသက်သာတယ်၊အလွယ်တကူရတယ်။အသုံးဝင်ထိရောက်တယ်" လို့ သူက ပြောပါတယ်။

ယူကရိန်းတွေပဲ ဒရုန်းကိုသုံးတာမဟုတ်ပါဘူး။ အရှေ့အလယ်ပိုင်းကနေ မြန်မာနဲ့ ဆူဒန်အထိ ပဋိပက္ခတွေမှာ ဒရုန်းတွေကို ပိုသုံးလာကြပါပြီ။

ဥရောပနိုင်ငံတွေဟာ ဒရုန်းကာကွယ်ရေးစနစ်တည်ဆောက်ဖို့ ပြောလာကြပါတယ်။ တခြားနိုင်ငံတွေကလည်း ဒရုန်းတွေရဖို့ ပိုအားထုတ်လာကြပါပြီ။ စျေးသက်သက်သာသာနဲ့ လေကြောင်းကနေတိုက်နိုင်လို့ပါ"လို့ မစ္စ ပတ်တီဂျွန်က ပြောပါတယ်။

လော့ခ်ဟိမာတင်နဲ့ ဘိုးရင်းတို့လို့ ကမ္ဘာ့အကြီးဆုံး လက်နက်ကုမ္ပဏီကြီးတွေသာမကဘဲ နက်ဒက်စတော့အိပ်ချိန်းမှာ စာရင်းရှိတဲ့ အမေရိကန်အခြေစိုက် အေရိုဗီရွန်မန့်တို့လို ဒရုန်းကုမ္ပဏီလေးတွေဟာလည်း ဒါကို သတိထားမိလာပါတယ်။ ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက်မှာ အဲဒီကုမ္ပဏီလေးရဲ့ ရှယ်ယာတန်ဖိုးဟာ လေးဆတက်လာခဲ့ပါတယ်။

ဥရောပမှာဆိုရင် ပေါ်တူဂီက Tekever ဟာ ဈေးကွက်တန်ဖိုး တစ်ဘီလီယံကျော် ရှိတဲ့ ပုဂ္ဂလိကပိုင်ကုမ္ပဏီဖြစ်လာခဲ့ပါတယ်။ ဒီလိုကုမ္ပဏီမျိုးကို ယူနီကွန်းကုမ္ပဏီလို့ခေါ်ပါတယ်။ ဂျာမနီက Stark က လည်း ဒရုန်းထုတ်လုပ်ရေးကို ပိုမိုတိုးမြှင့်လုပ်ဆောင်လာခဲ့ပါတယ်။ နိုဝင်ဘာအကုန်မှာ ကုမ္ပဏီဟာ အင်္ဂလန်အနောက်တောင်ပိုင်းက ဆွင်ဒန်မှာ စက်ရုံသစ်တစ်ခုဖွင့်လှစ်တော့မှာဖြစ်ပါတယ်။

တစ်ချိန်ထဲမှာပဲ ဗြိတိန်အစိုးရက စစ်ဘက်ဆိုင်ရာဒရုန်းအသစ်တွေအတွက် ပေါင် ၄ ဒသမ ၅ သန်းအသုံးပြုမယ်လို့ မနှစ်က ထုတ်ပြန်ခဲ့ပါတယ်။

"ဒီကဏ္ဍဟာ ခပ်မြန်မြန်တိုးတက်လာပါတယ်၊ ဒရုန်းတွေဟာ စစ်ပွဲရဲ့အနာဂတ်လို့ ယူဆပါတယ်၊ လက်နက်ကြီးတွေ၊ သံချပ်ကားတွေလို အစဥ်အလာစစ်လက်နက်ပစ္စည်းတွေကလည်းရှိနေဦးမှာပါ။ ဒါပေမဲ့ ဒရုန်းကတော့ကြီးမားတဲ့ ဆန်းသစ်တီထွင်မှုဖြစ်ပြီး ပေါ်ပင်မဟုတ်ပါဘူး"လို့ Stark ရဲ့ ဗြိတိန်ဆိုင်ရာ စီမံခန့်ခွဲမှုဒါရိုက်တာ မိုက်ခ် အမ်းစထရောင်းကပြောပါတယ်။

စစ်ရေးအတွက် ဒရုန်းအသုံးပြုမှုတိုးတက်လာတာနဲ့အတူ သူ့ကိုတန်ပြန်ဖို့ လုပ်ငန်းလည်းရှိလာပါတယ်၊ ဒါကတော့ ဒရုန်းဖျက်လုပ်ငန်းပဲဖြစ်ပါတယ်။ စစ်မြေပြင်မှာ ဒေါသတကြီးနဲ့ ပစ်လွှတ်လိုက်တဲ့ ဒရုန်းတစ်ခုချင်းစီအတွက် အဲဒီဒရုန်းရဲ့ ရေဒီယိုအချက်ပြမှုကို ဖျက်ချဖို့ ဒါမှမဟုတ် ပစ်ချဖို့ တစ်စုံတစ်ဦးက ရှိနေဆဲပါ။

ဒရုန်းဖျက်နည်းပညာကို အရေးပါတဲ့ အခြေခံအဆောက်အအုံနေရာတွေကို ကာကွယ်ချင်တဲ့ အနောက်နိုင်ငံတွေက ပိုလို့တောင် ရှာဖွေလာခဲ့ပါပြီ။ ဒရုန်းတွေ ပျံဝဲနေလို့ ဘရပ်ဆဲလေဆိပ်ကို ယာယီပိတ်သိမ်းခဲ့ရပြီးနောက်မှာ ဒရုန်းကာကွယ်ရေးစနစ်တွေ အရေးတကြီးလိုအပ်နေပြီလို့ ဘယ်လ်ဂျီယံအစိုးရက နိုဝင်ဘာ ၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အိုလက် ဗော်နစ်ဟာ ဩစတြေးလျက ဒရုန်းဖျက်ကုမ္ပဏီဖြစ်တဲ့ DroneShield ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်ပါတယ်။

"ကျွန်တော်တို့က ခင်ဗျားလက်ထဲကို ထည့်ပြီး တစ်ပါထဲယူသွားလို့ရတဲ့ ဆော့ဖ်ဝဲရော၊ ဟက်ဝဲကိုပါ ထုတ်လုပ်ပါတယ်၊ ယာဉ်ပေါ်မှာပဲထားထား၊ စစ်စခန်းမှာပဲထားထား ဒရုန်းတွေကို ခြေရာခံပြီး ပစ်ချနိုင်မှာဖြစ်ပါတယ်" လို့ သူက ပြောပါတယ်။

၂၀၂၂ ခုနှစ်ကစလို့ DroneShield ရဲ့ ရှယ်ယာတန်ဖိုးဟာ ၁၅ ဆတက်လာခဲ့ပါတယ်။ "ကျွန်တော်တို့ဟာ ကမ္ဘာတစ်ဝန်းမှာ တစ်ခုတည်းသော အများပြည်သူပိုင် ဒရုန်းဖျက်ကုမ္ပဏီဖြစ်ပါတယ်" လို့ မစ္စတာ ဗော်နစ်ကပြောပါတယ်။

ယူကရိန်းကို ဒရုန်းတွေ ထောက်ပံ့ပေးနေရုံသာမကဘဲ တရုတ်ရဲ့ စောင့်ကြည့်ထောက်လှမ်းဒရုန်းတွေကို စိုးရိမ်နေတဲ့ အာရှပစိဖိတ်က နိုင်ငံတွေကလည်း DroneShield ထုတ်လုပ်တဲ့ ဒရုန်းတွေကို စိတ်ဝင်စားလာကြပါတယ်။ DroneShield ဟာ ကိုလံဘီယာနဲ့ မက္ကစီကိုအစိုးရတွေကိုလည်း ရောင်းချပါတယ်။ ဒီအစိုးရတွေဟာ အစိုးရဆိုင်ရာအဆောက်အအုံတွေကို ရာဇဝတ်ဂိုဏ်းတွေက ဒရုန်းသုံးပြီး တိုက်ခိုက်တာတွေကနေ ကာကွယ်ဖို့ နည်းပညာကို အသုံးပြုပါတယ်။

Munin Dynamics ကုမ္ပဏီဟာ ဒရုန်းဖျက်လုပ်ငန်းမှာ ဝင်ရောက်ပါဝင်နေတဲ့ လုပ်ငန်းစတင်ခါစ ကုမ္ပဏီငယ်လေးဖြစ်ပါတယ်။ တည်ထောင်သူကတော့ နော်ဝေစစ်တပ်က လေထီးတပ်သားဟောင်း မက်ဂနပ်စ် ဖရေယာဖြစ်ပါတယ်။

စစ်ထဲဝင်ခါစ ယူကရိန်းစစ်သည်တစ်ဦးဖြစ်စေ၊ အတွေ့အကြုံရင့်တဲ့ နေတိုးစစ်သားဖြစ်စေ၊ သူတို့ကိုယ်သူတို့ ဒရုန်းကနေ ကာကွယ်ဖို့အတွက် လိုအပ်တဲ့ စနစ်တစ်ခုကို တည်ဆောက်နေတာဖြစ်ပါတယ်၊ ကိုယ့်ကျည်ကာဂျတ်ကတ်ထဲမှာထည့်ယူသွားနိုင်ပြီး ဒရုန်းတွေ့တာနဲ့ပစ်ချလို့ရနိုင်တဲ့ သေးငယ်တဲ့လက်နက်ဖြစ်ပါတယ်" လို့ သူကပြောပါတယ်။

ဒရုန်းနည်းပညာမှာ နောက်ထပ်ကြီးမားတဲ့ ဖွံ့ဖြိုးမှုကတော့ အေအိုင် ကြောင့်ဖြစ်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

အခုလောလောဆယ်မှာတော့ ပဋိပက္ခတွေမှာ သုံးတဲ့ ဒရုန်းတွေဟာ ပစ်မှတ်ဆီရောက်ဖို့အော်ပရေတာတစ်ဦးက ထိန်းချုပ်ကိုင်တွယ်နေတဲ့ ဈေးသက်သာပြီးသေးငယ်တဲ့ ကိရိယာတွေပဲဖြစ်ပါတယ်။

ဒရုန်းရဲ့ ဝန်းကျင်မှာပဲရှိနေရပြီး ရီမုတ်ကွန်ထရိုးနဲ့ ထိန်းချုပ်နေရလို့ အန္တရာယ်ရှိပါတယ်။

ဒါပေမဲ့ ဒါတွေ ပြောင်းလဲတော့မယ်လို့ မစ္စပတ်တီဂျွန်ကပြောပါတယ်။

" နောက်ထပ်အကြီးအကျယ်ပြောင်းလဲတော့မယ်"လို့ သူကဆိုပါတယ်။

"အခုလောလောဆယ်တော့ တကယ်စမတ်ကျတဲ့ အေအိုင်သုံးဒရုန်းတွေ သိပ်မတွင်ကျယ်သေးပါဘူး၊ ဒါပေမဲ့ အော်ပရေတာတစ်ဦးထဲက ထိန်းချုပ်ထားတဲ့ ဒရုန်းအုပ်စုတွေကို စတင်မြင်ရတော့မယ်၊ နောက်ပိုင်းမှာ ထိန်းချုပ်သူမဲ့ပြီး အချင်းချင်းပူးပေါင်းနိုင်တဲ့ ဒရုန်းတွေရှိလာပါမယ်" လို့ သူကပြောပါတယ်။

လက်ရှိမှာတော့ ပန်းအလှဆင်အနုပညာသည်ဟောင်း ကဆန်နီးယား ကယ်မတ်စ်ဟာ ရှေ့တန်းမှာသုံးဖို့ ဒရုန်းတွေ ဆက်လက်တပ်ဆင်ထုတ်လုပ်နေဆဲပါ။

"ကျွန်မ ပန်းတွေကို သိပ်လွမ်းတာပဲ၊ အရင်ဘဝကိုသိပ်လွမ်းတာပေါ့၊ ကျွန်မရဲ့မိတ်ဆွေတွေ၊ ကျွန်မကိုယ်တိုင်လည်း လုံးဝကိုပြောင်းလဲသွားခဲ့တယ်၊ ပန်းဆိုင်ရာအနုပညာရှင်၊ အကသမားကနေ ဒရုန်းထုတ်လုပ်သူဖြစ်လာပါတယ်" လို့ သူက ဆက်ပြောပါတယ်။

"ဒါပေမဲ့ ဒါက ရှင်သန်ရပ်တည်ရေးကိစ္စပါပဲ၊ ကျွန်မတို့ တိုင်းပြည်အတွက် ကျွန်မတို့ရှင်သန်ရေးအတွက်၊ ကျွန်မတို့ဓလေ့တွေအတွက် တိုက်ပွဲဝင်နေရတာပါ"လို့ သူက ပြောပါတယ်။