ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာဖဂန်နစ္စတန် - အမေရိကန်ရဲ့ ဒရုန်းတိုက်ခိုက်မှုကို တာလီဘန်ရှုတ်ချ
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းမှာ အိုင်အက်စ် စစ်သွေးကြွအဖွဲဝင်တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ ဒရုန်းတိုက်ခိုက်မှုကို တာလီဘန်ဘက်က ရှုတ်ချလိုက်ပါတယ်။
ဒါဟာ "အာဖဂန်ပိုင်နက်ကို ထိပါးတိုက်ခိုက်တယ်ဆိုတာ အသိသာချည်းပဲ" လို့ တာလီဘန် ပြောခွင့် ဇာဘီဟူလာ မူဂျာဟစ်က ပြောပါတယ်။
အမေရိကန်ဘက်ကတော့ အာဖဂန် အရှေ့ပိုင်းမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက် ညပိုင်းက အမေရိကန် မောင်းသူမဲ့ တိုက်လေယာဉ်နဲ့ ပစ်ခတ်မှုကြောင့် ထိပ်တန်း IS-K ရဲ့ စီမံကိန်း လုပ်ဆောင်သူနဲ့ ပူးပေါင်း လုပ်ဆောင်သူ ခေါင်းဆောင် တဦးတို့ သေဆုံးခဲ့ပြီး အခြား IS-K ခေါင်းဆောင် တဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ပင်တဂွန် ပြောခွင့်ရ ပုဂ္ဂိုလ် ဂျွန်ကာဘီက သြဂုတ်လ ၂၈ ရက်နေ့မှာ သတင်းသမားတွေကို ပြောဆိုလိုက်ပါတယ်။
IS-K ရဲ့ အာဖဂန်နစ္စတန်ပြည်တွင်း ခြိမ်းခြောက်မှုဟာ ဆက်လက် လှုပ်ရှား သက်ဝင်နေဆဲ ဖြစ်ပြီး အခုလို ထိထိရောက်ရောက် နှိမ်နင်းမှုက IS-K ရဲ့ နောက်ပိုင်း လုပ်လာနိုင်တဲ့ တိုက်ခိုက်နိုင်စွမ်းကို သက်ရောက်မှု ရှိမှာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
အမေရိကန်နိုင်ငံဟာ အာဖဂန်နိုင်ငံက သူတို့ရဲ့တပ်ဖွဲ့ဝင်တွေနဲ့တကွ အာဖဂန်အရပ်သားတွေ ထွက်ခွာနိုင်ဖို့ လေယာဉ်တွေနဲ့ သယ်ထုတ်တဲ့ အစီအစဉ်ကို သြဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
ဒါပေမယ့် လောလောဆယ်မှာ လတ်တလော တိုက်ခိုက်ခံထားရတဲ့ ကာဘူးလ် လေဆိပ်မှာ လုံခြုံရေး ခြိမ်းခြောက်မှုတွေ ရှိနေတဲ့အတွက် ကျန်ရှိနေသေးတဲ့ အမေရိကန်နိုင်ငံသားတွေကို လေဆိပ်ကို မလာကြဖို့နဲ့ လေဆိပ် ဂိတ်တွေမှာ စောင့်မနေကြဖို့ အာဖဂန် အမေရိကန်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
IS-K နဲ့ အာဖဂန် အနေအထားအပေါ် အခြား အနောက်နိုင်ငံတွေက ဘယ်လို တုံ့ပြန်နေသလဲ
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ကတော့ အစ္စလာမ္မစ်နိုင်ငံအဖွဲ့ရဲ့ အန္တရာယ်ပေးနိုင်မှု ရှိနေဆဲ ဖြစ်တဲ့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ပေါ့ဆလိုက်လို့ မရဘူးလို့ သြဂုတ်လ ၂၈ ရက်နေ့ အစောပိုင်းမှာပဲ ပြောကြားခဲ့ပါတယ်။
အီရတ်နိုင်ငံကို ရောက်ရှိနေတဲ့ မစ္စတာ မက်ခရွန်က အီရတ်ဝန်ကြီးချုပ် မူစတာဖာ အယ်လ် ခါဒီးမီးကို အခုလို ပြောကြားလိုက်တာ ဖြစ်ပြီး အီရတ်အစိုးရက ဒီအကြမ်းဖက်သမားတွေကို တိုက်ခိုက်ဖို့ကိစ္စကို အဓိကအာရုံထားတယ်ဆိုတာကိုလည်း အသိအမှတ်ပြုကြောင်း မစ္စတာ မက်ခရွန်က ပြောပါတယ်။
တာလီဘန်က အာဖဂန်ကို သိမ်းပိုက်မှု အခြေအနေနဲ့ ပတ်သက်လို့ ယူကေဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နဲ့ ဂျာမနီဝန်ကြီးချုပ် အန်ဂလာ မာကယ်တို့လည်း သြဂုတ်လ ၂၈ ရက်နေ့မှာပဲ ဖုန်းဆက် ဆွေးနွေးခဲ့ကြပါတယ်။
အခုလို ဆွေးနွေးရာမှာ အာဖဂန်မှာ တက်လာမယ့် အစိုးရသစ်နဲ့ ဘယ်လို ဆက်ဆံ ကိုင်တွယ်မလဲ ဆိုတဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်ကို ရေးဆွဲဖို့အတွက် စက်မှုထိပ်သီး ၇ နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်ကြရေး ပြောဆိုခဲ့ကြတယ်လို့ ယူကေအစိုးရ ပြောရေးဆိုခွင့်ရှိသူက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ယူကေဝန်ကြီးချုပ် မစ္စတာ ဂျွန်ဆင်ဘက်ကတော့ တာလီဘန်တွေဘက်က အာဖဂန်က ထွက်ခွာချင်သူတွေအတွက် လုံခြုံတဲ့ လမ်းကြောင်းဖွင့်ပေးဖို့နဲ့ တာလီဘန်တွေက လူ့အခွင့်အရေး လိုက်နာမှု ရှိဖို့ ဆိုတဲ့ လိုအပ်ချက်တွေ ပြည့်စုံမှသာလျှင် တာလီဘန်တွေကို အာဖဂန်အစိုးရအဖြစ်နဲ့ အသိအမှတ်ပြုတာနဲ့ ဆက်ဆံတာတွေ လုပ်သင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။
တာလီဘန်တွေဟာ အမေရိကန်တွေနဲ့လည်း ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်နေရာမှာ ပြည်ပ ထွက်ခွာချင်သူတွေနဲ့ ပြည်တွင်းကို ဝင်လာသူတွေကို ပိတ်ပင်မှုမရှိဘဲ တရားဝင် စာရွက်စာတမ်းတွေ ပြနိုင်တယ်ဆိုရင် အဝင်အထွက်လုပ်နိုင်အောင် နယ်စပ်ကို ဖွင့်ထားမှာဖြစ်တယ်လို့ တာလီဘန်ဘက်က ပြောပါတယ်။
ယူကေနိုင်ငံက အာဖဂန်နစ္စတန်က ထွက်ခွာချင်သူ အရပ်သားတွေကို လေယာဉ်နဲ့ ပို့ဆောင်ပေးမှုကို သြဂုတ်လ ၂၈ ရက်နေ့မှာ ရပ်ဆိုင်းလိုက်ပြီဖြစ်ပြီး နောက်ပိုင်း အဲဒီက ထွက်ခွာလာမယ့် ယူကေလေယာဉ်တွေမှာ ယူကေ သံတမန်ဝန်ထမ်းတွေနဲ့ ယူကေတပ်ဖွဲ့ဝင်တွေသာ ပါဝင်တော့မယ်လို့ ယူကေ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။