ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာဖဂန်နစ္စတန်- IS-K ဆိုတာ ဘယ်လိုအဖွဲ့မျိုးလဲ
အာဖဂန်နစ္စတန်မြို့တော် ကာဘူးလ်လေဆိပ်မှာ သြဂုတ်လ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အသေခံ ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် အမေရိကန်တပ်သား ၁၃ ဦး အပါအဝင် လူ ၁၇၀ လောက်အထိ သေဆုံးခဲ့ပြီး ဒီတိုက်ခိုက်မှုကို အစ္စလာမ္မစ်နိုင်ငံအဖွဲ့ IS ရဲ့ အာဖဂန်ဌာနခွဲက သူတို့ လုပ်လိုက်တာလို့ ပြောဆိုထားပါတယ်။
အခုလို အာဖဂန် IS ဌာနခွဲ IS-K က တိုက်ခိုက်မှု ဖြစ်နိုင်ခြေရှိတယ်ဆိုပြီး အနောက်နိုင်ငံအစိုးရတွေက အကြိမ်ကြိမ် သတိပေးနေတဲ့ကြားက အမှန်တကယ်လည်း တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
IS-K အဖွဲ့ကို ဘယ်လိုဖွဲ့စည်းထားသလဲ
IS-K အဖွဲ့ရဲ့ နာမည် အပြည့်အစုံကတော့ အစ္စလာမ္မမစ် နိုင်ငံအဖွဲ့ IS ရဲ့ Khorasan ခိုရာစန် ဒေသ ဌာနခွဲ ဖြစ်ပါတယ်။
Khorasan ဒေသ ဆိုတာကတော့ လက်ရှိ မရှိတော့ဘဲ သမိုင်းကြောင်းအရ ရှိခဲ့တဲ့ ဒေသဖြစ်ပြီး လက်ရှိခေတ် အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန် နိုင်ငံအတွင်းက ဒေသအချို့ကို ပေါင်းစပ် ခေါ်ဝေါ်တာ ဖြစ်ပါတယ်။
IS-K ဖွဲ့စည်းကာစ အချိန်မှာ ပါကစ္စတန်အပိုင်းက အဖွဲ့ဝင်တွေလည်း ပါဝင်ခဲ့ပေမယ့် မေလ ၂၀၁၉ အရောက်မှာ ပါကစ္စတန်ဘက်က အဖွဲ့က သီးသန့် ခွဲထွက်ခဲ့ပါတယ်။
ဒီအဖွဲ့ဟာ အာဖဂန်မှာရှိတဲ့ ဂျီဟက်ဒ်ဝါဒီ စစ်သွေးကြွအဖွဲ့တွေ အားလုံးထဲမှာ အစွန်းအရောက်ဆုံးနဲ့ အဆိုးရွားဆုံး အကြမ်းအဖက် အဖွဲ့လည်း ဖြစ်တယ်လို့ ဆိုပါတယ်။
IS-K အဖွဲ့ကို ၂၀၁၅ ဇန်နဝါရီလမှာ ဖွဲ့စည်းခဲ့ပြီး အဲဒီအချိန်က အစ္စလာမ္မစ်နိုင်ငံအဖွဲ့ဟာ အီရတ်နဲ့ ဆီးရီးယားမှာ အင်အားကောင်းနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။
IS အဖွဲ့ဟာ အစ္စလာမ္မစ် နိုင်ငံတော် ထူထောင်ကြောင်း ကြေညာပြီး ဒေသတွင်း အင်အားကြီးလာခဲ့ပေမယ့် အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ၂၀၁၇ အတွင်း သူတို့ ထိန်းချုပ်နိုင်တဲ့ အကြီးဆုံး မြို့ဖြစ်တဲ့ အီရတ်က မိုဆူးလ်မြို့ကို လက်လွှတ်ရပြီးနောက်ပိုင်း ဆုံးရှုံး ပြိုကွဲ သွားခဲ့ပါတယ်။
ဒါပေမဲ့ IS-K အဖွဲ့ကတော့ ဆက်ရှိနေခဲ့ပြီး အာဖဂန်နစ္စတန် နဲ့ ပါကစ္စတန်က ဂျီဟက်ဒ်ဝါဒီတွေကို အဖွဲ့ဝင်အဖြစ် စုဆောင်း ဖွဲ့စည်းထားပါတယ်။
အထူးသဖြင့် တာလီဘန်အဖွဲ့ထဲက တာလီဘန်ရဲ့ လှုပ်ရှားမှုကို အားမရဘဲ စွန့်ခွာလာသူတွေကိုလည်း အသားပေး စုဆောင်းနေတယ်လို့ ဆိုပါတယ်။
IS-K အဖွဲ့ဟာ အင်အားကောင်းခဲ့တဲ့ အချိန်မှာ အဖွဲ့ဝင် ၃၀ဝ၀ အထိ ရှိခဲ့ပေမယ့် သူတို့ဟာ အမေရိကန်နဲ့ အရင် အာဖဂန်အစိုးရတပ်ဖွဲ့ဝင်တွေနဲ့သာမက တာလီဘန်တွေနဲ့လည်း ဖြစ်တဲ့ တိုက်ပွဲတွေကြောင့် သေကြေဒဏ်ရာရမှု အများအပြား ရှိထားပါတယ်။
IS-K အဖွဲ့က ဘယ်တိုက်ခိုက်မှုတွေ လုပ်ခဲ့သလဲ
IS-K အဖွဲ့ဟာ အရင် အာဖဂန် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ အာဖဂန်နိုင်ငံရေးသမားတွေနဲ့တကွ ဝန်ကြီးဌာန အသီးသီးကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ဖူးပါတယ်။
ဒါ့အပြင် ဒီအဖွဲ့ဟာ တာလီဘန်တွေနဲ့ လူနည်းစု ကိုးကွယ်တဲ့ ဘာသာဝင်တွေကိုလည်း တိုက်ခိုက်ခဲ့ပြီး အဲဒီအထဲမှ ရှီအာ မွတ်ဆလင်တွေနဲ့ ဆစ်ခ် လူမျိုးတွေလည်း ပါဝင်ပါတယ်။
IS-K ဟာ အခုလို ပြည်တွင်းအခြေစိုက်သူတွေကို တိုက်ခိုက်သလို ပြည်ပကလာတဲ့ အမေရိကန်နဲ့တကွ မြောက်အတ္တလန္တိတ် စစ်စာချုပ် နေတိုးအဖွဲ့ဝင် တပ်ဖွဲ့တွေကိုလည်း တိုက်ခိုက်ခဲ့ပြီး တပ်ဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အကူအညီပေးရေး အဖွဲ့အစည်းတွေကိုပါ မချန်ပဲ တိုက်ခိုက်မှုတွေ လုပ်ခဲ့ဖူးပါတယ်။
IS-K လုပ်ခဲ့တဲ့ တိုက်ခိုက်မှုတွေဟာ အာဖဂန်နစ္စတန်မှာ လတ်တလော ကာလအတွင်း ဖြစ်ခဲ့တဲ့ အဆိုးဝါးဆုံး တိုက်ခိုက်မှုတွေ အတွင်းမှာလည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။
ဒီအဖွဲ့ဟာ မိန်းကလေး စာသင်ကျောင်းတွေ ဆေးရုံတွေကို ပစ်မှတ်ထားခဲ့တဲ့ အပြင် သားဖွားဆောင်ကိုပါ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ဖူးပြီး ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သူနာပြု အမျိုးသမီးတွေကိုလည်း ပစ်သတ်ခဲ့ဖူးတယ် ဆိုတဲ့ သတင်းပေးပို့ချက်တွေ ရှိထားပါတယ်။
တာလီဘန်တွေဟာ အာဖဂန်နစ္စတန်နိုင်ငံ အရေးကိစ္စကိုသာ အာရုံစိုက်ပေမယ့် IS-K ကတော့ တကမ္ဘာလုံး ဖြန့်ကြက် တည်ရှိနေတဲ့ IS ကွန်ရက်ရဲ့ အစိတ်အပိုင်း တခုဖြစ်တဲ့အတွက် နိုင်ငံတကာမှာပါ လှုပ်ရှားနိုင်တဲ့ အဖွဲ့ဖြစ်ပါတယ်။
အထူးသဖြင့် IS-K ဟာ အနောက်နိုင်ငံတွေက နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ပစ်မှတ်တွေကိုလည်း အခွင့်ရရင် တိုက်ခိုက်ဖို့ ကြိုးစားမယ့် အဖွဲ့လည်း ဖြစ်ပါတယ်။
IS-K က အာဖဂန်ဒေသ အခြေစိုက်ပုံနဲ့ တာလီဘန်နဲ့ ဆက်စပ်မှု
IS-K ဟာ အာဖဂန်အရှေ့ပိုင်း နန်ဂါဟာ ဒေသမှာ အခြေစိုက်ပြီး အထူးသဖြင့် ပါကစ္စတန်နဲ့ နယ်စပ် လူနဲ့ လက်နက်ကုန်ကူးမှု အဝင်အထွက် လမ်းကြောင်းအနီးက ဒေသတွေမှာ စခန်းချထားကြပါတယ်။
IS-K ဟာ သူတို့ရဲ့ တိုက်ခိုက်မှု အများစုကို နန်ဂါဟာနဲ့ ကာဘူးလ်တဝိုက်မှာ ပြုလုပ်ကြတယ် ဆိုပေမယ့် အာဖဂန်က တခြားဒေသတွေဖြစ်တဲ့ ကူနာ၊ ဂျောင်ဂျန်၊ ပက်က်တီယာ၊ ခွန်ဒူးဇ်နဲ့ ဟီရတ် ဒေသတွေမှာလည်း တိုက်ခိုက်မှုတွေ လုပ်ခဲ့ဖူးတယ်လို့ ကြေညာထားပါတယ်။
IS-K အဖွဲ့ဟာ ဟာကာနီကွန်ရက်လို့ ခေါ်တဲ့ အဖွဲ့ကတဆင့် တာလီဘန်နဲ့ ဆက်ဆံမှုရှိတယ်လို့လည်း သုတေသီတွေက ပြောဆိုကြပါတယ်။
ဟာကာနီကွန်ရက်အဖွဲ့ဟာ တာလီဘန်တွေနဲ့ နီးစပ်တဲ့အဖွဲ့ဖြစ်ပြီး ဒီကွန်ရက်ဟာ IS-K နဲ့ ခိုင်မာတဲ့ ဆက်ဆံမှုရှိတယ်လို့ ဆိုပါတယ်။
လက်ရှိ ကာဘူးလ်မြို့ လုံခြုံရေးအတွက် တာလီဘန်တွေက တာဝန်ပေးထားသူ ခါလီ ဟာကာနီ ဆိုရင် သူ့ကို ဖမ်းဆီး သတ်ဖြတ်နိုင်ရင် အမေရိကန်ဒေါ်လာ ငါးသန်း ဆုငွေ ပေးမယ်ဆိုပြီး အမေရိကန်အစိုးရက ကြေညာထားခံရသူ ဖြစ်ပါတယ်။
၂၀၁၉ နဲ့ ၂၀၂၁ ခုနှစ် အကြားမှာ ဖြစ်ပွားခဲ့တဲ့ ဒေသတွင်း အဓိက တိုက်ခိုက်မှုတွေကို IS-K၊ တာလီဘန်တွေရဲ့ ဟာကာနီ ကွန်ရက်နဲ့ တခြား ပါကစ္စတန်အခြေစိုက် အကြမ်းဖက် အုပ်စုတွေက ပူးပေါင်း ညှိနှိုင်း လုပ်ဆောင်ခဲ့ကြတယ်လို့ ဒေါက်တာ ဆာဂျန် ဂိုဟယ်က ပြောပါတယ်။
ဒေါက်တာ ဆာဂျန် ဂိုဟယ်ဟာ အာဖဂန်မှာရှိတဲ့ စစ်သွေးကြွကွန်ရက်တွေကို နှစ်ပေါင်းများစွာ လေ့လာနေတဲ့ အာရှ ပစိဖိတ် ဖောင်ဒေးရှင်းရဲ့ အဖွဲ့ဝင်တဦး ဖြစ်ပါတယ်။
တာလီဘန်တွေဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့က ကာဘူးလ်မြို့ကို သိမ်းပိုက်ပြီးချိန်မှာ ပူလ်အီချာကီ အကျဉ်းထောင်က ထောင်သား အများအပြားကို လွွှတ်ပေးခဲ့ပြီး အဲဒီအထဲမှာ IS အဖွဲ့ဝင်တွေနဲ့ အယ်လ်ကိုင်းဒါး စစ်သွေးကြွတွေလည်း ပါဝင်နေပါတယ်။
IS-K က တာလီဘန်တွေကို ဘယ်လို ခြိမ်းခြောက်နိုင်သလဲ
IS-K ဟာ တာလီဘန်တွေနဲ့ အခုလို ဆက်စပ်မှု ရှိတယ် ဆိုပေမယ့် နှစ်ဖက် သိသိသာသာ သဘောထား ကွဲလွဲမှုတွေလည်း ရှိနေပါတယ်။
တာလီဘန်တွေဟာ ဂျီဟက်ဒ်ဝါဒအရ တိုက်ပွဲဆင်နွှဲတာတွေကို စွန့်ခွာပြီး ကာတာနိုင်ငံ ဒိုဟာမြို့က တန်ဖိုးကြီး ဟိုတယ်တွေမှာ ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးပွဲတွေ တက်ဖို့သာ အာရုံစိုက်နေတယ်လို့ IS-K က စွပ်စွဲထားပါတယ်။
ဒါ့အပြင် IS-K ဟာ တာလီဘန်တွေမှာ အစ္စလာမ် ဘာသာတရား မကိန်းဝပ်တော့ဘူးလို့ ယူဆထားကြပြီး သူတို့ရဲ့ အစ္စလာမ်ဘာသာ အဓိပ္ပာယ်ကောက်ချက်အရ အခုလို မကိန်းဝပ်သူတွေကို သတ်ရင် အပြစ်မရှိဘူးလို့လည်း ခံယူထားကြပါတယ်။
IS အဖွဲ့ စစ်သွေးကြွတွေဟာ အနောက်နိုင်ငံတွေက ထောက်လှမ်းရေးအဖွဲ့တွေအတွက် လုံခြုံရေးဆိုင်ရာ အဓိက စိန်ခေါ်မှုဖြစ်နေသလို လာမယ့် တာလီဘန် အစိုးရအတွက်လည်း အလားတူ စိန်ခေါ်မှု ဖြစ်လာနိုင်ပါတယ်။