အနှစ် ၂ဝ ထောင်ဝင်စာတွေ့ခဲ့သူ ဒေါက်တာချစ်မောင်

burma

ဓာတ်ပုံ ရင်းမြစ်, Prof. Hla Yee Yee

ဓာတ်ပုံ ပုံစာ, ဇီဝဓာတုပါရဂူ ဒေါက်တာချစ်မောင်
    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

NLD ဒုဥက္ကဋ္ဌနဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ရဲ့ ဖခင် ဒေါက်တာချစ်မောင် ကိုဗစ်ရောဂါ နောက်ဆက်တွဲ ဝေဒနာတွေနဲ့ မန္တလေးမြို့မှာ ကွယ်လွန်သွားပါတယ်။ ကွယ်လွန်ချိန်မှာ ၉၃ နှစ် ရှိတဲ့ ဒေါက်တာချစ်မောင်ဟာ မန္တလေးဆေးတက္ကသိုလ် ပါမောက္ခဟောင်း ဖြစ်သလို မြန်မာနိုင်ငံရဲ့ ဒုတိယမြောက် ဇီဝဓာတုဗေဒပါရဂူဘွဲ့ရသူလည်း ဖြစ်ပါတယ်။

ဆရာသက် နှစ်လေးဆယ်

ဒေါက်တာချစ်မောင်ကို စစ်ကိုင်းမှာ ၁၉၂၉ က မွေးပြီး မန္တလေးနားက ပလိပ်မှာ ကြီးပါတယ်။ စစ်အတွင်းမှာ ကျောင်းမတက်ရတဲ့အတွက် ဆန်ကုန်ကူးတာ၊ ငှက်လှေခတ်တာတွေ လုပ်ခဲ့တယ်လို့ မြေးဖြစ်သူ ဒေါက်တာ ဉာဏ်ဝေဖြိုးက ပြောပါတယ်။ အသက်ငယ်ငယ်နဲ့ အိမ်ထောင်ကျခဲ့တဲ့အတွက် နှစ်ဖက်ဆွေမျိုးတွေက ကျောင်းဆက်တက်ဖို့ ကူညီခဲ့ကြပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, ullstein bild Dtl.

ဓာတ်ပုံ ပုံစာ, စစ်အတွင်း မန္တလေးကို ဝင်လာတဲ့ ဂျပန်တပ်သားများ

ရန်ကုန်တက္ကသိုလ်ကနေ ၁၉၅၃ မှာ သိပ္ပံဘွဲ့ရပြီးနောက် မန္တလေးယူနီဗာစီတီကောလိပ်မှာ ဓာတုဗေဒနည်းပြအဖြစ် ၁၉၅၃ က စထမ်းဆောင်ခဲ့လို့ တက္ကသိုလ်ရဲ့ ဝါရင့်ဆရာလည်း ဖြစ်ခဲ့ပါတယ်။ မန္တလေးဆေးကျောင်းမှာ ၁၉၅၅ ကနေ ၁၉၈၉ ထိ ထမ်းဆောင်ခဲ့ပြီး ဇီဝဓာတုဗေဒပါမောက္ခ ရာထူးနဲ့ ၁၉၈၉ မှာ အငြိမ်းစားယူခဲ့ပါတယ်။ ပင်စင်ယူပြီးနောက်မှာလည်း တပ်မတော် ဆေးတက္ကသိုလ်မှာ သင်ကြားပို့ချခဲ့သလို မန္တလေးတက္ကသိုလ် ဓာတုဗေဒမဟာသိပ္ပံနဲ့ ပါရဂူဘွဲ့သင်တန်းသားတွေကိုလည်း သူစာသင်ပေးခဲ့ပါတယ်။ ရန်ကုန်နဲ့ တခြားနိုင်ငံအဝှမ်းက တက္ကသိုလ်တွေမှာ ဇီဝဓာတုပညာ ပြန့်ပွားအောင် သူသင်ကြားပေးခဲ့ပါတယ်။

ဒေါက်တာချစ်မောင်ဟာ ပညာတော်သူဖြစ်လို့ အဲဒီခေတ်က ဘာသာရပ်အသစ်အဆန်းဖြစ်တဲ့ ဇီဝဓာတုဗေဒပညာနဲ့ အမေရိကန် တက္ကဆက်တက္ကသိုလ်က မဟာဘွဲ့နဲ့ အိုင်ယာလန် ဒဗ္ဗလင် တက္ကသိုလ်က ပါရဂူဘွဲ့တွေကို ၁၉၆၁ နဲ့ ၁၉၇ဝ မှာ ရရှိခဲ့ပြီး ပါရဂူဘွဲ့လွန် သင်တန်းတွေကို လစ်ဗာပူးနဲ့ အီဒင်ဘာရာ တက္ကသိုလ်တွေမှာ ၁၉၇၄ က တက်ရောက်ခဲ့ပါတယ်။ သားသမီး ကိုးယောက်နဲ့ အိမ်ထောင်တာဝန်တွေကြားက ပါရဂူဘွဲ့ရတဲ့အထိ ဆည်းပူးခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်မှာ ပညာသင်စဉ်က လူဖြူလူမည်းခွဲခြားမှုတွေကို မျက်မြင် ကြုံတွေ့ခဲ့ရသလို တနှစ် ဆက်သင်ရင် ပါရဂူဘွဲ့ ရနိုင်ရက်နဲ့ အိမ်လွမ်းလို့ ပြန်လာခဲ့တယ်လို့လည်း ဒေါက်တာချစ်မောင် ပြန်ပြောင်းရေးခဲ့ပါတယ်။

အမေရိကန်မှာ ကြုံခဲ့တဲ့ ဆရာတွေထဲမှာ ကိုအင်ဇိုင်း မော်လီကျူးကို စတင်တွေ့ရှိသူတောင် ပါတယ်လို့ ဆိုပါတယ်။ သူအမေရိကန်က ပြန်ပြီးနောက် အနှစ် ၆ဝ လောက် အကြာမှာတော့ သူတက်ခဲ့တဲ့ တက္ကဆက်တက္ကသိုလ် အောက်က သင်ကြားရေး ဆေးရုံတခုမှာ မြေးဖြစ်သူ ကျောက်ကပ်အထူးကုသင်တန်းတက်ခွင့်ရတဲ့အတွက် သူ အထူးဂုဏ်ယူတယ်လို့လည်း သိရပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Bettmann

ဓာတ်ပုံ ပုံစာ, အော်စတင်မြို့က တက္ကဆက်တက္ကသိုလ်မြင်ကွင်း

အင်ဇိုင်းနဲ့ မောင် ဓာတ်ခွဲခန်း

သူစိတ်ဝင်စားတဲ့ သုတေသနနယ်ပယ်က မြန်မာတိုင်းရင်းဆေးလောကက ဆေးဘက်ဝင်အပင်တွေမှာ ပါတဲ့ ဒြပ်ပေါင်းတွေကို သီးခြားခွဲထုတ်ပြီး ဂုဏ်သတ္တိတွေဖော်ထုတ်တာ ဖြစ်တယ်လို့ ဒေါက်တာမြတူနဲ့ ဒေါက်တာ ခင်သက်ထားတို့ ပြုစုတဲ့ မြန်မာ ကျန်းမာရေးနဲ့ ဆေးလောကက ထင်ရှားသူများ စာအုပ်မှာ ပါပါတယ်။ မိခင်နဲ့ သန္ဓေသားရဲ့ သွေးထဲက အင်ဇိုင်းသုတေသန၊ ပင်နီဆလင်ဒြပ်ပေါင်းတွေအကြောင်း သုတေသန စာတမ်း တွေနဲ့ အမိုင်နိုအက်ဆစ်နဲ့ဆိုင်တဲ့ စာတမ်းတွေကို ၁၉၆၁ ကတည်းက ရေးသားခဲ့ပါတယ်။

သူ့လက်ထက် ၁၉၈၇ မှာ ဇီဝဓာတုဗေဒကို ဇီဝကမ္မကနေ ခွဲထွက်ပြီး သီးခြားဌာနဖြစ်အောင် ထူထောင်ခဲ့ပါတယ်။ ဒါကြောင့် ၁၉၈၆ မှာ ဇီဝကမ္မပါမောက္ခ ဖြစ်လာတဲ့ ဒေါက်တာချစ်မောင်ဟာ ဇီဝဓာတုဗေဒ ပါမောက္ခ တာဝန် ပြောင်းလဲယူခဲ့တဲ့အတွက် မြန်မာဆေးတက္ကသိုလ် ဌာနနှစ်ခုမှာ ပါမောက္ခဖြစ်ဖူးတဲ့ ဆရာဝန် မဟုတ်တဲ့ ဆေးပညာရှင် ဖြစ်လာပါတယ်။ သူသာ တခြား တက္ကသိုလ်တွေသွားရင် ပါမောက္ခချုပ် ဖြစ်နိုင်တယ်၊ သူ့ဘာသာမှာ ပါမောက္ခဖြစ်ချင်လို့ ဆေးကျောင်းမှာပဲ နေခဲ့တယ် လို့လည်း ဦးချစ်မောင်က ရေးပါတယ်။ သူ ပါမောက္ခဖြစ်ပြီးနောက် မန္တလေးဆေးကျောင်းက ဇီဝဓာတုဗေဒပညာရှင် ဦးချစ်မောင်နဲ့ ဦးမြမောင်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဓာတ်ခွဲခန်းတခုကို မောင် ဓာတ်ခွဲခန်း လို့ မှည့်ခေါ်ခဲ့ကြတယ်လို့လည်း ရန်ကုန် ဆေး ၁ နဲ့ မလေးရှား နိုင်ငံတကာ ဆေးတက္ကသိုလ်က အငြိမ်းစား ဇီဝကမ္မဗေဒပါမောက္ခ ဒေါက်တာလှရီရီက ပြောပါတယ်။

ဆေးကျောင်း ဝန်ထမ်းသက်သာမှာလည်း ဥက္ကဋ္ဌအဖြစ် ကျပ်တည်းတဲ့ ဝန်ထမ်းတွေ အဆင်ပြေအောင် ကူညီခဲ့ပါတယ်။ ၁၉၆၇ ဆန်ပြဿနာကြုံရချိန်မှာ ရွှေဘိုလှတောထိ သွားပြီး ဆန်ဝယ်ပေးခဲ့တယ်လို့ သူရေးခဲ့ပါတယ်။

ဦးချစ်မောင်ဟာ စာသင်စာရှင်းကောင်းပြီး ပျော်ပျော်နေတတ်တယ်၊ လက်တွေ့ခန်းထဲမှာ တပည့်တွေ တောင်းဆိုရင် သီချင်းဆိုပြတတ်တယ်လို့လည်း ဆေးကျောင်းသား ဘဝက မန္တလေးဆေးတက္ကသိုလ်မှာ ကြုံခဲ့ရတဲ့ ဒေါက်တာထင်အောင်က အမှတ်တရ ပြောပါတယ်။ သူအကြိုက်ဆုံး သီချင်းက မြို့မငြိမ်းရဲ့ ရေချိုးဆိပ်သီချင်းလို့လည်း ဆိုပါတယ်။ ဒေါက်တာချစ်မောင်ဟာ ဘင်ဂျိုတီး ကောင်းသူပီပီ အပြင်မှာလည်း မြို့မတီးဝိုင်းနဲ့ သီချင်းဆို တတ်သလို အပေါင်းအသင်းတွေနဲ့ လည်ပတ်သွားလာရတာ ကြိုက်ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Dr Nyan Wai Phyo

ဓာတ်ပုံ ပုံစာ, ဒေါက်တာချစ်မောင်တို့ မျိုးရိုးသုံးဆက်

တတိယအရွယ်ရဲ့ ဖခင်တာဝန်

ဒီလိုပျော်ပျော်နေတတ်ပေမယ့် ၁၉၈၈ နောက်ပိုင်းမှာ ဘဝမုန်တိုင်းနဲ့ ကြုံခဲ့ရပါတယ်။ သားငယ် ဒေါက်တာဇော်မြင့်မောင် သူ့ဌာနမှာ သရုပ်ပြဆရာ ဖြစ်နေတုန်း ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့လို့ ရန်ကုန် အရွှေ့ခံရပြီးနောက် အလုပ်က ထွက်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ပါဝင်ခဲ့ပါတယ်။ ဆေးကျောင်းသားဘဝထဲက သူငယ်ချင်း သင့်ဘဝ ဦးတင်မောင်သန်းတို့ နိုင်ငံရေးလှုပ်ရှားချိန်မှာ မိသားစုကို ငဲ့ရလို့ မပါခဲ့ရတဲ့ ဒေါက်တာ ဇော်မြင့်မောင်ဟာ ငွေငါးသောင်းလျော်ပြီး ပြီးခါနီး မဟာသိပ္ပံဘွဲ့ကို အဆုံးခံကာ နိုင်ငံရေးနယ်ထဲ ဝင်ခဲ့ပါတယ်။ ကျန်းမာရေးဌာနဘက်က ငွေတသိန်းတောင်းပေမယ့် အဲဒီအချိန်က ဝန်ကြီး ဒေါက်တာ ဦးဖေသိန်းက ငါးသောင်းလျှော့ပေးခဲ့တယ်လို့ ကိုဉာဏ်ဝေဖြိုးက ပြောပါတယ်။ ပါမောက္ခဦးဖေသိန်း လက်အောက် ဇီဝကမ္မဗေဒဌာနမှာ ဒေါက်တာချစ်မောင် အနှစ် ၂ဝ လောက် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, AUNG HTET

ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာ ဇော်မြင့်မောင်

၁၉၉ဝ မှာ စင်ပြိုင်အစိုးရ ဖွဲ့ရေး လှုပ်ရှားမှုနောက်ပိုင်း ဒေါက်တာဇော်မြင့်မောင် အထိန်းသိမ်းခံရပါတယ်။ ချွေးမဖြစ်သူ ဒေါက်တာယုယုမေမှာ ကလေးသုံးယောက်တာဝန်နဲ့ လတိုင်း သွားမတွေ့နိုင်တဲ့အတွက် ဒေါက်တာ ချစ်မောင် ထောင်ဝင်စာသွားတွေ့ခဲ့ရ ပါတယ်။ ဦးချစ်မောင် မန္တလေးမှာနေပေမယ့် အင်းစိန်နဲ့ မြစ်ကြီးနားထောင်ထိ နှစ်လတကြိမ် သားကို သွားတွေ့ရတာပါ။ ဒီလိုတွေ့တာကလည်း တနှစ်နှစ်နှစ် မဟုတ်ဘဲ ၁၉၉ဝ ကနေ ၂ဝဝ၉ ထိ အနှစ် ၂ဝ နီးပါး သွားတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ဒေါက်တာ ဇော်မြင့်မောင် ပြန်လွတ်လာမှ အသက် ၈ဝ ကျော် ဦးချစ်မောင်တယောက် ဒီတာဝန်က အနားရခဲ့ပါတယ်။

နောက် သားဖြစ်သူ အဖမ်းခံနေရတဲ့အတွက် ဒေါက်တာချစ်မောင်ကို တပ်မတော် ဆေးတက္ကသိုလ်မှာ ဧည့်ပါမောက္ခအဖြစ် စာသင်ခွင့် ရပ်စဲခဲ့ပါတယ်။ မြစ်ကြီးနားကို သွားဖို့ လေယာဉ်လက်မှတ် ဝယ်ရာမှာ စစ်ဆေးက ဧည့်ပါမောက္ခလို့ ပြောမိရာက သိသွားပြီး ပြုတ်တာ ဖြစ်ပါတယ်။ မန္တလေးဘီယာစက်ရုံမှာ အကြီးတန်း အင်ဂျင်နီယာလုပ်နေတဲ့ သမီးကြီးလည်း ဒေါက်တာဇော်မြင့်မောင် အစ်မမို့လို့ ၂ဝဝဝ ပြည့်နှစ်မှာ အလုပ်ဖြုတ်ခံရ တယ်လို့ ဒေါက်တာ ချစ်မောင် ရေးပါတယ်။

အဲဒီအချိန်က ကျန်းမာရေး ဒုဝန်ကြီးဖြစ်တဲ့ ဗိုလ်မှူးကြီး သန့်စင်ကိုယ်တိုင် ခန့်ထားလို့ အကြံပေး ပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ရင်း ဒီလို စာသင်ပေးနေခဲ့တာ ဖြစ်ပါတယ်။ သူ့ရှေ့က ဇီဝဓာတုပါရဂူဘွဲ့ရတဲ့ ဒေါက်တာမြင့်သိန်း အစောကြီး အလုပ်ထွက်သွားတဲ့အတွက် မြန်မာနိုင်ငံ ဇီဝဓာတုဗေဒ သင်ကြားရေးမှာ သူနဲ့ ဦးမြမောင်၊ ဒေါ်သင်းသင်းလှိုင်တို့သာ ဝါအရင့်ဆုံးအဖြစ် ကျန်ရစ်ခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Dr Yu Yu May

ဓာတ်ပုံ ပုံစာ, နာမကျန်းဖြစ်နေတဲ့သားကို အားပေး

၉ဝ ကျော်ရဲ့ လောကဓံ

၂ဝ၂၁ အာဏာသိမ်းပြီးနောက်ပိုင်း သားဖြစ်သူ တိုင်းဝန်ကြီးချုပ် ဒုတိယတခေါက် အဖမ်းခံရချိန်မှာတော့ ''သားကြီးမှာ ဘာအပြစ်များရှိလို့လဲ သားကြီးရယ်၊ သားကြီးထောင်ထဲနေတုန်းက ဖေဖေ နှစ်လတခါ သားကြီးလာတွေ့ရတာမှအမောမပြေသေးပါဘူးသားရယ်၊ခုတော့ဖေဖေအသက်က၉၃ဆို‌တော့မရဏဘက်နီးနေပါပြီ၊သားရယ် စစ်တပ်ခေါင်းဆောင်တွေရက်စက်လွန်းတယ်။ ဖေဖေက အသက်ကြီးတော့ သားသမီးတွေကို တွေ့ချင်တယ်သား''ဆိုပြီး ဒေါက်တာချစ်မောင်ရေးတဲ့စာနဲ့အတူ ရုံးချိန်းရှေ့မှာ စောင့်နေတဲ့ပုံက လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒေါက်တာဇော်မြင့်မောင် ကင်ဆာရောဂါ ခံစားရစဉ်ကလည်း သူက ပြန်လည် အားပေးခဲ့ပါတယ်။

သားဖြစ်သူ ထောင်ထဲမှာ ကိုဗစ်ဖြစ်ပြီး ဆေးရုံတက်ကုသပြီးနောက် ပြန်သက်သာသွားပေမယ့် ကင်ဆာဆေးတွေ ဆက်ယူနေရဆဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ ဒေါက်တာချစ်မောင် ကွယ်လွန်သွားလို့ သူ့နာရေး အတွက် ထောင်အာဏာပိုင်တွေကတဆင့် ဒေါက်တာ ဇော်မြင့်မောင်ကို အကြောင်းကြားခဲ့ရတယ်လို့လည်း အမေရိကန်မှာနေတဲ့ မြေး ဒေါက်တာ ဉာဏ်ဝေဖြိုးက ပြောပါတယ်။

ဒေါက်တာချစ်မောင်ဟာ သူ့ဘဝအတွေ့အကြုံတွေကို ဆောင်းပါးတွေရေးပြသလို ကျန်းမာရေးပညာပေးစာတွေလည်း ရေးခဲ့ပါတယ်။ ဒီထဲမှာ နဝတခေတ် ထောင်ဝင်စာဝင်ခဲ့ရတဲ့အတွေ့အကြုံဆောင်းပါးက လူကြိုက်များ ပါတယ်။ နောက် ကိုဗစ်ကပ်ရောဂါစတဲ့ ၂ဝ၂ဝ ထဲမှာတင် ဒီဗိုင်းရပ်နဲ့ ပတ်သက်တဲ့ ဆောင်းပါးတပုဒ် အသက် ၉ဝ ကျော်မှာ သူရေးခဲ့ပါသေးတယ်။ ခုလည်း ကိုဗစ်ဒဏ်ကို နှစ်လနီးပါး တွန်းလှန်ရင်း ကွယ်လွန်ခဲ့တာ ဖြစ်ပါ တယ်။ သူတွေ့ချင်တဲ့သားနဲ့တော့ ပြန်တွေ့ခွင့် ရမသွားခဲ့ပါဘူး။

burma

ဓာတ်ပုံ ရင်းမြစ်, SOPA Images

ဓာတ်ပုံ ပုံစာ, ဒေါက်ဇော်လွတ်မြောက်ရေး တောင်းဆို