ထောင်ဘူးဝအပြင်က သောကမျက်ရည်များ

အင်းစိန်ထောင်

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, အောက်တိုဘာလ ၁၈ ရက်နေ့က လွတ်ငြိမ်းသက်သာခွင့်နဲ့ လွတ်လာသူတွေကို အင်းစိန်ထောင်ရှေ့မှာ စောင့်နေသူတစ်ဦး(ပုံဟောင်း)

 "ရန်ကုန်ထောင်မှာတောင် ထောင်ဝင်စာပို့ဖို့ နပ်မမှန်တာ၊ နယ်ထောင်ပြောင်းလိုက်တော့ လမ်းစရိတ်လည်းမရှိဘူး။ သမီးလေးက ထောင်ထဲမှ ယားနာတွေပေါက်နေလို့ ဆေးပို့ဖို့ တောင်းလာတယ်။" 

ဒီစကားတွေကိုပြောပြလာတာက သားနဲ့ သမီး နှစ်ဦးလုံး လက်ရှိအကျဥ်းထောင်ထဲရောက်နေတဲ့ မခင်မာ(အမည်လွှဲ) ဆိုတဲ့ မိခင်တစ်ဦးပါ။ 

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ရင်း သူ့ရဲ့ အသက် ၂၇ နှစ် အရွယ်သားနဲ့ အသက် ၁၉ နှစ် သမီးတို့ စစ်ကောင်စီက ဖမ်းဆီးတာ ခံခဲ့ရတာပါ။ အဲဒီနောက် ပုဒ်မ ၅၀၅-က နဲ့ သမီးဖြစ်သူ ထောင်ဒဏ်ချခံရပြီးနောက် ရန်ကုန်အင်းစိန်ထောင်ကနေ မော်လမြိုင်အကျဥ်းထောင်ကို ပြောင်းရွှေ့လိုက်လို့ ထောင်ဝင်စာပို့ဖိုက အရင်ထက် ပိုခက်သွားတာပါ။

သားနဲ့ သမီးကို လစဥ်ထောင်ဝင်စာပို့ဖို့ ရပ်ကွက်ထဲက နေအိမ်တွေမှာ အလုပ်လိုက်လုပ်ရင်း နယ်ထောင်ကိုလိုအပ်တဲ့ ထောင်ဝင်စာတွေ ကိုယ်တိုင်ကိုယ်ကျ သွားမပေးနိုင်သလို သူလွှဲပေးနိုင်တဲ့ ငွေကြေးအနည်းငယ်ဟာလည်း ထောင်ထဲက သားနဲ့သမီးအတွက် အဆင်မပြေနိုင်တာ သူသိတယ်လို့ ဆိုလာပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းကတည်း က စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ နိုင်ငံရေးအကျဥ်းသားတွေကိုထောင်ပြောင်းရွှေ့တာတွေဟာ ငါးကြိမ်ထက်မနည်းရှိနေပါပြီ။

ထောင်ပြောင်းရတဲ့အကြောင်းအရင်ကို ထောင်အာဏာပိုင်တွေက သီးခြားထုတ်ပြောလေ့မရှိသလိုမိသားစုဝင်တွေကလည်း ထောင်ပြောင်းတာကို မသိရပါဘူး။

‘’မိသားစုတွေကတော့ surprise အလုပ်ခံရသလိုပေါ့။ သားသမီးတွေအတွက် ကြော်လှော်၊ ချက်ပြုတ်ပြီးသွားပို့တယ်။ ဘယ်နေ့ရောက်မလဲ မျှော်နေရင်း သုံးလေးရက်ကြာမှာ ထောင်ပြောင်းသွားပြီဆိုပြီး ဆက်သွယ်လာရင် ဟာကနဲ ဖြစ်ရတာပဲ၊ နယ်ထောင်ကို လိုက်နိုင်တဲ့မိဘတွေကလိုက် မလိုက်နိုင်တဲ့ မိဘတွေကတော့ ငွေပို့ပေးဖို့ ကြိုးစားရတာပေါ့’’ လို့ နိုင်ငံရေးအကျဥ်းသားတွေကို ထောင်ဝင်စာပို့ဖို့ ကူညီပေးနေတဲ့ ထောင်ဝင်စာပို့ကြမယ် အစီအစဥ်က တာဝန်ရှိသူက ပြောပြပါတယ်။

အင်းစိန် အကျဥ်းထောင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ထောင်ဝင်စာအတွက်ရုန်းကန်ရသူတွေနဲ့ ထောင်ဝင်စာကန့်သတ်ချက်တွေ

လက်ရှိကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့ အထွေထွေအကျပ်အတည်းကြားမှာတော့ အခြေခံလူတန်းစားမိသားစုဝင်တွေအတွက် နေ့ စဥ်မိသားစုရုန်းကန်ရတဲ့အပြင် အကျဥ်းထောင်ထဲမှာရှိနေတဲ့မိသားစုဝင်အတွက်လည်း ထပ်ဆင့် ပူပန်ခက်ခဲကြရပါတယ်။

 ‘’ အရင်ကဆို ဘတ်စ်ကားလေးစီးပြီး အင်းစိန်ထောင်ကို သွားပို့လိုရပေမယ့် သားသမီးတွေက သာယာဝတီထောင်၊ သရက်ထောင် ရောက်သွားပြီဆိုရင် အများစုဖြစ်တဲ့ လက်လုပ်လက်စားမိသားစုတွေက ဘတ်စ်ကားစီးပြီးသွားလို့လည်း မရတော့ ဘူး။ လမ်းစရိတ်၊ စားစရိတ်တွေရှိလာပြီးဘယ်လောက်ခက်ခဲမလဲဆိုတာ ဝင်ခံစားကြည့်လိုက်ရင် ခံစားတတ်မှာပါ”လို့ မိသားစုဝင်တွေက ပြောပါတယ်။

 တဖက်မှာလည်း ပေးပို့တဲ့ထောင်ဝင်စာအတွက် ကန့်သတ်ချက်တွေဟာ အကျဥ်းထောင်တစ်ခုနဲ့ တစ်ခုမတူဘဲ ဒေသတစ်ခုကို စည်းမျဥ်းတမျိုးဖြစ်နေတယ်လို့လည်းပြောပါတယ်။ 

‘’ ထောင်ဝင်စာကတော့ သူတို့ရဲ့စိတ်အခြေအနေပေါ် မူတည်နေတယ်ပြောရမလား။ ဒီတစ်ခေါက်ပို့လို့ရတဲ့ပစ္စည်းက နောက်တစ်ခေါက်ပို့လို့ရချင်မှရမယ်။ အရင်ကစာအုပ် ၃ အုပ် ပို့လို့ရပမယ့် အခုစာအုပ်တစ်အုပ်ပဲ ရမယ်။ ဒေသအလိုက်လည်းမတူဘူး’’ လို့ နိုင်ငံရေးအကျဥ်းသားတွေကို ထောင်ဝင်စာပေးပို့ကူညီနေတဲ့ ထောင်ဝင်စာပို့ကြမယ် အစီအစဥ်က တာဝန်ရှိသူက ပြောပါတယ်။

မုံရွာထောင်

ဓာတ်ပုံ ရင်းမြစ်, CJ

ဘာကြောင့် ထောင်ပြောင်းတာလဲ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အကျဥ်းထောင်လက်စွဲဥပဒေထဲမှာ တော့ ထောင်တွင်းမှာ လူဦးရေကျပ်တည်းတဲ့ အခါ၊ ဆူပူမှုတွေဖြစ်လာတဲ့ အခါတွေနဲ့ ကပ်ရောဂါကျရောက်တဲ့ အခါမှာ ထောင်ပြောင်းတဲ့အခြေအနေတွေရှိတယ်လို့ ဖော်ပြထားပါတယ်။ 

ရန်ကုန်အင်းစိန်အကျဥ်းထောင်ထဲမှာလည်း အကျဥ်းသားသောင်းချီရှိနေသလို ရပ်တန့်မသွားတဲ့ စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့်နေ့စဥ်ဖမ်းဆီးမှုတွေဆက်ဖြစ်နေပြီးအကျဥ်းထောင်ထဲကို ရောက်တဲ့ လူဦးရေကနေ့စဥ်တိုးနေတယ်လို့ ထောင်ကပြန်လွတ်လာသူတွေကဘီဘီစီကိုပြောပါတယ်။ 

ဒီအခြေအနေတွေကြား ထောင်ပြောင်းရွေ့ရသူတွေထဲမှာတော့ စစ်ကောင်စီကိုဆန့်ကျင်လို့ထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေ အများဆုံးပါဝင်နေတယ်လို့လည်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။ 

‘’ကျောင်းသားသမဂ္ဂအဖွဲ့ဝင်လူငယ်တွေထဲမှာဆိုရင် နှစ်ကြိမ်၊ သုံးကြိမ်ထောင်ပြောင်းခံရတာတွေ ရှိတယ်။နိုင်ငံရေးအကျဥ်းသားနည်းပါးပြီး ကြမ်းတမ်းတယ်ဆိုတဲ့ နယ်ထောင်တွေကို နိုင်ကျဥ်းတွေကို ဆက်တိုက်ပြောင်းရွှေ့နေတဲ့ပုံစံဖြစ်နေတယ်’’ လို့ ဗကသများအဖွဲ့ချုပ်ဘက်ကလည်း ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းက အထင်ကရနိုင်ငံရေးသမား နှစ်ဦးနဲ့ အရပ်သားနှစ်ဦးကို စစ်ကောင်စီက သေဒဏ်စီရင်တဲ့အဖြစ်ကို ထောင်တွင်းမှာ ဆန္ဒထုတ်ဖော်တာကြောင့် တိုက်ပိတ်ခံထားရပြီးအကျဥ်းသားတချို့ အပြင်းအထန်ရိုက်နှက်ခံထားရတဲ့ ဖြစ်စဥ်တွေရှိခဲ့တဲ့အကြောင်း သက်ဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့တွေက ထုတ်ပြောထားပါတယ်။ 

အဲဒီအထဲက တိုက်ပိတ်ရိုက်နှက်ခံထားရတဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေဖြစ်တဲ့ ကိုနောင်ထက်အောင်နဲ့ ကိုအောင်နိုင်သူတို့ဟာလည်း လက်ရှိအချိန်ထိ မန္တလေး အိုးဘိုထောင်ရဲ့ ဆေးရုံဆောင်မှာ ရှိနေဆဲဖြစ်တယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

 လက်ရှိအချိန်ထိ‌ဆိုရင် နိုင်ံငံတဝန်းမှာ စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ တက္ကသိုလ်ကျောင်းသူကျောင်းသား ၇၀၀ ကျော်ဖမ်းဆီးခံထားရပြီး အဲဒီထဲမှာ ဗကသများအဖွဲ့ချုပ်ကျောင်းသား၊ ကျောင်းသူ အယောက် ၄၀ လောက်ပါတယ်လို့ ဗကသများအဖွဲ့ချုပ်ဘက်က ပြောပါတယ်။

နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်‌ရေးအသင်း AAPP က ထုတ်ပြန်တဲ့စာရင်းအရဆိုရင် လက်ရှိမှာ သေဒဏ်ချမှတ်ခံထားရပြီး အကျဥ်းထောင်တွင်းရှိနေသူကအမျိုးသမီး ၉ ဦးအပါအ၀င် ၇၄ ဦးရှိနေပါတယ်။

အဲဒီထဲမှာ လူငယ်တွေအများဆုံးဖြစ်တယ်လို့လည်း ဆိုနိုင်ပါတယ်။

ပြည်တွင်းမှာ အာဏာသိမ်းပြီးနဲ့ စစ်ကောင်စီကိုဆန့်ကျင်တဲ့ သူတွေကို ပုံစံမျိုးစုံနဲ့ စစ်ကောင်စီကဖမ်းဆီးထားတာ လက်ရှိအချိန်ထိ လူပေါင်း ၁၂,၀၀၀ ကျော်လောက်ဟာ အကျဥ်းထောင်တွေထဲမှာဖမ်းဆီးခံထားရပါတယ်။

အကျဥ်းထောင်တွင်းဖိနှိပ်မှုတွေနဲ့ ပတ်သက်လို့ ထောင်တွင်းက နိုင်ငံရေးကျဥ်းသားတွေကပုံစံမျိုးစုံနဲ့ထုတ်ဖော်ပြောနေသလို အကျဥ်းထောင်နဲ့ နီးစပ်သူတွေက ဆက်တိုက်ပြောနေပေမယ့် ထောင်အာဏာပိုင်တွေတော့ ထောင်ထဲမှာ အခွင့်အရေးချိုးဖောက်တာမရှိဘူးလို့ဆက်တိုက်ငြင်းဆိုနေပါတယ်။

 ပြီးခဲ့တဲ့ စက်တင်ဘာလတစ်လတည်းမှာပဲ ပခုက္ကူအကျဥ်းထောင်ကနေ အကျဥ်းသား နှစ်ဦးထောင်ဖောက်ပြေးတဲ့ဖြစ်စဥ်နဲ့ မန္တလေး၊ အမရပူရမြို့နယ်ထဲက မြစ်ငယ်တံတားနားမှာ မြို့ပြပြောက်ကျားအဖွဲ့တွေက အချုပ်ကားကို တိုက်ခိုက်ပြီး နိုင်ငံရေးအကျဥ်းသားတွေကို ကယ်ထုတ်တဲ့ဖြစ်စဥ်တွေရှိခဲ့တာကြောင့်နိုင်ကျဥ်းတွေကို အကျဥ်းထောင်ပြောင်းတာတွေနဲ့ ဖိနှိပ်တာတွေပိုလုပ်လာနိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။

 လက်တလောထောင်ပြောင်းရွေ့ခံထားရသူတွေရဲ့ မိသားစုဝင်တွေမှာလည်း မိသားစုတွေရဲ့ နေရပ်တွေနဲ့ ထောင်ကျရာနေရာတွေ အလှမ်းကွာလွန်းတာကြောင့် ဘက်ပေါင်းစုံက အခက်အခဲတွေရှိနေကြပါတယ်။