စစ်အာဏာသိမ်းပြီးနောက် မြန်မာရုပ်ရုင်ရဲ့ နိုင်ငံရေးလောကဓံ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အာဏာသိမ်းထားတဲ့ စစ်ကောင်စီကရုပ်ရှင်ရုံတွေ ဒီဇင်ဘာလမှာ ပြန်ဖွင့်ဖို့ဆော်သြလာသလို သူတို့ကိုဆန့်ကျင်မှုနည်းတဲ့ ဒါမှမဟုတ် ဆန့်ကျင်မှုမရှိတဲ့အနုပညာရှင်တွေနဲ့ ရုပ်ရှင်လုပ်ငန်းကို ပြန်စဖို့ကြိုးစားနေပါတယ်။
လက်ရှိရုံတင်ဖို့တန်းစီနေတဲ့ ဇာတ်ကားတွေထဲမှာ ပရိသတ်အကြိုက် ဈေးကွက်ဝင်မင်းသား၊ မင်းသမီးတွေနဲ ရိုက်ထားတဲ့ ဇာတ်ကားတွေကလည်းပါနေပြီးတော့ ရုပ်ရှင်ရုံတွေပြန်ဖွင့်ရင်ရော စစ်အာဏာသိမ်းဆန့်ကျင်တဲ့ ဝရမ်းထုတ်ပြီးဖမ်းဆီးခံထားရတဲ့ အနုပညာရှင်တွေရဲ့ဇာတ်ကားတွေကို ပြသခွင့်ပြုမှာလားဆိုတာကလည်း မေးခွန်းထုတ်စရာရှိနေပါတယ်။

အနုပညာရှင်တွေကို ပုံစံမျိုးစုံနဲ့ထိန်းချုပ်ထားတာ စစ်ကောင်စီအတွက်အဖြေလား
ထင်ရှားကျော်ကြားတဲ့ အနုပညာရှင်အများစုဟာ စစ်တပ်အာဏာသိမ်းတာကို ပုံစံမျိုးစုံနဲ့ဆန့်ကျင်ခဲ့ကြပါတယ်။
ဒါကြောင့် ထောင်တွင်းမှာအကျဉ်းကျခံနေရတဲ့ အနုပညာရှင်တွေ၊ ဖမ်းဝရမ်းထုတ်ခံရလို့အိမ်မှာနေခွင့်မရတဲ့ အနုပညာရှင်တွေနဲ့ လွတ်မြောက်နယ်မြေမှာ စစ်သင်တန်းတက်ရောက်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တယ်ဆိုတဲ့ အနုပညာရှင်တွေအများအပြားရှိနေပါတယ်။
'' ကျွန်မအမြဲတမ်းပြောပါတယ်။ဒီတိုင်းပြည်မှာ တစ်နှစ်တစ်နှစ်ကို ဘွဲ့ရပညာတတ်တွေ ထွက်တာသိန်းချီရှိပါတယ်။ ဒါပေမဲ့ မင်းသား၊မင်းသမီးကောင်းကတော့ တစ်နှစ်ကို၁၀ယောက် မထွက်ဘူး။ ပရိသတ်လက်ခံတဲ့သူတစ်ယောက်ဖြစ်ဖို့ ဈေးကွက်ရှိတဲ့ သရုပ်ဆောင်တစ်ယောက် ထွက်လာဖို့ဆိုတာ အချိန်တွေအများကြီးပေးရတယ်။ ငွေတွေရင်းနှီးသုံးစွဲကြရတယ်။ လူတွေလည်းကြိုးစားကြရတယ်။ ဒီလိုဖြစ်တယ်ဆိုတာ တိုင်းပြည်အတွက်ဆုံးရှုံးမှုဖြစ်တာပဲ''လို့ ရုပ်ရှင်အသိပညာ၊အတတ်ပညာရှင် တစ်ဦးဖြစ်တဲ့ အကယ်ဒမီများရှင် ဒေါ်ဆွေဇင်ထိုက်က ပြောပါတယ်။
ရုပ်ရှင်အနုပညာရှင်လို့ပြောရင် ရုပ်ရှင်သရုပ်ဆောင် မင်းသား၊မင်းသမီးကိုအရင်မြင်ကြပေမယ့် ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုနောက်မှာ လူမှုဘဝတွေရင်းပြီးပေးဆပ်လိုက်တဲ့ မီးထိုးမှန်ထိုး၊ ဇာတ်ညွှန်း၊ တည်းဖြတ်၊ ဇာတ်ပို့ဇာတ်ရံ စတဲ့အနုပညာရှင်တွေလည်းပါတယ်လို့ အနုပညာရှင်အသိုင်းအဝိုင်းကပြောကြပါတယ်။
'' ဘယ်လိုဖြစ်သွားလဲဆိုတော့မြန်မာ့ရုပ်ရှင် နဲ့ သူ့ရဲ့သားသမီးတွေ ရှင်ကွဲကွဲရသလိုဖြစ်တာပေါ့။ ရုပ်ရှင်နဲ့ ကျွန်တော်တို့ကြားက ချစ်ခြင်းမေတ္တာကို ခွဲထုတ်ခံလိုက်ရသလိုပဲ။ကျွန်တော်တို့ဘဝတွေအရင် လိုပြန်ဖြစ်ဖို့ပဲကျွန်တော်တို့ဒီလမ်းကိုရွေးခဲ့တာ'' လို့ လွတ်မြောက်နယ်မြေမှာစစ်သင်တန်းတက်နေတဲ့ မီးထိုးမှန်ထိုးပညာရှင်လူငယ်တစ်ဦးကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ko Mg San
မေတ္တာနဲ့သူရာ ကနေ စခဲ့တဲ့တစ်လျှောက် ပိတောက်ကတဲ့ဂီတ မှာရပ်နေတဲ့ မြန်မာ့ရုပ်ရှင်
ရုပ်ရှင် ဖခင်ကြီး အဖြစ် အသိအမှတ် ပြုကြတဲ့ လန်ဒန်အတ် ဦးအုန်းမောင်ရဲ့ "မေတ္တာနဲ့ သူရာ" ရုပ်ရှင်ဟာမြန်မာ့ ပထမဆုံး ဇာတ်လမ်း ရုပ်ရှင်ဖြစ်ပါတယ်။
အဲဒီကနေ နှစ်တစ်ရာကျော်လာတဲ့အချိန် ၂၀၂၀ခုနှစ် ကပ်ရောဂါကြောင့် ပိတ်လိုက်ရတဲ့ရုပ်ရှင်ရုံတွေမှာ ရုပ်ရှင်သရုပ်ဆောင်စိုင်းစိုင်းခမ်းလှိုင်ရဲ့ ပိတောက်ကတဲ့ဂီတ ရုပ်ရှင်ပိုစတာကြီးက စစ်အာဏာသိမ်းလို့ပြန်မဖွင့်နိုင်တဲ့လက်ရှိ တစ်နှစ်ကျော်အချိန်ထိ သမ္မတလိုရုပ်ရှင်ရုံကြီးတွေမှာ ရှိနေဆဲဖြစ်ပါတယ်။
အခုတော့ အာဏာသိမ်းထားတဲ့စစ်ကောင်စီက သူတို့ကို ဆန့်ကျင်မှုမရှိတဲ့အနုပညာရှင်တွေနဲ့ ရုပ်ရှင်လုပ်ငန်းကို ပြန်စဖို့ကြိုးစားနေပါတယ်။
အဲဒီထဲမှာ အသက်ကြီးလာရင် ဝင်ငွေမရှိသလောက်ဖြစ်လာတဲ့ အနုပညာရှင်တွေ၊ခေတ်ဆိုးကိုကျော်ဖြတ်ဖူးလို့ အကြောက်တရားရှိတဲ့အနုပညာရှင်တွေကို ငွေကြေးထောက်ပံ့လှူဒါန်းပြီးစည်းရုံးတယ်လို့ ဆိုကြပါတယ်။
ဒါဟာလည်း အနုပညာရပ်ဝန်းနဲ့အနုပညာရှင်တွေအပေါ် စစ်အစိုးရတိုင်းသုံးခဲ့တဲ့လက်နက်လို့ဆိုကြပါတယ်၊
ဒါပေမဲ့ ဒီလိုအသုံးချမှုဟာ ၂၁ရာစုမှာမရတော့ဘူးလို့ စစ်အာဏာရှင်ဆန့်ကျင်သူတွေကတုံ့ပြန်ပါတယ်။
'' သူတို့ စည်းရုံးလို့ရမှာ အသက်အရွယ်ကြီးပြီး ဘဝနေဝင်ချိန်ကိုစောင့်နေတဲ့ အနုပညာရှင်ကြီးတွေ၊ ဒါမှမဟုတ် အနုပညာသက်တမ်းရှေ့ဆက်ဖို့ခက်နေတဲ့ အနုပညာရှင်တွေလောက်ပဲ စည်းရုံးလို့ရတော့မယ်။ပရိသတ်အားပေးတဲ့ အမှန်တရားကိုမြတ်နိုးတဲ့ အနုပညာရှင်တွေကိုတော့ စည်းရုံးလို့ရမှာမဟုတ်ဘူး။၈၈နောက်ပိုင်းကလို ချော့ခေါ်ရင်ပြန်လာမယ်လို့ထင်ပြီးလုပ်နေတာ။သူတို့ကို ပြည်သူလက်မခံလို့ဆန့်ကျင်တာမဟုတ်ဘဲ အနုပညာရှင်တွေရဲ့ အသွေးအသားထဲကကို လက်မခံတာမသိနေတာလားပဲ '' လို့ ရှုတင်မန်နေဂျာတစ်ဦးကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MEMORY FILM FESTIVAL YANGON
နိုင်ငံရေးလောကဓံကို မြန်မာ့ရုပ်ရှင်ဘယ်လိုကျော်လွှားမလဲ
မြန်မာ့ရုပ်ရှင်သမိုင်းကိုပြောမယ်ဆိုရင် လွတ်လပ်ရေးအတွက်အင်္ဂလန်နိုင်ငံကို ၁၉၂၀ ပြည့်နှစ်က သွားရောက်အရေး သွားဆိုခဲ့တဲ့ (ဖေ-ပု-ရှိန်) ကိုယ်စားလှယ်အဖွဲ့က ဦးထွန်းရှိန်ရဲ့ ဈာပနသတင်းကားလို့သိကြမှာပါ။
ပြီးခဲ့တဲ့ ၂၀၂၀ပြည့်နှစ်မှာတော့ မြန်မာ့ရုပ်ရှင်သမိုင်းဟာ နှစ်၁၀၀ပြည့်သွားခဲ့ပါပြီ။ဒါပေမဲ့ ကမ္ဘာတဝန်းရင်ဆိုင်ရတဲ့ကပ်ရောဂါကြောင့် မြန်မာ့ရုပ်ရှင်ဟာ သူ့ရဲ့ နှစ် ၁၀၀ပြည့်မွေးနေ့ကို ခမ်းခမ်းနားနားကျင်းပခွင့်မရခဲ့ပါဘူး။
ရန်ကုန်မြို့လယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ဝဇီရာရုပ်ရှင်ရုံမှာ ခေတ်အဆက်ဆက်က ထင်ရှားတဲ့ရုပ်ရှင်ဇာတ်ကားတွေရဲ့ ဇာတ်ကွက်တွေကို ဖော်ညွှန်းထားတဲ့ ပိုစတာကြီးတွေကပ်လို့သာ နှစ် ၁၀၀ပြည့်မွေးနေ့ ပြီးခဲ့ရရှာပါတယ်။ လူစုလူဝေးကို ကြောက်တဲ့ကပ်ရောဂါနဲ့ လူစုလူဝေးဖြစ်စေတဲ့ ရုပ်ရှင်လုပ်ငန်းတို့ကြား သဟဇာတမဖြစ်စွာနဲ့ ရုပ်ရှင်ရုံတွေပိတ်လိုက်ရသလို ၊ ရုပ်ရှင်ရိုက်ကွင်းတွေလည်း ရပ်ခဲ့ကြရပါတယ်။
မြန်မာ့ရုပ်ရှင်ဟာ ဒီလိုကပ်ရောဂါအပြင် နိုင်ငံရေးလောကဓံတွေကိုလည်း ခံရရှာပါတယ်။ မြန်မာ့ရုပ်ရှင်ရဲ့ မြန်မာ့နိုင်ငံရေးလောကဓံကို ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ သမိုင်းကလည်း အထင်အရှားရှိပါတယ်။
နှစ် ၁၀၀ရှိတဲ့ မြန်မာ့ရုပ်ရှင်ကို ၂၅ နှစ်စီ ပိုင်းခြားကြည့်ရင် ပထမဆုံး ၂၅နှစ်ဟာ ဒုတိယကမ္ဘာစစ် ပြာပုံကနေ ရုန်းထခဲ့ရတဲ့ အခြေအနေဖြစ်ပါတယ်၊
မြေလှန်စနစ်အရ ဂျပန်အစိုးရရဲ့ ဖျက်ဆီးခဲ့မှုတွေထဲ ရုပ်ရှင်ရုံတွေပါ ပါဝင်ခဲ့တာပါ။ အဲဒီအချိန်က ထရံတွေနဲ့ကာပြီး ရုပ်ရှင်ရုံလုပ် လူဘိုင်စကုပ်ဆိုပြီး ကခဲ့ကြတာပါ။

ဓာတ်ပုံ ရင်းမြစ်, THIERRY FALISE
နောက်ထပ် နှစ် ၅၀ ကာလ ကိုကြည့်ပြန်တော့ ဆိုရှယ်လစ်စနစ်အောက်မှာ ရောက်ခဲ့ပြန်ပါတယ်။ဇာတ်လမ်းကောင်းတွေ ထွက်ပေမယ့် တော်လှန်ရေး ကောင်စီခေတ်မှာ ရုပ်ရှင် ဆင်ဆာ ပိုတင်းကျပ်ခဲ့ပြီး မြန်မာ့ရိုးရာနဲ့ မညီတဲ့ ဝတ်စားဆင်ယင်မှုနဲ့ ဓလေ့တွေကို ဖော်ပြမှုကိုလည်း ထိန်းချုပ်ခဲ့ပါတယ်။ အဲဒီခေတ်က ရုပ်ရှင်ဖလင် ဝယ်ယူခွင့်လည်း အင်မတန် ခက်ခဲခဲ့သလို ဆေးရောင်စုံနဲ့ မြင်ကွင်းကျယ် အထိ တက်လှမ်းဖို့ ပြင်နေတဲ့ ရုပ်ရှင်လောကဟာ တုံ့နှေးသွားခဲ့ပါတယ်။
နောက်ထပ် ၇၅နှစ်တာမှာတော့ နဝတ၊နအဖ စစ်အစိုးရလက်အောက်မှာ ကျရောက်ခဲ့ပြန်တာပါ။ အဲဒီမှာတော့ ဆင်ဆာကြောင့်ရော၊ အနုပညာရှင်အများစု ဟာ စစ်အစိုးရရဲ့ စည်းရုံးသိမ်းသွင်း ဝါဒဖြန့်ချိရေးလက်အောက်ထဲ ရောက်ခဲ့ကြရင်း ဇာတ်လမ်းဇာတ်အိမ်မခိုင်မာတဲ့ခပ်ညံ့ညံ့ ရုပ်ရှင်ဇာတ်လမ်း အများစုကနေရာယူခဲ့ပါတယ်။
ရုပ်ရှင်ဟန်ပျောက်တဲ့ ဗွီဒီယိုဇာတ်ကားသာသာ DVB ဇာတ်ကားတွေကို ရုပ်ရှင်ရုံပေါ်တင်ပြသခဲ့ပြီး ရုပ်ရှင်ဈေးကွက်ကသောင်းကနင်းဖြစ်တဲ့အချိန်လို့ပြောရမှာပါ။
နောက်ဆုံးကြုံရတဲ့ နှစ်၁၀၀ မှာတော့ ကမ္ဘာ့ကပ်ရောဂါကြားမြန်မာ့ရုပ်ရှင်လည်း ရပ်တန့်လုနီးပါးဖြစ်ခဲ့ရတဲ့အခြေအနေကိုကြုံခဲ့ရတာပါ။
ဒါပေမဲ့၂၀၁၁ခုနှစ်နောက်ပိုင်း မြန်မာ့ရုပ်ရှင်ဟာ နိုင်ငံရေး အပြောင်းအလဲကြောင့် ဖန်တီးမှုတွေပြိုင်ဆိုင်မှုတွေရှိလာသလို ဇာတ်ကားကောင်းတွေလည်း ထုတ်နိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ ကပ်ရောဂါမတိုင်ခင်အထိ ထွက်ခဲ့တဲ့ရုပ်ရှင်တွေဟာ လူငယ်ဒါရိုက်တွေရဲ့ဖန်တီးမှုတွေကြောင့် ရွှေခေတ်ကိုပြန်ရောက်ခဲ့ချိန်လို့ပြောရမှာပါ။ ဒါပေမဲ မြန်မာ့ရုပ်ရှင်ဟာ နောက်ထပ်နိုင်ငံရေးလောကဓံကိုကြုံရပြန်ပါတယ်။ အဲဒါကတော့ ဖေဖော်ဝါရီ ၁ရက် ၂၀၂၁ခုနှစ်စစ်အာဏာသိမ်းမှုဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BEN DAVIES
ရုပ်ရှင်ရုံတွေပြန်ဖွင့်နိုင်မလား
ရှေ့မီနောက်မီအနုပညာရှင်အချို့တော့ မြန်မာ့ရုပ်ရှင် ဟာလည်း ပြည်သူလူထုနဲ့အတူ ဒီနိုင်ငံရေးလောကဓံကို ရင်ဆိုင်နိုင်မယ်လို့ ယုံကြည်နေကြပါတယ်။
ဘယ်တော့ပြီးမလဲ မသိနိုင်ကြတဲ့တိုင်းပြည်ရဲ့ လက်ရှိအခြေအနေကြောင့်လည်း မျှော်လင့်ချက် မထားသူတွေလည်းရှိပါတယ်။ ပြည်သူချစ်တဲ့ အနုပညာရှင်တွေကို စစ်ကောင်စီဆန့်ကျင်တဲ့လှုပ်ရှားမှုတွေကြောင့် အရေးယူထားမှုတွေ က ရုပ်ရှင်လောကကြီးတစ်ခုလုံးကို သက်ရောက်စေတဲ့အထိဖြစ်နေတာပါ။
အနုပညာရှင်တွေကိုနည်းလမ်းပေါင်းစုံနဲ့ ကန့်သတ်ထိန်းချုပ်ထားတာဟာ အဖြေတစ်ခု မဟုတ်ဘူးလို့ ဝါရင့်အနုပညာရှင်အချို့ကဆိုကြပါတယ်။ ရုပ်ရှင်အသိပညာ၊အတတ်ပညာရှင်တစ်ဦးဖြစ်တဲ့ အကယ်ဒမီများရှင်ဒေါ်ဆွေဇင်ထိုက်ကတော့ '' ရုပ်ရှင်ဆိုတာက ပရိသတ်အားပေးမှုနဲ့ ယှဉ်ပြီးတော့မှာ ရှင်သန်ရတာ၊ ပရိသတ်အားပေးမှုမရှိပဲနဲ့တော့ မရှင်သန်နိုင်ပါဘူး။ အဲဒီတော့ ပရိသတ်အားပေးမှုမရှိတဲ့ ရုပ်ရှင်လောကဟာ မရပ်တည်နိုင်ပါဘူး '' လို့ပြောပါတယ်။
ရုပ်ရှင်ရုံတွေပြန်ဖွင့်ရင်ရော စစ်အာဏာသိမ်းဆန့်ကျင်တဲ့ အနုပညာရှင်တွေရဲ့ဇာတ်ကားတွေကို ပြသခွင့်ပြုမှာလားဆိုတာကလည်းမေးခွန်းထုတ်စရာရှိနေတာပါ။
လက်ရှိရုံတင်ဖို့တန်းစီနေတဲ့ ဇာတ်ကားတွေထဲပရိသတ်အကြိုက် ဈေးကွက်ဝင်မင်းသား၊ မင်းသမီးတွေနဲ့ရိုက်ထားတဲ့ ဇာတ်ကားတွေဒုနဲ့ဒေးပါဝင်နေတာပါ။ ဇာတ်ကားတစ်ကားစီတိုင်းမှာပါဝင်ပတ်သက်တဲ့အနုပညာရှင် အများစုကလည်း စစ်ကောင်စီရဲ့ အရေးယူမှုတွေကိုခံထားရသူတွေဖြစ်နေပါတယ်။ နိုင်ငံတကာရုပ်ရှင်ပွဲတော်ရောက်လူငယ်ဒါရိုက်တာအချို့ကတော့ လက်ရှိနိုင်ငံရေးအကျပ်အတည်းမှာ ရုပ်ရှင်တွေပြန်ပြဖို့ကြိုးစားရင် ဒါမှမဟုတ် ရုပ်ရှင်ရပ်ဝန်းကြီးကိုပြန်လည်ပတ်ပြဖို့ကြိုးစားလည်း ပြန်ရပ်သွားမှာပဲလို့ ပြောဆိုကြပါတယ်။
'' ရုပ်ရှင်ကိုပြန်အသက်သွင်းဖို့ဆိုတာနိုင်ငံရေးအရငြိမ်းချမ်းသွားတဲ့အချိန်တစ်ခုမှာမှ ဖြစ်နိုင်မယ်။ ဒီအချိန်ကတော့ ကျွန်တော့အမြင်ဆိုရင် ရှိနေတဲ့ ကိုယ့်ရဲ့ စိတ်ကူးတွေနောက် ဇာတ်ညွှန်း တို့ ပရောဂျက်တို့ပေါ့ သဘောကတော့ ပိုက်ဆံမကုန်ဘဲလုပ်ထားလို့ရမှာတွေကို ဖြည့်ထား ပြင်ထားရမယ့်အချိန်ပဲဖြစ်မယ်'' လို့ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ရွေးချယ်ခံထားရတဲ့ ခြေလေးချောင်းဇာတ်ကားဖန်တီးသူ လူငယ်ဒါရိုက်တာ ကိုမောင်ဆန်းကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရုံတင်ပြတဲ့ဈေးကွက်ကနေ Indie Film တွေပိုအားကောင်းလာနိုင်ပေမယ့်အကန့်အသတ်တွေရှိနိုင်
ကပ်ရောဂါနဲ့အာဏာသိမ်းမှုကြားမှာ ရုံတင်ဈေးကွက်ဟာ ဖြစ်နိုင်ခြေနည်းနေလို့ ရုပ်ရှင်ကွင်းဆက်ပြတ်မသွားဖို့ ဆိုရင် အင်ဒီဖလင်လို့ အတိုကောက်ခေါ်ဝေါ်ကြတဲ့ Independent Film တွေ နဲ့ ရုပ်ရှင်အသက်ဆက်နိုင်မယ်လို့ လူငယ်ဒါရိုက်တာတွေနဲ့လူငယ်ရုပ်ရှင်ဖန်တီးသူတွေက ပြောကြပါတယ်။
ဒီလိုနိုင်ငံရေးအကျပ်အတည်းမှာ လူနည်းနည်းနဲ့ ဖန်တီးနိုင်တဲ့ခေတ်ကိုထင်ဟပ်တဲ့ ဇာတ်လမ်းရုပ်ရှင်တိုတွေသာ ဖန်တီးလို့ရနိုင်မယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ လက်ရှိ နိုင်ငံရေးအခြေအနေမှာ လွတ်လပ်တဲ့ဇာတ်လမ်းတိုရုပ်ရှင်တွေအတွက်လည်း အကန့်အသတ်တွေလည်းရှိနေပါတယ်။ ပထမအချက်က ငွေကြေးဆိုင်ရာပါ။ Independent Film အများစုဟာ Project Base ဖြစ်ကြပြီး ရန်ပုံငွေ ငွေကြေးနဲ့ရပ်တည်ကြတာများပါတယ်။ ဒါပေမဲ့ အာဏာသိမ်းပြီးတဲ့နောက် အကန့်အသတ်နဲ့ ဗဟိုချုပ်ကိုင်မှုတွေများလာတဲ့ မြန်မာနိုင်ငံရဲ့ ဘဏ်စနစ်မှာ ငွေကြေးထုတ်ယူနိုင်ဖို့ကလည်းထည့်သွင်းတွက်ချက်ရတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်နေပါတယ်။
ဒုတိယအချက်ကတော့ လွတ်လပ်တဲ့ဇာတ်လမ်းတို ရုပ်ရှင်ဖန်တီးမှုအများစုဟာ ခေတ်အခြေအနေတစ်ခုကို မီးမောင်းထိုးပြတာ၊နောက် နိုင်ငံရေး အခင်းအကျင်းတစ်ခုကို လှစ်ဟပြတာတွေဖြစ်ပါတယ်။ဒါကြောင့် ဥပဒေအပါအဝင်တခြားကန့်သတ်မှုတွေနဲ့ ထိန်းချုပ်ဖို့ကြိုးစားခံနေရတဲ့ ဒီအခြေအနေမှာ ဘယ်လောက် လွတ်လွတ်လပ်လပ်ဖန်တီးလို့ ရမလဲဆိုတာကလည်း မေးခွန်းထုတ်စရာဖြစ်နေကြတာပါ။
" အခက်အခဲတွေကတော့ အရင်ထက်ပိုရှိနေမှာပဲ ဒါပေမယ့် ရှေ့ဆက်လုပ်ရမှာတွေကိုလည်းလုပ်ရမှာပဲ'"လို့ လူငယ်ဒါရိုက်တာကိုမောင်ဆန်းကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ခရစ္စတီးနား ခီ
အစိုးရအဆက်ဆက်က အနုပညာသမားတွေကို ဝါဒဖြန့်ချိရေးအဖြစ်သုံးခဲ့ကြ
အစိုးရအဆက်ဆက်က ရုပ်ရှင်လောကအတွက်ပံ့ပိုးတာမရှိသလောက်ဖြစ်ပေမယ့် အနုပညာရှင်တွေနဲ့ရုပ်ရှင် ကိုသူတို့လိုအပ်တဲ့အချိန်မှာ သုံးနိုင်တဲ့ ဝါဒဖြန့်ချိရေးသဖွယ်အသုံးချရုံထက်မပိုခဲ့ဘူးလို့ ဝေဖန်မှုတွေလည်းရှိပါတယ်။
အဆိုးဆုံးကတော့ စစ်အစိုးရတွေလက်ထက်မှာပါ။ အခုစစ်ကောင်စီလက်ထက် မှာလည်း ဒီနည်းလမ်းကို ပြန်သုံးဖို့ပဲကြိုးစားမှာလို့ သုံးသပ်မှုတွေရှိကြပါတယ်။
" ဆိုရှယ်လစ်လက်ထက်မှာကတည်းကရုပ်ရှင်ကိုဝါဒဖြန့်လက်နက်တစ်ခုအနေနဲ့ အသုံးပြုခဲ့တဲ့မူဝါဒရှိခဲ့တာပါပဲ။ဒါပေမဲ့ ရုပ်ရှင်ကိုဖန်တီးသူတွေက Telling the Story ကိုပြောတာလေ၊လူတွေကြားမှာဖြစ်နေတဲ့ အခြေအနေတွေကိုလိမ်မာပါးနပ်စွာနဲ့ပြခဲ့တဲ့ ရုပ်ရှင်တွေအများကြီးရှိပါတယ်။ဘယ်လောက်ပဲ ဝါဒဖြန့်ချိရေးအတွက်သုံးပါစေ။ပရိသတ်အပေါ်မှာ ကာရိုက်တာဆိုတဲ့ဇာတ်ကောင်အပေါ်မှာသစ္စာရှိရင် ဘယ်လိုမှအရောင်ဆိုးလို့မရပါဘူး'' လို့ ဒေါ်ဆွေဇင်ထိုက်ကသုံးသပ်ပြပါတယ်။
ဝါဒဖြန့်ချိရေးတစ်ခုထဲအတွက်ရုပ်ရှင်ကို သုံးဖို့စဉ်းစားကြတာထက် ရုပ်ရှင်ကို ဥပဒေတွေနဲ့ဖိနှိပ်ဖို့စဉ်းစားနေတာထက် အနုပညာသမားတွေကိုအကာအကွယ်ပေးဖို့ လိုတယ်လို့လည်းထောက်ပြကြပါတယ်။
"Freedom of expression ကိုတကယ်အားပေးချင်တယ်ဆိုရင်၊ အနုပညာခံစားမှုတစ်ရပ် အနေနဲ့မြင်တတ်ကြဖို့၊ လူသားဆန်တဲ့ ဖန်တီးမှုတစ်ခုအနေနဲ့ မြင်တတ်ကြဖို့လိုတယ် " လို့ ဒါရိုက်တာကိုမောင်ဆန်းကဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာ့ရုပ်ရှင်ရဲ့ထွက်ပေါက်
ရုပ်ရှင်အပါအဝင်နိုင်ငံရေး၊စီးပွားရေးနဲ့လူမှုရေးအကျပ်အတည်းအားလုံးဟာ စစ်အာဏာသိမ်းမှုရဲ့နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်လို့ ဒါတွေကို ဖြေရှင်းနိုင်ဖို့ထွက်ပေါက်ဟာလည်းနိုင်ငံရေးအကျပ်အတည်းကိုဖြေရှင်းဖို့ကသာအဓိကကျတယ်လို့ထောက်ပြကြပါတယ်။
ဒါပေမဲ့ ပြည်တွင်းမှာစီးပွားဖြစ်ရုပ်ရှင်ထုတ်လုပ်ဖို့ မဖြစ်နိုင်တဲ့အခုလိုအချိန်မှာ အတွေးအမြင်အသစ်နဲ့ချဉ်းကပ်ဖို့လည်း ပြောလာကြပါတယ်။ ပြည်တွင်းအတွက်မရည်ရွယ်ဘဲ ပြည်ပမှာ ပြသဖို့ရည်ရွယ်ရိုက်ကူးတာမျိူး၊ရုပ်ရှင်ပွဲတော်တွေအတွက်ရည်ရွယ်တာမျိုးနဲ့လည်း ရှေ့ဆက်ရမယ်ဆိုကြပါတယ်။
နိုင်ငံရေးအကျပ်အတည်းကြောင့် ရုပ်ရှင်လောက မလူးမလွန့်သာရှိနေပေမယ့် တစ်ဖက်မှာလည်း ဒီအကျပ်အတည်းကနေ မြန်မာ့ရုပ်ရှင်တစ်ခေတ်ကိုပြန်ရောက်လုပ်နိုင်တယ်ဆိုတဲ့ အမြင်တွေလည်းရှိပါတယ်။
စစ်ကောင်စီနဲလည်း မပတ်သက်ချင်တဲ့သူတွေကတော့ မိုဘိုင်း အပလီကေးရှင်းကနေ တစ်ဆင့် ရုပ်ရှင်တွေဖန်တီးပြီး ပြသဖို့ကိုလည်း မြန်မာ့ရုပ်ရုင် အသိုင်းအဝိုင်းက စဥ်းစားနေကြပါတယ်။
လက်ရှိအခြေအနေမှာ ရုပ်ရှင်ဆိုတာဦးစားပေးအဆင့်ရဲ့ နောက်ဆုံးမှာရှိနေတဲ့အရာဖြစ်နေပေမယ့် ရုပ်ရှင်လောကကြီးတစ်ခုလုံးကို အသစ်ကပြန်စနိုင်ဖို့ အခွင့်အရေးကောင်းလို့ရှုမြင်ကြပါတယ်။ ဒါရိုက်တာကိုမောင်ဆန်းကတော့
'' ဟုတ်တယ်။တိုင်းပြည်အခြေအနေအရ ရုပ်ရှင်ဟာ နောက်ဆုံးနေရာမှာရှိနေတယ်။ ကျွန်တော့်အမြင်အရတော့ဒီအခြေအနေဟာ တစ်လ၊နှစ်လနဲ့ပြီးမှာမဟုတ်ဘူး။ ဒီတော့ကိုယ့်ဘာသာမေးခွန်းပြန်ထုတ်ကြရမယ်။ကိုယ်အနုပညာသမားဆက်လုပ်မလား။ရုပ်ရှင်ဆက်ရိုက် မလားဆိုတာပဲ။Human History ဆိုတဲ့ လူ့သမိုင်းမှာကျတော့ အနုပညာပဲ ကျန်ခဲ့မှာလေ''








