လောကမညတိလပ်နဲ့ အိန္ဒိယ လွတ်လပ်ရေး ဖြတ်သန်းသွားတဲ့ မန္တလေးထောင်

ဓာတ်ပုံ ရင်းမြစ်, Kesari Maharatta Trust, Pune
- ရေးသားသူ, ဆင်း ဆစ်ဒန်နက်သ်
- ရာထူးတာဝန်, ဘီဘီစီမာရသီ
အိန္ဒိယလွတ်လပ်ရေးကို ပြင်းထန်တဲ့နည်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ခေါင်းဆောင်ကြီး အဖြစ် လောကမညတိလပ်ကို သိကြပါတယ်။ ၁၉ဝ၈ မှာတော့ သစ္စာဖောက်မှုနဲ့ သူ့ကို မန္တလေးမှာ ထောင်ခြောက်နှစ် ချခဲ့ပါတယ်။
ဒါပေမဲ့ သူကွယ်လွန်ပြီး (၃၉) နှစ်အကြာမှာတော့ သူ့အတွက် အမှတ်တရ အဆောက်အအုံကို အဲဒီထောင်မှာပဲ အိန္ဒိယ အစိုးရက ဆောက်လုပ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kesari Maharatta Trust, Pune
'သစ္စာဖောက်မှု'နဲ့ ထောင်ကျသူ
တိလပ်ဟာ အိန္ဒိယ ကွန်ဂရက်ထဲက အစွန်းရောက်အုပ်စုတစုရဲ့ ခေါင်းဆောင်ဖြစ်ပြီး ဆွာရတ်ခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေး လှုပ်ရှားမှု ထောက်ခံသူ ဖြစ်ပါတယ်။ ဆွာရတ်လှုပ်ရှားမှုဟာ အဲဒီခေတ်က အိန္ဒိယနဲ့ တွဲဖက်ထားတဲ့ မြန်မာပြည် နိုင်ငံရေးမှာလည်း ရိုက်ခတ်ခဲ့ပြီး သရာဇပါတီလို့ ပေါ်ထွန်းခဲ့ပါတယ်။ သရာဇ ဦးတုတ်ကြီးဟာ အိန္ဒိယ ဥပဒေပြုလွှတ်တော်အမတ် အဖြစ် ဆင်းမလားမြို့မှာ ကွယ်လွန်ခဲ့တာပါ။
တိလပ်ကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ ၁၈၉၇ နဲ့ ၁၉ဝ၈ ခုနှစ်တွေမှာ တရားစွဲခဲ့ပြီး ၁၉ဝ၈ မှာတော့ ထောင် ခြောက်နှစ်ကျခဲ့ပါတယ်။ ဒီတရားခွင်ကြောင့် အိန္ဒိယ နိုင်ငံရေးမှာ အင်မတန် ပြင်းထန်ဂယက်ရိုက်ခဲ့ပါတယ်။
၁၉ဝ၇ မှာ ကွန်ဂရက်ပါတီထဲက သဘောထားတင်းမာသူတွေနဲ့ ပျော့ပျောင်းသူတွေကြား အယူအဆ လွန်ဆွဲခဲ့ကြပါတယ်။ ၁၉ဝ၈ က မွတ်ဇဖာပူမြို့မှာ ဗုံးကွဲပြီးနောက် တိလပ်ရဲ့ ကီစာရီ သတင်းစာက အရေးအသားတွေက လူတွေကို လှုံ့ဆော်ပေးတယ် ဆိုပြီး ဆူပူအောင် လှုံ့ဆော်မှုနဲ့ တရားစွဲခံရပါတယ်။
တိလပ်ရေးတဲ့ နိုင်ငံရဲ့ ကြမ္မာဆိုးနဲ့ ဒီလောက်နဲ့ မရသေး ဆိုတဲ့ ဆောင်းပါးနှစ်ပုဒ်ကို အစိုးရဘက်က သက်သေတင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kesari Maharatta Trust, Pune
လှုံ့ဆော်မှုနဲ့ တရားစွဲခံရ
•၁၉ဝ၈ ခုနှစ် ဇွန်လ ၂၄ ရက်မှာ တိလပ်ကို မွမ်ဘိုင်မှာ ဖမ်းပါတယ်။ ဒီမတိုင်ခင်က ကားလ်နေ့စဉ်သတင်းစာ အယ်ဒီတာ အက်စ်အမ်ကေးလ်အတွက် အမှုလိုက်ပေးဖို့ သူ ပူနားကနေ မွမ်ဘိုင်ကို လာခဲ့တာပါ။
•၁၉ဝ၈ ခုနှစ် ဇွန်လ ၂၅ ရက်မှာတော့ တိလပ်အိမ်နဲ့ ပုံနှိပ်တိုက်ကို ပုလိပ်တွေ ဝင်စီးပါတယ်။ အဲဒီမှာတွေ့တဲ့ ပို့စကတ်တခုမှာ ဖောက်ခွဲရေးနဲ့ ဆိုင်တဲ့ စာအုပ်နှစ်အုပ် နာမည်တွေ့ပါတယ်။ တိလပ်ကို အာမခံမပေးဘဲ ထားပါတယ်။
•၁၉ဝ၈ ဇွန်လ ၂၆ ရက်မှာတော့ တိလပ်ကို နောက်တမှုတိုးပြီး ထောင်မှာ ဝရမ်းနဲ့ ထားပါတယ်။ အိန္ဒိယ ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က) ၊ ပုဒ်မ (၁၅၃) တွေနဲ့လည်း သီးခြားနှစ်မှု စွဲဆိုပါတယ်။
•၁၉ဝ၈ ခုနှစ် ဇူလိုင်လ ၂ ရက်နဲ့ ၃ ရက်မှာတော့ ပါကစ္စတန်ကို တည်ထောင်သူ မိုဟာမက်အလီဂျင်းနားက မွမ်ဘိုင်မှာ တိလပ်အာမခံအတွက် လျှောက်လှဲပေးပါတယ်။ ထပ်ပယ်ချခံရပါတယ်။ သူ့အမှုကို အထူးဂျူရီအဖွဲ့နဲ့ ကြားနာဖို့ ပြင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kesari Maharatta Trust, Pune
တရားခွင်ကို ဇူလိုင်လ ၁၃ ရက်မှာ စပါတယ်။ တိလပ်အတွက် အမှုနှစ်မှု တပေါင်းတည်း စစ်လို့ရမရ ဆွေးနွေးစရာ ဖြစ်လာပြီး တရားသူကြီးက ခွင့်ပြုလိုက်ပါတယ်။
သစ္စာဖောက်မှုနဲ့ သူ့အမှုကို ကြားနာတဲ့ ဂျူရီမှာ ဥရောပသားက ၇ ယောက်နဲ့ ဖာရစီလူမျိုးက နှစ်ဦးပါပါတယ်။ ဂျင်းနားနဲ့ တခြားရှေ့နေတယောက် လျှောက်လှဲပြီးနောက် တိလပ် သူ့ဖာသာသူ ခုခံပါတယ်။ လေးရက်အတွင်းမှာ တိလပ် (၂၁) နာရီနဲ့ (၁ဝ) မိနစ်ကြာအောင် ချေပတာပါ။
ဇူလိုင်လ ၂၂ ရက် နေ့လယ်မှာ တိလပ်ရဲ့ ချေပချက် ပြီးဆုံးပြီး ညနေမှာပဲ အမိန့်ချပါတယ်။ သူ့ကို စွဲထားတဲ့ သုံးမှုစလုံးနဲ့ အပြစ်ရှိကြောင်း ဂျူရီအဖွဲ့က ဆုံးဖြတ်ပါတယ်။ ဒဏ်ကြေး ရူပီးငွေ တသောင်းနဲ့ ထောင်ခြောက်နှစ်ကျခံဖို့ အမိန့်ချပါတယ်။ စီရင်ချက်ချအပြီးမှာ တိလပ်ပြောတဲ့ စကားတွေက သမိုင်းတွင်ကျန်ရစ်ခဲ့ပါတယ်။
"ဂျူရီက အပြစ်ရှိကြောင်း ဆုံးဖြတ်ပေမယ့် ကျွန်တော့်မှာ အပြစ်ကင်းပါတယ်။ ဒီခုံရုံးထက် ပိုပြီး အာဏာရှိတဲ့ အင်အားတခုက လူတွေနဲ့ နိုင်ငံတွေရဲ့ ဘဝကို ဆုံးဖြတ်ပါတယ်။ ဒီစွမ်းအားအလိုက ကျွန်တော်မလွတ်မှ ကျွန်တော်လုပ်နေတဲ့ ကိစ္စက အကျိုးရှိမယ်လို့ ယူဆတာလည်း ဖြစ်နိုင်တယ်" လို့ တိလပ်က ပြောပါတယ်။
အဲဒီနေ့က မိုးကြီးလေကြီး ကျနေပေမယ့် တရားရုံးအပြင်မှာ လူတွေအများကြီး စုရုံးနေကြပါတယ်။ ရုံးနားမှာ လုံခြုံရေးတွေလည်း အများကြီး ချထားပါတယ်။
တိလပ်ကို ထောင်ချလိုက်တာနဲ့ မွမ်ဘိုင်မြို့မှာ ပေါက်ကွဲကုန်ကြပါတယ်။ အရောင်းအဝယ်တွေ ပိတ်ပစ်ကြသလို စက်ရုံအလုပ်သမားတွေလည်း သပိတ်မှောက်ကြပါတယ်။ တချို့နေရာတွေမှာ ရုန်းရင်းဆန်ခတ်တွေ ဖြစ်ပွားပါတယ်။ အခြေအနေထိန်းဖို့ စစ်တပ်ကို ခေါ်ရတာပါ။
ပထမ တိလပ်ကို ဆဘာမာတီထောင်မှာ ထားပါတယ်။ အဲဒီကနေ သင်္ဘောနဲ့ ရန်ကုန်ပို့ပြီး မန္တလေးထောင်မှာ ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kesari Maharatta Trust, Pune
မန္တလေးထောင်နေ့များ
လောကမညတိလပ်ဟာ အစပိုင်းမှာ သူ့အမှုအတွက် အယူခံခဲ့ပါတယ်။ ဒါပေမဲ့ ဟိုက်ကုတ် တရားလွှတ်တော်မှာ အယူခံ ရှုံးခဲ့ပါတယ်။
မန္တလေးထောင်မှာ ရောက်နေခိုက် တိလပ်ဟာ နာမည်ကျော် ဟိန္ဒူ ဘာသာရေးကျမ်းတစောင်ကို ရေးဖွဲ့ခဲ့ပါတယ်။ တိလပ်ရဲ့ ဂီတရဟဆျဟာ ဘဂဝါဂီတခေါ် ဟိန္ဒူဘာသာကျမ်းကြီးကို ဖွင့်ဆိုရှင်းလင်းတဲ့ ကျမ်းတစောင်ဖြစ်ပြီး အင်မတန် ထင်ရှားပါတယ်။ စာမျက်နှာ ၉ဝဝ ကျော် ကျမ်းကြီးကို ထောင်ထဲမှာ ငါးလလောက်နဲ့ အပြီးရေးခဲ့တာ ဖြစ်ပါတယ်။
ဒီအတွက် အကိုးအကားလုပ်စရာကျမ်းတွေကို မန္တလေး ထောင်ထဲ သွင်းရာမှာ အစက ခွင့်မပြုလို့ တိလပ်က ကန့်ကွက်တဲ့အခါ တကြိမ်မှာ လေးအုပ်ပဲ သွင်းခွင့်ပြုခဲ့ကြောင်း စာရေးဆရာ ပါရဂူက ဂင်္ဂါနှင့် ဧရာဝတီစာအုပ်မှာ ရေးပါတယ်။ ဒီလိုနဲ့ အုပ် ၃၅ဝ-၄ဝဝ လောက် သွင်းပြီး စာအုပ်ရေးပါတယ်။ စာအုပ်ကို မင်နဲ့မရေးရဘဲ ခဲတံနဲ့သာ ရေးခဲ့ရတာ ဖြစ်ပါတယ်။ ထောင်ကထွက်တဲ့အခါလည်း စာမူကို ယူခွင့်မပြုလို့ ထပ်ပြီး အရေးဆိုမှ ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu Archive
မန္တလေးက တိလပ်အမှတ်တရ
မန္တလေးမှာ တိလပ်အကျဉ်းကျခဲ့တဲ့အကြောင်းက ဆယ်စုနှစ်တွေ ကြာခဲ့ပေမယ့် ကျန်ရှိနေပါတယ်။ ၁၉၅၉ ဧပြီလ ၆ ရက်မှာ သူ့အတွက် အမှတ်တရအဆောက်အအုံကို မန္တလေးထောင်မှာ အိန္ဒိယ အစိုးရက ဖွင့်လှစ်ပေးခဲ့ပါတယ်။
၁၉၅၄ က အိန္ဒိယ ကျောင်းသားကိုယ်စားလှယ်တဖွဲ့ မန္တလေး ကို ရောက်သွားပြီး သူတို့ရဲ့ တောင်းဆိုချက်နဲ့ အိန္ဒိယ အစိုးရက မန္တလေးထောင်ထဲမှာ တိလပ်အမှတ်တရ လုပ်ပေးခဲ့တယ်လို့ မြန်မာပြည်ဆိုင်ရာ အိန္ဒိယ သံအမတ် ဆော်ရက် ကူးမားက ဘီဘီစီမာရသီ ဌာနကို ပြောပါတယ်။
ဒီခန်းမအဆောက်အဦကို စာကြည့်တိုက်အဖြစ် အသုံးချပြီး အဲဒီခေတ်က မြန်မာငွေ ငါးသောင်း ကုန်ကျခဲ့ကြောင်း ခေတ်ပြိုင် သတင်းစာမှတ်တမ်းတွေက ဖော်ပြပါတယ်။ ခန်းမဆောင်နဲ့ ကပ်ရက်မှာ ရေကူးကန်တခုလည်း ရှိပါတယ်။
၁၉၅ဝ ကနေ ၁၉၉ဝ ကျော်အထိ ဒီထောင်မှာ နေခဲ့ဖူးကြတဲ့ မြန်မာနိုင်ငံရေးအကျဉ်းသားတွေကို ဒီအဆောက်အဦနားမှာ ထားပါတယ်။ တချို့အကျဉ်းသားတွေက ဒီခန်းမနဲ့ ရေကန်ကို မှတ်မိကြတုန်း ဖြစ်ပါတယ်။
၁၉၈၇ ဩဂုတ်လမှာတော့ လောကမညတိလပ်ရဲ့မြေး၊ မဟာရဋ္ဌပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဂျယန် တိလပ် မန္တလေးထောင်က တိလပ်ဆောင်ကို လာကြည့်ပါတယ်။ မြန်မာပြည်ရောက် အိန္ဒိယ လူမျိုးတွေ ဒီနေရာကို လာဦးတိုက်လေ့ရှိတယ်လို့လည်း ပါရဂူက ရေးပါတယ်။
မန္တလေး ထောင်ဟောင်းဟာ နန်းမြို့ရိုးထဲမှာ ရှိပြီး ဗြိတိသျှဆောက်ခဲ့တာ ဖြစ်ပါတယ်။ ထောင်သစ်ကို နဝတ အစိုးရလက်ထက်မှာ မန္တလေးတောင်အနီးကို ရွှေ့ပြောင်းခဲ့ပြီးနောက် ဒီထောင်ဟောင်းဟာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေထဲမှာပဲ ဆက်ရှိနေခဲ့ပါတယ်။ ထောင်ဟောင်းကို ဖျက်ကောင်းဖျက်ပစ်လိုက်နိုင်တယ်လို့ အိန္ဒိယ သံအမတ် ဆော်ရက်ကူးမားက ပြောပါတယ်။
လောကမည တိလပ်ဟာ မြန်မာပြည်မှာ အဖမ်းခံရတဲ့ ပထမဆုံး အိန္ဒိယ ခေါင်းဆောင် ဖြစ်ပါတယ်။ တိလပ်ကို ၁၉၁၄ မှာ မန္တလေး ထောင်က ပြန်လွှတ်ပေးပါတယ်။ ပူနားမြို့ကို သူပြန်ရောက်တော့ အကြီးအကျယ် ကြိုကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kesari Maharatta Trust, Pune
တိလပ်ကွယ်လွန်ပြီးနောက် မဟတ္တမ ဂန္ဒီ မြန်မာပြည်ကို ၁၉၂၉ က လာပါတယ်။ မန္တလေး ရောက်တဲ့အခါမှာ ဂန္ဒီ ကြီးက အိန္ဒိယလွတ်လပ်ရေးဟာ မန္တလေးကို ဖြတ်သန်းသွားရကြောင်း၊ တိလပ်၊ ဆူဘတ်ချန်ဒရာဘို့စ်နဲ့ တခြား ဘင်္ဂလားရဲ့ သားကောင်းတွေဟာ မန္တလေးမှာ မြေမြှုပ်အကျဉ်းကျခံခဲ့ရကြောင်း ပြောကြားခဲ့တယ်လို့ ပါရဂူက ရေးသားခဲ့ပါတယ်။
တိလပ်မရှိတဲ့နောက် အိန္ဒိယ လွတ်လပ်ရေးလှုပ်ရှားမှုဟာ ဂန္ဒီ့လက်ထဲ ရောက်သွားခဲ့ပြီး အစွန်းရောက်လှုပ်ရှားမှုတွေကို ဖုံးအုပ်သွားပါတယ်။
မြန်မာပြည်က အိန္ဒိယ ပို့ပြီး ထောင်ချခံရသူတွေကတော့ ဆရာတော် ဦးဝိစာရနဲ့ ဆံရှည် ဦး နာဂိန္ဒတို့ ဖြစ်ကြပါတယ်။ ဦးဝိစာရကို အနောက်ဘင်္ဂလားက မီနာပူထောင်ကို ပို့ခဲ့ဖူးပါတယ်။
(ဒီဆောင်းပါးပါ မန္တလေး နဲ့ ဆိုင်တဲ့ အချက်အလက်တွေကို ဘီဘီစီမြန်မာပိုင်းက ဘိုဘိုက ကူညီပါတယ်။)

ဓာတ်ပုံ ရင်းမြစ်, Kesari Maharatta Trust, Pune








