မြန်မာ စက်ရုံ ၁၂၀ ကျော်မှာ အလုပ်သမားအခွင့်ရေး ချိုးဖောက်ခံရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာပြည်တွင်းမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း စက်ရုံအလုပ်ရုံ ၁၂၀ ကျော်က ထောင်နဲ့ချီတဲ့လုပ်သားတွေဟာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုမျိုးစုံကို ကြုံခဲ့ကြရတယ်လို့ မြန်မာနိုင်ငံအထွေထွေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM)က ပြောပါတယ်။
အဲဒီစက်ရုံတွေထဲမှာ စားသောက်ကုန်၊ အားကစားပစ္စည်းထုတ်၊ စက်မှု၊ လူသုံးကုန်နဲ့ အထည်ချုပ် စက်ရုံ စုစုပေါင်း ၁၂၄ ရုံပါဝင်တယ်လို့ မြန်မာနိုင်ငံအထွေထွေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM)က ထုတ်ပြန် ပြောဆိုပါတယ်။
အဲဒီစက်ရုံတွေထဲ အထည်ချုပ်စက်ရုံတွေဟာ အလုပ်သမားဥပဒေတွေကို ချိုးဖောက်ကာ ခွင့်နဲ့ လုပ်ခလစာလို အလုပ်သမားတွေရဲ့ရပိုင်ခွင့် ချိုးဖောက်မှုတွေကို အများဆုံး ကျုးလွန်ခဲ့ပြီး အဖွဲ့ချုပ်ဆီ လာရောက်တိုင်တန်းခံရတဲ့ စက်ရုံတွေထဲမှာ Adidas, Zara, H&M နဲ့ American Holic တို့လို တံဆိပ်တွေကို ချုပ်လုပ်ပေးနေတဲ့စက်ရုံတွေလည်း ပါဝင်ပါတယ်။
အဖွဲ့ချုပ်ဆီလာရောက်တိုင် တန်းမှု ၃၀၀ ကျော်အထိရှိပေမဲ့ အဲဒီထဲက ရာခိုင်နှုန်း အနည်းအကျဥ်းသာ ဖြေရှင်းနိုင်တယ်လို့ ဆိုပါတယ်။
၂၀၂၃ ဖေဖော်ဝါရီလအထိ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းကထုတ်ပြန်တဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ အထည်ချုပ်စက်ရုံ ၅၄၃ ရုံလက်ရှိလည်ပတ်နေပြီး စက်ရုံ ၂၅၄ ရုံကတော့ လည်ပတ်နိုင်တဲ့ အခြေအနေမှာ မရှိဘူးလို့သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, M M Aye
ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန်ထဲက AMISU Band ထည်တွေကို ချုပ်လုပ်တဲ့ တရုတ်နိုင်ငံသားပိုင် FITEX (Myanmar) အထည်ချုပ်စက်ရုံမှာ လုပ်သက် ၆ လ အောက်ဝန်ထမ်းတွေကို လာမယ့်ဧပြီ ၁၂ ကစပြီး အလုပ်ထုတ်မှာဖြစ်တယ်လို့ အလုပ်သမား ခေါင်းဆောင်တွေကတဆင့် မတ် ၁၃ ရက်က ပြောတယ်လို့ အလုပ်သမားအရေး ကူညီပေးနေတဲ့ မြန်မာနိုင်ငံ အထွေထွေအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် FGWM ကနေ သိရပါတယ်။
အဲဒီစက်ရုံမှာ အလုပ်သမား ၇၀၀ ကျော်ရှိပြီး အထည်အမှာတွေမရလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်ထုတ်ခံရမယ့် ၆ လ အောက် အလုပ်သမား ၄၀၀ ကျော်ရှိနေတယ်လို့ ဆိုပါတယ်။
လုပ်သက် ၆ လအောက်ဖြစ်တဲ့အတွက် အလုပ်သမားဥပဒေအရ လုပ်သက်လျော်ကြေးကိုလည်း အလုပ်ရှင်ဘက်က ပေးစရာမလိုတဲ့အခြေအနေကြောင့် အလုပ်သမားတွေ လျော်ကြေးရနိုင်တဲ့ အခြေအနေမရှိဘူးလို့ သိရပါတယ်။
ဒါကို ဖြေရှင်းပေးဖို့ သက်ဆိုင်ရာဌာနတွေကို အလုပ်သမားတွေ တိုင်ကြားပေမယ့် ဖြေရှင်းပေးနိုင်တဲ့ အခြေအနေမရှိဘူးလို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
တဖက်မှာလည်း ပြည်တွင်းစက်ရုံအချို့မှာလည်း ပြည်ပက ချုပ်ထည်မှာယူမှု မရှိတော့တာကြောင့် စက်ရုံပိတ်သိမ်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်ကနေ ထုတ်ပယ်ခံရတဲ့ လုပ်သား ရာနဲ့ချီပြီး ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ မှာလည်း Primark Brand အထည်ချုပ်စက်ရုံ နှစ်ရုံ ပိတ်လိုက်တာကြောင့် အလုပ်သမား ၂၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ကြရပြီး အဲ့ဒီထဲက တော်တော်များများဟာ အခုချိန်အထိ အလုပ်ရှာလို့ မရကြသေးပါဘူး။
အာဏာသိမ်းမှု မဖြစ်ခင်က အလုပ်မသားအရေးဆောင်ရွက်သူတွေက ဦးဆောင်ပြီး အလုပ်ရှင်၊ အလုပ်သမား၊ သက်ဆိုင်ရာအလုပ်သမားဝန်ကြီးဌာနစတဲ့ ၃ ပွင့်ဆိုင် ဖြေရှင်းမှုတွေကြောင့် အလုပ် သမားအခွင့်အရေးတောင်းဆိုမှုတွေဟာ တိုးတက်မှု ပြခဲ့ပါတယ်။
ဒါပေမဲ့ အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီက အလုပ်သမားအဖွဲ့အစည်း ၁၆ ဖွဲ့ကို မတရားအသင်း အဖြစ် ဆက်သွယ်တာ၊ အလုပ်သမားအရေးဦးဆောင်သူတွေကို ဖမ်းဆီးတာတွေကြောင့် အခုလို အလုပ်သမားတွေ အခွင့်အရေးချိုးဖောက်ခံရတဲ့အခါ ထိထိရောက်ရောက်ကူညီဖို့ အကန့်အသတ်တွေ ရှိနေတယ်လို့ အလုပ်သမားအခွင့်အရေးဆောင်ရွက်သူတွေက ပြောဆိုနေကြပါတယ်။








