ကန့်ကွက်မှုတွေကြားက ချင်းပြည်ကောင်စီ

ဒီဇင်ဘာ ၉ ရက်မှာ ညီလာခံ ဓာတ်ပုံမှတ်တမ်းတွေ ထုတ်ပြန်လာပါတယ်

ဓာတ်ပုံ ရင်းမြစ်, Chinland Council

ဓာတ်ပုံ ပုံစာ, ဒီဇင်ဘာ ၉ ရက်မှာ ညီလာခံ ဓာတ်ပုံမှတ်တမ်းတွေ ထုတ်ပြန်လာပါတယ်

ကန့်ကွက်မှုတွေရှိနေတဲ့ကြားကပဲ ချင်းပြည်ကောင်စီရဲ့ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၂၃ ထွက်ပေါ်လာပါတယ်။

ဒါ့အပြင် ချင်းပြည်ကောင်စီဖွဲ့ပြီး ရက် ၆၀ အတွင်း ချင်းပြည်နယ် လွှတ်တော် နဲ့ အစိုးရအဖွဲ့ ဖွဲ့စည်းသွားမယ်လို့ ထုတ်ပြန်လာပါတယ်။

ချင်းအမျိုးသားတပ်ဦး (CNF)က ဦးဆောင်ခဲ့တဲ့ ညီလာခံကို CNF/CNA ကိုယ်စားလှယ်တွေ၊ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ချင်းလွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့က ကိုယ်စားလှယ်၊ မြို့နယ်နဲ့ ဒေသအစုအဖွဲ့က ကိုယ်စားလှယ်၊ ပြည်တွင်း၊ ပြည်ပဧည့်သည် စုစုပေါင်း (၂၃၅) ဦး တက်ရောက်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ ဒီညီလာခံရဲ့ ဓာတ်ပုံမှတ်တမ်းတွေ၊ ပါဝင်ဆွေးနွေးသူတွေနဲ့ ဆုံးဖြတ်ချက်တွေချခဲ့တဲ့ အခြေအနေကိုတော့ တိတိကျကျ ထုတ်ပြန်ပြောဆိုတာမရှိပါဘူး။

ဒီညီလာခံဟာ ဒီမိုကရေစီစံနှုန်း မကိုက်ညီတဲ့အပြင် တန်းတူညီမျှမှု မရှိတာကြောင့် ချင်းအမျိုးသားတစ်ရပ်လုံးရဲ့ စည်းလုံးညီညွတ်ရေးကို ကိုယ်စားပြုဖော်ဆောင်နိုင်မှာ မဟုတ်ဘူးဆိုပြီး တော်လှန်ရေး အဖွဲ့အစည်းတချို့ တက်ရောက်ခဲ့တာမရှိပါဘူး။

ဒါပေမဲ့ CNF ကတော့ ချင်းပြည်ကောင်စီကို ၂၀၂၀ ရွေးကောက်ပွဲမှာအနိုင်ရပြီး စစ်အာဏာရှင် တော်လှန်ရေးမှာ ပါဝင်နေတဲ့ ချင်းလွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့တွေ အပါအဝင် စုစုပေါင်း ၁၄၀ ဦးနဲ့ ဖွဲ့စည်းထားတယ်လို့ ပြောပါတယ်။

အဲဒီလွှတ်တော်ကိုယ်စားလှယ်တွေ ဘယ်နိုင်ငံရေးပါတီတွေကလဲဆိုတာကို သိရဖို့နဲ့ ကန့်ကွက်မှုတွေ ရှိတဲ့ကြားက ဘာကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို ရေးဆွဲအတည်ပြု ပြဋ္ဌာန်းတာလဲဆိုတာတွေက မေးခွန်းတွေ ဖြစ်လာပါတယ်။

CNF ပြောခွင့်ရ လည်းဖြစ် ၊ ချင်းပြည်ကောင်စီတွဲဖက်အတွင်းရေးမှူး ၁ တာဝန်ယူထာတဲ့ ဆလိုင်းထက်နီကို ဘီဘီစီကဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

ချင်းပြည်ကောင်စီကတော့ အမျိုးသားကိုယ်ပိုင် ပြဋ္ဌာန်းခွင့်အာမခံချက်ရှိတဲ့ ချင်းပြည်တည်ဆောက်ဖို့ ၊ နိုင်ငံရေးနဲ့ အမျိုးသား တန်းတူရေးအာမခံချက်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့နဲ့ ဒီမိုကရေစီစနစ် တည်ဆောက်ဖို့အတွက် ရည်ရွယ်ဖွဲ့စည်းတာလို့ သူ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီအချိန်မှာပဲ ချင်းပြည်ကောင်စီဖွဲ့စည်းပြီး ချင်းပြည်အစိုးရအဖွဲ့ ဖွဲ့ ဖို့ ဖြစ်လာတာကြောင့် တိုက်ပွဲတွေဖြစ်ပွားနေချိန် CNF အနေနဲ့ ဘာကြောင့် ဒါကို အလျင်စလိုလုပ်ဖို့ လိုသလဲဆိုတဲ့ စောကြောမှုတွေရှိပါတယ်။

ချင်းအမျိုးသားတပ်ဦး (CNF/CNA)ရဲ့ စစ်သင်တန်းဆင်းအခမ်းအနား

ဓာတ်ပုံ ရင်းမြစ်, Chinland Information

ဓာတ်ပုံ ပုံစာ, ချင်းအမျိုးသားတပ်ဦး (CNF/CNA)ရဲ့ စစ်သင်တန်းဆင်းအခမ်းအနား (ချင်းအမျိုးသားတပ်မတော် - CNA ဟာ CNF ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပါတယ်။)
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ချင်းပြည်ကောင်စီနဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဖက်ဒရယ်ရေးရာဝန်ကြီးဌာနနဲ့ ဝန်ကြီးချုပ်ရုံးပြောခွင့်ရသူတို့ကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

ချင်းပြည်နယ်က မြို့နယ် ၉ ခုမှာ မျိုးနွယ်စုပေါင်း ၅၃ ခုရှိပြီး ချင်းပြည်ကောင်စီမှာ ကိုယ်စားပြုပါဝင်သူ အရေအတွက် မမျှတတာ၊ CNF က ချင်းပြည်နယ်တစ်ခုလုံးကို ကိုယ်စားပြုထားတဲ့အဖွဲ့အစည်းလို သဘောထားပြီး ပါဝင်နေတာကြောင့် အခုလို အငြင်းပွားနေတာလို့ အကဲခတ်တွေက ရှုမြင်ပါတယ်။

ချင်းပြည်ကောင်စီရဲ့ ၂၀၂၃ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ အခန်း ၁၀ ခန်း ပါဝင်ပြီး အခန်း ၁ အခြေခံမူထဲက အချက် ၂၁ ချက်ထဲမှာ ချင်းအမျိုးသားတော်လှန်ရေးဆင်နွှဲရာမှာ ပြည်သူ့တော်လှန်ရေး လမ်းစဥ်နဲ့ လက်နက်ကိုင်တော်လှန်ရေးလမ်းစဥ်တို့ကို ကျင့်သုံးမယ်လို့ပါရှိပါတယ်။

ဒါအပြင် ချင်းအမျိုးသားတပ်မတော်ဟာ ချင်းပြည်ရဲ့ တစ်ခုတည်းသော အမျိုးသားတပ်မတော် ဖြစ်တယ် လို့ဖော်ပြပါတယ်။

တဆက်တည်းမှာပဲ ချင်းအမျိုးသားတပ်မတော်နဲ့ ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့တွေဟာ ချင်းပြည်အစိုးရအဖွဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တိုက်ရိုက်ကြီးကြပ်ကွပ်ကဲမှုအောက်မှာရှိတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးမှာ ဘာသာရေးကိုအခြေမခံတဲ့ နိုင်ငံရေးစနစ်ကိုကျင့်သုံးမှာဖြစ်သလို ဒီမိုကရေစီစနစ်ကိုကျင့်သုံးမယ်လို့ ဖော်ပြပါတယ်။

စီးပွားရေးမှာတော့ လွတ်လပ်တဲ့ စျေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးမယ်လို့ ပြောထားပါတယ်။

ချင်းပြည်ကောင်စီရဲ့ သက်တမ်းကို ၂ နှစ်သတ်မှတ်ပြီး ကောင်စီအဖွဲ့ဝင်တွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ချင်းပြည်လွှတ်တော်ရာထူးနေရာတွေ၊ အစိုးရအဖွဲ့နဲ့ တရားလွှတ်တော်ချုပ်တို့မှာ တာဝန်ထမ်းဆောင်လို့မရဘူးလို့ ဆိုပါတယ်။

အခြေခံဥပဒေအရ ချင်းပြည်အစိုးရအဖွဲ့သက်တမ်းကို တော်လှန်ရေးကာလနဲ့ အသွင်ကူးပြောင်းရေးကာလ လို့ နှစ်ပိုင်းခွဲခြားသတ်မှတ်ပြီး တော်လှန်ရေးကာလပြီးဆုံးပါက တော်လှန်ရေးကာလအစိုးရအဖွဲ့ကို အသွင်ကူးပြောင်းရေးကာလအစိုးရအဖွဲ့ အဖြစ်ပြောင်းလဲဖွဲ့စည်းရမယ်လို့ ပါရှိပါတယ်။

ချင်းဒေသကာကွယ်ရေးတပ်- CDF မင်းတပ်ရဲ့ သင်တန်းဆင်းမြင်ကွင်းဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CDF-Mindat

ဓာတ်ပုံ ပုံစာ, ချင်းဒေသကာကွယ်ရေးတပ်- CDF မင်းတပ်ရဲ့ သင်တန်းဆင်းမြင်ကွင်းဖြစ်ပါတယ်။ CDF မင်းတပ်ဟာ ချင်းပြည်ကောင်စီကိုကန့်ကွက်ထားပါတယ်။

ချင်းပြည်ကောင်စီ နဲ့ အခြေခံဥပဒေကိုကန့်ကွက်တဲ့အဖွဲ့တွေရှိ

ဒီကောင်စီနဲ့ ညီလာခံကို လက်မခံတဲ့အကြောင်း မင်းတပ်၊ ဖလမ်း၊ တီးတိန် နဲ့ တွန်းဇံမြို့တွေကိုကိုယ်စားပြုတဲ့ နိုင်ငံရေးနဲ့တော်လှန်ရေးအဖွဲ့အစည်းတွေဆိုပြီး CNC Mindat/CDF Mindat - ချင်းအမျိုးသားကောင်စီ(မင်းတပ်)၊ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) နဲ့ ဇိုမီးဖက်ဒရယ်အစည်းအရုံးက ဒီဇင်ဘာ ၅ ရက်မှာ ထုတ်ပြန်ခဲ့ကြပါတယ်။

CDF မင်းတပ်နဲ့ ချင်းအမျိုးသားကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်ကတော့ စောလွန်းတာကြောင့်ကန့်ကွက်တာလို့ ပြောပါတယ်။

‘’ အခြေခံဥပဒေအတည်ပြုတာကြတော့ စိတ်စောရာကြတယ်လို့ မြင်တယ်။ ကျွန်တော်တို့မှာ ညှိနှိုင်းစရာလေးတွေရှိသေးတာကိုး။ ချင်းတစ်မျိုးသားလုံးရဲ့ စည်းလုံးညီညွတ်မှုကို ကိုယ်စားပြုတဲ့သဘောမရှိသေးဘူး’’ လို့ ဆလိုင်းယောမာန်က ပြောပါတယ်။

‘’ ကျွန်တော်တို့အချင်းချင်းကြားမှာ ယုံကြည်မှုတည်ဆောက်ဖို့ မြေပြင်မှာလက်တွေ့ကျတဲ့ ပြည်သူ့ဝန်ဆောင်မှုတွေပေးနိုင်ဖို့ အသွင်ကူးပြောင်းရေးကာလအတွက် တရားဥပဒေစိုးမိုးရေးအပြင် မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲဖို့ လက်တွေ့ကျတဲ့ တော်လှန်ရေး ကိုပို ဦးစားပေးရမှာပါ’’လို့ သူက CNC မင်းတပ်ရဲ့ သဘောထားကို ဆက်ပြောပါတယ်။

ဒါအပြင် ကန်ပက်လက်မြို့နယ်ကောင်စီကလည်း ချင်းပြည်နယ်အတွင်းကအစုအဖွဲ့ စုံစုံလင်လင်ရဲ့ ဆွေးနွေးဆုံးဖြတ်ချက် မပါဝင်ဘဲ ဆောင်ရွက်တာဟာ အနာဂတ်ချင်းပြည်နယ်အတွင်း မလိုလားအပ်တဲ့ ပဋိပက္ခ ကို အစပျိုးရာလမ်းကြောင်းလို့ ထောက်ပြပါတယ်။

ချင်းအမျိုးသားတပ်ဦး - CNFရဲ့ ဦးဆောင်မှုအခန်းကဏ္ဍဟာ ပြည်နယ်အဆင့်တင်မဟုတ်ဘဲ၊ ပြည်ထောင်စုအဆင့်၊ နိုင်ငံတကာအဆင့်အထိ အရေးပါတာကို ချင်းတော်လှန်ရေးအင်အားစုအားလုံးက လက်ခံထားပေမဲ့ CNF/CNAရဲ့ ဦးဆောင်မှုနဲ့ ချင်းပြည်ကောင်စီကို အတင်း အဓမ္မ ဖော်ဆောင်ဖို့ကြိုးစားနေတယ်လို့ ချင်းနိုင်ငံရေးအကဲခတ်တချို့က သုံးသပ်ပါတယ်။

လက်ရှိ စစ်အာဏာသိမ်း ၃ နှစ်နီးပါးအတွင်းမှာ ချင်းပြည်နယ်မှာ ချင်းအမျိုးသားတပ်ဦး CNF နဲ့ မဟာမိတ်တပ်တွေ၊ ဒေသကာကွယ်ရေးတပ်တွေဘက်က မြို့ လေးခုထက်မနည်းကို တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

အဲဒီမြို့တွေမှာ စစ်ကောင်စီယန္တရားတွေ လုံးဝ ရပ်ဆိုင်းသွားချိန်မှာ လစ်ဟာသွားတဲ့ အုပ်ချုပ်ရေးပိုင်းကို ဘယ်လိုတည်ထောင်ကြမလဲဆိုတဲ့မေးခွန်းတချို့ ထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်ပြီး ချင်းအမျိုးသားတပ်ဦး CNF/CNA နဲ့ ဒေသအလိုက် ချင်း ကာကွယ်ရေး တပ်တွေ ထိန်းချုပ်ထားနိုင်တဲ့မြို့တွေကတော့ ရိခေါဒါ၊ လိုင်လင်ပီး၊ ရေဇွာ၊ ဝေဘူလ၊ မကွီအိန်နူး၊ ဆူရ်းခွါ့ စတဲ့မြို့တွေဖြစ်ပြီး ပြည်သူ့အုပ်ချုပ်ရေးပေါ်ပေါက်ဖို့ ကြိုးပမ်းနေတယ်လို့ CNF ပြောခွင့်ရသူ ဆလိုင်းထက်နီက အစောပိုင်းမှာ ပြောကြားထားတာရှိပါတယ်။

မြို့နယ် ၉ ခုရှိတဲ့ ချင်းပြည်နယ်မှာ ချင်းပြည်ကောင်စီမှာ ချင်းအမျိုးသားတပ်ဦး - CNF/CNA ၊ ချင်းဒေသကာကွယ်ရေးတပ်- CDF၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ - CNDF တို့က အဓိက ချင်းကာကွယ်ရေးတပ်တွေအနေနဲ့ သီးခြားစီ လှုပ်ရှားနေပါတယ်။

ချင်းအမျိုးသားတပ်ဦး CNF/CNA ကို ၁၉၈၈ ခုနှစ် မတ်လမှာ စတင်တည်ထောင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် - NCA မှာလက်မှတ်ထိုးခဲ့ပေမဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းလိုက်ချိန်မှာ CNF/CNA က စစ်တပ်ကိုဆန့်ကျင်တော်လှန်နေတာ ဖြစ်ပါတယ်။

ချင်းဒေသကာကွယ်ရေးတပ်မတော် (CDF) ၂၀၂၁ ခုနှစ် ဧပြီမှာ အာဏာသိမ်းစစ်တပ်ကိုဆန့်ကျင်တော်လှန်ဖို့ ဖွဲ့စည်းတယ်ဆိုပြီး ကြေညာခဲ့တာပါ။

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ - CNDF ဟာ ချင်းအမျိုးသားအဖွဲ့ချုပ်- CNO ရဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ဖလမ်းမြို့နယ်၊ ချင်းပြည်နယ်ပြင်ပ (ကလေး-ကဘော်)ရှိ ချင်းလူငယ်တွေ၊ နိုင်ငံတကာရှိ ချင်းလူမျိုးတွေက လူထုကိုအကြမ်းဖက်ဖြိုခွဲတဲ့ စစ်တပ်ကိုဆန့်ကျင်ဖို့ဆိုပြီး ၂၀၂၁ ခုနှစ် ဧပြီလမှာပဲဖွဲ့စည်းခဲ့တာပါ။