ထန်တလန်ကို ချင်းတပ်ဖွဲ့တွေက ဘာကြောင့် သိမ်းတာလဲ

ဓာတ်ပုံ ရင်းမြစ်, CNA/CDF
အရင်နှစ်တွေကတည်းက ဒေသခံတွေ အားလုံးနီးပါး မြို့ကို စွန့်ခွာသွားကြပြီဖြစ်တဲ့ ထန်တလန်မြို့မှာ ချင်း တော်လှန်ရေးတပ် တွေဖြစ်တဲ့ CNA (Chin National Army) နဲ့ CDF (Chinland Defense Force) ပူးပေါင်း အင်အားတွေက မြို့လယ်မှာရှိတဲ့ မြို့မ ရဲစခန်းကို ၅ နာရီကြာတဲ့ တိုက်ပွဲဆင်ပြီးတဲ့နောက် ကြာသပတေးနေ့ မနက် ၂ နာရီမှာ သိမ်းနိုင်ခဲ့ပြီး မြို့ကို သိမ်းထားနိုင်ပြီလို့ ကြေညာခဲ့ပါတယ်။
ထန်တလန်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ဘာလို့ ပစ်မှတ်ထားတာပါလဲ။
“ကျွန်တော်တို့နဲ့ (CNA/CDF စခန်းတွေနဲ့) အနီးဆုံးနေရာမှာ ရှိနေတာရယ်၊ စစ်ရေးအရ အချက်အချာ ကျတာကြောင့် သိမ်းတာပါ။ ဒီရဲစခန်းက ရဲတွေတင်မဟုတ်ပါဘူး။ စစ်သားတွေလည်း ရှိနေတာပါ။ စစ်ကောင်စီဘက်က ရုံးတွေလည်း အဲဒီ ရဲစခန်း နေရာနား တဝိုက်မှာရှိနေတာဆိုတော့ သူတို့အတွက် အရေးပါတဲ့ နေရာပါ” လို့ CNA ရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသား တပ်ဦး (Chin National Front – CNF) ရဲ့ ဒု ဥက္ကဋ္ဌ ဖြစ်သူ ဆလိုင်း လျံမှုန်းဆာခေါင်းက ဘီဘီစီကို ပြောပါတယ်။
စစ်ကောင်စီက ၂၀၂၁ ခုနှစ်အတွင်း အနော်ရထာ စစ်ဆင်ရေးလို့ အမည်တပ်ကာ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းကို ထိုးစစ်လုပ်စဉ်က “ (ချင်းပြည်နယ် စစ်ဆင်ရေး အတွက်) ဒီ ထန်တလန်ကနေ အခြေပြုစခဲ့တာ” လို့လည်း သူက ပြောပါတယ်။
“အဲဒီတုန်းက စစ်ခေါင်းဆောင်က တပတ်အတွင်း CNF ဌာနချုပ်ကို သိမ်းမယ် ပြောခဲ့တာလေ၊ ဒါပေမယ့် သူတို့ မအောင်မြင်ပါဘူး” လို့ ချင်းအမျိုးသားတပ်ဦး ဒု ခေါင်းဆောင်က ပြောပါတယ်။
CNF ဌာနချုပ်က စခန်းနေရာတချို့ကို ပြီးခဲ့တဲ့ ဇန်နဝါရီ လဆန်းပိုင်းကပဲ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ CNA က တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ရပါတယ်။
အဲဒီအတွက် လက်တုံ့ပြန်ပြီး ထန်တလန်က စစ်ကောင်စီ ရဲစခန်းကို တိုက်ခိုက်တာပါလား။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒေါက်တာ ဆလိုင်းလျံမှုန်း ဆာခေါင်းက “လက်တုံ့ပြန်တဲ့ စစ်ဆင်ရေး ဆိုတာ မရှိပါဘူး။ စစ်အာဏာရှင်စနစ်နဲ့ သူတို့ရဲ့ တပ်တွေကိုတော့ ပြည်သူတွေက နေရာတိုင်းမှာ တိုက်နေကြတာပါ။ တိုက်ပွဲတိုင်းက လွယ်ကူတာ မဟုတ်ပါဘူး၊ သာမန် ပြည်သူတွေဘဝကနေ စစ်အာဏာရှင်စနစ်ကို မခံနိုင်လွန်းလို့သာ လက်နက် ကိုင်ကြရတာ” လို့ ပြောပါတယ်။
အခုလည်း ထန်တလန်မြို့အဝင် (ဟားခါးက အဝင်လမ်း) မြို့စွန်က ကုန်းပေါ်မှာ စစ်ကောင်စီတပ်က အထိုင်ချ တပ်စွဲထားဆဲပါ။
မြို့မ ရဲစခန်းကို တိုက်ရတဲ့ တိုက်ပွဲမှာ “စစ်ကောင်စီဘက်က အင်အား ၃၀၊ ဒါမှမဟုတ် ၄၀ လောက် ရှိလိမ့်မယ်။ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးတယ်။ ရဲ ၂ ယောက်ကို ဖမ်းမိတယ်” လို့ CNA က ပြောခွင့်ရ ပုဂ္ဂိုလ် ဆလိုင်းထက်နီက ဘီဘီစီကို ပြောပါတယ်။
အဲဒီစခန်းထဲက လက်နက် ၄၂ လက်အပြင် ဒရုန်းရှင်းလင်းရေးလက်နက် ၂လက်ကိုပါ သိမ်းဆည်းရမိခဲ့တယ် လို့လည်း ချင်းကာကွယ်ရေး တပ်ဖွဲ့တွေ ဘက်ကထုတ်ပြန် ပါတယ်။
စစ်ကောင်စီဘက်ကတော့ ထန်တလန် ရဲစခန်းကို သာလွန်အင်အားနဲ့ လာတိုက်ခံရလို့ စခန်းက တပ်ဖွဲ့ဝင်တွေ တခြားစခန်းတစ်ခုကို သွားရောက်ပူးပေါင်းနေပြီး စခန်းပြန်သိမ်းနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တချို့ သေဆုံး၊ ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။
ရဲစခန်းကို တိုက်ခိုက်မှုအပြီး မနက် ၅နာရီလောက်မှာတော့ ထန်တလန် မြို့ထဲက ချင်းကာကွယ်ရေးတပ်စခန်း ၂ခုလို့ ယူဆတဲ့နေရာတွေကို စစ်ကောင်စီက လေကြောင်းကနေ ဆက်တိုက် ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ လည်း CNA က ဆိုပါတယ်။
ထန်တလန်မြို့နဲ့ “ချင်းပြည်နယ် ၇၀%” မှာ ကာကွယ်ရေး တပ်ဖွဲ့တွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
လူဦးရေ ၁၀,၀၀၀ လောက်နေထိုင်တဲ့ တောင်ပေါ်မြို့လေး ထန်တလန်ဟာ တောင်ဆင်း၊ တောင်တက်လမ်း တွေနဲ့ အတူ လမ်းတွေရဲ့ဘေးမှာ အိမ်လေးတွေ စီရရီမို့ သိပ်လှပခဲ့ပေမယ့် ၂၀၂၁ ခုနှစ် အောက်တိုဘာ မှာတော့ မြို့ထဲက အိမ်တွေ၊ ဘုရားကျောင်းတွေ တချို့ မီးလောင်နေကြပြီး ဒီပုံရိပ်တွေက မြင်ရသူတိုင်းအဖို့ စိတ်ထိခိုက်စရာပါ။
ဒေသခံတွေက ဒါဟာ စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးဒဏ်ကြောင့် မီးလောင် တာ၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်က မီးရှို့တာလို့ ပြောကြပေမယ့် စစ်ကောင်စီ ဘက်က တော့ ဒါတွေက ကာကွယ်ရေး တပ်ဖွဲ့တွေရှို့ တာလို့ ဆိုပါတယ်။
နောက်ပိုင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေ ထန်တလန်ကို မီးရှို့တဲ့ အကြိမ်ပေါင်းက ဒါဇင်နဲ့ ချီပြီး ရှိတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ထန်တလန်မှာ ဒေသခံ အကုန်နီးပါးက မြို့မှာမနေကြတော့ပါဘူး။ မီးလောင်ပျက်ဆီး သွားတဲ့ အိမ်တွေ၊ အဆောက်အဦတွေက ၁,၂၀၀ ကျော်ရှိတယ်လို့လည်း သိရ ပါတယ်။
ထန်တလန် မြို့မ ရဲစခန်းကို ချင်းကာကွယ်ရေး တပ်ဖွဲ့တွေက သိမ်းယူလိုက်တာ ကြောင့် မြို့ပြင်ဘက် (သူတို့အဆို) ဗျူဟာကုန်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေက လွဲရင် ကျန်တဲ့ ထန်တလန် တမြို့လုံး နီးပါးနေရာကို စိုးမိုးလာနိုင် တာပါ။
စစ်ကောင်စီတပ်တွေအနေနဲ့ (ချင်းပြည်နယ်) မြေပြင်မှာ သိပ်စိုးမိုးလို့ မရတော့ဘူးလို့ CNA ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။
“ချင်းပြည်နယ်က ၁၀၀ ဆိုရင် ၇၀% ကို ချင်းကာကွယ်ရေး တပ်ဖွဲ့တွေက စိုးမိုးထားတာပါ။ စစ်ကောင်စီတပ်က မြို့ပေါ်က သူတို့ တပ်ကုန်းနဲ့ သူတို့ ခြေကုပ်ယူထားတဲ့ တပ်ခွဲစခန်း တွေမှာပဲ ရှိနိုင်တာပါ။ နယ်မြေအများစုက ကျွန်တော်တို့ဘက်က ထိန်းထားတာပါ။ လမ်းတွေမှာ စစ်ကောင်စီ ယာဉ်တန်း သွားလာဖို့တောင် သိပ်ခက်နေပါပြီ၊ ဒါ့ကြောင့် သူတို့လေကြောင်းကို ပိုသုံး လာတာ ဖြစ်တယ်။ သူတို့ တပ်စခန်းတွေအတွက် ရိက္ခာကို ဟတ်စကီး (ရဟတ်ယာဉ်) နဲ့ ပို့နေ ရတာ” လို့ ဆလိုင်းထက်နီက ဆိုပါတယ်။
သူပြောတဲ့အချက်တွေကို ဘီဘီစီ အနေနဲ့ သီးခြား လွတ်လွတ်လပ်လပ် မစိစစ် နိုင်သေးပါဘူး။
တဖက်မှာလည်း စစ်ကောင်စီက ချင်းပြည်နယ် အခြေအနေအကြောင်း အသေးစိတ် မထုတ်ပြန် ပေမယ့် ချင်းပြည်နယ်က စုစုပေါင်း ၉ မြို့နယ်ထဲမှာ (အခုလောလော ဆယ် အပစ်အခတ် ရပ်စဲထားပြီး ရခိုင် လက်နက်ကိုင်တပ် AA လှုပ်ရှားတာများတဲ့ မြို့နယ်ဖြစ်တဲ့) ပလက်ဝ မြို့နယ်ကလွဲလို့ ကျန် ၈ မြို့နယ်မှာ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားပါတယ်။
ဒါဟာ စစ်ကောင်စီအနေနဲ့ သူတို့ ဒီမြို့နယ်တွေကို မစိုးမိုးနိုင်တာကိုလည်း ပြသ နေသလို စစ်ကြောင်းတွေ အကြီးအကျယ်ထိုးဖို့ စစ်အုပ်ချုပ်ရေးချလိုက်တာလို့ သုံးသပ်ကြတွေလည်း ရှိပါတယ်။
ထန်တလန်မှ သည်

ဓာတ်ပုံ ရင်းမြစ်, CNA/CDF
ထန်ထလန် ရဲစခန်းကို ချင်းကာကွယ်ရေး တပ်ဖွဲ့တွေက သိမ်းလိုက်တာကြောင့် ဟားခါးဘက်ကနေ စစ်ကောင်စီတပ်က ကုန်းကြောင်းကနေတဆင့် စစ်ကြောင်းတွေ လာဖို့ ပြင်ဆင်နေတယ်လို့ ချင်းကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
အခုရက်ပိုင်းအတွင်းမှာပဲ ဟားခါးနဲ့ မတူပီကြားက ဇုန်သုန် ဒေသဘက်မှာ မကွေးတိုင်း၊ ဂန့်ဂေါဘက်ဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ဇုန်သုန် CDFတို့ ဖေဖော်ဝါရီလ ၅ရက်နေ့ ကတည်းကနေ ဆက်တိုက် တိုက်ပွဲတွေ ဖြစ်နေတယ် လို့လည်း သိရပါတယ်။
ဟားခါးဘက်မှာလည်း တိုက်ပွဲဖြစ်နေတယ်လို့ CNA က ဆိုပါတယ်။
ထန်တလန်မြို့လို ချင်းပြည်နယ်တွင်းမှာ မြို့တွင်းတိုက်ပွဲတွေအထိ ဆက်ဖြစ်လာဖို့ ရှိနေပါလား။
“ကျွန်တော်တို့ မြို့ကို သိမ်းတာမျိုးတွေ လုပ်ချင်ရင် လုပ်နိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် တိုက်ပွဲတွေတိုက်လိုက်တိုင်း သူတို့ဘက်က မနိုင်တော့ စစ်ကောင်စီတပ်တွေက အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်တာ၊ အိမ်တွေကို မီးရှို့တာတွေလုပ်တယ်၊ အဲဒီတော့ ပြည်သူတွေရဲ့ မျက်နှာကို ကြည့်ပြီး ကျွန်တော်တို့ မြို့တွင်းတွေကို မလုပ်သေးတာပါ” လို့ CNDF - Chin Nationality Defense Force တပ်ရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) က အထွေထွေ အတွင်းရေးမှူး ဆလိုင်း ဝီလီယံချင်းက ဘီဘီစီကို ပြောပါတယ်။
မြို့တွင်းတိုက်ပွဲဆင်ပြီး မြို့သိမ်းနိုင်၊ ထိန်းနိုင်ဖို့က ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လက်ရှိ လက်နက် အခြေအနေနဲ့ မဖြစ်နိုင်သေးဘူးလို့ သုံးသပ်ကြတာတွေလည်း ရှိပါတယ်။
လက်နက်ကိုင် ပဋိပက္ခကြောင့် ပြည်သူတွေရဲ့ လူမှုဒုက္ခတွေ ကလည်း များလာ နေပါတယ်။
တိုက်ပွဲတွေ၊ နေအိမ် မီးရှို့ခံရမှုတွေကြောင့် ချင်းပြည်နယ် အတွင်းမှာ အိုးအိမ် စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးရှောင် ၁ သိန်းလောက်အထိ ရှိနေပြီး ပြည်နယ် တခုလုံးမှာနေတဲ့ လူဦးရေက ၅ သိန်းနီးပါးသာ ရှိတာမို့ လူဦးရေရဲ့ ၂၀% က စစ်ဘေးဒုက္ခသည်တွေ ဖြစ်နေကြပြီလို့ ချင်း အရပ်ဘက်အဖွဲ့တွေက ထုတ်ပြန် ထားပါတယ်။








