စစ်ကောင်စီလွတ်ငြိမ်း - အမေနဲ့တွေ့ခွင့်မရတော့တဲ့သား

ဇန်နဝါရီ ၄ ရက်မှာ ပြန်လည်လွတ်မြောက်လာတဲ့ ကိုကောင်းဆက်လင်း

စစ်အာဏာသိမ်းဆန့်ကျင်တဲ့ဆန္ဒပြပွဲမှာသတင်းယူနေချိန်ဖမ်းဆီးခံခဲ့ရတဲ့ သတင်းထောက် ကိုကောင်းခန့်လင်းဟာ စစ်ကောင်စီရဲ့ လွတ်လပ်ရေးနေ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်မှာ ပြန်လည်လွတ်မြောက်လာပါတယ်။

သူထောင်ထဲမှာ ၂ နှစ်ကျော်နေခဲ့ရပြီး လွတ်ရက်စေ့ဖို့ တစ်လလောက်လိုတဲ့အချိန်မှာပဲ သူပြန်လည်လွတ်ခဲ့တာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလက ရန်ကုန်မြို့ ပန်းပင်ကြီးလမ်းက ဆန္ဒပြသပိတ် စစ်ကားနဲ့တိုက်အကြမ်းဖက်ဖြိုခွဲခံရတဲ့ဖြစ်စဥ်ဟာ ကမ္ဘာကျော်ဖြစ်စဥ်တစ်ခုဖြစ်ခဲ့ပါတယ်။

အဲဒီဖြစ်စဥ်မှာ ဆန္ဒပြသူနဲ့ သတင်းသမားတွေအပါအဝင် လူဆယ်နဲ့ချီလည်း ‌ပြင်းထန်ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြသလို ဖမ်းဆီးခံခဲ့ကြရတဲ့အထဲကိုကောင်းဆက်လင်းပါခဲ့ပါတယ်။

စစ်ကောင်စီကတော့ ဒီဖြစ်စဥ်မှာ လူ ၁၁ ဦးကိုဖမ်းဆီးခဲ့ပြီး ၃ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

သူဟာ စစ်ကားနဲ့ ဝင်တိုက်ခံခဲ့ရတာကြောင့် ခါးရိုးကျိုး၊ မျက်လုံးနဲ့ ဦးခေါင်း တို့မှာပါ ဒဏ်ရာ ရရှိခဲ့တာပါ။ သူဟာ တပ်မတော် ကုတင် ၅၀၀ ဆေးရုံမှာ ကုသမှုခံယူပြီးနောက်မှာ ထောင်ကိုရွှေ့ပြောင်းခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမဲ့ သူ့မှာ အဲဒီဒဏ်ရာတွေရဲ့ နောက်ဆက်တွဲရောဂါတွေကိုဆက်ခံစားနေရပြီး ခါးပြဿနာက အဓိကကုသရမယ်လို့ သိရပါတယ်။

'' အမေဆုံးတာ ရှစ်လပြည့်ပြီ။ အမေ့ကိုပဲပြန်လိုချင်တယ်'' လို့ ထောင်ကလွတ်လွတ်ချင်းထောင်‌ရှေ့မှာကိုကောင်းဆက်လင်းက ခပ်တိုတိုဖြေပါတယ်။

၂၀၂၃ ခုနှစ် မေလ ၄ ရက်ကဆုံးပါးခဲ့တာဖြစ်လို့ မိခင်ဆုံးပါးထားတာ ၈ လတိတိပြည့်တဲ့နေ့မှာ သူထောင်ကပြန်လွတ်လာတာဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် ရန်ကုန်အင်းစိန်ထောင်ရှေ့မှာ လွတ်ငြမ်းနဲ့ ပြန်လွတ်လာသူတွေကိုစောင့်ဆိုင်းနေတဲ့မိသားစုဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, BBC

ဓာတ်ပုံ ပုံစာ, ၂၀၂၄ ခုနှစ် ရန်ကုန်အင်းစိန်ထောင်ရှေ့မှာ လွတ်ငြမ်းနဲ့ ပြန်လွတ်လာသူတွေကိုစောင့်ဆိုင်းနေတဲ့မိသားစုဝင်တွေ

'' ကျွန်တော့်အမေ့အတွက်အလှူလေးတွေလုပ်ပေးချင်တယ်။ အမေက ကင်ဆာနဲ့ဆုံးသွားတာ။အမေဆုံးပြီးမှ ကျွန်တော်သိရတယ်။ အဲဒီအတွက်လည်းကိုယ့်ကိုယ်ကိုယ် ယူကျုံးမရဖြစ်တယ်'' လို့ ကိုကောင်းဆက်လင်းက ဘီဘီစီကိုဖြေပါတယ်။

တစ်ဦးတည်းသောသားဖြစ်တဲ့သူ့အနေနဲ့ ဖခင်ကို‌စောင့်‌ရှောက်ပေးရမယ့်တာဝန်ရှိလာပြီလို့ပြောပြပါတယ်။

အသက် ၂၉ နှစ် အရွယ် ကိုကောင်းဆက်လင်းဟာ Myanmar Press Photo Agency (MPA) သတင်းဌာနရဲ့ ဓာတ်ပုံသတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ချိန်မှာ ဖမ်းဆီးခံခဲ့ရတာလည်းဖြစ်ပါတယ်။

ကိုကောင်းထက်လင်းနဲ့ အဲဒီနေ့ဖြစ်စဥ်မှာ တစ်နေ့တည်းဖမ်းဆီးခံရတဲ့ သတင်းထောက်မမှူးရတနာခက်မို့မို့ထွန်းကတော့ ထောင် ၁၀ နှစ်ချမှတ်ခံထားရပြီး ‌ပြန်မလွတ်သေးပါဘူး။

မန္တလေးမြို့တော်ဝန်ဟောင်း ဒေါက်တာရဲလွင်

ဓာတ်ပုံ ရင်းမြစ်, CJ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်ဆိုပြီး နိုင်ငံတဝန်းအကျဥ်းထောင်တွေထဲပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၉၆၅၂ ဦးနဲ့ နိုင်ငံခြားသားအကျဉ်းသား၊သူ ၁၁၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုတယ်လို့ ဇန်နဝါရီ ၄ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

ပြစ်ဒဏ်တွေကို လျှော့ပေါ့ပြီး ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုလိုက်တာကြောင့် နောက်တစ်ကြိမ်ထပ်မံပြစ်မှု ကျူးလွန်ပါက အရင် ပြစ်ဒဏ်တွေနဲ့ တစ်ပေါင်းတည်းကျခံရမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုတာလို့ ဆိုပါတယ်။

ခွင့်ပြုတဲ့ လွတ်ငြိမ်းခွင့်မှာ အထွေထွေရာဇဝတ်အမှု၊ မူးယစ်ဆေးဝါးနဲ့ သက်ဆိုင်တဲ့ အမှုတွေနဲ့ ပြစ်ဒဏ်ကျခံရသူတွေအများဆုံးပါဝင်တယ်လို့ဥပဒေအရေး ကျွမ်းကျင်သူတွေက သုံးသပ်ပြောပြကြ ပါတယ်။

ဒီလိုပြန်လွတ်လာသူတွေအပြင် နိုင်ငံတော်မတည်မငြိမ်မှုနဲ့ သက်ဆိုင်တဲ့ ပုဒ်မ ၅၀၅ (က) နဲ့ ပေါက်ကွဲစေတတ်သောပစ္စည်းများအက်ဥပဒေ ပုဒ်မ ၅ ၊လက်နက်ဥပ‌ဒေပုဒ်မ ၁၉ (က) စတဲ့ဥပဒေတွေနဲ့ ထောင်ဒဏ် သုံးနှစ်ချခံရပြီး ပြစ်ဒဏ်တစ်နှစ်ကျန်တဲ့သူ ရာချီသာပါဝင်တယ်လို့လည်း ထောင်တွင်းအခြေအနေကိုသိရှိသူတွေကပြောပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက် စစ်ကောင်စီရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ထဲမှာ သတင်းထောက်တချို့နဲ့အတူ NLD အစိုးရလက်ထက် ဝန်ကြီးဟောင်းတချို့ပါဝင်လာသလို ဖမ်းဆီးခံအစိုးရအဖွဲ့ဝင်တွေကို ရှေ့နေလိုက်အမှုဆောင်ရွက်ပေးတဲ့ တရားလွှတ်တော်ရှေ့နေတွေနဲ့ တက်ကြွလှုပ်ရှားသူအချို့ပါဝင်ပါတယ်။

အခု စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်ဟာ အကျဥ်းထောင်အတွင်းမှာ အကျဥ်းသားအရေအတွက်လျှေ့ချတာ၊ သင့်တင့်မျှတတဲ့ ပြစ်ဒဏ်ချပြီးတဲ့ သူတွေကို ပြန်လည် လွှတ်ပေးတဲ့ သဘောမျိုးဖြစ်တာကြောင့် အာဏာသိမ်းပြီးကတည်းကဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်စတဲ့ နိုင်ငံရေးအရဖမ်းဆီးထားတဲ့ခေါင်းဆောင်တွေ လွတ်မြောက်လာတာမရှိတာလို့ ဥပဒေအကြံပေးတချို့ကသုံးသပ်ပါတယ်။

မန္တလေးအိုးဘို အကျဥ်းထောင်ကနေလွတ်မြောက်တဲ့ အကျဥ်းသား ၁,၀၀၀‌ ကျော်ထဲမှာတော့ နိုင်ငံ‌ရေးအကျဥ်းသား ၁၄၀ ကျော်ပါဝင်ပြီး အဲဒီထဲမှာ NLD အစိုးရလက်ထက် မန္တလေးမြို့တော်ဝန်ဟောင်း ဒေါက်တာရဲလွင်နဲ့ စည်ပင်ကော်မတီဝင်ဟောင်း ဦးကျော်ဇေယျတို့ ပြန်လည်လွတ်မြောက်တယ်လို့ နီးစပ်သူတွေကအတည်ပြုပါတယ်။

မြို့တော်ဝန်ဟောင်း ဒေါက်တာရဲလွင်ကို အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီကတည်းကဖမ်းဆီးထားတာဖြစ်ပြး သူ့ကို ပုဒ်မ ၅၀၅-ကနဲ့ ထောင်နှစ်နှစ်ချမှတ်ခဲ့တာဟာ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှာ လွတ်မြောက်ရမှာဖြစ်ပါတယ်။

ဒါပေမဲ့ လွတ်ရက်စေ့ခါနီးအချိန်မှာပဲ ပုဒ်မ ၄၀၉ နိုင်ငံတော်ပိုင်ဘဏ္ဍာငွေအလွဲသုံးစားလုပ်မှုနဲ့ တရားထပ်စွဲခဲ့ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီမှာ ‌ထောင်ဒဏ် ၂ နှစ်အမိန့်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

အခုအမှုအတွက်ထောင်ဒဏ် တစ်နှစ်‌ထောင်ဒဏ်ကျခံပြီးတဲ့အချိန်မှာ ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။ မန္တလေးစည်ပင်ကော်မတီဝင်ဟောင်း ဦးကျော်ဇေယျကလည်း အလားတူအခြေအနေဖြစ်ခဲ့ပြီးအခုတော့ ပြန်လွတ်မြောက်လာတာဖြစ်ပါတယ်။

ဒါအပြင် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်တို့ရဲ့ အမှုတွေကိုလိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ တရားလွှတ်တော် ရှေ့နေဦးတင်ဝင်းအောင်လည်း ပြန်လည်လွတ်မြောက်တဲ့အထဲ ပါဝင်ပါတယ်။ နောက်ထပ် တရားလွှတ်တော်ရှေ့နေ့ ဦးသုတနဲ့ မန္တလေးက ဆန္ဒပြပွဲဦးဆောင်သူ ကိုပိုင်နွေဦးလည်း ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီးဟောင်း ဒေါက်တာလှမြတ်သွေး

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီးဟောင်း ဒေါက်တာလှမြတ်သွေး

ဧရာဝတီတိုင်းဒေသကြီး NLD အစိုးရအဖွဲ့လူမှုရေးဝန်ကြီးဟောင်း ဒေါက်တာလှမြတ်သွေးလည်း ဒီကနေ့ လွှတ်ပေးတဲ့အထဲပါခဲ့တယ်လို့ သိရပါတယ်။

ဒေါက်တာလှမြတ်သွေးကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့မှာ ပုဒ်မ ၅၀၅(ခ)နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒေါက်တာလှမြတ်သွေးဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ရေကြည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရသူဖြစ်ပါတယ်။ သူ့ကိုတော့ စစ်အာဏသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကတည်းက ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေနဲ့အတူ ပုသိမ်မြို့ရှိဝန်ကြီးများ အိမ်ရာဝင်းအတွင်းနေအိမ်အကျယ်ချုပ်နဲ့ ၂ နှစ်ထားရှိခဲ့တာဖြစ်ပါတယ်။

အခုတော့သူတရားစွဲဆိုခံရတဲ့ အမှုအတွက် ထောင်ဒဏ် တစ်နှစ်ကျခံပြီးချိန်မှာ ပြန်လွှတ်ပေးခဲ့တာပဲဖြစ်ပါတယ်။

ရန်ကုန်အင်းစိန်အကျဥ်းထောင်ကနေလည်း နိုင်ငံရေးအကျဥ်းသား ရာနဲ့ချီလွှတ်ခဲ့ပြီး အဲဒီထဲမှာ နိုင်ငံရေးအကျဥ်းသားအနည်းငယ်သာပါခဲ့ပါတယ်။

ထင်ရှားတဲ့နိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေးပုဒ်မတွေနဲ့ ကျခံနေရတဲ့ နိုင်ငံရေးအကျဥ်းသားတွေ ပါဝင်လာတဲ့ အရေအတွက် အတော်နည်းတယ်လို့ ထောင်တွေရှေ့မှာရှိခဲ့သူအချို့ကပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကတော့ စစ်အာဏာသိမ်းချိန်ကစလို့ ဖမ်းဆီးခံခဲ့ရသူစုစုပေါင်း ၂၅၇၄၉ ဦးရှိပြီး အဲဒီထဲက ၁၉၉၂၉ ဦးက ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူတွေထဲက ၈၄၆၉ ဦးက ထောင်ဒဏ်ချမှတ်ခြင်းခံထားရတယ်လို့ထုတ်ပြန်ထားပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်အထိ စာရင်းအရ ပြန်လည်လွတ်မြောက်လာသူ ဦးရေ ကတော့ ၅၈၂၀ ဦး ရှိတယ်လို့ ပြောထားပါတယ်။