ဖေဖော်ဝါရီ ၁၉ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
BNRA အခြေစိုက် စခန်းတွေကို စစ်ကိုင်းတိုင်းကွပ်ကဲရေးဌာနရဲ့ စစ်ဆင်ရေးစီမံချက်အဖြစ် ဝင်ရောက်စီးနင်းခဲ့တဲ့အကြောင်းအပါအဝင် ဖေဖော်ဝါရီ ၁၉ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

သူဟာတစ်ချိန်တုန်းက သူ ရရှိခဲ့တဲ့လွတ်လပ်မှုမျိုး ဟောင်ကောင်ကို ရရှိစေချင်ပါတယ်။
ဒါကပဲနိုင်ငံရေးကို သူ ဇောင်းပေးရတဲ့အကြောင်းရင်းခံဖြစ်လာပြီး ကွန်မြူနစ်ပါတီကို ပေါ်ပေါ်ထင်ထင် ဝေဖန်သူဖြစ်လာသလို ဟောင်ကောင်က ဒီမိုကရေစီလိုလားတဲ့လှုပ်ရှားမှုကိုထောက်ခံသူလည်း ဖြစ်လာပါတယ်။ ဒါတွေအတွက် သူပေးဆပ်လိုက်ရတာက သူ့ရဲ့ လွတ်လပ်မှုဖြစ်ပါတယ်။
ဘေဂျင်းကိုထောက်ခံသူတွေက လိုင်ကို သစ္စာဖောက်သူအဖြစ် မြင်ပါတယ်။
ဘေဂျင်းအစိုးရကို အံတုတဲ့ ဘီလျံနာ ဂျင်မီလိုင် အကြောင်း ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာဆက်လက်ဖတ်ရှုနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CINCDS
ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ရဲ့ ခေါင်းဆောင် ဗိုလ်နဂါးက စစ်တပ်ဆီ လက်နက်ချအပြီးမှာ သူနဲ့တွဲမြင်ကြတဲ့ ပုလဲနယ်ရှိရာ ယင်းမာပင်ခရိုင်ထဲမှာ လုံခြုံရေးသတိပြုဖို့ တော်လှန်ရေးအသိုင်းအဝိုင်းကသတိထားလာကြပါပြီ။
သူလက်နက်ချပြီးနောက်တစ်ရက်မှာပဲမုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့ပုလဲမြို့ပေါ်ကို Mi-17 သယ်ယူပို့ဆောင်ရေးရဟတ်ယာဥ်တွေ၉ ကြိမ် အတက်အဆင်းလုပ် အင်အား ဖြည့်နေတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ဘီဘီစီကို ပြောပါတယ်။
"ယင်းမာပင်ခရိုင်ထဲကတပ်ရင်းတပ်ဖွဲ့တွေရဲ့တည်နေရာတော်တော်များများကိုစစ်ကောင်စီက ရရှိထားပြီးဖြစ်ပါလိမ့်မယ်။ဒီအချက်အလက်တွေကို ရယူပြီး အင်အားအလုံးအရင်းနဲ့ မြေပြင်စစ်ကြောင်းတွေထိုးလာနိုင်လို့အထူးပြင်ဆင်ထားရမယ့်အနေအထားဖြစ်ပါတယ်"လို့ ပအဖ တာဝန်ခံကိုဇော်ထက်က ပြောပါတယ်။
ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တော်ဝင်မင်းသားဟောင်းအင်ဒရူးကို ပြည်သူ့တာဝန်ထမ်းဆောင်ရာမှာ မလျော်မကန်လုပ်ဆောင်မှု သံသယနဲ့ ဒီနေ့မနက်မှာ ရဲတပ်ဖွဲ့က ထိန်းသိမ်းလိုက်ပါတယ်။
ဗြိတိန်ရဲ့ အထူးကုန်သွယ်ရေး ကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့စဉ်က အစိုးရရဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေကို လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူ ဂျက်ဖရီ အက်ပ်စတိန်းဆီ ပေးပို့ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့က သူ့ရဲ့နေအိမ်တွေကို ဝင်ရောက်ရှာဖွေနေပြီး ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
တော်ဝင်မင်းသားဟောင်းကို အိပ်ရာတစ်ခုနဲ့ အိမ်သာတစ်ခုပဲပါတဲ့ ရဲအချုပ်မှာ ထားမှာဖြစ်ပြီး "အထူးအခွင့်အရေး တစ်စုံတစ်ရာ ပေးသွားမှာ မဟုတ်ဘူး" လို့လည်း သိရပါတယ်။
သံသယရှိသူ အများစုကို ပုံမှန်အားဖြင့် ၁၂ နာရီ ကနေ ၂၄ နာရီ အထိပဲ ထိန်းသိမ်းလေ့ရှိပေမဲ့ ရဲတပ်ဖွဲ့က အများဆုံး ၉၆ နာရီ (၄ ရက်) အထိ ချုပ်နှောင်ထားဖို့ အခွင့်အာဏာရှိပါတယ်။
ဒါပေမဲ့ ဆက်တိုက်ချုပ်နှောင်ဖို့အတွက် ရဲခွင့်ပြုချက် အဆင့်ဆင့်နဲ့ တရားရုံး အတည်ပြုချက်လို လုပ်ထုံးလုပ်နည်းတွေ လိုအပ်ပါတယ်။
ဒီနေ့ဟာ မစ္စတာအင်ဒရူးရဲ့ ၆၆ နှစ်ပြည့်မွေးနေ့လည်းဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ဟာ အင်ဒရူးရဲ့ အမည်ကို တရားဝင် မထုတ်ပြန်ဘဲ တရားရုံးမထေ့မဲ့မြင်ပြုမှုကိုလည်း သတိပေးထားပါတယ်။
မစ္စတာ မောင့်ဘက်တန်-ဝင်ဆာကတော့ သူ ဘာအမှားအယွင်းမှ မကျူးလွန်ခဲ့ဘူးဆိုပြီး အမြဲပဲ ငြင်းဆိုထားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်ကိုင်းတိုင်း၊ ပုလဲနဲ့ ယင်းမာပင်မြို့နယ်တွေထဲကို ဒီနေ့ နေ့လယ်ပိုင်းကစလို့ အင်အားရာဂဏန်း သုံးပြီး စစ်တပ်က စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတချို့ဆီက သိရပါတယ်။
ပုလဲမြို့နယ်အနောက်ပိုင်းက မြကုန်း၊ ကုက္ကိုလ်ကုန်းရွာတွေဘက်ကို စစ်ကြောင်းထိုးနေသလို ယင်းမာပင်မြို့နယ် တယ်ပင်ကန်ရွာမှာတပ်စွဲခဲ့တဲ့ စစ်ကော်မရှင်တပ်တွေကလည်း အဲဒီရွာရဲ့ အနောက်တောင်ဘက်ကို စစ်ကြောင်းထိုးနေတဲ့အခြေအနေပါ။
ဒီနေ့မနက်ပိုင်းမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ဟယ်ရီကော်ပတာနဲ့ သယ်ဆောင်လာပြီး ပုလဲမြို့ပေါ်အပါအဝင် ပြည်သူ့စစ် (အရပ်အခေါ် ပျူစောထီး) အခြေစိုက်ရွာတွေဖြစ်တဲ့ ဇီးဖြူကုန်း နဲ့ အင်မထီးရွာတွေမှာ အင်အားဖြည့်တင်းထားတယ်လို့ ဒေသခံတစ်ဦးကပြောကြပါတယ်။
“အနည်းဆုံး ၇ ကြိမ်လောက်လေယာဉ်နဲ့ အင်အားဖြည့်တယ်။ ညောင်ပင်ကြီး ဇက်ဆိပ်ကနေလည်း အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကလာတဲ့ ကားတန်းတွေ ယင်းမာပင်နယ်ထဲ ဝင်လာပြီ” လို့ မြေပြင်မှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ပြောပါတယ်။
ဗိုလ်နဂါးရဲ့ BNRA တပ်ကို ဖေဖော်ဝါရီ ၁၇ ရက်မှာ NUG က အင်အားသုံးစီးနင်းခဲ့ပြီးနောက် တပ်ခေါင်းဆောင် ဗိုလ်နဂါးက စစ်တပ်ဆီ လက်နက်ချခဲ့ပါတယ်။ အဲဒီနောက် BNRA တပ်ဖွဲ့တွေ ဖမ်းဆီးခံရတာအပြင် NUG ဆီ လက်နက်အပ်နှံသူ ၁၅၀ ခန့်ရှိပြီလို့ ထုတ်ပြန်ထားပါတယ်။
ဒီနေ့မနက်ပိုင်းမှာလည်း BNRA တပ်ဖွဲ့ဝင်တွေ လက်နက်ခဲယမ်းတွေအပ်နှံဖို့၊ မအပ်နှံဘဲ ဆက်ကိုင်ဆောင်ရင် အရေးယူမယ်လို့ ယင်းမာပင်ခရိုင်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်လာပါတယ်။
“BNRA အဖွဲ့တွေက ကုန်သလောက်ရှိပါပြီ။ ဒီမနက်မှာလည်း ယင်းမာပင်ခရိုင်ထဲ ကျန်နေတဲ့ အဖွဲ့တွေကို လိုက်ကုပ်နေတယ်။ ကျန်နေရင်လည်း လက်နက်အပ်ဖို့ပါ။ ဗိုလ်နဂါးနဲ့တော့ အယောက် ၂၀ လောက်ပါသွားတယ်လို့ ကြားထားရတယ်” လို့ အခြေအနေသိရှိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါအပြင် BNRA အပြင် ဂျန်ဇီလူငယ်မျိုးဆက်တပ်တော် (GZA) ကိုလည်း NUG တပ်တွေက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေတယ်ဆိုပြီး GZA က သူ့ရဲ့ မဟာမိတ်ဖြစ်တဲ့ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) ကိုပို့တဲ့စာမှာဖော်ပြပါတယ်။
NUG ရဲ့ ပကဖ စစ်ဘက်ရေးရာဌာန တာဝန်ခံကတော့ “စစ်ဆင်ရေးဖော်ဆောင်တဲ့တပ်တွေကို BNRA နဲ့အတူ ပစ်ခတ်တိုက်ခိုက်လို့ပါ။ ဖမ်းထားတယ်။ စိစစ်ပြီး ပြစ်မှုကျူးလွန်ထားသူမဟုတ်ရင် ပြန်လွှတ်ပေးမှာပါ” လို့ တုံ့ပြန်ပါတယ်။
လက်ရှိမှာတော့ BNRA တပ်ဖွဲ့ဝင်တွေကိုဖမ်းဆီးတဲ့ စီမံချက်အတွက် ရှင်းလင်းမှုတွေ ဆက်လုပ်နေဆဲလို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CINCDS
ရခိုင်ပြည်နယ်ထဲက အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ရမ်းဗြဲမြို့နယ်၊ သရက်ချိုရွာကို ဒီနေ့ မနက် ၁၀ နာရီခွဲအချိန် စစ်ကော်မရှင်တပ်က တိုက်လေယာဉ်နှစ်စီးနဲ့ ဗုံးသုံးလုံးကြဲချခဲ့လို့ အမျိုးသားတစ်ဦးသေဆုံးတယ်လို့ မြေပြင်အခြေအနေသိရှိသူတချို့ဆီက သိရပါတယ်။
မနေ့ကလည်း ကျောက်ဖြူမြို့နယ်က မိကျောင်းရေသောက်ကျေးရွာကို လေကြောင်းနဲ့ဗုံးကြဲသလို စက်သေနတ်တွေနဲ့ပါပစ်ခတ်လို့ အမျိုးသမီးနှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဒါအပြင် ဖေဖော်ဝါရီ ၁၇ ရက်တုန်းကလည်း ကျောက်တော်နဲ့ ပုဏ္ဍားကျွန်းအစပ်က စစ်သုံ့ပန်းတွေ ထားတဲ့ ချောင်းတူစခန်းကိုလည်း လေကြောင်းဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။
“ကျောက်ဖြူမှာအထိနာနေတယ်။ စစ်ကြောင်းလိုက်ပြုတ်တာတွေရှိနေလို့ ဒီရက်ပိုင်းလေကြောင်းနဲ့ ပိုကြဲနေတာဖြစ်တယ်” လို့ အေအေစစ်ရေးအရင်းအမြစ်က ပြောပါတယ်။
အခုရက်ပိုင်းအတွင်း ကျောက်ဖြူကိုစစ်ကူလာတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းကို အေအေက ကြားဖြတ်တိုက်ခိုက်တာတွေရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။
ဖေဖော်ဝါရီလထဲ ကျောက်ဖြူက ဓညဝတီရေတပ်ဌာနချုပ်ဘက်မှာ နှစ်ဖက်စစ်ရေးပြင်းထန်နေတဲ့ အခြေအနေလို့သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kyi Pyar (Facebook)
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူ ဦးညီညီမင်းတို့အပေါ် တိုင်ကြားချက်ကို သုံးလနီးပါးကြာ စစ်ဆေးပြီးနောက် အဂတိလိုက်စားမှုမတွေ့ရဘူးဆိုပြီး ထုတ်ပြန်လာတဲ့အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။
ဒေါ်ကြည်ပြာတို့ဇနီးမောင်နှံရဲ့ အဂတိလိုက်စားမှု၊ အလွဲသုံးစားမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ထိထိရောက်ရောက် အရေးယူပေးဖို့ဆိုပြီး ကိုဖြိုးအပါ ၁၂ ဦးက မနှစ် နိုဝင်ဘာ ၁၉ ရက်မှာ တိုင်ကြားခဲ့ကြပါတယ်။
ဒါကြောင့် နိုဝင်ဘာ ၂၂ ရက်မှာ NUG ဝန်ကြီး၊ ဒုဝန်ကြီးတွေပါဝင်တဲ့ စုံစမ်းစစ်ဆေးအဖွဲ့ဖွဲ့စည်းခဲ့ပြီး ဝန်ကြီးဒေါက်တာဇော်ဝေစိုးက အဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့ကာ လနဲ့ချီစုံစမ်းမှုတွေလုပ်ခဲ့ပါတယ်။
မနေ့ကတော့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းရဲ့ လက်မှတ်နဲ့ “ပြင်းထန်စွာ သတိပေးခြင်း” ဆိုတဲ့ထုတ်ပြန်စာထွက်လာခဲ့ပြီး ဒေါ်ကြည်ပြာအပေါ် တရားစွဲဆို အရေးယူဖို့ အတွက် ပေါ်ပေါက်ခြင်းမရှိလို့ ရာထူးကနေမထုတ်ပယ်ဘူးလို့ ဖော်ပြပါတယ်။
ဒါပေမဲ့ ဝန်ထမ်းတွေအပေါ် ချိုသာစွာ မပြောဆိုတာကိုတွေ့ရတာကြောင့် ဒေါ်ကြည်ပြာအနေနဲ့ ချိုချိုသာသာပြောဖို့ ပြင်းထန်စွာသတိပေးလိုက်တယ်ဆိုပြီး ဝန်ကြီးချုပ်လက်မှတ်နဲ့ ထုတ်ပြန်လာတာပါ။
“အစိုးရရဲ့ အခုထုတ်ပြန်ချက်ဟာ ကျွန်တော်/ ကျွန်မတို့တင်ပြခဲ့တဲ့ လက်တွေ့မြေပြင်က အဖြစ်မှန် တွေနဲ့ ကွဲလွဲနေတာကို ဝမ်းနည်းစွာတွေ့ရှိရပါတယ်။ အခုလို အချိန် ၃ ကြာမြင့်ခဲ့ပြီး အဖြူအမဲ သဲသဲကွဲကွဲမရှိဘဲ ပြီးစလွယ် ဆုံးဖြတ်ချက်မျိုးအတွက် တော်လှန်ရေးအတွက် အရေးကြီးတဲ့ ဖြောင့်မတ်မှုနဲ့ တရားမျှတမှုကို ထိခိုက်စေပါတယ်” လို့ တိုင်ကြားသူတွေဘက်က လူမှုကွန်ရက်က တဆင့်တုံ့ပြန်ပြောလာပါတယ်။
“ကြည်ပြာ၏ အဂတိလိုက်စားမှုအား ဖော်ထုတ်သူများ” အမည်ရ ပေ့ချ်ကနေ ဒေါ်ကြည်ပြာဖြစ်စဉ် အတွက် သုံးလတာအတွင်း ဆောင်ရွက်ချက်တွေကို ဒီနေ့နေ့လယ်ပိုင်းမှာ ဆက်တိုက်ဖော်ပြလာပါတယ်။
ဒီဖြစ်စဉ်စုံစမ်းနေချိန်အတွင်းမှာ ဒေါ်ကြည်ပြာက တိုင်ကြားသူတွေအပေါ် တုံ့ပြန်တိုင်ကြားမှုတွေ လုပ်ခဲ့ပြီး NUG ယန္တရားအတွင်း တာဝန်ထမ်းဆောင်နေသူ ၄ ဦးကို ယာယီတာဝန်ရပ်ဆိုင်းခဲ့တဲ့ ဖြစ်စဉ်တွေပါ ဖြစ်ခဲ့ပါတယ်။
တိုင်ကြားခံရသူ ဒေါ်ကြည်ပြာကတော့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုလို့ဆိုပြီး တိုင်ကြားခြင်းကို ဦးဆောင်ခဲ့သူတွေအနေနဲ့လည်း မိမိလုပ်ရပ်အပေါ်တာဝန်ယူရမယ်လို့ နိုဝင်ဘာ ၂၁ ရက်မှာ သူ့ရဲ့ ဖေ့စ်ဘုတ်အကောင့်ကနေ ရေးသားဖော်ပြခဲ့ပါတယ်။
အခုလို စုံစမ်းစစ်ဆေးမှုရလဒ်ကို ဝေဖန်မှုတွေမြင့်နေတဲ့အပေါ် NUG ဘက်က ဒီနေ့ နေ့လယ် ၂ နာရီအချိန်အထိ တစုံတရာတုံ့ပြန်ပြောလာတာ မတွေ့ရသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၂၄ ခုနှစ်က စစ်အုပ်ချုပ်ရေးကြေညာဖို့ ကြိုးပမ်းခဲ့တဲ့ တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆွတ်ယိုးကို နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားရုံးက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ပါတယ်။
သူနဲ့အတူ ထိပ်တန်းအရာရှိတွေလည်း နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခံခဲ့ရပါတယ်။
ယွန်းအစိုးရလက်ထက်ကာကွယ်ရေးဝန်ကြီး ကင်ယောင်ဟွန်းက ထောင်ဒဏ် အနှစ် ၃၀ကျခံရမှာဖြစ်ပါတယ်။
ထောက်လှမ်းရေးတပ်မှူးဟောင်း နိုဆန်းဝန်က ထောင်ဒဏ် ၁၈ နှစ် ကျခံဖို့ အမိန့်ချခံရပါတယ်။
ရဲချုပ်ဟောင်းချိုဂျီဟိုက ထောင်ဒဏ်၁၂ နှစ်နဲ့ ဆိုးလ်မြို့တော် ရဲမင်းကြီးဟောင်း ကင်ဘောင်ဆစ် က ထောင်ဒဏ် ၁၀ နှစ်ပါ။
လွှတ်တော်လုံခြုံရေးရဲတပ်ဖွဲ့အကြီးအကဲဟောင်းကတော့ ထောင်ဒဏ်၃ နှစ်ကျခံရပါတယ်။
တရားရုံးအမိန့်ကိုတစ်ပတ်အတွင်း အယူခံဝင်နိုင်မှာဖြစ်ပါတယ်။
၂၀၂၄ ဒီဇင်ဘာတုန်းကဖြစ်ခဲ့တဲ့ ယွန်းရဲ့ စစ်အုပ်ချုပ်ရေးအမိန့်ဟာခြောက်နာရီသာ ကြာမြင့်ခဲ့ပေမယ့် တစ်နိုင်ငံလုံးတုန်လှုပ်ခဲ့ရပါတယ်။
သူ့အစိုးရအဖွဲ့ရဲ့လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းခဲ့ပြီးရွေးကောက်ပွဲမှာလည်း သူ့ပါတီအထိနာခဲ့ရပါတယ်။
တောင်ကိုရီးယားမှာလည်းအမြင်ကွဲပြားမှုတွေရှိခဲ့ပြီးသူ့ကိုထောက်ခံသူတွေ တရားရုံးအပြင်ဘက်မှာ ဒီနေ့လာရောက်စုဝေးတာကိုကြည့်ရင်ဒီအချက်ကထင်ရှားနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်ဘက်သုံးပစ္စည်းတွေအပါအဝင် မိုဘိုင်းဖုန်းအစ မော်တော်ကားအဆုံး အီလက်ထရောနစ်ပစ္စည်းမျိုးစုံထုတ်လုပ်မှုမှာ အရေးပါတဲ့မြေရှားသတ္ထုဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ စီးပွားရေးအရ အခရာကျပါတယ်။ ဒါကြောင့် မြေရှားသတ္တုသိုက်တွေရှိတဲ့၊ ပိုင်ဆိုင်ထိန်းချုပ်နိုင်တဲ့ ဒေသတွေ နိုင်ငံတွေက ပထဝီနိုင်ငံရေးအရ အရေးပါလာပါတယ်။
ကမ္ဘာ့မြေရှားတင်ပို့မှုကို ချုပ်ကိုင်ထားတဲ့ တရုတ်က အမေရိကန်ကိုရော အိန္ဒိယနိုင်ငံကိုပါ မြေရှားတင်ပို့မှု တင်းကျပ်လိုက်ပြီးတဲ့နောက်မှာ နှစ်နိုင်ငံခေါင်းဆောင်တွေက တရုတ်အပေါ် မှီခိုမှုကို လျှော့ချဖို့ မြေရှားအရင်းအမြစ်အသစ်တွေ ရှာဖွေခဲ့ကြပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီလဆန်းမှာပဲ နိုင်ငံအတွင်း မြေရှားအပါအဝင် အရေးပါတဲ့သတ္ထုတွေ အမေရိကန်ပြည်ထောင်စုမှာ သိုလှောင်ဖို့ ' Project Vault ' ဆိုပြီး မိတ်ဆက်လိုက်ပါတယ်။ ၂၀၂၅ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာလည်း ကမ္ဘာတခြမ်းက အာရှနိုင်ငံတွေဆီ ခရီးနှင်လာပြီး နားလည် မှုစာချွန်လွှာတွေ ရေးထိုးခဲ့ပါတယ်။
အမေရိကန် အိမ်ဖြူတော်ကလည်း မြန်မာ့မြေရှားအကြောင်းပါဝင်တဲ့ အစီရင်ခံစာတွေကို လက်ခံရယူနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံပိုင်ကုမ္ပဏီက တာဝန်ရှိသူတွေကလည်း ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ကချင်ပြည်နယ်ကို ရောက်လာပြီး မြန်မာ့မြေရှားအကြောင်း ဆွေးနွေးတာတွေ လုပ်ခဲ့တယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အမေရိကန်ရဲ့ မြေရှားလွန်ဆွဲပွဲမှာ မြန်မာက ဘယ်အခန်းကဏ္ဍမှာ ပါဝင်နေပါသလဲ ... ဒီဆောင်းပါးလင့်ခ်ကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MFA
မြန်မာမှာ သမ္မတ၊ ဝန်ကြီးချုပ်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးတွေပါဝင်တဲ့ အစိုးရသစ် တရပ်ကို သင်္ကြန်မတိုင်ခင်ဖွဲ့ဖို့ရှိတဲ့အကြောင်း စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ပွန်ကတ်ကောင်းနဲ့ တွေ့ချိန်ပြောခဲ့တယ်လို့ ထိုင်းကလာတဲ့ သတင်းတွေမှာဖော်ပြပါတယ်။
မြန်မာအစိုးရသစ်ပုံစံနဲ့ပတ်သက်ပြီးထည့်ပြောခဲ့တဲ့ ဝန်ကြီးချုပ်ရာထူးဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ ရာထူးမဟုတ်ဘဲ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်ရာထူးတွေပဲရှိခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ အာဏာသိမ်းစစ်ကောင်စီ ဟာ စစ်ကော်မရှင်အဖြစ် ပြောင်းလဲဖွဲ့စည်းချိန်မှာတော့ နိုင်ငံတော်ဝန်ကြီးချုပ်ဆိုတဲ့ရာထူးကိုဖန်တီးပြီး ဦးညိုစောကို ခန့်အပ်ထားပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံမတိုင်ခင် စစ်အစိုးရလက်ထက်မှာ ဝန်ကြီးချုပ်ရာထူးရှိခဲ့ဖူးပြီး ဗိုလ်ချုပ်ကြီးခင်ညွန့်၊ ဗိုလ်ချုပ်ကြီးစိုးဝင်း(ကွယ်လွန်)နဲ့ ဗိုလ်ချုပ်ကြီးသိန်းစိန်တို့ဖြစ်ကြပါတယ်။
စစ်ကော်မရှင်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာမပါတဲ့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကိုလည်း အစိုးရသစ်မှာဖွဲ့ဖို့ရှိနေပါတယ်။
စစ်တပ်ကဦးဆောင်ကျင်းပပေးခဲ့တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲရလဒ်အရအနိုင်ရသူကိုယ်စားလှယ် တွေနဲ့ လာမယ့် မတ်လမှာ လွှတ်တော်ခေါ်မှာပါ။
စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ပွန်ကတ်ကောင်းတို့ဟာ ထိုင်းနိုင်ငံ၊ ဖူးကတ်မှာ မနေ့ညနေပိုင်းကတွေ့ဆုံခဲ့ကြပါတယ်။
“လာမယ့်အစိုးရသစ်လက်ထက်မှာတော့ နိုင်ငံတည်ငြိမ်ရေးကိုပြန်ဖော်ဆောင်နိုင်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ ဒီမိုကရေစီလှုပ်ရှားတဲ့အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်နိုင်ဖို့ ရည်ရွယ် ထားတယ်” လို့ တွေ့ဆုံဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဆီဟာဆတ် က မီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ ပြောပါတယ်။
နယ်စပ်တစ်လျှောက်က တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ မြန်မာစစ်ကော်မရှင်ကြား ဆွေးနွေးနိုင်အောင် ကူညီဖို့လည်း ထိုင်းကကမ်းလှမ်းထားတယ်လို့ဆိုပါတယ်။
“နှစ်ဖက်စကားပြောဖို့ ထိုင်းကစီစဉ်မှာမျိုးမဟုတ်ပါဘူး။ မြန်မာမှာပြည်တွင်းဆွေးနွေးမှုပေါ်မှာပဲ မူတည်ပါတယ်။ ပြည်တွင်းကနေပဲငြိမ်းချမ်းရေးပြန်လည်ဖော်ဆောင်နိုင်လိမ့်မယ်” လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဆီဟာဆတ် ကပြောပါတယ်။ထိုင်းအစိုးရနဲ့ ပုဂ္ဂလိကပိုင် ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း PTTEP ဟာ မြန်မာ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှု ပိုလုပ်လိုကြောင်း၊ မြန်မာ ထိုင်းစီးပွားရေး ပိုခိုင်မာအောင်လုပ်ဖို့အပါအဝင် နယ်စပ်ကုန်သွယ်ရေးပြန်စဖို့ပါ ပြောခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BNRA
PDF နဲ့ ပကဖတွေဆီ ချိတ်ဆက်အဖမ်းခံသလို လာရောက်ပူးပေါင်းတဲ့ ဗမာအမျိုးတော်လှန်ရေးတပ်မတော် BNRA တပ်ဖွဲ့ဝင်အယောက် ၁၅၀ ခန့် လက်နက်အပ်နှံကြတယ်လို့ NUG ပြည်ထဲရေးဝန်ကြီးဌာနက မနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ပြစ်မှုကျူးလွန်ထားတဲ့ BNRA တပ်ဖွဲ့ဝင်တွေကို ဥပဒေကြောင်းအရဆောင်ရွက်မယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေကပြောပါတယ်။
“ရာဇဝတ်မှုမကျူးလွန်တဲ့ရဲဘော်တော်တော်များများဟာ အပြုသဘောဆောင် ပူးပေါင်းကြတာ ရှိပါတယ်။ အဲဒီရဲဘော်တွေရဲ့ဆန္ဒအတိုင်းတော်လှန်ရေးကိုဆက်လက်ပါဝင်နိုင်ဖို့ဆောင်ရွက်မှာ ဖြစ်သလို ပြစ်မှုကျူးလွန်ထားသူတွေကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနက ကျူးလွန်တဲ့အမှု အလိုက် စစ်ဆေးဆောင်ရွက်သွားမယ်” လို့ ဦးမောင်မောင်ဆွေကပြောပါတယ်။
NUG ပြည်ထဲရေးဝန်ကြီးဌာနရဲ့ဖေဖော်ဝါရီ ၁၈ ရက်ရက်စွဲနဲ့ အရေးပေါ်သတင်းထုတ်ပြန်ချက် အရ ဗိုလ်နဂါးအပါအဝင် BNRA တပ်ဖွဲ့ဝင်တွေဟာ ကျူးလွန်တဲ့ အမှု ၇ မှုရှိတယ်လို့ဖော်ပြပါတယ်။
ပကဖတွေကိုရိုက်နှက်တာ၊ PDF အဖွဲ့ဝင်တွေသတ်ဖြတ်ခံရတာ၊ NUG ဂိတ်စခန်းတွေကိုစီးနင်းတာ အပြင် သက်ငယ်မုဒိန်းကျူးလွန်တယ်ဆိုပြီး အမှု ၇ မှုကို ဖြစ်စဉ်နဲ့ ဆောင်ရွက်ချက်တွေဆိုပြီး ပြည်ထဲရေးကထုတ်ပြန်လာတာပါ။
ဒါဟာ BNRA ကို စီမံချက်နဲ့ စီးနင်းပြီးနောက်တစ်ရက်မှာမှ အများသိမြင်အောင်အမှုတွေအကြောင်း ထုတ်လာတာလည်းဖြစ်ပါတယ်။ အမှုတွေကိုနောက်မှထုတ်ပြန်တာကြောင့်လည်း NUG အပေါ် ဝေဖန်မှုတွေလည်းရှိနေပါတယ်။
ဒါပေမဲ့ NUG ပြည်ထဲရေးဝန်ကြီးဌာနကတော့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အကူအညီနဲ့ ရာဇဝတ်မှု ကျူးလွန်တယ်လို့ တိုင်ကြားခံရသူတွေကို စုံစမ်းစစ်ဆေးနိုင်ဖို့အတွက် ဖမ်းဆီးထိန်းသိမ်းတာလို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက် စီမံချက်အနေနဲ့ဖမ်းဆီးမှုမှာ BNRA ဘက်က ပြန်လည်ခုခံတာကြောင့် နှစ်ဖက် ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။ BNRA အဖွဲ့ဝင်တချို့သေဆုံးမှုရှိတယ်လို့ မနေ့ မနက် ၁၁ နာရီခန့်မှာ ဗိုလ်နဂါးကို ဘီဘီစီကို ပြောခဲ့ပါတယ်။
ဒီစွပ်စွဲချက်တွေနဲ့ပတ်သက်လို့ ဗိုလ်နဂါးကို ဘီဘီစီကမေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, CJ
NUG ဘက်က တိုက်ခိုက်မှုတွေကို ကျော်လွှားဖို့ခက်လိမ့်မယ်လို့ လက်နက်မချခင်နာရီပိုင်းအလိုမှာ ဗိုလ်နဂါးက ဘီဘီစီကို ပြောခဲ့ပါတယ်။
“ဘယ်လိုသဘောနဲ့လုပ်လဲမသိပါဘူး။ တော်လှန်ရေးအစိုးရတရပ်အနေနဲ့ ယုံကြည်ဖို့လည်း ခက်သွားသလို စစ်မှန်တဲ့တော်လှန်ရေးအနာဂတ်ပျောက်တယ်လို့ ကျွန်တော်ကတော့ ခံစားရတယ်” လို့ ဖေဖော်ဝါရီ ၁၈ ရက် မနက် ၁၁ ခွဲအချိန်ခန့်မှာ ဗိုလ်နဂါးက ပြောပါတယ်။
ဗိုလ်နဂါးရဲ့အပြောအရ မြို့နယ် ၇ ခုက BNRA စခန်းတွေကို NUG က အင်အားထောင်နဲ့ချီသုံးကာ ဝင်ရောက်စီးနင်းတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ NUG ရဲ့ စစ်ကိုင်းတိုင်းကွပ်ကဲရေးဌာနကတော့ ပုလဲမြို့နယ်ထဲမှာ BNRA အခြေစိုက်တဲ့ကျေးရွာ ၃ ရွာကိုစီးနင်းပြီး ထွက်ပြေးခရီးလွန်တချို့ကို ထိန်းသိမ်းတာလို့ ပြောပါတယ်။
ဗိုလ်နဂါးနဲ့ မိသားစုဝင်တွေဟာ လက်နက်မျိုးစုံ ၆ လက်၊ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ညနေ ၄ နာရီ ၅၀ မိနစ်ခန့်မှာ စစ်တပ်ကိုဆက်သွယ်ပြီးဝင်ရောက်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ကိုနိုင်လင်း (ခ) ဗိုလ်နဂါးဟာ ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ကို အခြေစိုက်ပြီး မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) အဖွဲ့ ကို တည်ထောင်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်မှာ ပုလဲမြို့နယ်ထဲက ဦးနှောက်ရွာကို စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းပြီး ဗိုလ်နဂါးကိုရှာဖွေတဲ့ဖြစ်စဉ်ဖြစ်ခဲ့ပေမဲ့ ဒါနဲ့ပတ်သက်ပြီး စစ်တပ်ဘက်ကတော့ တစုံတရာ သတင်းထုတ်ပြန်တာမရှိပါဘူး။
၂၀၂၂ ခုနှစ်အစောပိုင်းမှာ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ဖွဲ့စည်းပေးခဲ့တဲ့ တပ်မဟာ (၆၁၁) မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၊ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA) ၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) နဲ့အတူ ဗိုလ်နဂါးတပ်လည်းပါဝင်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
MRDA ဟာ ရန်ကုန်အတွက်ပါ တပ်ခွဲထားရှိပြီး MRDA (Yangon) အဖြစ် လှုပ်ရှားမှုတချို့ ရှိခဲ့ပေမဲ့ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာဟာ ၂၀၂၃ ခုနှစ်အထိအသက်ဝင်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်မှာပဲMRDA ကို BNRA အဖြစ် အမည်ပြောင်းလဲဖွဲ့စည်းခဲ့ပြီးနောက် တိုက်ပွဲဖော်ဆောင်မှုသတင်းတွေ ငြိမ်သက်သွားခဲ့ပါတယ်။
NUG လက်အောက်ခံပုလဲမြို့နယ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တို့နဲ့ ဗိုလ်နဂါးတပ်ကြားအငြင်းပွားမှုတွေက ၂၀၂၂ ခုနှစ် ဝန်းကျင်ကတည်းက အစပျိုးခဲ့ပြီး အပြန်အလှန်စွပ်စွဲမှုတွေ၊ မြေပြင်မှုအငြင်းပွားမှုတွေနဲ့ စခန်းစီးနင်းမှုတချို့ပါ ဖြစ်ခဲ့ပါတယ်။
အခု ဖေဖော်ဝါရီ ၁၉ ရက် ဗိုလ်နဂါးလက်နက်ချချိန် စစ်ကော်မရှင်ရဲ့ထုတ်ပြန်ချက်မှာတော့ အကြမ်းဖက်မှုတွေမလုပ်လိုတော့တာ၊ နိုင်ငံတော်နဲ့ စစ်တပ်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ယုံကြည်လာလို့ ဥပဒေဘောင်အတွင်းဝင်လာဆိုပြီးဖော်ပြခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CINCDS
ဗမာအမျိုးတော်လှန်ရေးတပ်မတော် (BNRA) ခေါင်းဆောင် ဗိုလ်နဂါးလက်နက်ချပြီးတဲ့နောက် စစ်ကိုင်းတိုင်း၊ ပုလဲမြို့အနီးက ကျေးရွာတွေကို စစ်ကော်မရှင်တပ်ကလေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ပုလဲပအဖကနေ သိရပါတယ်။
ဗိုလ်နဂါးနဲ့ ဆက်စပ်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအပါအဝင် ကျေးရွာတွေကို လုံခြုံရေးသတိ ထားဖို့ ထုတ်ပြန်ထားကြောင်း ပုလဲပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ ဦးဇော်ထက်က ပြောပါတယ်။
“လေကြောင်းတိုက်ခိုက်မှုတွေခပ်စိပ်စိပ်လုပ်လာနိုင်တယ်။ မြေပြင်စစ်ကြောင်းတွေလည်းပုလဲနယ်ထဲရှိလာနိုင်တယ်။ ဒါတွေကိုကြိုတင်ပြင်ဆင်ထားဖို့သတိပေးထားပါတယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် BNRA အခြေစိုက် စခန်းတွေကို စစ်ကိုင်းတိုင်းကွပ်ကဲရေးဌာနရဲ့ စစ်ဆင်ရေးစီမံချက်အဖြစ် ဝင်ရောက်စီးနင်းခဲ့တယ်လို့ ပကဖစစ်ရေးအရင်းအမြစ်ကနေ သိရပါတယ်။
စစ်ကိုင်းတိုင်းကွပ်ကဲရေးဌာနဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ရဲ့ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်မှာရှိပါတယ်။
“BNRA စခန်းတွေကိုဝင်ရောက်စီးနင်းတာကတော့ ရာဇဝတ်မှုတွေကျူးလွန်ထားတာရှိနေတယ်။ စစ်ကောင်စီဆီမှာလက်နက်ချသွားတဲ့ နဂါးကိုယ်တိုင် မုဒိန်းမှုကျူးလွန်တာ၊ သူ့တပ်ဖွဲ့ဝင်တချို့က အုပ်ချုပ်ရေးပျက်ပြားအောင် နှောင့်ယှက်တာတွေရှိတယ်။ ပကဖ ပလဖ တွေကို ရိုက်နှက်တာ၊ ဆဲဆိုတာတွေရှိတယ်။ နောက်ဆုံးကတော့ ယင်းမာပင်ခရိုင် PDF တပ်ရင်း ၄ က ကိုကတုံးကို သတ်တဲ့ အထိဖြစ်လာတယ်” လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ စစ်ဘက်ရေးဌာနရဲ့ တာဝန်ခံ ကိုသြဇာက ပြောပါတယ်။
ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဖမ်းဆီးပေးဖို့အတွက် အကူအညီတောင်းလာတာ ကြောင့် ကာကွယ်ရေးဝန်ကြီးဌာနကလုပ်ဆောင်တာလို့ သိရပါတယ်။
အခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်မှာဖြစ်ခဲ့တဲ့ ကိုကတုံးဖြစ်စဉ်ဟာ ဗိုလ်နဂါးရဲ့ BNRA နဲ့ NUG MOD ကြား အတင်းမာဆုံးဖြစ်ရပ်လို့ ဆိုနိုင်ပါတယ်။
ကိုကတုံးဟာ BNRA အနေနဲ့ နာမည်မပြောင်းခင် မြန်မာ့တော်ဝင်နဂါးတပ်တော် (MDRA) မှာ အဖွဲ့ဝင်ဖြစ်ခဲ့ပြီး အဲဒီအချိန်က တပ်ဆင်ပေးခဲ့တဲ့ လက်နက်ကို PDF တပ်ရင်း ၄ ကို ရွှေ့ပြောင်းချိန်အထိ ယူသွားတာကြောင့် လက်နက်ပြန်အပ်ဖို့ ပြောရင်း ပစ်ခတ်မှုဖြစ်တယ်လို့ BNRA က ထုတ်ပြန်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက်မှာ BNRA စခန်းတွေကို NUG MOD က ဝင်ရောက်စီးနင်းခဲ့တာကြောင့် BNRA တပ်ဖွဲ့ဝင်တွေ သေဆုံးတာတွေရှိသလို ဖမ်းဆီးခံရတာတွေလည်းရှိနေပါတယ်။ ခေါင်းဆောင် ဗိုလ်နဂါးကတော့ စစ်ကော်မရှင်ဆီအလင်းဝင်ခဲ့တယ်လို့ စစ်တပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
မင်္ဂလာပါ။ ဖေဖော်ဝါရီ ၁၉ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။