ဗိုလ်နဂါးနဲ့ မိသားစု လက်နက်တွေနဲ့အတူ ‘ဥပဒေဘောင်ထဲ ဝင်ရောက်လာတယ်’ဆိုပြီး စစ်တပ်ပြော

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ဖြန့်ကြက်လှုပ်ရှားတဲ့ BNRA အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးဟာ မိသားစု၊ လက်နက်ခဲယမ်းတွေနဲ့အတူ ‘ဥပဒေဘောင်ထဲ ဝင်ရောက်လာ’တယ်ဆိုပြီး စစ်တပ် ထုတ်ပြန်တဲ့သတင်းအပါအဝင် ဖေဖော်ဝါရီ ၁၈ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • တမူး PDF တပ်သားသစ်စု‌ဆောင်းမှု ဆန္ဒထုတ်ဖော်ခံရပြီးနောက် စုံစမ်းစစ်ဆေးမှုဆက်လုပ်ပြီး အဓမ္မစုဆောင်းခဲ့ရင် အရေးယူမယ်လို့ဆို
  • ထိုင်းအလယ်တန်းကျောင်းထဲကို သေနတ်သမားက ဝင်ရောက်ပစ်ခတ်ချိန် ကွယ်လွန်ခဲ့တဲ့ ကျောင်းအုပ်ဆရာမကြီးရဲ့စျာပနကို မနေ့ကပြုလုပ်
  • ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးငယ်တွေကို စနစ်တကျစောင့်ရှောက်မှုမပေးနိုင်ရင် ကလေး ၈ သောင်းဝန်းကျင် အသက်မပြည့်ခင် လုပ်ငန်းခွင်ထဲဝင်ရောက်သွားနိုင်ချေ မြင့်တက်လာနိုင်
  • ခင်ဦးမြို့နယ်နဲ့ ပုလဲမြို့နယ်ထဲကို စစ်တပ်က ဖေဖော်ဝါရီ ၁၇ ရက် ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် လူ ၃ ဦး သေဆုံး
  • မြန်မာ သင်္ဘောသားတွေချည်းပဲ လိုက်ပါလာတဲ့ ကုန်တင်သင်္ဘော MANDY ရဲ့ အင်ဂျင်ခန်းမီးလောင်မှုမှာ သင်္ဘောသား ၂ဦး သေဆုံး
  • ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်က အထည်ချုပ်စက်ရုံ တစ်ရုံမှ ဒီနေ့ မွန်းလွဲပိုင်းက ဖြစ်ခဲ့တဲ့မီးလောင်မှုမှာ အလုပ်သမား ၂ ဦးသေဆုံး

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဖေဖော်ဝါရီ ၁၈ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. ဗိုလ်နဂါးနဲ့ မိသားစု လက်နက်တွေနဲ့အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာတယ်ဆိုပြီး စစ်ကော်မရှင် ထုတ်ပြန်

    လက်နက်တွေလွှဲနေတဲ့ပုံစံနဲ့မြင်ရတဲ့ ဗိုလ်နဂါးနဲ့ စစ်တပ်အရာရှိတစ်ဦး

    ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

    BNRA အဖွဲ့က အဖွဲ့ခေါင်းဆောင် နိုင်လင်း(ခေါ်) နဂါးနဲ့ သူ့ရဲ့ မိသားစုဝင်တွေ လက်နက်၊ ခဲယမ်းတွေနဲ့ ဥပဒေဘောင်အတွင်းဝင်ရောက်လာတယ်ဆိုပြီး ဒီကနေ့ ညပိုင်း စစ်‌ကော်မရှင်ရဲ့ မြဝတီရုပ်သံက ကြေညာပါတယ်။

    ထုတ်ပြန်တဲ့သတင်းရုပ်သံမှာ ပြောက်ကျားစစ်ဝတ်စုံဝတ်ထားတဲ့ ဗိုလ်နဂါးကိုလက်နက်တွေရှေ့မှာ ထားလျက် မတ်တပ်ရပ်အနေအထားနဲ့ တွေ့ရသလို လက်နက်အပ်နှံနေတဲ့ အခြေအနေကိုလည်းတွေ့ရပါတယ်။

    စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA) တပ်စခန်းငယ်အချို့ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနအောက်က တပ်တွေက တိုက်ခိုက်နေတယ်လို့ BNRA ခေါင်းဆောင် ဗိုလ်နဂါးက မနေ့ ဖေဖော်ဝါရီ ၁၇ ရက်က ပြောခဲ့ပြီးနောက်မှာ ဒီလို စစ်တပ်ဘက်ကို ဝင်ရောက်လာတယ်ဆိုတဲ့ သတင်းထုတ်ပြန်ချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။

    ဖေဖော်ဝါရီ ၁၇ ရက် ဖြစ်စဥ်နောက်ဆက်တွဲနဲ့ ပတ်သက်လို့ ဒီကနေ့ မနက်ပိုင်းက ဘီဘီစီက ဗိုလ်နဂါးကို ဆက်သွယ်မေးမြန်းချိန်မှာ‌တော့ ''စခန်းဆိုတာထက် အဖွဲ့အစည်းကို လုံးဝအပြတ်ရှင်းဖို့ ညွှန်ကြားပြီး တိုက်ခိုက်လာတာတဲ့ပုံစံပါ။ မြို့နယ်ထဲက အဖွဲ့တွေကိုတိုက်ခိုက်သလို ထောင်ကြီးဂဏန်းရှိတဲ့အင်အားနဲ့ တိုက်ခိုက်လာတာဖြစ်တယ်။ ကျွန်တော်တို့ ဒါကိုကျော်လွှားဖို့တော့ ခက်လိမ့်မယ်။ ရဲဘော်တွေလည်း အကျအဆုံးရှိတယ်။ NUG အနေနဲ့ ဒီလို ရုပ်ပျက်ဆင်းပျက် အလုပ်တစ်ခုကို ဘယ်လိုသဘောနဲ့ လုပ်လည်းမသိဘူး။ စစ်မှန်တဲ့ တော်လှန်ရေးရဲ့ အနာဂတ်လည်း ပျောက်တယ်လို့ ခံစားရတယ်'' လို့ ဘီဘီစီကိုဖြေကြားခဲ့ပါတယ်။

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ပုလဲမြို့နယ်ထဲမှာ ဗိုလ်နဂါးဦးဆောင်ခဲ့တဲ့ BNRA စခန်းတွေလည်းရှိခဲ့ပြီး NUG ကလည်း အုပ်ချုပ်ရေးယန္တယား ဖော်ဆောင်ထားတာဖြစ်ပါတယ်။

    NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “BNRA က သူတွေ ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေ၊ အမှုအခင်းတွေနဲ့ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းစစ်ဆေးနိုင်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာန ပူးပေါင်းဆောင်ရွက်ဖို့ ရှိတယ်လို့ သိထားပါတယ်” လို့ ဘီဘီစီကို ဖြေထားပါတယ်။

    NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံတပ်တွေနဲ့ ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA တပ်တွေအကြား နှစ်ဖက်ထိတွေ့မှုတွေ ဒီနှစ်ဆန်းပိုင်းမှာ ဆက်တိုက်ရှိခဲ့တာပါ။

    ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်က NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ယင်းမာပင်ခရိုင် ကွပ်ကဲရေးတပ်တွေက ပုလဲမြို့နယ်ထဲက BNRA ရဲ့တပ်စခန်းနှစ်ခုကို တရားမဝင်ဂိတ်တွေ ဖွင့်လှစ်ထားတယ်ဆိုပြီး ဝင်ရောက်စီးနင်းခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ဦးဇော်ထက်က ဘီဘီစီကို ဖြေထားပါတယ်။

    အဲဒီဖြစ်စဉ်အပြီး ဇန်နဝါရီ ၁၇ ရက်မှာတော့ ပုလဲမြို့နယ်ထဲက NUG လက်အောက်ခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဟာ အခွန်ဂိတ်မဟုတ်ဘဲ အခွန်ကောက်နေတယ်ဆိုပြီး BNRA ရဲ့ တပ်ဖွဲ့ဝင် ၄ ဦးက သေနတ်ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ဖြစ်စဥ်ရှိခဲ့တာဖြစ်ပါတယ်။

  3. ကုန်သွယ်ရေးပြန်စနိုင်ဖို့ နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်ကောင်စီတို့ ဆွေးနွေးနိုင်ရေး ကူညီဖို့ ထိုင်း ကမ်းလှမ်း

    မြန်မာစစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ကို ဖူးခက်မြို့က ဟိုတယ်မှာ ဖေဖော်ဝါရီလ ၁၈ ရက် ညနေပိုင်းမှာ စကားပြောနေတာမြင်ရ

    ဓာတ်ပုံ ရင်းမြစ်, ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန

    ထိုင်း -မြန်မာ နယ်စပ်ကုန်သွယ်ရေး ပြန်စတင်နိုင်ဖို့ နယ်စပ်တည်ငြိမ်ရေးလိုအပ်တာကြောင့် နယ်စပ်တစ်လျှောက်က တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ မြန်မာစစ်ကော်မရှင်ကြား ဆွေးနွေးနိုင်အောင် ကူညီဖို့ ကမ်းလှမ်းထားတဲ့အကြောင်း ထိုင်းဘက်က ပြောလာပါတယ်။

    မြန်မာစစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ဒီနေ့ညနေပိုင်းမှာ ထိုင်းနိုင်ငံ၊ ဖူးခက်မြို့မှာ တွေ့ဆုံခဲ့အပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အခုလို ပြောလာတာဖြစ်ပါတယ်။

    ''အခုဆို နယ်စပ်ကုန်သွယ်ရေး မလုပ်နိုင်တာ အတော်ကြာပြီဆိုတော့ နှစ်ဖက်စလုံးအတွက် အရေးပါတဲ့ ဒီကုန်သွယ်ရေး ပြန်စတင်နိုင်ဖို့ နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဆွေးနွေးရေး ဖြစ်မြောက်အောင် ကူညီမယ်ဆိုပြီး ကျွန်တော်တို့ ကမ်းလှမ်းခဲ့တယ်။ သူတို့(မြန်မာ)ဘက်ကလည်း ကြိုဆိုပါတယ်။ အောက်ခြေအဆင့်ကနေ စပြီး ဆွေးနွေးကြဖို့ မျှော်လင့်ထားတယ်'' လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ပွန်ကတ်ကောင်းက ပြောပါတယ်။

    နောက်ပြီး ထိုင်းအစိုးရနဲ့ ပုဂ္ဂလိကပိုင် ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း PTTEP ဟာ မြန်မာ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှု လုပ်လိုတဲ့အကြောင်းလို စွမ်းအင်ကဏ္ဍအပိုင်းကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဝန်ကြီးက ပြောပါတယ်။

    မြန်မာအနေနဲ့ အာဆီယံနဲ့ ဆက်ဆံရေး အပြည့်အဝ ပြန်လည်စတင်တာမြင်လိုတယ်ဆိုတဲ့ ထိုင်းဘက်က ဆန္ဒကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို သူပြောခဲ့သလို အဲဒီလို ပြန်စနိုင်ဖို့ မြန်မာဘက်ကလည်း အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ လိုအပ်မယ့်အကြောင်း ပြောခဲ့တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

    စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးကတော့ မြန်မာမှာ ရွေးကောက်ပွဲပြီးပြီဖြစ်တာကြောင့် မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကာလမတိုင်ခင်မှာ အစိုးရသစ်တက်နိုင်အောင် စီစဉ်ထားပြီး အဲဒီနောက်ပိုင်း အစိုးရသစ်ဟာ ငြိမ်းချမ်းရေးအတွက် သက်ဆိုင်သူတွေ အားလုံးပါနိုင်မယ့် ဆွေးနွေးပွဲဖြစ်လာအောင်လုပ်ဖို့ရှိတဲ့အကြောင်း ရှင်းပြသွားတယ်လို့ ဝန်ကြီးက ပြောပါတယ်။

  4. မြေရှားသတ္တုတွေထဲ ပါဝင်တဲ့ နီယိုဒီမီယံသတ္တုကို မြင်ရတာဖြစ်ပြီး သူ့ကို ကွန်ပြူတာ ဒရိုက်တွေနဲ့ အသံချဲ့စက်တွေမှာ သုံးတဲ့ သံလိုက်တွေပြုလုပ်ရာမှာသုံးပါတယ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မြေရှားသတ္တုတွေထဲ ပါဝင်တဲ့ နီယိုဒီမီယံသတ္တုကို မြင်ရတာဖြစ်ပြီး သူ့ကို ကွန်ပြူတာ ဒရိုက်တွေနဲ့ အသံချဲ့စက်တွေမှာ သုံးတဲ့ သံလိုက်တွေပြုလုပ်ရာမှာသုံးပါတယ်

    စစ်ဘက်သုံးပစ္စည်းတွေအပါအဝင် မိုဘိုင်းဖုန်းအစ မော်တော်ကားအဆုံး အီလက်ထရောနစ်ပစ္စည်းမျိုးစုံထုတ်လုပ်မှုမှာ အရေးပါတဲ့မြေရှားသတ္ထုဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ စီးပွားရေးအရ အခရာကျပါတယ်။ ဒါကြောင့် မြေရှားသတ္တုသိုက်တွေရှိတဲ့၊ ပိုင်ဆိုင်ထိန်းချုပ်နိုင်တဲ့ ဒေသတွေ နိုင်ငံတွေက ပထဝီနိုင်ငံရေးအရ အရေးပါလာပါတယ်။

    ကမ္ဘာ့မြေရှားတင်ပို့မှုကို ချုပ်ကိုင်ထားတဲ့ တရုတ်က အမေရိကန်ကိုရော အိန္ဒိယနိုင်ငံကိုပါ မြေရှားတင်ပို့မှု တင်းကျပ်လိုက်ပြီးတဲ့နောက်မှာ နှစ်နိုင်ငံခေါင်းဆောင်တွေက တရုတ်အပေါ် မှီခိုမှုကို လျှော့ချဖို့ မြေရှားအရင်းအမြစ်အသစ်တွေ ရှာဖွေခဲ့ကြပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီလဆန်းမှာပဲ နိုင်ငံအတွင်း မြေရှားအပါအဝင် အရေးပါတဲ့သတ္ထုတွေ အမေရိကန်ပြည်ထောင်စုမှာ သိုလှောင်ဖို့ ' Project Vault ' ဆိုပြီး မိတ်ဆက်လိုက်ပါတယ်။ ၂၀၂၅ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာလည်း ကမ္ဘာတခြမ်းက အာရှနိုင်ငံတွေဆီ ခရီးနှင်လာပြီး နားလည် မှုစာချွန်လွှာတွေ ရေးထိုးခဲ့ပါတယ်။

    အမေရိကန် အိမ်ဖြူတော်ကလည်း မြန်မာ့မြေရှားအကြောင်းပါဝင်တဲ့ အစီရင်ခံစာတွေကို လက်ခံရယူနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံပိုင်ကုမ္ပဏီက တာဝန်ရှိသူတွေကလည်း ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ကချင်ပြည်နယ်ကို ရောက်လာပြီး မြန်မာ့မြေရှားအကြောင်း ဆွေးနွေးတာတွေ လုပ်ခဲ့တယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

    ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အမေရိကန်ရဲ့ မြေရှားလွန်ဆွဲပွဲမှာ မြန်မာက ဘယ်အခန်းကဏ္ဍမှာ ပါဝင်နေပါသလဲ။

    အပြည့်အစုံကို ဒီလင့်ခ် မှာဖတ်နိုင်ပါတယ်။

  5. ကော်သူးလေ ချာတာနဲ့ စစ်ရေး၊ နိုင်ငံရေးတွေအကြောင်း KNU ဦး‌ဆောင်ပြီး ကရင်အဖွဲ့အစည်းတွေတွေ့ဆုံ

    ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲမှာ တွေ့ရတဲ့ KNU ဥက္ကဋ္ဌပဒိုစောကွယ်ထူးဝင်း

    ဓာတ်ပုံ ရင်းမြစ်, KNU

    ဓာတ်ပုံ ပုံစာ, ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲမှာ တွေ့ရတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း

    ကော်သူးလေ တည်ဆောက်ရေးမှာ အသုံးပြုမယ့်ချာတာ(ပဋိညာဉ်)ကို ချပြ ရှင်းလင်းတာအပါအဝင် အခြားလူမျိုးတွေလည်း ကိုယ်စားပြုမှုပါဝင်မယ့် ကော်သူးလေးတည်ဆောက်ရေးအတွက် လုပ်ဆောင်ချက်တွေကို ကရင်အမျိုးသားအစည်းအရုံး(KNU)က ဦးဆောင်ပြီး ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲကို KNU ထိန်းချုပ်နယ်မြေထဲမှာပြုလုပ်ခဲ့တယ်လို့ KNU က ပြောပါတယ်။

    ဒီဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၉ ရက်ကနေ ၁၂ ရက်အထိ ပြုလုပ်ခဲ့တဲ့အကြောင်း KNU က သတင်းထုတ်ပြန်ပါတယ်။

    ဒီနှီးနှောဖလှယ်ပွဲကို KNU ဗဟိုအပြင် KNU လက်နက်ကိုင်တပ်တွေဖြစ်တဲ့ KNLA၊ KNDO က တာဝန်ရှိသူတွေ၊ နိုင်ငံတကာရောက် ကရင်အဖွဲ့အစည်းနဲ့ ကရင်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ် ၁၃၀ ဦး တက်ရောက်ခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။

    “ရင်ဆိုင်ကြုံတွေ့ နေရတဲ့ နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေးနဲ့ လူမှုရေးအရအပြင် နိုင်ငံရေးအရ ချဥ်းကပ်ဆောင်ရွက်မယ့် ကော်သူးလေးတည်ဆောက်ရေးနဲ့ ပတ်သတ်ပြီး ကရင်အဖွဲ့အစည်းတွေ၊ အမျိုးသားတွေကြားမှာ တူညီတဲ့နားလည်မှုနဲ့ တည်ဆောက်နိုင်ဖို့ ဖြစ်တယ်” လို့ KNU တွဲဖက်အထွေထွေအတွင်းရေးမှူး ၂ ပဒိုစောလှထွန်းက ပြောပါတယ်။

    လက်ရှိနိုင်ငံရေးအနဲ့ စစ်ရေးအပြင် နိုင်ငံတကာမှာ KNU ကိုယ်စားလှယ်တွေ ခန့်ထားရေး၊ စစ်ရှောင်အရေး၊ ကျားဖြန့်လုပ်ငန်းတွေနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဆိုင်ရာ အကြောင်းအရာတွေကို ၄ ရက်တာ ပြုလုပ်တဲ့ နှီးနှောဖလှယ်ပွဲမှာ ဆွေးနွေးခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

    ကရင်အမျိုးသားနှီးနှော ဖလှယ်ပွဲကနေ ကရင်အမျိုးသားတော်လှန်ရေး ရည်မှန်ချက်တွေ မြန်မြန်ပြည့်ဖို့ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း သဘောထားချမှတ်ခဲ့တာကို KNU ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

  6. ရွှေပြည်သာအထည်ချုပ်စက်ရုံမီးလောင်မှုအလုပ်သမား ၂ ဦးသေဆုံး

    မီးလောင်နေတဲ့ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်က အထည်ချုပ်စက်ရုံ

    ဓာတ်ပုံ ရင်းမြစ်, MFSD

    ဓာတ်ပုံ ပုံစာ, ဖေဖော်ဝါရီ ၁၈ ရက် မွန်းလွဲပိုင်းမှာ မီးလောင်နေတဲ့ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်က အထည်ချုပ်စက်ရုံ

    ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်က အထည်ချုပ်စက်ရုံ တစ်ရုံမှ ဒီနေ့ မွန်းလွဲပိုင်းက ဖြစ်ခဲ့တဲ့မီးလောင်မှုမှာ အလုပ်သမား ၂ ဦးသေဆုံးတယ်လို့ ရွှေပြည်သာ အထည်ချုပ်အလုပ်သမားသမဂ္ဂက ထုတ်ပြန်ပါတယ်။

    သမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ မီးလောင်တဲ့ စက်ရုံဟာ M-Brother စက်ရုံဖြစ်တယ်လို့ သိရပါတယ်။

    စက်ရုံတစ်ရုံလုံးလောင်ကျွမ်းသွားတယ်လို့ ရွှေပြည်သာ အထည်ချုပ်အလုပ်သမားသမဂ္ဂက ဆိုပါတယ်။

    မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကတော့ ဝါးတရာစက်မှုဇုန်ရဲ့ ငှက်ပျောတောလမ်းက အထည်ချုပ်စက်ရုံ တစ်ရုံမှာ မီးလောင်မှုဖြစ်လို့ ထွက်ခွါငြှိမ်းသတ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

    ဒီမီးလောင်မှုမှာ လူသေဆုံးမှု ရှိ မရှိကို ဘီဘီစီက မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်ကို ဆက်သွယ်မေးမြန်းပေမဲ့ သတင်းမရရှိထားသေးဘူးလို့ ပြန်ဖြေပါတယ်။

    ဒီနေ့ မွန်းလွဲ မြန်မာစံတော်ချိန် ၁၂ နာရီခွဲဝန်းကျင်မှာ လောင်ကျွမ်းတဲ့မီးဟာ Level 2 အဆင့်အထိ ရှိခဲ့ပြီး တစ်နာရီ‌ကျော်ကြာ မီးငြှိမ်းသတ်အပြီးမှာ မီးထိန်းနိုင်တယ်လို့ မီးသတ်တပ်ဖွဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

  7. မြန်မာ သင်္ဘောသားတွေပဲ ပါတဲ့ကုန်သင်္ဘော မီးလောင်လို့ ၂ ဦး သေဆုံး

    စင်္ကာပူနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ကုန်တင်သင်္ဘော MANDY

    ဓာတ်ပုံ ရင်းမြစ်, Vessel Finder

    ဓာတ်ပုံ ပုံစာ, စင်္ကာပူနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ကုန်တင်သင်္ဘော MANDY (ပုံဟောင်း)

    စင်္ကာပူနိုင်ငံမှာ မှတ်ပုံတင်ထားပြီး မြန်မာ သင်္ဘောသားတွေချည်းပဲ လိုက်ပါလာတဲ့ ကုန်တင်သင်္ဘော MANDY ရဲ့ အင်ဂျင်ခန်းမီးလောင်မှုမှာ သင်္ဘောသား ၂ဦး သေဆုံးပြီး ၁ ဦးဒဏ်ရာရတယ်လို့ စင်္ကာပူရေကြောင်းနဲ့ ဆိပ်ကမ်းအာဏာပိုင် (MPA)က ဒီနေ့ထုတ်ပြန်ပါတယ်။

    ဒီသင်္ဘောရဲ့ အင်ဂျင်ခန်းဟာ မနေ့က ညပိုင်း ၇ နာရီ ၃၅ မိနစ်အချိန်မှာ တရုတ်ကမ်းလွန်မှာ မီး‌လောင်ခဲ့တာလို့ ဆိုပါတယ်။

    MANDY ကုန်တင်သင်္ဘောပေါ်မှာ မြန်မာသင်္ဘောသား ၂၅ ဦးလိုက်ပါလာပြီး မီးကြောင့် ၂ ဦးသေဆုံးရတာဖြစ်ပါတယ်။

    ဒဏ်ရာရတဲ့ သင်္ဘောသားကိုတော့ ဆေးရုံကို ပို့ဆောင်ကုသပေးနေတယ်လို့ MPA က ထုတ်ပြန်ပါတယ်။

    တရုတ်နိုင်ငံ ရန်တိုင်ဆိပ်ကမ်းကိုသွားရောက် ဆိုက်ကပ်ဖို့ သင်္ဘောကုမ္ပဏီဘက်က စီစဥ်ထားတယ်လို့လည်း ဆိုပါတယ်။

    စင်္ကာပူရေကြောင်းနဲ့ ဆိပ်ကမ်းအာဏာပိုင်ကတော့ လိုအပ်တဲ့အကူအညီတွေပေးဖို့ ကုမ္ပဏီနဲ့ တရုတ်အာဏာပိုင်တွေဘက်ကို ဆက်သွယ်ထားတယ်လို့ ထုတ်ပြန်ပါတယ်။

    အင်ဂျင်ခန်းမီးလောင်မှုဖြစ်စဥ်ကို စစ်ဆေးဖော်ထုတ်သွားမယ်လို့လည်း MPA က ပြောထားပါတယ်။

  8. ခင်ဦးနဲ့ ပုလဲမြို့နယ်ထဲကို စစ်တပ်က ညအချိန် ဗုံးကြဲလို့ လူသေဆုံးမှုရှိ

    ခင်ဦးမြို့နယ်၊ ညောင်ပင်ကြီးစုရွာ လေကြောင်းတိုက်ခံရပြီး အခြေအနေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ခင်ဦးမြို့နယ်၊ ညောင်ပင်ကြီးစုရွာ လေကြောင်းတိုက်ခံရပြီး အခြေအနေ

    စစ်ကိုင်းတိုင်းထဲက ခင်ဦးမြို့နယ်နဲ့ ပုလဲမြို့နယ်ထဲကို စစ်တပ်က ဖေဖော်ဝါရီ ၁၇ ရက် ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် လူ ၃ ဦး သေဆုံးတယ်လို့ ဒီမြို့နယ်တွေက စစ်ရှောင်ထောက်ပံ့ရေးနဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့တွေရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

    ရွှေဘိုခရိုင်ထဲက ခင်ဦးမြို့နယ်မှာရှိတဲ့ ညောင်ပင်ကြီးစုရွာ စာသင်ကျောင်းနဲ့ ရွာတွင်းကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု ၃ ကြိမ်လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

    အဲဒီဗုံးကြဲမှုအတွင်း အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးတယ်လို့ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ့ထောက်ပံ့ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

    ညောင်ပင်ကြီးစုရွာမှာ နေထိုင်သူ ၅ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

    ယင်းမာပင်ခရိုင်ထဲက ပုလဲမြို့နယ်အနောက်မြောက်ခြမ်းကိုလည်း မနေ့က ညပိုင်း ၉ နာရီဝန်းကျင်မှာ ပါရာမော်တာနဲ့ လေကြောင်း တိုက်ခိုက်သွားတယ်လို့ ဒီနယ်တကြောက လေကြောင်းနဲ့ စစ်ရေးသတင်းတွေ ဖော်ပြနေတဲ့ PDC ချန်နယ်ကထုတ်ပြန်ပါတယ်။

    ဒီလေကြောင်းတိုက်ခိုက်မှုရဲ့ ထိခိုက်သေဆုံးအချက်အလက်ကိုတော့ ပုလဲမြို့နယ်ထဲက ကာကွယ်ရေးတပ်ဖွဲ့တချို့ကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

  9. 'ရေးခဲ့တဲ့ စကားလုံးတိုင်းက ပြန်ခြောက်လှန့်နေတယ်' - 'မဖွယ်မရာ' စာတွေကြောင့် အဖမ်းခံရတဲ့တရုတ်စာရေးဆရာမတွေ

    လိင်တူအချစ်ဇာတ်လမ်းနဲ့ လိင်အသားပေးစာပေတွေဟာ ဂျပန်နိုင်ငံရဲ့ Boy's Love (BL) ကာတွန်းတွေကနေ အခြေခံလာတာ ဖြစ်ပါတယ်

    ဓာတ်ပုံ ရင်းမြစ်, X/errslance

    ဓာတ်ပုံ ပုံစာ, လိင်တူအချစ်ဇာတ်လမ်းနဲ့ လိင်အသားပေးစာပေတွေဟာ ဂျပန်နိုင်ငံရဲ့ Boy's Love (BL) ကာတွန်းတွေကနေ အခြေခံလာတာ ဖြစ်ပါတယ်

    "ဒီအကြောင်းတွေကို မပြောဖို့ ကျွန်မ သတိပေးခံထားရပါတယ်" လို့ အမျိုးသမီးတစ်ယောက်က ရေးပါတယ်။ သူဟာ လိင်တူချင်း ချစ်ကြိုက်တဲ့ လိင်အသားပေးစာပေတွေ ထုတ်ဝေမှုနဲ့ ဖမ်းဆီးခံခဲ့ရတဲ့နေ့က အဖြစ်အပျက်တချို့ကို ဖွင့်ဟခဲ့ပါတယ်။

    "လူတွေရှေ့မှာ ကားပေါ်ကို ခေါ်သွားခံရတာ၊ စစ်ဆေးဖို့ လူစိမ်းတွေရှေ့မှာ အဝတ်အစားတွေ အကုန်ချွတ်ခိုင်းပြီး အရှက်ခွဲခံရတာ၊ ဓာတ်ပုံရိုက်ဖို့ အကျဥ်းသားဝတ်စုံ ဝတ်ရတာ၊ ကုလားထိုင်မှာ ထိုင်နေရင်း ကြောက်လန့်တုန်နေပြီး ရင်တွေ တဒိန်းဒိန်း ခုန်နေခဲ့တာတွေကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး" လို့ သူက ပြောပါတယ်။

    ပင်းပင်း အနန် ယန်ဖူ ဆိုတဲ့ ဆိုရှယ်မီဒီယာအကောင့်ဟာ ပြီးခဲ့တဲ့လတွေထဲမှာ တရုတ်နိုင်ငံရဲ့ ဝေဘို လူမှုကွန်ရက်ပေါ်မှာ လိင်တူ-လိင်အသားပေးစာတွေရေးလို့ ဖမ်းဆီးခံရတဲ့အကြောင်း မျှဝေခဲ့တဲ့ အကောင့် အနည်းဆုံး ၈ ခုထဲက တစ်ခုပါ။ စာရေးဆရာမတွေက သူတို့ အတွေ့အကြုံတွေကို ပြန်ပြောပြလာကြတဲ့အခါ ရှေ့နေတွေက အခမဲ့ ကူညီပေးမယ်လို့ ကမ်းလှမ်းခဲ့ကြပါတယ်။

    ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အနည်းဆုံး စာရေးဆရာမ ၃၀ လောက် အဖမ်းခံရပါတယ်၊ အားလုံးနီးပါးက အသက် ၂၀ ဝန်းကျင် အမျိုးသမီးတွေဖြစ်တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။ အများစုဟာ အာမခံနဲ့ လွတ်နေတာ ဒါမှမဟုတ် ရုံးတင်စစ်ဆေးဖို့ စောင့်နေကြတာ ဖြစ်ပေမဲ့ တချို့ကတော့ အချုပ်ထဲမှာ ရှိနေဆဲပါ။ နောက်ရှေ့နေတစ်ယောက်ကတော့ စာမူပေးပို့သူ အတော်များများလည်း စစ်ဆေးမေးမြန်းဖို့ ဆင့်ခေါ်ခံထားရတယ်လို့ ဘီဘီစီကို ပြောပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။

  10. မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားတွေရဲ့ကလေး ၈ သောင်းနီးပါး ကလေးလုပ်သားဖြစ်လာနိုင်ခြေကို သတိပေး

    ဖူးခက်က ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးငယ်တွေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဖူးခက်က ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးငယ်တွေ(ပုံဟောင်း)

    ထိုင်းအစိုးရအနေနဲ့ မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ကလေးငယ်တွေကို စနစ်တကျစောင့်ရှောက်မှု မပေးနိုင်ရင် ဒီလုပ်သားတွေရဲ့ ကလေး ၈ သောင်းဝန်းကျင် အသက်မပြည့်ခင် လုပ်ငန်းခွင်ထဲ ဝင်ရောက်သွားနိုင်ခြေ မြင့်တက်လာမယ်လို့ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာအလုပ်အဖွဲ့(MWG)က ဒီနေ့မှာ သတိပေး ထုတ်ပြန်လိုက်ပါတယ်။

    ထိုင်းမှာ မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမား ၅ သန်းဝန်းကျင်ရှိပြီး သူတို့ကို မှီခိုနေထိုင်တဲ့ ကလေး ၇၈,၈၆၄ ဦးရှိတယ်လို့ MWG အဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    ထိုင်းမှာ ဆောက်လုပ်ရေး၊ စက်ရုံ၊ စိုက်ပျိုးရေးအပါအဝင် အခြေခံအလုပ်ကို လုပ်ကိုင်တဲ့ အလုပ်သမားအများစုဟာ မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်ကြပါတယ်။

    ထိုင်းအစိုးရ‌ကျောင်းတွေမှာ ရွှေ့ပြောင်းအလုပ်သမားနဲ့ အထောက်အထားမဲ့မိဘတွေရဲ့ ကလေးတွေကို လက်ခံဖို့ ပညာရေးဝန်ကြီးဌာနက ညွှန်ကြားထားပေမဲ့ ကျောင်းအပ်နှံရာမှာ အခက်အခဲတွေ ကြုံနေရသေးတယ်လို့ ရွှေ့ပြောင်းကလေးပညာ‌ရေး လုပ်ဆောင်သူတချို့က ပြောပါတယ်။

    ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အလုပ်အဖွဲ့(MWG) ကတော့ ထိုင်းကုန်ထုတ်လုပ်ငန်းနဲ့ဝန်ဆောင်မှု လုပ်ငန်းတွေဟာ ရွှေ့ပြောင်းအလုပ်သမားတွေကို မှီခိုနေရတာကြောင့် အလုပ်သမားတွေရဲ့ က‌လေးငယ်တွေဟာ ထိုင်းလုပ်သားစနစ်တည်ငြိမ်ရေးအတွက် အရေးကြီးတယ်လို့ ဆိုထားပါတယ်။

    ကလေးလုပ်သားတွေ ထိုင်းလုပ်ငန်းခွင်ဝင်ရောက်လာတာဟာ ထိုင်းထုတ်ကုန်နဲ့ ကုန်သွယ်ရေးပုံရိပ် အပေါ် ဆိုးကျိုးသက်ရောက်မှုရှိလာနိုင်မှာဖြစ်တယ်လို့လည်း ထောက်ပြထားပါတယ်။

    MWG က ထိုင်းအစိုးရကို ရွှေ့ပြောင်းကလေးတွေ အခြေခံပညာ သင်ကြားခွင့်စနစ်တကျမြှင့်တင်ပေးဖို့ ပြောထားပြီး ရွှေ့ပြောင်းက‌လေးတွေကို အကာကွယ်ပေးတာဟာ ဝန်ထုပ်ဝန်ပိုးမဟုတ်ဘဲ လုပ်သားဈေးကွက်တည်ငြိမ်ရေးနဲ့စီးပွားရေးအတွက် ရင်းနှီးမြှုပ်နှံမှုဖြစ်တယ်လို့ ဆိုထားပါတယ်။

  11. ထိုင်းတောင်ပိုင်း သေနတ်ပစ်ခတ်မှုမှာ သေဆုံးခဲ့သူ ကျောင်းအုပ်ကြီး စျာပနကို ဝန်ကြီးချုပ်တက်ရောက်

    ကျောင်းအုပ်ဆရာမကြီးရဲ့ စျာပန အခမ်းအနား

    ဓာတ်ပုံ ရင်းမြစ်, ไทยคู่ฟ้า

    ဓာတ်ပုံ ပုံစာ, ကျောင်းအုပ်ဆရာမကြီးရဲ့ စျာပန အခမ်းအနား

    ထိုင်းနိုင်ငံတောင်ပိုင်းက ဆုန်ခလာခရိုင်၊ ဟတ်ယိုင်မြို့အနီးက အလယ်တန်းကျောင်းထဲကို သေနတ်သမားက ဝင်ရောက်ပစ်ခတ်ချိန် ဒဏ်ရာရပြီးတဲ့နောက် ကွယ်လွန်ခဲ့တဲ့ ကျောင်းအုပ်ဆရာမကြီးရဲ့စျာပနကို မနေ့က ပြုလုပ်ခဲ့ပြီး ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူးလ် တက်ရောက်ခဲ့ပါတယ်။

    သေနတ်ပစ်ခတ်မှုဟာ ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှားနိုင်ငံနဲ့နယ်စပ်၊ ဟတ်ယိုင်မြို့အနီးက ဖသုန် ပသမ် ကီရီဝပ် အလယ်တန်းကျောင်းမှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေပိုင်းမှာ ဖြစ်ပွားခဲ့တာပါ။

    ဒဏ်ရာရတဲ့ကျောင်းအုပ်ကြီး ဆာစီဖတ် ဆင်ဆာမိုဆန်က ဒဏ်ရာကို ဆေးရုံမှာ ဆေးကုသမှုခံယူပြီးနောက်တစ်နေ့မနက်ပိုင်းမှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

    ကျောင်းအုပ်ဆရာမကြီးရဲ့ စျာပနကို ထိုင်းဝန်ကြီးချုပ် အနုတင် ကိုယ်တိုင် တက်ရောက်ခဲ့

    ဓာတ်ပုံ ရင်းမြစ်, ไทยคู่ฟ้า

    ဓာတ်ပုံ ပုံစာ, ကျောင်းအုပ်ဆရာမကြီးရဲ့ စျာပနကို ထိုင်းဝန်ကြီးချုပ် အနုတင် ကိုယ်တိုင် တက်ရောက်ခဲ့

    ကျောင်းအုပ်ကြီးဟာ အသက် ၁၈ နှစ်အရွယ် သေနတ်သမား ကျောင်းထဲကို ဝင်လာချိန် ကျောင်းသူ ကျောင်းသားတွေ မထိခိုက်အောင် ကာကွယ် ကြိုးပမ်းခဲ့တယ်လို့ ယူဆခံရလို့ ထိုင်းနိုင်ငံထဲမှာ ကျောင်းအုပ်ကြီးကို သူရဲကောင်းအဖြစ် မြင်ကြသူတွေလည်း ရှိနေပါတယ်။

    အဲဒီဖြစ်ရပ်အတွင်း နောက်ထပ် ကျောင်းသူတစ်ဦးလည်း ဒဏ်ရာရခဲ့သလို ကျောင်းသားတစ်ဦးလည်း အထိတ်တလန့်နဲ့ ပြတင်းတံခါးကနေ ခုန်ချလို့ ခြေကျင်းဝတ် ဒဏ်ရာရခဲ့ပါတယ်။

    မနေ့က ဆုန်ခလာက ယွန်သုန်ဘုန်းတော်ကြီးကျောင်းမှာ ပြုလုပ်တဲ့ ကျောင်းအုပ်ကြီးရဲ့စျာပနကိုတော့ ဝန်ကြီးချုပ်အပြင် ခရိုင်အဆင့် ထိပ်တန်းအရာရှိတွေနဲ့ မိသားစုဝင်တွေ တက်ရောက်ကြပါတယ်။

    ထောက်ပံ့ကြေးအနေနဲ့ အစိုးရက ကျန်ရစ်သူမိသားစုကို ထိုင်းဘတ်ငွေ ၂ သန်းကျော်ကိုလည်း စျာပနမှာပဲ ပေးအပ်ခဲ့ပါတယ်။

    ပစ်ခတ်မှုမှာ သေနတ်သမားကိုတော့ ရဲက အခင်းဖြစ်တဲ့နေရာမှာပဲ ပစ်ခတ်ဖမ်းဆီးခဲ့ပြီးလို့ ပစ်ခတ်မှုဖြစ်တဲ့ညနေခင်းမှာပဲ ကျောင်းထဲ ကျောင်းသားတွေ ပိတ်မိနေတဲ့အခြေအနေ အဆုံးသတ်ခဲ့ပါတယ်။

    အခုတော့ သူ့ကို လူသတ်မှု၊ လူသတ်ရန်ကြိုးပမ်းမှု၊ လက်နက်ကိုင်ဆောင်မှုစတဲ့ ပြစ်မှုတွေနဲ့ ထိုင်းရဲတပ်ဖွဲ့က အမှုဖွင့်ဖို့ လုပ်နေပါတယ်။

    ပစ်ခတ်မှု ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့အကြောင်းရင်းကို ရဲတပ်ဖွဲ့ က မပြောသေးပါဘူး။

  12. ဆန္ဒပြခံရတဲ့ တမူး PDF တပ်သားသစ်စု‌ဆောင်းမှု စစ်ဆေးဖော်ထုတ်ပြီး အရေးယူမယ်လို့ဆို

    တမူးခရိုင် အမှတ် ၁ တပ်ရင်း တပ်ဖွဲ့ဝင်တွေ(ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, တမူးခရိုင် အမှတ် ၁ တပ်ရင်း

    ဓာတ်ပုံ ပုံစာ, တမူးခရိုင် အမှတ် ၁ တပ်ရင်း တပ်ဖွဲ့ဝင်တွေ(ပုံဟောင်း)

    စစ်ကိုင်းတိုင်း၊ တမူးခရိုင်တောင်ပိုင်းက ကျေးရွာတချို့မှာ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ တမူး PDF တပ်ရင်းတစ်ခုက တပ်သားစုဆောင်းခဲ့မှုအပေါ် ဒေသခံတွေ ဆန္ဒထုတ်ဖော်လာတာကြောင့် အခြေအနေမှန်ကို စစ်ဆေးဖော်ထုတ်ပြီး အရေးယူမယ်လို့ တမူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

    “တပ်သားသစ်စုဆောင်းလို့ အရေးယူတာမဟုတ်ဘဲ ပြည်သူတွေပြောသလို အိမ်ပေါ်ကို ခြိမ်း ခြောက်တာ၊ တံခါးရိုက်ဖွင့်တာနဲ့ သေနတ်နဲ့ချိန်တာမျိုးလုပ်တဲ့ သက်ဆိုင်သူအားလုံးကို အရေးယူမှု ရှိသွားမယ်” လို့ သူက ပြောပါတယ်။

    တမူးမြို့နယ်ထဲက မင်းသမီး၊ ဇီးဖြူကုန်း၊ ရွာသာနဲ့ ဘုက္ကန်ရွာတွေရဲ့ ဒေသခံတွေက တမူး PDF ရဲ့ တပ်သားသစ်စုဆောင်းမှုကိုဒီလ ၁၅ ရက်နဲ့ ၁၆ ရက်တွေမှာ ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

    ဒေသခံတွေရဲ့ အပြောအရ တပ်သားသစ်စုဆောင်းခံရသူ ၂၆၀ ကျော်ရှိတယ်ဆိုတဲ့ အချက်အလက်ကိုတော့ တမူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုပါတယ်။

    “ကျွန်တော်တို့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကို တပ်သားသစ် ၃ ယောက်နေ ၅ယောက် စုဆောင်း‌ပေးဖို့ မေတ္တာရပ်ခံတိုက်တွန်းလိုက်တာရှိပါတယ်။ ဒါကို လျစ်လျူရှုပြီး လုံးဝ စုဆောင်းပေးတာ မလုပ်ဘဲ ထားတဲ့နောက်ပိုင်းမှာ တချို့တပ်ရင်းတွေက စိတ်လိုက်မာန်ပါနဲ့ လက်လွန်သွားတဲ့ သဘောပါ” လို့ သူက ပြောပါတယ်။

    လက်ရှိမှာတော့ ဆန္ဒထုတ်ဖော်ခံရတဲ့ဖြစ်စဥ်အပေါ် စစ်ဆေးဖို့ ဆောင်ရွက်နေဆဲဖြစ်တယ်လို့ဆိုပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်သည်တော်များကျင့်ဝတ်မှာတော့ အရပ်သားတွေကို အတင်းအကျပ် ပေါ်တာဆွဲတာမလုပ်‌ဆောင်ဖို့ ထည့်သွင်းထားပါတယ်။

    NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက် တပ်ရင်းက ဒေသခံအမျိုးသားတွေကို အတင်းအကျပ် စစ်မှုထမ်းဖို့ စုဆောင်းတယ်ဆိုပြီး ဒေသခံတွေ ဆန္ဒပြကြတဲ့ကျေးရွာတွေဟာ မြန်မာနဲ့ အိန္ဒိယ နှစ်နိုင်ငံနယ်စပ်မှာ NUG ထိန်းချုပ်ထားတဲ့ ခမ်းပတ်မြို့အနီးက ကျေးရွာတွေဖြစ်ကြပါတယ်။

  13. မင်္ဂလာပါ။ ဖေဖော်ဝါရီ ၁၈ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။