ယူကရိန်းက စစ်ပွဲမှာ နိုင်ခြေရှိသလား၊ ဘယ်လိုအပြောင်းအလဲတွေ ရှိနိုင်သလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရုရှားက ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်မှု တလကျော်လာတဲ့အချိန်အထိ ယူကရိန်းတပ်တွေက ကြံ့ကြံ့ခံထားနိုင်ဆဲ ဖြစ်ပါတယ်။
ယူကရိန်းတပ်တွေဟာ အခုလို ကြံ့ကြံ့ခံနိုင်တဲ့အဆင့်ကနေ နောက်တဆင့်တိုးပြီး ရုရှားတွေ သိမ်းထားပြီးတဲ့ နေရာတွေကို ပြန်လည် တိုက်ယူဖို့အထိပါ လုပ်ဆောင်လာကြပြီ ဖြစ်ပါတယ်။
အခုလို ပြန်လည် တိုက်ခိုက် ရယူဖို့ ကြိုးစားမှုတွေကို မတ်လကုန်လောက်မှာ စတင်လုပ်ဆောင်လာရာမှာ ကိယက်ဗ်မြို့အနီးတဝိုက်နဲ့ နိုင်ငံမြောက်ပိုင်းက ချာနီဟိဗ်မြို့တွေမှာ စတင်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
အခုလို အခြေအနေတွေ အတွင်းမှာ ပြည်ပထွက်ပြေးကြတဲ့ ယူကရိန်းနိုင်ငံသား လေးသန်းလောက် ရှိသွားပြီဖြစ်ပြီး ယူကရိန်းပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးရှောင်အရေအတွက်ကလည်း စုစုပေါင်း လူဦးရေရဲ့ လေးပုံတပုံ အထိ ရှိနေပြီလို့ ယူဆထားကြပါတယ်။
အခုလို အနေအထားမှာ ယူကရိန်းဘက်က ရုရှားတပ်တွေကို ပြန်လည် တွန်းလှန်ပြီး အနိုင်ယူနိုင်ခြေ ရှိမရှိ ဆိုတဲ့ မေးခွန်းအပါအဝင် ယူကရိန်းစစ်ပွဲ ဆိုင်ရာ ရှေ့ရေး အလားအလာတွေကို ယူကရိန်းမြို့တော် ကိယက်ဗ် အခြေစိုက် ဘီဘီစီ သတင်းထောက် အော်လာ ဂွာရင်နဲ့ ရုရှားမြို့တော် မော်စကို အခြေစိုက် ဘီဘီစီ သတင်းထောက် ဂျန်နီ ဟီးလ် တို့က အောက်ပါအတိုင်း သုံးသပ်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိုလာ ဂွာရင် - ကိယက်ဗ် အခြေစိုက် ဘီဘီစီသတင်းထောက်ရဲ့ သုံးသပ်ချက်များ
ယူကရိန်းက ရုရှားအပေါ် စစ်ရေးအသာရပြီး ပြန်လည်တွန်းလှန်နိုင်တဲ့အထိ ဖြစ်လာမလား
လက်ရှိ စစ်ရေးအနေအထားအရ ယူကရိန်းရော ရုရှားဘက်ကပါ အများထင်မထားတဲ့ စစ်ရေးလှုပ်ရှားမှု ပုံစံတွေကို တွေ့ခဲ့ကြရပါတယ်။
ဒီစစ်ပွဲမှာ ယူကရိန်းဘက်က အများထင်မထားဘဲ သူ့ထက် အစစအရာရာ သာလွန်တဲ့ ရုရှားကို စွမ်းရည်ပြည့်ပြည့်၊ ခေါင်းမာမာနဲ့ တောင့်ခံထားနိုင်သလို ရုရှားကလည်း အင်အားသာလွန်ပေမယ့် စုစုစည်းစည်းမရှိဘဲ ထိထိရောက်ရောက် တိုက်ခိုက်မှုတွေ မလုပ်နိုင်တာကို ကမ္ဘာက တအံ့တသြ တွေ့ခဲ့ကြရပါတယ်။
ယူကရိန်းတပ်တွေရဲ့ အဆိုအရ ရုရှားတွေ ကိယက်ဗ်မြို့ပြင်က စစ်မျက်နှာပြင် တနေရာကို တလအတွင်း လေးကြိမ် တိုက်ခိုက်ခဲ့ရာမှာ လေးကြိမ်လုံး မအောင်မြင်ခဲ့ဘူးလို့ ပြောဆိုခဲ့ကြပြီး သက်သေအဖြစ်လည်း ရုရှားတင့်ကားနဲ့ စစ်ကားတွေ ဒါဇင်ဝက်လောက် မီးလောင်ပျက်စီးနေတာကိုလည်း တွေ့ရပါတယ်။
ရုရှားဟာ မြို့တော်ကိယက်ဗ်အပါအဝင် မြို့ကြီးတွေကို သိမ်းပိုက်ဖို့ ထိုးစစ်ဆင်နေပေမယ့် ယူကရိန်းတောင်ပိုင်းက ခါဆန်မြို့ကလွဲလို့ မြို့ကြီးတွေကို မသိမ်းနိုင်သေးဘဲ ဖြစ်နေပါတယ်။
မြို့တော်ကိယက်ဗ်မှာဆိုရင် ယူကရိန်းတပ်တွေက မြို့ပြင် စစ်မြေပြင်ကို ဆက်လက် ထိန်းထားနိုင်တဲ့အတွက် အခြားမြို့ကြီးတွေကို ရုရှားတွေက လက်နက်ကြီးနဲ့ ပစ်သလို ပစ်လို့မရအောင် ကာကွယ်ထားနိုင်တာကို တွေ့ရပါတယ်။
ဒါပေမဲ့လည်း အခုလို အနေအထားက ရေရှည်စစ်ပွဲတခုရဲ့ အစသာ ဖြစ်နိုင်တဲ့ အခြေအနေလည်း ရှိနေပြီး လောလောဆယ်မှာ ရုရှားက ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသကို အာရုံစိုက်မယ်လို့ ဆိုပေမယ့် ရေရှည်မှာ ရုရှားဘက်က စစ်အင်အားအလုံးအရင်း ဆက်လွှတ်ပြီး မြို့သိမ်းတိုက်ပွဲတွေ ပြင်းထန်လာနိုင်ခြေ ပြန်ရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, JEREMY BOWEN
ယူကရိန်းမှာ စစ်ပွဲပြီးသွားရင် မပေါက်ကွဲသေးတဲ့ လက်နက်တွေရဲ့ အန္တရာယ် ဘယ်လောက်အထိ ရှိနိုင်သလဲ
ယူကရိန်းမှာ စစ်ပွဲပြီးသွားရင်တောင် မပေါက်ကွဲသေးတဲ့ လက်နက်တွေကြောင့် ကူးသန်းသွားလာ နေထိုင်ခြင်း မပြုနိုင်တဲ့ မြေဧရိယာတွေ အများအပြား ရှိနေနိုင်ပါတယ်။
ဒီလို အန္တရာယ်ပေးနိုင်ရာတဲ့ လက်နက်တွေထဲမှာ မြေမြှုပ်မိုင်းတွေလည်း အပါအဝင်ဖြစ်ပြီး ဒါတွေကို မိုင်းရှင်းအဖွဲ့အစည်းတွေက မရှင်းနိုင်ဘူးဆိုရင် နှစ်ပေါင်းများစွာ ဒုက္ခပေးနိုင်ပါတယ်။
အမှန်တကယ်ဆိုရင် လက်ရှိ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ် မဖြစ်ခင်ကတည်းက မြေမြှုပ်မိုင်း အန္တရာယ်က ယူကရိန်းမှာ ရှိနှင့်ပြီးသားဖြစ်ပါတယ်။
ယူကရိန်းအရှေ့ပိုင်းက ရုရှားနောက်ခံပြု ခွဲထွက်ရေးသမားတွေနဲ့ ယူကရိန်းအစိုးရတို့ရဲ့ စစ်ပွဲအနေအထားက ၂၀၁၄ ကတည်းက အခုအထိ ဆက်ရှိနေရာမှာ လက်ရှိစစ်ပွဲမစခင် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလအတွင်း မိုင်းကွင်းတွေကို ရှောင်ရှားပြီး သတင်းသမားတွေ လှုပ်ရှားခဲ့ရပါတယ်။
လက်ရှိ ယူကရိန်းရာသီဥတုအရ နှင်းခဲပျော်ချိန်ဖြစ်တဲ့အတွက် ရွှံ့မြေဖြစ်သွားတဲ့ အနေအထားကြောင့် မိုင်းတွေ နေရာရွေ့တဲ့ အန္တရာယ်လည်း ရှိနိုင်ပြီး မူလရှိတယ်လို့ မြေပုံဆွဲထားတဲ့ မိုင်းကွင်းအပြင်ဘက်မှာပါ မိုင်းတွေ ရှိနေနိုင်တဲ့ အန္တရာယ်ပါ တိုးလာပြီ ဖြစ်ပါတယ်။
ယူကရိန်းမြို့တော် ကိယက်ဗ်အပြင်ဘက် မြောက်ပိုင်းက အီယာပင်မြို့မှာဆိုရင် လမ်းတွေပေါ်မှာပါ မိုင်းထောင်ထားတဲ့အတွက် အသက်အန္တရာယ်ရှိမယ်လို့ ယူကရိန်းစစ်တပ်က သတိပေးထားပါတယ်။
ယူကရိန်းစစ်ပွဲအတွင်း အခြေခံ အဆောက်အဦတွေ ပျက်စီးမှုအတွက် ဘယ်သူက အကုန်အကျခံမလဲ
ယူကရိန်းစစ်ပွဲအတွင်း အကြီးဆုံး နစ်နာဆုံးရှုံးမှုကတော့ လူ့အသက်တွေပဲ ဖြစ်ပြီး ကုလသမဂ္ဂထုတ်ပြန်တဲ့ စာရင်းဇယားအရ အတည်ပြုနိုင်တဲ့ အရပ်သား သေဆုံးမှုက ၁၂၀ဝ ရှိတယ်လို့ ဆိုပေမယ့် တကယ်တမ်း ဒီပမာဏထက် အများကြီး ပိုများနိုင်ပါတယ်။
ယူကရိန်းစစ်ပွဲအတွင်း အပျက်အစီး အများဆုံး မြို့ကတော့ နိုင်ငံတောင်ပိုင်းက မာရီယူပိုးလ်မြို့ဖြစ်ပါတယ်။
ယူကရိန်းအာဏာပိုင်တွေ အပြောအရအဆိုရင် ဒီမြို့မှာ သေဆုံးတယ်လို့ အတည်ပြုနိုင်တဲ့အရပ်သား ၅၀ဝ၀ လောက်ရှိပြီး အမှန်တကယ် သေဆုံးသူ အရေအတွက်က အဲဒီထက် နှစ်ဆ လောက်အထိ များနိုင်တယ်လို့လည်း ပြောပါတယ်။
ဒီနေရာမှာ အခုလို စစ်ပွဲအခြေအနေက သတင်းအချက်အလက်အရပါ စစ်ပွဲဖြစ်နေတာ ဖြစ်တဲ့အတွက် နှစ်ဖက်စလုံးက ထုတ်ပြန်တဲ့ တပ်သား၊ အရပ်သား သေဆုံးမှု အပါအဝင် နယ်မြေသိမ်းပိုက်နိုင်မှု အခြေအနေ စတာတွေကို သတိကြီးကြီးထားပြီး သုံးသပ် ယူဆဖို့လည်း လိုအပ်ပါတယ်။
ယခင် ကော်ဖီဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ ပန်းခြံမှာ လမ်းလျှောက်သူတွေ အစရှိသဖြင့် စည်စည်ကားကားရှိနေခဲ့တဲ့ ဒီဆိပ်ကမ်းမြို့ကြီးဟာ ဂြိုဟ်တု ဓာတ်ပုံတွေအရဆိုရင် မီးလောင်ပြင်တွေပဲ အများစုမြင်ရတော့တယ်လို့ ဆိုကြပြီး လူနေအိမ် စုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကလည်း လက်နက်ဒဏ်ခံရတာ၊ ဒါမှမဟုတ် လုံးဝပျက်စီးသွားတဲ့ အခြေအနေမှာ ရှိတယ်လို့ ဆိုပါတယ်။
အခုလို ပျက်စီး ဆုံးရှုံးရမှုတွေအတွက် ရုရှားကပြန်လည်ပေးဆပ်ရမယ်လို့ ယူကရိန်းသမ္မတ ဗလိုဒီမီယာ ဇလန်းစကီးက ပြောဆိုထားပြီး သဘောတရားအားဖြင့်လည်း လက်ရှိ စက်မှုထိပ်သီး ၇ နိုင်ငံက ဆိုင်းငံ့ထားလိုက်တဲ့ နိုင်ငံတကာရောက် ရုရှားပိုင်ဆိုင်မှုတွေထဲကလည်း ယူကရိန်းပြန်လည် တည်ဆောက်ရေးမှာ အသုံးပြုဖို့ ဖြစ်လာနိုင်ပါတယ်။
မော်စကို အခြေစိုက် ဘီဘီစီ သတင်းထောက် ဂျန်နီ ဟီးလ် ရဲ့ ယူကရိန်းစစ်ပွဲ သုံးသပ်ချက်များ
အရှေ့အလယ်ပိုင်းကပါ ရုရှားက ယူကရိန်းစစ်ပွဲမှာ တိုက်ဖို့ခေါ်နေတာက ကိုယ့်တပ်အပေါ်မှာ မယုံလို့လား
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ယူကရိန်းစစ်ပွဲမှာ ပါဝင်တဲ့ သူတို့တပ်သားတွေဟာ အတွေ့အကြုံမရှိ၊ မပြင်ဆင်ထားတဲ့ တပ်သားတွေဖြစ်တယ် ဆိုတဲ့ အချက်ကို ငြင်းဆိုထားပါတယ်။
ဒါပေမဲ့လည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနကိုယ်တိုင်က သူတို့ဟာ ယူကရိန်းစစ်ပွဲကို တပ်သားသစ်တွေလည်း စေလွှတ်တိုက်ခိုက်စေခဲ့တယ် ဆိုတာကို ဝန်ခံထားရပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အစ္စလာမ္မစ်နိုင်ငံအဖွဲ့ အိုင်းစစ်စ် ကို တိုက်ခိုက်ခဲ့ဖူးသူ အများစု ပါဝင်တဲ့ အရှေ့အလယ်ပိုင်းဒေသက ဆန္ဒအလျောက် ရုရှားဘက်က ဝင်တိုက်ပေးမယ့် တပ်သား ၁၆၀ဝ၀ လောက် အသင့်ရှိနေတယ်လို့လည်း ရုရှားအစိုးရဘက်က ပြောဆိုထားပါတယ်။
အခုလို ပါဝင်မယ့် တပ်သားတွေဟာ ရုရှားစစ်တပ်က တပ်သားတချို့တွေထက်တောင် အတွေ့အကြုံပိုရင့်နိုင်ပြီး အထူးသဖြင့် မြို့သိမ်းတိုက်ပွဲအတွက် အရေကြီးတဲ့ မြို့ပြလမ်းတွေပေါ် တိုက်ခိုက်မှုတွေမှာ ပိုပြီး စွမ်းရည်မြင့်သူတွေ ဖြစ်နေနိုင်တယ်လို့ စစ်ရေးကျွမ်းကျင်သူတချို့က သုံးသပ်ထားကြပါတယ်။
ရုရှားစကားပြောသူတွေလည်း များပြားတဲ့ ယူကရိန်းကို ဝင်ရောက်တဲ့ ရုရှားစစ်သားတွေ အနေနဲ့ သူတို့နဲ့ လူမျိုးရေး နီးစပ်မှုရှိတဲ့ ယူကရိန်းနိုင်ငံသားတွေကို သတ်ဖြတ်ဖို့ တွန့်ဆုတ်နိုင်ပေမယ့် အဲဒီ အရှေ့အလယ်ပိုင်းက တပ်သားတွေကတော့ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့လည်း သုံးသပ်သူ တချို့က ဆိုပါတယ်။
အဲဒီ တပ်သားတွေရဲ့ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်တဲ့ ပုံစံတွေကလည်း ယူကရိန်းတပ်သားတွေအပေါ်မှာ စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှု တစုံတရာ ရှိနိုင်တယ်လို့ ဆိုပါတယ်။
ရုရှားအစိုးရကလည်း ဒီလိုအချက်တွေကို သတိပြုမိပုံရပြီး အဲဒီ အရှေ့အလယ်ပိုင်းက တပ်သားတွေကို ယူကရိန်းကို ဘယ်အချိန် ဘယ်လို လွှတ်မယ်ဆိုတာ တရားဝင် တိတိကျကျ မပြောသေးတဲ့ကြားက ဒီအကြောင်းကို လူသိများအောင် ဖြန့်ကျက် ပြောကြားနေတာကို တွေ့ရပါတယ်။
ယူကရိန်းစစ်ပွဲကြာလာတာနဲ့အမျှ ရုရှားပြည်တွင်း အုံကြွမှုတွေကစလို့ ပူတင်ဖြုတ်ချခံရတဲ့အထိ ဖြစ်လာမလား
ရုရှားအစိုးရဟာ သူတို့ရဲ့ ယူကရိန်းစစ်ပွဲကို ဆန့်ကျင်တဲ့ ရုရှားနိုင်ငံသားတွေကို တင်းတင်းကြပ်ကြပ် နှိမ်နင်းနေရာမှာ အခုလို ဆန့်ကျင်သူ အများအပြား ရုရှားနိုင်ငံကနေ ထွက်ခွာသွားကြပြီလို့ ဆိုပါတယ်။
အခုလို အခြေအနေမှာ နေ့စဉ်လိုလို ရှိခဲ့တဲ့ စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေလည်း ရုရှားမှာ နည်းပါးသွားပြီ ဖြစ်ပါတယ်။
အဲဒီ ဆန္ဒပြပွဲတွေဟာ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ် စတင်တဲ့ ပထမ သုံးပတ်အတွင်း နေ့စဉ်လိုလို ရှိခဲ့ရာမှာ လူပေါင်း တသောင်းခွဲလောက်လည်း အဖမ်းခံခဲ့ရပြီး နောက်ပိုင်းမှာ အလွတ်တန်း သတင်းသမားတွေအများစု အပါအဝင် စစ်ဆန့်ကျင်တဲ့ ရုရှားနိုင်ငံသား အများအပြားက တူရကီ၊ အာမေးနီးယားနဲ့ ဂျော်ဂျီယာနိုင်ငံတွေကို ထွက်ပြေးသွားကြတာကို တွေ့ရပါတယ်။
အစိုးရထုတ်ပြန်တဲ့ ရုရှားလူထုသဘောထားကောက်ခံမှု ရာခိုင်နှုန်း ကိန်းဂဏန်းတွေကို သံသယမျက်လုံးနဲ့ ကြည့်သင့်တယ် ဆိုပေမယ့် တသမတ်တည်း တိုးတက်လာတဲ့ ပူတင်ထောက်ခံသူ အရေအတွက်ကိုလည်း သတိထားသင့်ပါတယ်။
ရုရှားပြည်တွင်းက လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ပိတ်ဆို့၊ ပိတ်သိမ်း ခံရတာတွေကြောင့် အစိုးရ ဝါဒဖြန့်တဲ့ သတင်း မဟုတ်ရင် အခြား ရွေးချယ်စရာ မီဒီယာ မရှိသလောက် ဖြစ်တာကလည်း အကြောင်းအရင်းတခုလို့ ဆိုနိုင်ပါတယ်။
ရုရှားအစိုးရ အာဘော်အရ ဆိုရင် ရုရှားစစ်သားတွေဟာ ယူကရိန်းနိုင်ငံအတွင်းက ရုရှားစကားပြောသူတွေ တိုက်ခိုက်ခံရမှာကို ကာကွယ်ဖို့နဲ့ ယူကရိန်း အမျိုးသားရေး ဝါဒီတွေနဲ့ နာဇီလက်သစ်တွေက လူမျိုးတုန်းသတ်ဖြတ်မှု လုပ်တာတွေကို ကာကွယ်ဖို့အတွက် တိုက်ခိုက်ရတာ ဆိုပြီး ဝါဒဖြန့်ထားတာ ဖြစ်ပါတယ်။
ရုရှားပြည်သူတွေ အနေနဲ့ အစိုးရသတင်းဌာနတွေက ထုတ်လွှင့်တာတွေကိုပြီး ကြည့်ရှု ဖတ်ရှုမယ် ဆိုရင် အမေရိကန် အကူအညီနဲ့ ဇီဝလက်နက်တွေ ထုတ်လုပ်နေပြီး နျူးကလီးယားလက်နက်ပါ လိုချင်နေတဲ့ ရန်လိုတဲ့ ယူကရိန်းအစိုးရကို တိုက်ခိုက်တာဟာ တရားသော စစ်ပွဲ ဆင်နွှဲတာ ဆိုပြီး အထင်ရောက်သွားနိုင်ပါတယ်။
ရုရှားကို စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုတွေရဲ့ သက်ရောက်မှုကြောင့် ရုရှားပြည်တွင်း ကုန်ဈေးနှုန်းတွေလည်း တက်လာပြီ ဖြစ်ပေမဲ့ ဒါကို ရုရှားအစိုးရက အနောက်အုပ်စုရဲ့ ရန်လို လုပ်ဆောင်မှုတခုအဖြစ် ပုံဖော်နေတဲ့အတွက် ရုရှား ပြည်တွင်း လူထုမကျေနပ်မှုကနေ တော်လှန်ရေး အသွင်ပြောင်းမယ့် အလားအလာကိုတော့ မတွေ့ရသေးပါဘူး။
ငြိမ်းချမ်းရေးယူနိုင်ခဲ့ရင် ကရိုင်းမီးယားနဲ့တကွ ရုရှားနဲ့ ရုရှားနောက်ခံ သူပုန်သိမ်း နယ်မြေတွေ ဘယ်လိုဖြစ်သွားနိုင်သလဲ
ရုရှားဟာ ၂၀၁၄ မှာ ကရိုင်းမီးယားပြည်တွင်း လူထုဆန္ဒခံယူပွဲ လုပ်စေပြီး ယူကရိန်းထိန်းချုပ်မှုအောက်ကနေ ရုရှားအောက်ကို ဖဲ့ယူခဲ့ရာမှာ ဒီကိစ္စအပေါ် နိုင်ငံတကာက ရုရှားပိုင်အဖြစ် သမ္မတပူတင်က အသိအမှတ်ပြု ပေးစေချင်ပြီးသား ဖြစ်ပါတယ်။
အခုလို ရုရှားပိုင်အဖြစ် လက်ခံဖို့အရေးကို ၁၅ နှစ်ကြာ ဆွေးနွေးပွဲ ပြုလုပ်ပြီး ညှိနှိုင်းဖို့ ယူကရိန်းဘက်က အဆိုပြုထားပေမဲ့ ဒီလို အချိန်ယူမယ့် အခြေအနေကို ရုရှားဘက်က လက်ခံနိုင်ဖွယ်ရာ မရှိဘူးလို့ သုံးသပ်ရပါတယ်။
လွတ်လပ်တဲ့ နိုင်ငံတွေ အဖြစ် ကိုယ်တိုင် ကြေညာခဲ့တဲ့ ဒွန်းနက်စ်က် နဲ့ လူ့ဟန့်စ်က် ဒေသတွေကိုလည်း နိုင်ငံတကာက အသိအမှတ်ပြုပေးဖို့ မစ္စတာ ပူတင်က လိုလားနေရာမှာ ကရိုင်းမီးယားလို ရုရှားနယ်နိမိတ်အောက် ထည့်တာ မဟုတ်ပေမဲ့ တကယ်တမ်းမှာတော့ ရုရှားထိန်းချုပ်မှုအောက်မှာ ရှိနေမယ့် ဒေသတွေအဖြစ် ဆက်ရှိနေနိုင်ပါတယ်။
ရုရှားအစိုးရဟာ ယူကရိန်းအရှေ့ပိုင်းက အဲဒီ ဒေသနှစ်ခု အပါအဝင် ဒွန်းဘတ်စ် ဒေသတခုလုံးအရေးကို ပိုပြီး အာရုံစိုက်မယ်လို့ လတ်တလော ပြောကြားထားတဲ့အတွက် လက်ရှိ သူတို့သိမ်းထားပြီးတဲ့ ယူကရိန်းနယ်မြေတွေကို ဆက်ကိုင်ထားမယ့် အနေအထား တွေ့ရပါတယ်။
ယူကရိန်းစစ်ပွဲမှာ ရုရှားတပ်သားတွေဆီက သတင်းရယူနိုင်တဲ့ အခြေအနေ ဘယ်လိုရှိနေသလဲ
ရုရှားအစိုးရဟာ ယူကရိန်းစစ်ပွဲအတွင်းက အခြေအနေ သတင်းအချက်အလက်တွေ ရုရှားဘက်ကို ပြန်သွားတဲ့ အပိုင်းကို တင်းတင်းကျပ်ကျပ် လုပ်ထားတာကို တွေ့ရပါတယ်။
ရုရှားပြည်တွင်းမှာ အထူးစစ်ဆင်ရေးလို့ ခေါ်ဆိုနေတဲ့ ယူကရိန်းကျူးကျော်စစ်ရဲ့ အောင်မြင်မှုတွေကိုလည်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက အစဉ်တစိုက် ဖော်ပြနေတာကို တွေ့ရပါတယ်။
အခုလို အနေအထားမှာ တိုက်ပွဲဝင် ရုရှားစစ်သားတွေကို အစိုးရက စမတ်ဖုန်း အသုံးပြုခွင့် ပိတ်ပင်ထားပြီး ရုရှားစစ်တပ်ကို နာမည်ပျက်စေမယ့် သတင်းမှားတွေ ပြောဆိုမယ်ဆိုရင် ရာဇဝတ်မှုမြောက်မယ်ဆိုတဲ့ ကန့်သတ်ချက်တွေလည်း ရှိနေပါတယ်။
တိုက်ပွဲဝင် ရုရှားစစ်သားတွေရဲ့ အခြေအနေကို သူတို့ရဲ့ မိသားစုတွေဆီကို ပြန်ပြောပေးတဲ့ လွတ်လပ်သော အဖွဲ့အစည်းတခု ရှိရာမှာ အခုလို လုပ်ဆောင်ပေးနေတာတွေ ရပ်တန့်ဖို့ အာဏာပိုင်တွေက ပြောကြားလာတာ ရှိတယ်လို့ အဲဒီအဖွဲ့က ဘီဘီစီကို ပြောဆိုထားပါတယ်။













