နွေဦးတော်လှန်ရေးနဲ့ FGC-9 သရီးဒီ ပရင်တာထုတ် လက်နက်အမျိုးအစား

သရီးဒီ ပရင်တာ သုံးပြီး သေနတ်ထုတ်နိုင်တဲ့ KNDF

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သရီးဒီ ပရင်တာ သုံးပြီး သေနတ်ထုတ်နိုင်တဲ့ KNDF

ယူကေမှာ ရာဇဝတ်ဂိုဏ်းတွေကို ရောင်းဖို့ ရည်ရွယ်ပြီး သရီးဒီပရင့်တာနဲ့ သေနတ်တွေ ထုတ်နေလို့ ဆိုပြီး အခု မေလ အစောပိုင်းမှာ လူ ၂ ဦးကို ထောင်နှစ်ရှည် ချမှတ်လိုက်ပါတယ်။

စုစုပေါင်း ထောင်ဒဏ် ၃၁ နှစ် အထိ ပြစ်ဒဏ် ချခံရသူတွေကတော့ တက္ကသိုလ် ကထိက တစ်ဦးဖြစ်တဲ့ ဆီဘူဆစ်ဆို မိုရိုနဲ့ ခရစ္စတိုဖာဂျေးလ် ဆိုသူတို့ ဖြစ်ပါတယ်။

မိုရိုဟာ ကွန်ပျူတာသိပ္ပံဘာသာရပ် ကျွမ်းကျင်သူ ဖြစ်ပြီး၊ အခုလို ရာဇဝတ်ဂိုဏ်းတွေ အတွက် သရီးဒီ သေနတ်တွေ ထုတ်ပေးတဲ့ အော်ပရေးရှင်းတစ်ခုလုံးရဲ့ နောက်ကွယ်က တကယ့် ကြိုးကိုင် ဖန်တီးသူ အဖြစ် ယူကေ အာဏာပိုင်တွေက ယူဆပါတယ်။

သူတို့ သရီးဒီနဲ့ ထုတ်တဲ့ သေနတ် အမျိုးစားကို အတိုကောက် FGC-9 လို့ အသိများပါတယ်။ F ကတော့ ဆဲဆိုတဲ့ စကားလုံး F**K ရဲ့ အတိုကောက်၊ G ကတော့ သေနတ် Gun ဖြစ်ပြီး၊ C ကတော့ Control ဖြစ်ပါတယ်။ သေနတ်ထိန်းချုပ်မှုကို ဆန့်ကျင်တဲ့ အတွေးအမြင်ကို အရင်းခံထားပြီး တီထွင်ကြံဆထားတာ ဖြစ်ပါတယ်။

ယူကေမှာ သရီးဒီလက်နက်မှုကို ပထမဆုံး ထောင်ချ အပြစ်ပေးတဲ့ အမှုဖြစ်လို့ အများရဲ့ အာရုံစိုက်မှု ခံရပါတယ်။ ဒါပေမယ့်လည်း သရီးဒီနဲ့ ထုတ်တဲ့ သေနတ်တွေဟာ ဥရောပမှာ အသုံးများ တွင်ကျယ်နှင့်ပြီး ဖြစ်သလို၊ ဆက်စပ်အမှုခင်းတွေ တိုးတိုးလာနေတယ် ဆိုပြီး အကဲခတ်တွေက ဆိုပါတယ်။

တကယ်တော့ ဥရောပတင်မကပါဘူး၊ သရီးဒီ ပရင့်တာနဲ့ သေနတ် အစိတ်အပိုင်းတွေ ထုတ်ပြီး တပ်ဆင်တဲ့ နည်းပညာကြောင့် ကမ္ဘာအနှံ့မှာပါ သေနတ်ရယူ ကိုင်ဆောင်နိုင်တဲ့ အခွင့်အလမ်းတွေ ပိုလိုတိုးလာတဲ့ ပြဿနာ ကြုံနေရတယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။

သရီးဒီ ပရင့်တာ အသုံးပြုပြီး သေနတ်ထုတ်တာကို စလုပ်ခဲ့တာဟာ ၁၀ နှစ် သက်တမ်းပဲ ရှိပါသေးတယ်။ ၂၀၁၃ ကမှ အမေရိကန် တက္ကဆက်ပြည်နယ်က အသက် ၂၅ နှစ် အရွယ်ပဲ ရှိသေးတဲ့ သေနတ်ဝါသနာအိုး ကော့ဒီ ဝီလ်ဆင်ဆိုသူ စပြီး လုပ်ကြည့် ခဲ့တာ ဖြစ်ပါတယ်။

အဲဒီကနေမှ တဆင့် သရီးဒီ ပရင့်တာတွေနဲ့ ထုတ်တဲ့ သေနတ်တွေ၊ ထုတ်ပုံထုတ်နည်းတွေ ပျံ့နှံ့သွားတာမှာ အခုဆိုရင် ကမ္ဘာအနှံ့က အကြမ်းဖက် အဖွဲ့တွေ၊ လက်နက်ကိုင် သူပုန် အုပ်စုတွေနဲ့ မြို့ပြ ရာဇဝတ်ဂိုဏ်းတွေရဲ့ လက်ထဲမှာ သရီးဒီ ပရင့်တာနဲ့ ထုတ်ထားတဲ့ သေနတ်တွေ ရှိနေကြပြီလို့ လက်နက် ကျွမ်းကျင်သူတွေက ဆိုပါတယ်။

မြန်မာ့တော်လှန်ရေးအင်အားစုတွေအတွက် သရီးဒီပရင့်တာသုံး သေနတ်အစိတ်အပိုင်းတွေထုတ်

ဓာတ်ပုံ ရင်းမြစ်, Jake Hanrahan Twitter

ဓာတ်ပုံ ပုံစာ, မြန်မာ့တော်လှန်ရေးအင်အားစုတွေအတွက် သရီးဒီပရင့်တာသုံး သေနတ်အစိတ်အပိုင်းတွေထုတ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သရီးဒီ ပရင့်တာနဲ့ ထုတ်တဲ့ သေနတ်တွေကို တစ္ဆေသေနတ်၊ ကိုယ်ပျောက်သေနတ် ghost guns တွေ ဆိုပြီးတော့လည်း တင်စား ခေါ်ကြပါတယ်။ အထူးသဖြင့် အမေရိကန်မှာ အဲဒီ အသုံး တွင်ကျယ်ပါတယ်။ အကြောင်းကတော့ သေနတ်မှာ ဘယ်လို ဆီရီရယ်နံပါတ်မျိုးမှ မပါဝင်တဲ့ အတွက် ဘယ်လိုမှ နောက်ယောင်ခံ မလိုက်နိုင်လို့ ဖြစ်ပါတယ်။

ဥရောပမှာ ဆိုရင်တော့ အဲဒီလို သေနတ်မျိုးတွေကို ကိုင်ဆောင်ပြီး ရာဇဝတ်မှုကျုးလွန်သူ၊ အကြမ်းဖက်မှုတွေ ကျုးလွန်ကြသူတွေဟာ နာဇီလက်သစ် နီယိုနာဇီတွေ၊ လက်ျာစွန်း အုပ်စုဝင်တွေ ဖြစ်တာကို များသော အားဖြင့်တွေ့ရတယ်လို့ ဗိုက်စ် သတင်းဌာနရဲ့ လောလောလတ်လတ် သတင်းဆောင်းပါးထဲ ဖော်ပြထားပါတယ်။

ဥပမာဆိုရရင် ၂၀၁၉ ဂျာမနီမှာ ဖြစ်ခဲ့တဲ့ အမှုတစ်ခုဆိုရင် ဂျုး ဘုရားကျောင်းတစ်ခုရဲ့ အပြင်ဘက်မှာ "လူဖြူသာအမြတ်ဆုံးဝါဒီ" စတီဖဲန်ဘာလိယက် ဆိုတဲ့ လူမျိုးရေး၊ အမျိုးသားရေး အစွန်းရောက်သမားက လူနှစ်ယောက်ကို ပစ်သတ်ခဲ့ပါတယ်။ သူကိုင်ဆောင်ထားတဲ့ သေနတ်တွေဟာ သရီးဒီ ပရင့်တာက ထုတ်ထားတဲ့ အစိတ်အပိုင်းတွေနဲ့ တပ်ဆင်ထားတဲ့ လုပ်သေနတ်တွေ ဖြစ်ပါတယ်။

တခါ၊ မြောက်အိုင်ယာလန်မြို့တော် ဘဲလ်ဖတ်စ်မှာ ဆိုရင်လည်း ရီပတ်ဘလစ်ကင် လက်နက်ကိုင် အုပ်စုတစ်ခုရဲ့ ဂိုဏ်းသားတွေကို FGC-9 ထက် ပိုငယ်တဲ့ အမျိုးအစား FGC-22 သရီးဒီထုတ် သေနတ်တွေ ကိုင်ဆောင်ရင်းသား အီစတာပွဲတော်ရက်အတွင်း စုဝေး နေကြတာကို မြင်တွေ့ခဲ့ကြရပါတယ်။

ထို့အတူပဲ၊ လန်ဒန်မြို့ ဟီးသရိုးလေဆိပ်မှာ အခုနှစ်ဆန်း ဇန်နဝါရီလတုန်းက သရီးဒီနဲ့ ထုတ်မယ့် MAC- 10 အမျိုးစား စက်သေနတ် အငယ်စား လုပ်ပုံလုပ်နည်း အခြေခံ ဒီဇိုင်း စာရွက်တွေကို လူတစ်ယောက်ရဲ့ ဖုန်းပေါ်မှာ တွေ့ရှိခဲ့ပါတယ်။ အဲဒီ သရီးဒီ သေနတ်ထုတ်နည်း ဘလူးပရင့်တွေကို KFC ကြက်ကြော် အတွက် အရသာမှုန့်စပ်နည်း ဆိုပြီး နာမည်ပေးထားတဲ့ ဖိုင်အောက်မှာ သိမ်းထားတာ ဖြစ်ပါတယ်။ ဖမ်းမိသူဟာ အစ္စလာမ်မစ် အစွန်းရောက် ဝါဒီ တစ်ဦး ဖြစ်မယ်လို့ ယူဆထားပါတယ်။

အခုပြောခဲ့သလို၊ သရီးဒီ ပရင့်တာနဲ့ ထုတ်တဲ့ လုပ်သေနတ်တွေဟာ လက်ျာစွန်းရောက် ဖက်ဆစ်တွေ၊ အစွန်းရောက် အကြမ်းဖက် အုပ်စုဝင်တွေ၊ မြို့ပြရာဇဝတ်ဂိုဏ်းသားတွေ လက်ထဲမှာပဲ ရှိနေတာ မဟုတ်ပဲ ကမ္ဘာ့ နေရာတချို့က အာဏာရှင် ဆန့်ကျင်ရေး တော်လှန်ရေး အင်အားစုတွေရဲ့ လက်ထဲမှာလည်း ရှိနေကြတယ်လို့ အကဲခတ်တွေက ပြောပါတယ်။

ဥပမာ အားဖြင့် အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်နေကြတဲ့ မြန်မာ တော်လှန်ရေး အင်အားစု တချို့ဟာ သရီးဒီ ပရင့်တာထုတ် အစိတ်အပိုင်းတွေနဲ့ တပ်ဆင်ထားတဲ့ သေနတ်တွေ ကိုင်ဆောင်ထားကြတယ် ဆိုပြီး နိုင်ငံတကာ မီဒီယာတချို့မှာ ပြီးခဲ့တဲ့နှစ်ကတည်းက ဖော်ပြမှုတွေ ရှိနေခဲ့ပါတယ်။

သရီးဒီ ပရင်တာထုတ် သေနတ်တွေ ရာပေါင်းများစွာ တော်လှန်ရေးတပ်ဖွဲ့တွေလက်ထဲ ရှိနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သရီးဒီ ပရင်တာထုတ် သေနတ်တွေ ရာပေါင်းများစွာ တော်လှန်ရေးတပ်ဖွဲ့တွေလက်ထဲ ရှိနေ

မြန်မာတော်လှန်ရေး အင်အားစုတွေလက်ထဲက သရီးဒီ ပရင့်တာထုတ် သေနတ်တွေ အကြောင်း မျက်မြင် တွေ့ရှိဖူးသူကတော့ စစ်ပွဲနဲ့ ပဋိပက္ခရေးရာတွေကို အာရုံစိုက်ပြီး မှတ်တမ်းရုပ်ရှင် ရိုက်ကူး ထုတ်လုပ်တဲ့ ဗြိတိသျှ စာနယ်ဇင်းသမား ဂျိတ်ခ် ဟန်ရဲန်ဟန် ဖြစ်ပါတယ်။

FGC-9 သရီးဒီပရင်တာထုတ် သေနတ် ကိုင်ထားတဲ့ PDF တပ်ဖွဲ့ဝင် တချို့ရဲ့ ပုံတွေကို ဂျိတ်ခ် ဟန်ရဲန်ဟန်က တွစ်တာမှာ တင်ခဲ့ပါတယ်။ ဒါ့အပြင် စစ်တပ်ထိန်းချုပ်မှုအောက်က မီဒီယာတွေ ပေါ်မှာလည်း ဖမ်းဆီးရရှိတဲ့ လက်နက်တွေ ဆိုတဲ့ ဓာတ်ပုံတွေထဲ သရီးဒီပရင်တာထုတ် သေနတ်တွေ ပါဝင်နေခဲ့ပါတယ်။

ဒါ့အပြင် Reddit ဆိုတဲ့ ဆိုရှယ်မီဒီယာပေါ်မှာလည်း ကိုယ်တိုင် တော်လှန်ရေး အင်အားစုထဲကလို့ ပြောဆိုထားတဲ့ အကောင့်တစ်ခုကနေ သရီးဒီ ပရင့်တာထုတ် သေနတ်တွေ အစုလိုက် အပုံလိုက် ထုတ်နိုင်နေပြီ ဆိုတဲ့ ပို့စ်တွေ၊ ဓာတ်ပုံတွေ တင်ထားတာမျိုး ရှိပါတယ်။

သရီးဒီပရင်တာထုတ် သေနတ်တွေ ရာပေါင်းများစွာ မြန်မာတော်လှန်ရေး အင်အားစုတွေ လက်ထဲရှိနေပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး တိုက်ပွဲတွေမှာ အသုံးချနေတယ်လို့ ဂျိတ်ခ် ဟန်ရဲန်ဟန်က ဗိုက်စ် သတင်းဌာနကို ပြောပါတယ်။

တိုက်ပွဲတွေ အတွင်း ရိုက်ထားတဲ့ ဗီဒီယိုတချို့ထဲမှာလည်း သရီးဒီ ပရင့်တာထုတ် သေနတ်တွေကိုင်ပြီး PDF တွေ တိုက်နေတာကို တွေ့ရပါတယ်။ FGC-9 သရီးဒီ ပရင်တာထုတ် သေနတ်တွေဟာ အနီးကပ်ချေမှုန်းရေး အလစ်အငိုက် တိုက်ခိုက်မှုမှာ အင်မတန် အသုံးဝင်တယ်လို့ လက်နက်ကျွမ်းကျင်သူတွေက ဆိုပါတယ်။

အနီးကပ်တိုက်ပွဲ၊ မြို့ပြတိုက်ပွဲတွေ အတွက်တော့ လုံလောက်အောင် ထိရောက်နိုင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အနီးကပ်တိုက်ပွဲ၊ မြို့ပြတိုက်ပွဲတွေ အတွက်တော့ လုံလောက်အောင် ထိရောက်နိုင်

“တော်လှန်ရေးအင်အားစုတွေ အနေနဲ့ တကယ့် သေနတ် အစစ်တွေ ရနိုင်ဖို့ အခက်အခဲတွေ အမျိုးမျိုး ရှိပါတယ်။ FGC-9 သရီးဒီ ပရင်တာထုတ် သေနတ်တွေဟာ အလစ်အငိုက် အခွင့်အလမ်းကိုရယူပြီး အနီးကပ် ပစ်ခတ်တဲ့ ပျောက်ကျားတိုက်ပွဲ ဖော်ဆောင်မှု နည်းနာတွေမှာ အသုံးဝင်တာ မှန်ပေမယ့်၊ အင်အားကောင်းလှတဲ့ သေနတ်ရယ်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဖိနှိပ်သူတွေက သေနတ်ကိုင်ထားတဲ့ အခါမှာ၊ ကိုယ့်ဆီမှာလည်း ဘာမှ မရှိတာထက်စာရင်တော့ သရီးဒီ ပရင့်တာထုတ်တွေ ရှိတာတော့ ကောင်းတယ်မဟုတ်လား” ဆိုပြီး ဂျိတ်ခ် ဟန်ရဲန်ဟန်က မှတ်ချက်ပြုပါတယ်။

လုံခြုံရေးကဏ္ဍနဲ့ လက်နက်ပိုင်းဆိုင်ရာမှာ ကျွမ်းကျင်သူ တစ်ယောက်ဖြစ်တဲ့ ဇိုလ်တန် ဖူရာဒီရဲ့ အဆိုအရတော့ သရီးဒီ ပရင်တာထုတ် လက်နက်တွေကို တော်လှန်ရေး အင်အားစုတွေ လက်ထဲ ရောက်အောင် ကူညီပေးနေတဲ့ ပြင်ပက အသိုင်းအဝိုင်းတွေ ရှိတယ်လို့ ဆိုပါတယ်။

“အဲဒီ အသိုင်းအဝိုင်းဟာ အမေရိကန်ပြည်ထောင်စုမှာ အဓိက အခြေပြုတယ်။ အမေရိကန်မှာ သေနတ်ကိုင်ဆောင်ခွင့်နဲ့ ပတ်သက်ပြီး အခြေခံ အတွေးအခေါ် အမျိုးမျိုး ရှိတယ်။ အခြေခံဥပဒေအရ အာမခံထားတဲ့ အခွင့်အရေး တစ်ခု အဖြစ် လက်နက်ကိုင်ဆောင်ခွင့် အပေါ် အထူး လိုလားတဲ့၊ အခိုင်အမာရပ်တည်တဲ့ သူတွေ အများအပြား ရှိတယ်။ သူတို့ဟာ သရီးဒီ ပရင့်တာ ထုတ် သေနတ်တွေ နယ်ပယ် အစုံကို ကျယ်ကျယ်ပြန့်ပြန့် ရောက်သွားအောင် ကူညီပေးနေကြတယ်။ များသောအားဖြင့် သေနတ်ဝါသနာအိုးတွေ၊ သရီးဒီ ပရင့်တာကနေ သေနတ် အစိတ်အပိုင်းတွေကို ထုတ်တဲ့ နည်းပညာကို စိတ်ဝင်စားပြီး လက်တွေ့ လုပ်ကြည့်တဲ့ အပျော်တမ်း သမားတွေ အမျိုးမျိုး ရှိကြတယ်။ သူတို့ကနေတဆင့် သရီးဒီ ပရင့်တာ ထုတ် သေနတ်တွေ ပြန့်သွားတာ များတယ်” လို့ ဇိုလ်တန် ဖူရာဒီက ဆိုပါတယ်။

“မြန်မာတော်လှန်ရေး အင်အားစုတွေထဲက သတင်းရင်းမြစ်တွေရဲ့ အဆိုအရ FGC-9 အမျိုးအစားကွဲ တော်တော်များများကို မနည်းလှတဲ့ ပမာဏ အတိုင်းအတာထိ ထုတ်လုပ် ကိုင်ဆောင်ထားကြတယ် ဆိုတာ သိရတယ်။ စတင်းဂရေး Stinggray ရိုင်ဖယ် ပုံစံမျိုးတွေ အပါအဝင်ပေါ့။ လေ့ကျင့်ရေး သင်တန်းတွေမှာ သုံးဖို့ ရည်ရွယ်ကြသလို၊ မြို့ပြတိုက်ပွဲတွေ၊ အလစ်အငိုက် ပျောက်ကျားတိုက်ပွဲတွေမှာလည်း သုံးဖို့ ရည်ရွယ်ကြတယ်” ဆိုပြီးတော့လည်း ဖူရာဒီက ဆိုပါတယ်။

လက်ရှိမှာ သရီးဒီ ပရင့်တာနဲ့ ထုတ်တဲ့ လက်နက်ငယ်တွေရဲ့ ကုန်ကျစားရိတ်မှာ လျော့ကျလာနေတယ်လို့ ဆိုပါတယ်။ သရီးဒီ ပရင့်တာတွေရဲ့ ပေါက်စျေး အရင်ကလောက် စျေးမြင့် မနေတော့သလို၊ နည်းပညာပိုင်း၊ အခြေခံဒီဇိုင်းပိုင်းတွေကိုလည်း စိတ်ဝင်စားသူတွေ၊ ကွန်ပျုတာနဲ့ ရင်နှီးသူတွေ အတွက် အလွယ်နဲ့ လက်လှမ်း မှီလာကြတယ်လို့လည်း ဖူရာဒီတို့လို ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ဒါ့ကြောင့် သရီးဒီ ပရင့်တာ သုံးပြီး သေနတ် အစိတ်အပိုင်းတွေ ထုတ်နိုင်ဖို့ ဆိုတာ ဘယ်လို မြေအောက် ရာဇဝတ်ဂိုဏ်းမျိုးနဲ့မှ အဆက်အသွယ် ရှိစရာမလိုသလို၊ ဘယ်လို လက်နက် အရောင်းအဝယ် စျေးကွက်ထဲမှာမှ ဝင်ရောက် ပတ်သက်စရာ မလိုပဲ တစ်ဦးချင်းစီ အနေနဲ့ ထုတ်လုပ်နိုင်စွမ်း ပိုရှိလာကြတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။