တောင်တရုတ်ပင်လယ် - ဖိလစ်ပိုင်ကို တရုတ်တိုက်ရင် အမေရိကန် ဝင်ပါမယ်

ဓာတ်ပုံ ရင်းမြစ်, Reuters
ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်က ဖိလစ်ပိုင်ကို တိုက်ခိုက်လာရင် အမေရိကန်က ဝင်ရောက်ကာကွယ်ပေးမှာ ဖြစ်ကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က တရုတ်ကို သတိပေးလိုက်ပါတယ်။
တောင်တရုတ်ပင်လယ်ထဲမှာ ဖိလစ်ပိုင်နဲ့ တရုတ် သင်္ဘောတွေ ၂ ကြိမ် ဝင်တိုက်မိခဲ့ကြအပြီး ရက်ပိုင်းအကြာမှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
မစ္စတာ ဘိုင်ဒန်က ဖိလစ်ပိုင်ကို ကာကွယ်ပေးဖို့ ပေးထားတဲ့ အမေရိကန်ရဲ့ ကတိစကားဟာ သံမဏိပမာ ခိုင်မာမြဲမြံတဲ့ အကြောင်း ထပ်ပြောလိုက်ပါတယ်။ မနီလာဘက်ကလည်း တောင်တရုတ်ပင်လယ်ကို တရုတ်က ပိုင်ဆိုင်ကြောင်း ပြောပြီး ရေပြင်အတားအဆီးတွေ ချနေတာနဲ့ မီဒီယာတွေကိုပါ ဖိတ်ခေါ်ပြီး မှတ်တမ်းတင်နေတဲ့ ကိစ္စအပေါ်မှာ ဘေဂျင်းရဲ့ အန္တရာယ်ကြီးတဲ့ လှုပ်ရှားမှုတွေဆိုပြီး ကန့်ကွက်ထားပါတယ်။
မနီလာနဲ့ ဘေဂျင်းအကြာ မကြာသေးခင် လပိုင်းတွေက စပြီး မကျေလည်မှုတွေ တိုးလာနေပါတယ်။ မစ္စတာ ဘိုင်ဒန်ရဲ့ ဗုဒ္ဓဟူးနေ့က ပြောကြားချက်ဟာလည်း တောင်တရုတ် ပင်လယ်အရေးအတွက် သူပြောကြားခဲ့သမျှထဲမှာ အပြင်းထန်ဆုံးလို့ ဆိုရမှာ ဖြစ်ပါတယ်။
"ရှင်းရှင်းပဲ ပြောချင်တယ်၊ ပိုရှင်းရှင်းလင်းလင်း သိစေချင်တယ်၊ အမေရိကန်ရဲ့ ဖိလစ်ပိုင်ကို ကာကွယ်ပေးမယ့် ကတိဟာ သံမဏိပဲ၊ အမေရိကန်နဲ့ ဖိလစ်ပိုင် ကြားက ကာကွယ်ရေး သဘောတူညီချက်ဟာ သံမဏိပမာ မြဲမြံခိုင်မာတယ်"လို့ မစ္စတာ ဘိုင်ဒန်က ပြောခဲ့ပါတယ်။
၁၉၅၁ ခုနှစ်က အမေရိကန် ပြည်ထောင်စုနဲ့ သူ့ရဲ့ ကိုလိုနီဟောင်း ဖိလစ်ပိုင်တို့ အကြားမှာ စစ်ပြုခံရရင် တနိုင်ငံနဲ့ တနိုင်ငံ ကူညီကာကွယ် ပေးဖို့ သဘောတူ စာချုပ် ချုပ်ဆိုထားခဲ့တာ ဖြစ်ပါတယ်။
ဖိလစ်ပိုင် လေယာဉ်၊ ရေယာဉ် တွေနဲ့ လက်နက်ကိုင် တပ်တွေကို ထိပါးလာပြီ ဆိုတာနဲ့ နှစ်နိုင်ငံ ကာကွယ်ရေး သဘောတူ စာချုပ်ဟာ အသက်ဝင်လာမှာ ဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့က အမေရိကန်ကို ရောက်ရှိနေတဲ့ သြစတေးလျ ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနေစီကို အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံစဉ်မှာ မစ္စတာဘိုင်ဒန်က သူ့ရဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ မော် နင်းကတော့ အမေရိကန်ဟာ တရုတ်နဲ့ ဖိလစ်ပိုင် ကြားက ပြဿနာမှာ ဘာမှ ဝင်ရောက်စွက်ဖက်ခွင့် မရှိဘူးလို့ ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အမေရိကန်က ဖိလစ်ပိုင်ကို ကာကွယ်ပေးမယ် ဆိုရင်လည်း တောင်တရုတ်ပင်လယ်အတွင်းက တရုတ်ရဲ့ အချုပ်အခြာ အာဏာနဲ့ ရေပြင်နဲ့ အကျိုးစီးပွားကို မထိပါးဖို့ လိုတယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာဘိုင်ဒန်ရဲ့ ပြောကြားချက်အပေါ် တုံ့ပြန် ပြောကြားခဲ့ပါတယ်။
ဖိလစ်ပိုင်က သူတို့ရဲ့ သီးသန့် စီးပွားရေး ဇုံရေပြင်ထဲမှာ တနင်္ဂနွေနေ့က တရုတ် ကမ်းရိုးတန်းစောင့် သင်္ဘောရဲ့ မဆင်မခြင် မောင်းနှင်မှုကြောင့် ဖိလစ်ပိုင် ထောက်ပို့ သင်္ဘောနဲ့ ဝင်တိုက်ခဲ့တယ်လို့ ပြောပါတယ်။ တခြားဖြစ်စဉ်တခုမှာလည်း တရုတ်လက်နက်ကိုင်တွေ ပါတဲ့ သင်္ဘောတစင်းက ဖိလစ်ပိုင် ကမ်းရိုးတန်းစောင့် ရေယာဉ်ကို ဝင်တိုက်ခဲ့တယ်လို့ မနီလာက ဆိုပါတယ်။ ဖိလစ်ပိုင် သင်္ဘောတွေဟာ Second Thomas Shoal ရေပြင်မှာ ရှိနေတဲ့ ဖိလစ်ပိုင် ရေတပ်သင်္ဘောကို အင်အားဖြည့်ဖို့ သွားနေကြတာ ဖြစ်ပါတယ်။
ဖိလစ်ပိုင် ကာကွယ်ရေး ဝန်ကြီး Gilberto Teodoro Jr က တရုတ် သင်္ဘောတွေက ဖိလစ်ပိုင် သင်္ဘောတွေကို တမင်တကာ ဝင်တိုက်ကြတာ ဖြစ်တယ်၊ တရုတ်က ဒီဖြစ်စဉ်တွေအပေါ်မှာ သူတို့ လိုသလို ဖုံးဖိပြီး ပြောနေတယ်လို့ စွပ်စွဲပါတယ်။ မစ္စတာ ဘိုင်ဒန်ကလည်း တရုတ်သင်္ဘောတွေဘက်က မဆင်မခြင်နဲ့ နည်းမှန်လမ်းမှန် မမောင်းခဲ့တာကြောင့် အခုလို တိုက်မိကုန်တာ ဖြစ်တယ်လို့ ထပ်လောင်း ပြောကြားထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ပစိဖိတ် သမုဒ္ဒရာထဲက တောင်တရုတ် ပင်လယ်နဲ့ ထိုင်ဝမ်တို့ လို အရေးပါတဲ့ နေရာတွေနဲ့ ထိစပ်နေတဲ့ ဖိလစ်ပိုင်ဟာ အမေရိကန် ပြည်ထောင်စုအတွက် မဟာဗျူဟာ မဟာမိတ်ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ဇွန်လက ဖိလစ်ပိုင်မှာ ဖာဒီနန် မားကို့ ဂျူနီယာ သမ္မတ ဖြစ်လာပြီးနောက်ပိုင်းမှာ ဖိလစ်ပိုင်နဲ့ အမေရိကန်အကြားက မဟာမိတ်ဆက်ဆံရေးကို ပြန်လည် အသက်သွင်းခဲ့ပါတယ်။ ဖိလစ်ပိုင် အာဏာပိုင်တွေကလည်း တောင်တရုတ်ပင်လယ်အတွင်းက တရုတ်ရဲ့ လုပ်ရပ်တွေ အပေါ်မှာ ပိုပြီး မာမာထန်ထန် တုံ့ပြန်လာကြပါတယ်။
မစ္စတာ မားကို့စ်ရဲ့ နိုင်ငံခြားရေး မူဝါဒကလည်း သူ့ရှေ့က တရုတ်ယိမ်းတဲ့ ရော့ဒရီဂို ဒူတာတေးနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။ မစ္စတာ ဒူတာတေးကို တောင်တရုတ် ပင်လယ်အတွင်းက ဘေဂျင်းရဲ့ ရန်လိုမှုတွေအပေါ် တုံ့ပြန်ပုံ အားနည်းတယ်ဆိုပြီး ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
မစ္စတာ ဒူတာတေးဟာ အပြည်ပြည်ဆိုင်ရာ အနုညာတခုံရုံးက တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်လို့ ပိုင်ဆိုင်ကြောင်း တရုတ်ရဲ့ ပြောဆိုမှုတွေဟာ အခြေအမြစ်မရှိဘူး ဆိုပြီး ဖိလစ်ပိုင်က တရုတ်အပေါ် အနိုင်ရထားတဲ့ ဆုံးဖြတ်ချက်ကိုလည်း ကိုးကားပြောဖို့တောင် ငြင်းဆန်ခဲ့သူ ဖြစ်ပါတယ်။








