ဖိလစ်ပိုင် အမတ်တွေက ဒုသမ္မတကို စွပ်စွဲပြစ်တင်ဖို့ ဆုံးဖြတ်လိုက်ပြီးနောက် နိုင်ငံရေး ရန်ပွဲ အရှိန်တက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ဗီမာ ဆင်မ်နက်နဲ့ ဂျိုဝဲဂင်တို
- ရာထူးတာဝန်, ဘီဘီစီသတင်း၊ မနီလာနဲ့ စင်္ကာပူ
ဖိလစ်ပိုင် ဒုတိယသမ္မတ ဆာရာဒူတာတေးကို ခြစားမှု စွဲချက်တွေ ထွက်လာပြီးနောက် စွပ်စွဲပြစ်တင်ဖယ်ရှားဖို့ အောက်လွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။
သန်းနဲ့ချီတဲ့ အစိုးရရန်ပုံငွေတွေ အလွဲသုံးမှု၊ သမ္မတ ဖာဒီနန် ဘုံဘုံ မားကို့စ်ကလေးကို လုပ်ကြံဖို့ ခြိမ်းခြောက်မှုတွေနဲ့ ဆာရာဒူတာတေးကို စွပ်စွဲထားပါတယ်။
ဆာရာဒူတာတေးက ဒီစွဲဆိုချက်တွေကို ပယ်ချပြီး သူဟာ နိုင်ငံရေးလက်စားချေမှုရဲ့ သားကောင်ပါလို့ ဆိုပါတယ်။
ဒီဆုံးဖြတ်ချက်ကြောင့် လတွေနဲ့ချီပြီး ဖြစ်နေတဲ့ ဒူတာတေးနဲ့ မားကို့စ်ကြားက ရန်ပွဲအရှိန်တက်လာတာလို့ ရှုမြင်ကြပါတယ်။
နှစ်ယောက်လုံးက ဖိလစ်ပိုင် နိုင်ငံရေးမိသားစုကြီးတွေက ဆင်းသက်လာသူတွေ ဖြစ်ပြီး ဆာရာဒူတာတေးက သမ္မတဟောင်း ရော့ဒရီဂို ဒူတာတေးရဲ့ သမီးဖြစ်ပါတယ်။ မားကို့စ်ကတော့ ကွယ်လွန်သူ သမ္မတဟောင်း ဖာဒီနန်မားကို့စ်ကြီးရဲ့သား ဖြစ်ပါတယ်။
အောက်လွှတ်တော်အမတ် ၃၀၆ ယောက်ထဲက ၂၁၅ ယောက်က စွပ်စွဲပြစ်တင်ဖို့ မဲပေးခဲ့ကြတဲ့အတွက် ဒီဆုံးဖြတ်ချက်ကို အတည်ပြုဖို့ လိုတဲ့ အမတ်ဦးရေ သုံးပုံတပုံထက် အများကြီး ပိုကျော်သွားပါတယ်။
အခု ဒီအမှုကို အမတ် ၂၄ ယောက်ပါတဲ့ အထက်လွှတ်တော်က စွပ်စွဲပြစ်တင်မှု ခုံရုံးအဖြစ် ကြားနာ ဆုံးဖြတ်မှာပါ။
ပြစ်မှုထင်ရှားရင်တော့ ဆာရာဒူတာတေးဟာ ဖိလစ်ပိုင်မှာ စွပ်စွဲပြစ်တင်ခံရပြီး ရာထူးက ဖယ်ရှားခံရတဲ့ ပထမဆုံး ဒုသမ္မတ ဖြစ်လာနိုင်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အထက်လွှတ်တော်က ဆုံးဖြတ်ချက်ချတဲ့အထိ ရာထူးမှာ သူဆက်ရှိမယ်လို့ ခန့်မှန်းရပြီး ဆုံးဖြတ်ချက်ချမယ့်နေ့ကိုလည်း မသတ်မှတ်ရသေးပါဘူး။
ဆာရာဒူတာတေးကို ၂၀၂၈ မှာ ဖွဲ့စည်းပုံကန့်သတ်ချက်ကြောင့် နောက်သက်တမ်း ဆက်မပြိုင်နိုင်တော့တဲ့ မားကို့စ်နေရာကို ဆက်ခံမယ့်သူအဖြစ် ကျယ်ကျယ်ပြန့်ပြန့်ယူဆခဲ့ကြပါတယ်။
စွပ်စွဲပြစ်တင်ဖြုတ်ချခံရရင် ဆာရာ သမ္မတရွေးကောက်ပွဲ ဝင်မပြိုင်နိုင်သလို အစိုးရရာထူးတွေမှာ ထမ်းဆောင်ခွင့်လည်း ရာသက်ပန် အပိတ်ခံရမှာပါ။
မေလမှာ ကျင်းပမယ့် သက်တမ်းဝက် ရွေးကောက်ပွဲတွေမတိုင်ခင် ဒီလိုအမှုက ဖြစ်လာတာပါ။ ဒီရွေးကောက်ပွဲကို မားကို့စ်နဲ့ ဒူတာတေး နှစ်အုပ်စုလုံးရဲ့ လူထုထောက်ခံမှု အားစမ်းပွဲအဖြစ် မှတ်ယူကြပါတယ်။
ဒီစွပ်စွဲပြစ်တင်မှု မဲခွဲတာကို ဆာရာဒူတာတေးက ဘာမှတ်ချက်မှ မပေးပေမယ့် သူ့အစ်ကို ဒါဗာအိုအမတ် ပါလို ဒူတာတေးကတော့ ဒါဟာ နိုင်ငံရေး နှိပ်ကွပ်မှုဆိုတာ ထင်ရှားတယ်လို့ ဆိုပါတယ်။
မားကို့စ်ဘက်ကလည်း ဒူတာတေးအမှုကို မှတ်ချက်မပေးပါဘူး။ သူ့ကို ဒီလိုပြစ်တင်ဖြုတ်ချဖို့ အမတ်တွေ လုပ်နေတာကိုလည်း အရေးကြီးတာတွေ မလုပ်ဘဲ အချိန်ဖြုန်းတာပဲဆိုပြီး နိုဝင်ဘာတုန်းက မားကို့စ်က ပြောခဲ့ဖူးပါတယ်။
ဖာဒီနန်မားကို့စ်ကြီးရဲ့ အာဏာရှင်ခေတ် ကုန်ဆုံးပြီး ဒီမိုကရေစီ ခေတ်ပြန်စတဲ့ နောက်ပိုင်း ရာထူးလက်ရှိ သမ္မတတယောက်ပဲ ဒီလို စွပ်စွဲပြစ်တင်ခံခဲ့ရပါတယ်။ ၂၀၀၀ ပြည့်နှစ်တုန်းက ဂျိုးဆက် အက်စထရာဒါကို ခြစားမှုနဲ့ စွပ်စွဲပြစ်တင်ခဲ့ပေမယ့် ၂၀၀၁ မှာ လူထုံအုံကြွမှုနဲ့ သူ့ကို ဖယ်ရှားလိုက်တဲ့အတွက် တရားခွင်က အပြီးမသတ် ဖြစ်ခဲ့ပါတယ်။
အက်စထရာဒါရဲ့ တရားခွင်မှာ နိုင်ငံရေးစွက်ဖက်မှုနဲ့ ကွဲပြားမှုတွေ များတဲ့အတွက် လနဲ့ချီ ကြာခဲ့ပါတယ်။
မားကို့စ် နဲ့ ဒူတာတေး ရန်ပွဲရဲ့ နောက်ကွယ်က အကြောင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
သမီး ဒူတာတေးနဲ့ သား မားကို့စ်တို့ ၂၀၂၂ ရွေးကောက်ပွဲမှာ အတူ ဝင်ပြိုင်ကြတုန်းကတော့ ညီညွတ်တဲ့ အပေါင်းအဖွဲ့ ပုံစံမျိုး ပွဲထွက်ခဲ့ကြပါတယ်။
သူတို့ အာဏာမယူခင်မှာပဲ ဒီညီညွတ်ရေးက အက်သံပါလာပါတယ်။ ဆာရာဒူတာတေးက မားကို့စ်ကလေး အစိုးရမှာ ကာကွယ်ရေး ဝန်ကြီးနေရာတောင်းတော့ ပညာရေးပဲ ပေးပါတယ်။
အာဏာယူပြီးနောက်မှာလည်း သံတမန်ရေးလို အရေးကြီးတဲ့နေရာတွေမှာ အမြင်မတူညီမှုတွေကြောင့် သူတို့ညွန့်ပေါင်းက ပိုကွာဟလာပါတယ်။
အမေရိကန်၊ တရုတ် အစိုးရတွေနဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး သူတို့ကြား ကွဲလွဲမှုက ပိုသိသာလာပါတယ်။ ပိုင်နက် အငြင်းပွားနေတဲ့ ပင်လယ်ပြင်မှာလည်း ဖိလစ်ပိုင်နဲ့ တရုတ်သင်္ဘောတွေ ပိုပြီး ရင်ဆိုင်တွေ့လာခဲ့ပါတယ်။
မားကို့စ်ကလေးက ဖိလစ်ပိုင်ကို အမေရိကန်နဲ့ ပြန်နီးစပ်စေချင်ပြီး ဒူတာတေးကြီးလက်ထက်က တရုတ်ဘက်ယိမ်းတဲ့မူကို ပြန်ပြင်ချင်ပါတယ်။
ဒူတာတေးကြီးခေတ်က မူးယစ်ဆေးစစ်ပွဲတွေမှာ သံသယတရားခံ ခြောက်ထောင်ကျော် သတ်ဖြတ်ခံခဲ့ရတာမျိုး ထပ်မဖြစ်အောင် မူးယစ်ဆေးဂိုဏ်းတွေကို ပိုပြီး သက်သက်သာသာ ကိုင်တွယ်မယ်လို့လည်း မားကို့စ်ကလေးက ကတိပေးခဲ့ပါတယ်။
အဲဒီနောက် မားကို့စ်ဘက်တော်သားတွေ ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်က စပြီး ဆာရာဒူတာတေးရဲ့ ဘက်ဂျက်တောင်းခံမှုတွေကို စိစစ်လာပါတယ်။ အထူးသဖြင့် အစိုးရစာရင်းစစ်တွေ ဝင်လို့မရတဲ့ ဒူတာတေးရဲ့ လျှို့ဝှက်ရန်ပုံငွေတွေကို ပစ်မှတ်ထားလာပါတယ်။
မနှစ် ဇူလိုင်လမှာတော့ ဆာရာ အစိုးရက နုတ်ထွက်ခဲ့ပါတယ်။
နောက်လပိုင်းအကြာမှာတော့ ဒီရန်ပွဲက ပိုပြီး ပြင်းထန်လာပါတယ်။ ရုပ်သံက တိုက်ရိုက်လွှင့်တဲ့ သတင်းစာရှင်းပွဲမှာ ဆာရာဒူတာတေးက သူသာ လုပ်ကြံခံရရင် မားကို့စ်ကလေးကို သွားသတ်ဖို့ ပြောထားတယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။
သမ္မတကို လုပ်ကြံဖို့ အစီအစဉ်မရှိဘူးဆိုပြီး နောက်ပိုင်းမှာ ဆာရာက ပြန်ပြောခဲ့သလို ဒီခြိမ်းခြောက်မှုဟာလည်း လက်ဖက်ရည်ပန်းကန်ထဲက မုန်တိုင်းပါပဲ ဆိုပြီး မားကို့စ်ကလေးက ပယ်ချခဲ့ပါတယ်။








