တရုတ်သူလျှိုလို့ စွပ်စွဲခံရတဲ့ ဖိလစ်ပိုင် မြို့ဝန်မလေး

ဓာတ်ပုံ ရင်းမြစ်, Social Media
- ရေးသားသူ, ဂျိုဝဲ ဂင်တို
- ရာထူးတာဝန်, ဘီဘီစီသတင်း
ဖိလစ်ပိုင်က ပျင်းရိဖွယ် မြို့ တမြို့ကို လူတွေ စိတ်ဝင်တစား ဖြစ်ခဲ့ကြပါတယ်။ ဒီမြို့က မြို့ဝန်ကို တရုတ်သူလျှိုလို့ စွပ်စွဲကြလို့ပါ။
ဘမ်ဘန်းမြို့ဟာ မနီလာမြို့တော် မြောက်ဘက်က စပါးခင်းတွေကြားမှာ ရှိပြီး ဘာမှ ထူးထူးခြားခြားမရှိပါဘူး။
ဒီမြို့က မြို့ဝန် အဲလစ်ဂွာဟာ လူငယ် ပြည်သူ့ဝန်ထမ်း ဥပဓိရုပ် ရှိပါတယ်။
မျက်မှန်တပ်ထားပြီး ဆံပင်ရှည် အနက်ရောင်နဲ့ အမြဲပြုံးနေတဲ့ ၃၅ နှစ်အရွယ် အမျိုးသမီးဟာ ဖိလစ်ပိုင် တဂါလော့စကားကို နိုင်ငံခြားသံ မပါဘဲ ပြောပါတယ်။ လူကြားထဲ သွားရင်လည်း ပန်းရောင်ဝတ်ရတာ ကြိုက်သူပါ။
ဝက်မွေးတဲ့အိမ်မှာ ကြီးလာတာ ဆိုတာကလွဲပြီး သူ့ဘဝအကြောင်းကို မသိရလို့ သတိထားစရာ ဖြစ်လာပါတယ်။ ဒီလဆန်းကတော့ အထက်လွှတ်တော် ကြားနာပွဲမှာ ထွက်ဆိုဖို့ သူ့ကို ဆင့်ခေါ်ခဲ့ပါတယ်။
သူ့မြို့မှာ ရှိတဲ့ ပိုဂိုလို့ ခေါ်တဲ့ အွန်လိုင်း ကာစီနိုလုပ်ငန်းတခုဟာ ငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်နေမှန်း တရားရေးဆိုင်ရာက ရှာဖွေ တွေ့ရှိခဲ့ပါတယ်။
ဒီဆိုင်ကို မတ်လက အာဏာပိုင်တွေ ဝင်စီးပြီး အလုပ်သမား ၇ဝဝ နီးပါးကို ကယ်ထုတ်ခဲ့ပါတယ်။ ဒီထဲမှာ တရုတ်နိုင်ငံသား ၂၀၂ ယောက်နဲ့ တခြား နိုင်ငံခြားသား ၇၃ ယောက်လည်း ပါပါတယ်။ ဒီလူတွေကို အင်တာနက်မှာ သမီးရည်းစားစကား လိုက်ပြောခိုင်းပြီး ငွေလိမ်ခိုင်းခဲ့တာပါ။
ပိုဂိုဆိုတာ ဖိလစ်ပိုင် ကမ်းလွန် လောင်းကစားလုပ်ငန်းကို ဆိုလိုပြီး သူ့ကို အားပေးကြသူတွေထဲ ပြည်ကြီးတရုတ်လူမျိုးတွေလည်း ပါပါတယ်။
တရုတ်နဲ့ နီးစပ်တဲ့ သမ္မတဟောင်း ဒူတာတေး လက်ထက် ဒီစီးပွားရေး လုပ်ငန်းတွေ အားကောင်းခဲ့ပါတယ်။
လက်ရှိသမ္မတ ဖာဒီနန်မားကို့စ် လက်ထက်မှာတော့ ပိုဂိုတချို့ကို လူမှောင်ခိုကူးတာနဲ့ အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေရဲ့ မျက်နှာဖုံးလို သုံးကြောင်း တွေ့ရှိခဲ့လို့ အနီးကပ်စောင့်ကြည့်ခဲ့ပါတယ်။
သယံဇာတကြွယ်ဝတဲ့ တောင်တရုတ်ပင်လယ်ထဲက သန္တာကျောက်တန်းတွေအတွက် ဖိလစ်ပိုင်နဲ့ တရုတ်ကြား တင်းမာမှုတွေ မြင့်တက်လာချိန်မှာပဲ မစ္စဂွာရဲ့ အမှု ပေါ်ပေါက်လာပါတယ်။
ရေကူးကန် နဲ့ ဝိုင်စည်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
သူ့ရုံးနောက်ဘက်က ဒီပိုဂိုရှိတဲ့ မြေရဲ့တဝက်ကို သူပိုင်မှန်း တွေ့ရှိခဲ့ပါတယ်။ အရင် ၂ နှစ် သူ မြို့ဝန်ရွေးပွဲ ဝင်ပြိုင်တုန်းက ဒီမြေကွက်ကို ရောင်းခဲ့တာလို့ ဆိုပါတယ်။
ရှစ်ဟက်တာနီးပါး ကျယ်ဝန်းတဲ့ ဝင်းကြီးထဲမှာ ကုန်စုံဆိုင်၊ ဂိုဒေါင်၊ ရေကူးကန်နဲ့ ဝိုင်လှောင်တဲ့ စည်ပါ ရှိတာကို ဗီဒီယိုက တွေ့ရပါတယ်။ ဒီငွေလိမ်လုပ်ငန်းမှာ အလုပ်သမားတွေက စားပွဲဖြူ အရှည်ကြီးတွေမှာ ထိုင်ပြီး ကွန်ပျူတာတွေနဲ့ အလုပ်လုပ်ရပါတယ်။
မစ္စဂွာမှာ ရဟတ်ယာဉ်တစီးနဲ့ ဖို့ဒ် အိပ်စ်ပီဒီးရှင်းကားတစီးရှိတာကိုလည်း တွေ့ခဲ့ရပါတယ်။ ဒီမြေကွက်လိုပဲ ဒါတွေကို ရောင်းခဲ့တာ ကြာပြီလို့ သူက ဆိုပါတယ်။
အထက်လွှတ်တော်ကြားနာပွဲအပြီးမှာတော့ မစ္စဂွာဟာ သူ့ပုဂ္ဂိုလ်ရေးနဲ့ စီးပွားရေးနောက်ခံအကြောင်း မေးသမျှကို အပိတ်တွေချည်း ဖြေသွားတဲ့အတွက် တရုတ်လူလားဆိုပြီး အထက်လွှတ်တော်အမတ် ရီစာ ဟွန်တီဗေးရိုးစ်က မေးပါတယ်။
ကြာသပတေးနေ့မှာတော့ မစ္စဂွာ အမှုနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း သမ္မတ မားကို့စ်က ပြောကြားခဲ့ပါတယ်။
"ဘယ်သူမှလည်း သူ့ကို မသိဘူး၊ သူ ဘယ်က လာမှန်း သိချင်လို့၊ သူ့ရဲ့ နိုင်ငံသားဖြစ်မှုအပေါ် မေးခွန်းထုတ်လာကြလို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပေါင်းပြီး ကျွန်တော်တို့ စစ်ဆေးနေတယ်" ဆိုပြီး မစ္စတာ မားကို့စ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
မစ္စဂွာကတော့ သူဟာ ပိုဂိုလုပ်ငန်းတွေကို ကာကွယ်ပေးနေသူ မဟုတ်ဘူးဆိုပြီး လွှတ်တော်အမတ်တွေကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သူ့နောက်ကြောင်းကို နည်းနည်းပဲ သိရတာကလည်း ဖိလစ်ပိုင်တောပိုင်းလိုနေရာမှာ ထူးဆန်းပါတယ်။ အဲဒီဒေသတွေမှာ ဒေသဆိုင်ရာ အာဏာပိုင်တွေဟာ နိုင်ငံရေး မိသားစုကြီးတွေနဲ့ ဆက်စပ်နေတတ်ပါတယ်။ သူ ဝင်အရွေးခံပြီး နိုင်တာကလည်း ပထမ သက်တမ်းပဲ ရှိပါသေးတယ်။
ဘမ်ဘန်းမှာ ၂၀၂၁ က မဲပေးဖို့ သူမှတ်ပုံတင်ခဲ့ပြီး နောက်တနှစ်အကြာမှာတော့ မြို့ဝန် ရွေးကောက်ပွဲကို ဝင်ပြီး အနိုင်ရခဲ့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။
သူ့မိသားစုနာမည် ဂွာဆိုတာက ဖိလစ်ပိုင် တရုတ်မျိုးနွယ်တွေကြားမှာ အတွေ့ရများတဲ့ နာမည်မျိုး ဖြစ်ပါတယ်။ ဖိလစ်ပိုင်ဟာ စပိန်အောက်မှာ နေခဲ့ရပေမယ့် ရာစုနှစ်တွေနဲ့ချီ ကြာမြင့်ခဲ့တဲ့ ကုန်သွယ်ရေးကြောင့် တရုတ်နဲ့ ယဉ်ကျေးမှု အဆက်အသွယ်များပါတယ်။ တကယ်က ကမ္ဘာမှာ ရှေးအကျဆုံး တရုတ်တန်းက ဖိလစ်ပိုင်မှာ ရှိတာပါ။
သူ့မွေးစာရင်းမှတ်ပုံတင်ကို ၁၇ နှစ်ပြည့်မှ ယူခဲ့ကြောင်း အထက်လွှတ်တော်အမတ်တွေရဲ့ မေးမြန်းမှုမှာ မစ္စဂွာ ဝန်ခံခဲ့ပါတယ်။ သူ့ကို ဆေးရုံ ဆေးခန်းမှာ မမွေးဘဲ အိမ်မှာ မွေးလို့ နောက်ကျ ယူရတာပါလို့ ဆိုပါတယ်။ ဒီအကြောင်း အသေးစိတ်ကိုတော့ မပြောနိုင်ပါဘူး။
သူ့ကို ဝက်မွေးတဲ့ အိမ်မှာပဲ စာသင်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။ သူ့ကို စာသင်ပေးတဲ့ ဆရာတွေနာမည်ကိုတော့ တယောက်ပဲ ပြောနိုင်ပါတယ်။
သူ့အဖေက ဖိလစ်ပိုင်လို့ ပြောပေမယ့် စီးပွားရေးမှတ်တမ်းတွေမှာတော့ သူ့အဖေကို တရုတ်နိုင်ငံသားလို့ပဲ ဖော်ပြပါတယ်။
၂၀၂၂ မဲဆွယ်ပွဲ မိန့်ခွန်းမှာတော့ "ကျွန်မအမေက ဖိလစ်ပိုင်၊ အဖေက တရုတ်ပါ" ဆိုပြီး တဂါလော့ဘာသာနဲ့ သူ ဖြေဆိုခဲ့ကြောင်း မနီလာက ဂျီအမ်အေသတင်းက ဖော်ပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Social Media
မစ္စဟွန်တီဗေးရိုးစ်က မစ္စဂွာဆီကနေ သူ့ရဲ့ မွေးစာရင်းနဲ့ ပညာရေး အကြောင်း အစ်ထုတ်ခဲ့ပါတယ်။ ပိုပြီး တိတိကျကျ ပြောဖို့ တောင်းဆိုရာမှာတော့ ပြန်ပြောပါမယ်လို့ပဲ မစ္စဂွာက တုံ့ပြန်ပါတယ်။
"မြို့ဝန် အဲလစ်နဲ့ သူ့လိုပဲ နောက်ကြောင်း မရှင်းသူတွေဟာ တရုတ်အတွက် အလုပ်လုပ်ပေးနေကြတာလား၊ ကျွန်မတို့ နိုင်ငံထဲမှာ လာပြီး နိုင်ငံရေးကို လွှမ်းမိုးဖို့ လုပ်နေတာလား" လို့ မစ္စဟွန်တီဗေးရိုးစ်က ပြောပါတယ်။
ဘမ်ဘန် မြို့ဝန် အဲလစ်ဂွာဟာ သူ့ကို မေးသမျှ မေးခွန်းတွေကို မသိပါဘူးချည်းပဲ ဖြေတာ ယုံရခက်ကြောင်း ကြားနာပွဲမှာ ရှိတဲ့ အထက်လွှတ်တော်အမတ် ရှဝင် ဂတ်ချာလျန်းက ပြောပါတယ်။ သူ ဘယ်မှာ နေခဲ့တယ်ဆိုတာတောင် မစ္စဂွာက မမှတ်မိဘူးလို့လည်း ပြောပါတယ်။
သူ့ကို တရုတ်သူလျှိုလို့ စွပ်စွဲမှုတွေကို မစ္စဂွာက ဘာမှတ်ချက်မှ မပေးသေးပါဘူး။ နောက်ပြီး အရင်အပတ် ကြားနာပွဲ ပြီးကတည်းက သတင်းဌာနတွေကို ရှောင်နေခဲ့ပါတယ်။
နိုင်ငံခြားသားတွေ ဖိလစ်ပိုင် အစိုးရ ရာထူးတွေမှာ ထမ်းဆောင်တာတွေ မဖြစ်အောင် ကာကွယ်ဖို့ မစ္စဂွာအမှုကို စစ်ရတာလို့လည်း မစ္စတာမားကို့စ်က ပြောပါတယ်။ ဖိလစ်ပိုင်က နိုင်ငံတနိုင်ငံတည်းကိုပဲ အာရုံစိုက်နေတာမဟုတ်ဘူးလို့လည်း ပြောပါတယ်။
ဥပဒေစိုးမိုးရေးကို တင်းကျပ်မယ်လို့လည်း မစ္စတာ မားကို့စ်က ပြောပါတယ်။ ဥပဒေရှိပြီးသား ဖြစ်ပေမယ့် လာဘ်ပေးမှုတွေ ရှိတယ်လို့ သူက ဆိုပါတယ်။
အစိုးရရာထူးကို တရားမဝင် ရယူခဲ့သလား သိရအောင် မစ္စဂွာအမှုကို ရွေးကောက်ပွဲ ကော်မရှင်နဲ့ ရှေ့နေချုပ်တို့က စစ်ဆေးနေကြပါတယ်။ သက်သေပြနိုင်ရင်တော့ သူ့ကို ရာထူးက ဖယ်ရှားနိုင်ပါတယ်။














