ဖိလစ်ပိုင် သမ္မတ ဒူတာတေး နိုင်ငံရေးက အနားယူတော့မယ်လို့ ကြေညာ

ဓာတ်ပုံ ရင်းမြစ်, EPA
ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးဟာ လာမယ့်နှစ် ရွေးကောက်ပွဲမှာ ဒုသမ္မတရာထူးအတွက် ဝင်မပြိုင်တော့ဘဲ နိုင်ငံရေးကနေ အနားယူမယ်လို့ ကြေညာလိုက်ပါတယ်။
ပြီးခဲ့တဲ့ လတုန်းကတော့ လာမယ့် ၂၀၂၂ မှာ ဒုသမ္မတနေရာအတွက် ၀င်အရွေးခံနိုင်ခြေရှိတယ်လို့ အသက် ၇၆ နှစ်အရွယ် မစ္စတာဒူတာတေးက ပြောထားပါတယ်။
ဖိလစ်ပိုင် အခြေခံဥပဒေအရ သူသမ္မတအဖြစ် ဒုတိယအကြိမ် ထမ်းဆောင်ဖို့ တားမြစ်ထားပါတယ်။
သူရဲ့ အခုလို ပြောဆိုမှုဟာ သူ့သမီးဖြစ်သူက သမ္မတနေရာအတွက် ဝင်ပြိုင်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
အငြင်းပွားဖွယ် "အာဏာရှင်ခေါင်းဆောင်" လို့ ဆိုတဲ့ မစ္စတာဒူတာတေးဟာ ရာဇဝတ်မှုတွေနဲ့ မူးယစ်ဆေး နှိမ်နင်းရေးပြုလုပ်ပြီး ၂၀၁၆ မှာ အာဏာရလာခဲ့သူပါ။
ရွေးကောက်ပွဲအပြီး ငါးနှစ်ကတည်းက မူးယစ်တိုက်ဖျက်မှုစစ်ဆင်ရေးမှာ ထောင်ချီတဲ့ သံသယရှိသူတွေကို တရားမဲ့ စီရင်သတ်ဖြတ်ခွင့် ရဲတွေကို ပေးခဲ့သူလို့ ဝေဖန်သူတွေက ပြောကြပါတယ်။
ဖိလစ်ပိုင် အခြေခံဥပဒေဟာ သမ္မတွေကို ခြောက်နှစ်သက်တမ်း တစ်ကြိမ်ပဲ ထမ်းဆောင်ခွင့်ပြုထားပါတယ်။
မစ္စတာ ဒူတာတေးရဲ့ သမီးဖြစ်သူ၊ တောင်ပိုင်း ဒါဗာယိုမြို့ရဲ့ လက်ရှိ မြို့တော်ဝန် ဆယ်ရာဒူတာတေး ကာပရီယိုဟာ သမ္မတ ဝင်အရွေးခံမယ့် စကားမျိုး ပြောထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ပြီးခဲ့တဲ့လမှာ သူပြောထားတာက သူဟာ ဝင်အရွေးခံချင်မှာ ခံမယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူနဲ့ သူ့အဖေဟာ လာမယ့်နှစ်ရွေးကောက်ပွဲမှာ သူတို့ထဲက တစ်ယောက်ယောက်ပဲ ရွေးကောက်ပွဲဝင်ကြဖို့ သဘောတူထားကြတဲ့အတွက် ဖြစ်တယ်လို့ ပြောထားပါတယ်။
ဒါပေမဲ့ ဒီနှစ်ပြုလုပ်တဲ့ စစ်တမ်းတွေတိုင်းမှာတော့ သူက ဦးဆောင်နေပါတယ်။
မစ္စတာ ဒူတာတေးရဲ့ မမျှော်လင့်ဘဲ အနားယူမယ့်အကြောင်းကြေညာချက်ဟာ သူဝင်အရွေးခံဖို့ စာရင်းသွင်းမယ်လို့ မျှော်လင့်ထားကြတဲ့ မနီလာမြို့ကနေရာမှာ ကြေညာခဲ့တာပါ။
တကယ်လို့ မစ္စ ဒူတာတေး ကာပယီရိုသာ သမ္မတအဖြစ်အရွေးခံရမယ်ဆိုရင် သူ့အဖေကို ရာဇဝတ်မှု စွဲချက်တွေနဲ့ ဖိလစ်ပိုင်နဲ့ နိုင်ငံတကာရာဇဝတ်တရားရုံးတို့က အရေးယူထားတာတွေကို ကာကွယ်ပေးဖွယ် ရှိပါတယ်။








