ဒူတာတေး အမျိုးသမီးတစ်ယောက်ကို နှုတ်ခမ်းချင်းနမ်း

ဒူတာတေး
ဓာတ်ပုံ ပုံစာ, အပျိုလား မေးခဲ့သေးတယ်

နိုင်ငံခြားရောက် ဖိလစ်ပိုင် အလုပ်သမတစ်ယောက်ကို နမ်းခဲ့တဲ့ အပြုအမူအတွက် သမ္မတ ဒူတာတေး အပြင်းအထန် အဝေဖန် ခံနေရပါတယ်။

တောင်ကိုရီးယား နိုင်ငံကို ဒူတာတေး ရောက်နေတုန်း အဲဒီ အဖြစ်ပျက် ပေါ်ပေါက် ခဲ့တာပါ။

လူထု ဧည့်ပရိသတ်ကို စကားပြော ရင်းမှာပဲ ဒူတာတေးက အမျိုးသမီး တစ်ဦးကို စင်ပေါ် ဖိတ်ခေါ်ပြီး သူ့ကို နမ်းလို့ ပြောဆို ခဲ့တာပါ။

အဲဒီနောက် အမျိုးသမီးနဲ့သူ နှုတ်ခမ်းချင်း နမ်းကြတာကို တိုက်ရိုက်လွှင့်နေတဲ့ ရုပ်မြင်သံကြားပေါ် တွေ့မြင် ခဲ့ရပါတယ်။

အနမ်းပေးကြစဉ် အခါတုန်းကတော့ လူအုပ်ထဲကနေ ဩဘာပေးသံတွေ ထွက်လာခဲ့ပြီး အများစုက တောင်ကိုရီးယားရောက် ဖိလစ်ပိုင် အလုပ်သမားတွေပါ။

ဒူတာတေး
ဓာတ်ပုံ ပုံစာ, တောင်ကိုရီးယားရောက် ဒူတာတေး

ဒူတာတေးရဲ့ လုပ်ရပ်ဟာ လူပုံအလယ် ထူးခြားလိုစိတ်နဲ့ တမင်ကျူးလွန်တဲ့ အင်မတန် စက်ဆုပ်ဖွယ် အပြုအမူ ဖြစ်ပြီး ဖိုဝါဒီ သမ္မတ တစ်ယောက် ဖြစ်တယ်လို့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားနေသူတွေကတော့ ပြင်းပြင်းထန်ထန် ဝေဖန် လာပါတယ်။

ဒူတာတေးနဲ့ နမ်းခဲ့တဲ့ အမျိုးသမီးကတော့ သူတို့ အနမ်းမှာ တခြား ရည်ရွယ်ချက် အမှားတွေ မပါဝင်ခဲ့ဘူးလို့ ဆိုပါတယ်။

ဘီအာကင်လို့ ခေါ်ကြောင်း နောက်ပိုင်း သိလာရတဲ့ အဲဒီ အမျိုးသမီးရဲ့ အဆိုအရ သူ အပျိုလား ဆိုပြီးတော့လည်း သမ္မတ ဒူတာတေးက မေးခဲ့တယ်လို့ ဆိုပါတယ်။

ဗီဒီယို ပုံစာ, ကူဝိတ်မှာ ဖိလစ်ပိုင် ရွှေ့ပြောင်းလုပ်သားတွေ နှိပ်စက်ခံရ

မစ္စစ်ကင်က သူ ကိုရီးယား အမျိုးသားနဲ့ လက်ထပ်ထားကြောင်း သမ္မတကို ဖြေဆို ခဲ့တယ်လို့ လည်း ပြန်ပြောင်း ပြောပြပါတယ်။

မစ္စတာ ဒူတာတေးက စင်ပေါ်ကို အမျိုးသမီး နှစ်ယောက်ကို ဖိတ်ခေါ် ခဲ့တာ ဖြစ်ပြီး ပထမ တစ်ယောက်ရဲ့ ပါးကို နမ်းပြီး သူက ကြိုဆို နှုတ်ဆက် ခဲ့ပါတယ်။

ဒုတိယ တစ်ယောက်ကိုတော့ သူ့နှုတ်ခမ်းကို နမ်းရမယ်ဆိုပြီး ဒူတာတေးက လက်ဟန်ခြေဟန် ပြသခဲ့ပါတယ်။

ဒူတာတေးနဲ့ မွန်ဂျေအင်း
ဓာတ်ပုံ ပုံစာ, ဒူတာတေးနဲ့ မွန်ဂျေအင်း

ဒူတာတေးရဲ့ အပြုအမူဟာ မိန်းမသားထု အပေါ် အလေးမထားတဲ့ ဖိုဝါဒီ တစ်ယောက်ရဲ့ အပြုအမူ ဖြစ်တယ်လို့ ဝေဖန်တဲ့ ဂေဘရီလာ အဖွဲ့ကတော့ သမ္မတ ဒူတာတေးဟာ အလားတူ အမူအကျင့်တွေ ထပ်ပြန်တလဲလဲ ကျူးလွန်နေသူ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် ရှိနေပေမယ့်လည်း မစ္စတာ ဒူတာတေးဟာ ဖိလစ်ပိုင် ပြည်သူတွေ အကြား လူကြိုက် များနေဆဲ ဖြစ်ပြီး နိုင်ငံခြားရောက် ဖိလစ်ပိုင် အလုပ်သမား အဖွဲ့ OFW ကလည်း သမ္မတ အပေါ် ထောက်ခံကြတယ်လို့ ဖိလစ်ပိုင်ဆိုင်ရာ ဘီဘီစီ သတင်းထောက် ဟောင်းဝါ့ဒ် ဂျွန်ဆင်က ဆိုပါတယ်။

ဒူတာတေးဟာ ဖိလစ်ပိုင်ရဲ့ ပုံရိပ်ကို ခိုင်ခိုင်မာမာ ပုံဖော် ပြသနိုင်ပြီး အိမ်ထောင် ဦးစီး ဖခင်သဖွယ် တိုင်းပြည်ကို ဦးဆောင်ရင်းမှာပဲ နိုင်ငံခြားရောက် ကိုယ့်နိုင်ငံသား အလုပ်သမားတွ အပေါ်လည်း စောင့်ရှောက်သူ အဖြစ် ရှုမြင်ခံနေရတယ်လို့ ဟောင်းဝါ့ဒ် ဂျွန်ဆင်က ပြောပါတယ်။

အနောက် မီဒီယာတွေဟာ ဒူတာတေး အပေါ် မလို မုန်းထားစိတ်နဲ့ တလွဲတွေ ပုံဖော် နေတယ်လို့ လန်ဒန်မြို့က ဆေးရုံတစ်ရုံမှာ သူနာပြုအဖြစ် အလုပ်လုပ်ကိုင်နေတဲ့ ဖိလစ်ပိုင် အမျိုးသမီး တစ်ယောက်ကလည်း ဘီဘီစီကို ပြောပါတယ်။

ဗီဒီယို ပုံစာ, ရေအောက်ထဲက မယ်တော်မာရီရုပ်ထု