ICJ မှာ မြန်မာအမှုဖွင့်ခံရမှု သိသင့်တဲ့ အချက် ၅ ချက်

ICJ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, the Hague မြို့ အခြေစိုက် ကုလသမဂ္ဂရဲ့ နိုင်ငံတကာ တရားရုံး

နယ်သာလန်နိုင်ငံ သဟေ့ဂ် the Hague မြို့ အခြေစိုက် ကုလသမဂ္ဂရဲ့ နိုင်ငံတကာ တရားရုံးမှာ အနောက်အာဖရိကနိုင်ငံ တစ်ခုဖြစ်တဲ့ ဂမ်ဘီယာက မြန်မာကို အမှုဖွင့် လိုက်ပါတယ်။

လူမျိုးတုံး သတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေး ဆိုင်ရာ ကုလသမဂ္ဂ ပဋိဉာဉ်ကို မြန်မာက ချိုးဖောက်တဲ့ အတွက် ဆိုပြီး အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး OIC အဖွဲ့ရဲ့ ကိုယ်စား ဂမ်ဘီယာက အမှုဖွင့်တာ ဖြစ်ပါတယ်။

ဒီတော့ ဒီအမှုနဲ့ပတ်သက်ပြီး ဘာတွေ သိထားသင့်လဲ ....

၁။ ICJ ဆိုတာဘာလဲ

နိုင်ငံတကာ တရားရုံး ICJ ကို ကမ္ဘာ့ခုံရုံး World Court ဆိုပြီးတော့လည်း ရည်ညွှန်း ခေါ်ပါတယ်။ ကုလသမဂ္ဂရဲ့ တရားစီရင်ရေး ဆိုင်ရာ ပင်မ အဖွဲ့အစည်း ဖြစ်ပြီး အဓိက လုပ်ငန်း တာဝန် နှစ်ရပ်ကို ဆောင်ရွက်ပါတယ်။

ပထမ တာဝန်က ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြား ဥပဒေကြောင်း ဆိုင်ရာ အငြင်းပွားမှု ဖြစ်ပြီဆိုရင် လက်ခံကြားနာပြီး ဖြေရှင်း ပေးပါတယ်။

ဒုတိယ တာဝန်က ကုလသမဂ္ဂ အဖွဲ့အစည်း တစ်ရပ်ရပ်က နိုင်ငံတကာ ဥပဒေနဲ့ ပတ်သက်ပြီး ဘယ်လိုဘယ်ပုံ ဆောင်ရွက်သင့်လဲ၊ ဒီလို လုပ်ရင်ရလား အစရှိသဖြင့် ဥပဒေပိုင်းဆိုင်ရာ အကူအညီတောင်းလာ ခဲ့ရင်၊ မေးလာခဲ့ရင် ICJ က အကြံဉာဏ်တွေ ပေးရပါတယ်။

မြန်မာဟာ ကုလသမဂ္ဂရဲ့ ၁၉၄၈ ခုနှစ်၊ လူမျိုးတုံး သတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေး ဆိုင်ရာ သဘောတူမှုမှာ ပါဝင် လက်မှတ် ရေးထိုးထားတဲ့ နိုင်ငံ ဖြစ်ပေမယ့်၊ သဘောတူ စာချုပ်ပါ အချက်တွေ အတိုင်း ဆောင်ရွက်ဖို့ ပျက်ကွက်တဲ့ နိုင်ငံ အဖြစ် ဂမ်ဘီယာက တရားလို နိုင်ငံလုပ်ပြီး အမှုဖွင့်လိုက်တာ ဖြစ်ပါတယ်။

ဂျီနိုဆိုက် ကွန်ဗင်းရှင်းလို့ ခေါ်တဲ့ အဲဒီ ကုလသမဂ္ဂ သဘောတူမှုမှာ မြန်မာဟာ ၁၉၅၆ မှာ အဖွဲ့ဝင် နိုင်ငံ ဖြစ်လာပါတယ်။

အဲဒီ သဘောတူညီချက်အရ ဂျီနိုဆိုက် လူမျိုးတုံး သတ်ဖြတ်မှု ဆိုတာ နိုင်ငံတကာ ဥပဒေအရ ရာဇဝတ်မှု မြောက်ပြီး၊ တိုင်းပြည်မှာ အဖြစ်မခံ တားဆီးရမယ့် တာဝန် ရှိသလို၊ ဖြစ်လာခဲ့ပြီ ဆိုရင်လည်း အရေးယူရမယ်လို့ ဆိုထားပါတယ်။

၂။ ဘာလို့ ဂမ်ဘီယာက တရားလို နိုင်ငံ လုပ်တာလဲ

ICJ မှာ တရားစွဲတယ် ဆိုတာ နိုင်ငံ တစ်ခုနဲ့ တစ်ခုကြား တရားစွဲတာ ဖြစ်ပါတယ်။ အခု အမှုမှာ တရားလို နိုင်ငံက အာဖရိက အနောက်ပိုင်းက နိုင်ငံငယ် ဂမ်ဘီယာ ဖြစ်ပါတယ်။

ဂမ်ဘီယာဟာ အမေရိကန် သုတေသန အဖွဲ့ ICF ရဲ့ စစ်တမ်းအရ မွတ်ဆလင် ဦးရေ ၉၅ ရာခိုင်နှုန်း ရှိပြီး၊ အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး OIC ရဲ့ အဖွဲ့ဝင် ၅၇ နိုင်ငံထဲ ပါဝင်ပါတယ်။

အခုလို မြန်မာကို တရားလို လုပ်ပြီး တရားစွဲဖို့ ဂမ်ဘီယာကို တာဝန်ပေးဖို့ရာ OIC နိုင်ငံတွေရဲ့ ဒီနှစ်ပိုင်းမှာ လုပ်တဲ့ ဝန်ကြီးများအဆင့် အစည်းအဝေး တစ်ခုမှာ ဆုံးဖြတ် ခဲ့တယ်လို့ ကြားသိထားရကြောင်း နယူးယောက်မြို့ အခြေစိုက် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။

ICJ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ICC ရဲ့ ဥပဒေချုပ်လည်း ဂမ်ဘီယာသူ

တခါ၊ ရခိုင်မြောက်ပိုင်း ကိစ္စတွေနဲ့ ပတ်သက်ပြီး စုံစမ်း အရေးယူမှုတွေ ပြုလုပ်ဖို့ အမှုတည်ဆောက်ထားတဲ့ နိုင်ငံတကာ ခုံရုံး ICC ရဲ့ ဥပဒေချုပ် Chief prosecutor ဖာတူး ဘင်ဆူးဒါး Fatou Bensouda ဆိုရင်လည်း အခု ICJ ကိစ္စမှာ တရားလို ဖြစ်တဲ့ ဂမ်ဘီယာ နိုင်ငံသူ ဖြစ်ပါတယ်။

တခါ၊ ဂမ်ဘီယာရဲ့ တရားရေး ဝန်ကြီးလည်းဖြစ်၊ ရှေ့နေချုပ်လည်း ဖြစ်တဲ့၊ အဘူဘာကာ မရီး တမ်ဘာဒူး Abubacarr Marie Tambadou ဆိုရင်လည်း ယူကေနိုင်ငံကနေ ဝတ်လုံဘွဲ့ ရထားတဲ့ ရှေ့နေ ဖြစ်ပြီး ရဝမ်ဒါ လူမျိုးတုံး သတ်ဖြတ်မှု နိုင်ငံတကာ ရာဇဝတ် ခုံရုံး ICC မှာ ရှေ့နေ အဖြစ် ထဲထဲဝင်ဝင် ပါခဲ့သူ ဖြစ်တာကို တွေ့ရပါတယ်။

ဆိုးရွားတဲ့ ကြမ်းကြုတ်ရက်စက်မှုတွေ ကြုံတွေ့ရတဲ့ အခါ ကမ္ဘာကြီး အနေနဲ့ ဘာမှ မလုပ်ဘဲ လက်ပိုက်ကြည့်နေမှာ မဟုတ်ကြောင်း မြန်မာအပါအဝင် နိုင်ငံတကာ မိသားစုကို ရှင်းရှင်းလင်းလင်း သိစေလိုတဲ့ အတွက် ဂမ်ဘီယာက တရားလို လုပ်ရတာ ဆိုပြီး မစ္စတာ တမ်ဘာဒူးက ပြောထားပါတယ်။

၃။ မြန်မာ တရားစွဲခံရတယ် ဆိုတာ ဘယ်သူ တရားစွဲ ခံရတာလဲ

ဂမ်ဘီယာ နိုင်ငံက မြန်မာ နိုင်ငံကို တရားစွဲတာ ဖြစ်လို့ နိုင်ငံ အနေနဲ့ တရားစွဲ အမှုဖွင့် ခံရတာ ဖြစ်ပါတယ်။

"နိုင်ငံအချင်းချင်း တရားစွဲတဲ့ အခါ အစိုးရက နိုင်ငံကို ကိုယ်စားပြုရတာ ဖြစ်တာကြောင့် ၊ အစိုးရကို တရားစွဲတယ်လို့ပဲ ကျွန်တော်တို့ မှတ်ယူရမှာပေါ့။ ကျွန်တော့် အမြင်ပေါ့လေ၊ ဥပဒေ ပညာရှင် တစ်ယောက်ရဲ့ အမြင်တော့ မဟုတ်ဘူးပေါ့" လို့ ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။

နိုင်ငံကို တရားစွဲတာဟာ အစိုးရက တာဝန်ယူ ဖြေရှင်းရမယ် ဆိုပေမယ့်၊ တနိုင်ငံလုံးက လူတွေ တရားစွဲ ခံရတဲ့ အဓိပ္ပာယ်မျိုး ပေါက်နေတယ်ဆိုပြီး ဥပဒေ အထောက်အကူပြု ကွန်ရက် ထူထောင်တဲ့ လူ့အခွင့်အရေး ရှေ့နေ ဦးအောင်ထူးက ဆိုပါတယ်။

"ICJ မှာ တရားစွဲ ခံရတယ် ဆိုတာ တစ်ဦးချင်း တာဝန်ရှိမှုက ပျောက်သွားပြီး၊ စုပေါင်း တာဝန်ရှိမှု ဆိုတဲ့ ဘောင်ထဲကို အသွင်းခံလိုက်ရတာ ဖြစ်တယ်။ ကျူးလွန်တဲ့သူတွေ ဆိုပြီး နိုင်ငံတကာက ထောက်ပြနေတဲ့ စစ်ခေါင်းဆောင်တွေ အပေါ် အရေးယူရေး ဆိုတာမျိုး ပျောက်သွားလို့ ကျွန်တော်ကတော့ ICJ လမ်းကြောင်းကို မကြိုက်လှဘူး" ဆိုပြီး ဦးအောင်ထူးက ဝေဖန်ပါတယ်။

ICJ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရိုဟင်ဂျာအရေး ကုလအမြင့်ဆုံး တရားရုံးကို ရောက်လာပြီ

၄။ ICJ နဲ့ ICC ဘာကွာလဲ

နိုင်ငံအချင်းချင်း တရားစွဲတဲ့ အမှုတွေကိုသာ ICJ က လက်ခံ ကြားနာ စစ်ဆေးပါတယ်။ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း အနေနဲ့ နိုင်ငံတစ်နိုင်ငံကို တရားစွဲလို့ မရနိုင်ပါဘူး။

ဒါ့ကြောင့် OIC အနေနဲ့ တရားစွဲတာ မဟုတ်ဘဲ ဂမ်ဘီယာ နိုင်ငံက တရားစွဲတာ ဖြစ်ပါတယ်။

ICJ လုပ်ဆောင်တဲ့ အဓိက တာဝန်တွေက အထက်မှာ ဆိုထားသလို၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံကြား အချင်းများမှုကို ဖြေရှင်းပေးရေးနဲ့၊ တရားရေးဆိုင်ရာ အကြံဉာဏ်တွေ တောင်းခံလာရင် နိုင်ငံတကာ ဥပဒေအပေါ် အခြေခံပြီး အကြံပြုရေး တို့ ဖြစ်ပါတယ်။

ICC နိုင်ငံတကာ ရာဇဝတ် ခုံရုံးကတော့ ကျူးလွန်သူလို့ သံသယ ရှိရတဲ့ လူပုဂ္ဂိုလ် တစ်ဦးချင်းစီ အပေါ် စုံစမ်း အရေးယူတဲ့ ရုံးတော် ဖြစ်ပါတယ်။

ဂျီနိုဆိုက်၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု စတာတွေနဲ့ ပတ်သက်ပြီး ICC က ကိုင်တွယ်တာ ဖြစ်ပြီး၊ တရားခံ အဖြစ် ဘယ်သူဘယ်ဝါမှာ တာဝန်ရှိတယ် ဆိုပြီး လူတစ်ယောက်ချင်းကို အမှုဖွင့် အရေးယူ ပါတယ်။

ICC က ဆုံးဖြတ်တဲ့ အခါမှာလည်း အဲဒီသူမှာ အပြစ်မရှိဘူး၊ ဒါမှ မဟုတ် အပြစ်ရှိတယ်၊ ဘယ်လို ပြစ်ဒဏ်မျိုး ကျခံရမယ် ဆိုပြီး အတိအကျ ဆုံးဖြတ်ပါတယ်။

ICJ မှာတော့ နိုင်ငံကို တရားစွဲတာမျိုး ဖြစ်တဲ့ အတွက် စွဲချက်တွေ အတိုင်း နိုင်ငံတကာ ပဋိညာဉ်ကို ဖောက်ဖျက်ကြောင်း ဆုံးဖြတ်ခဲ့ရင်တောင် ဘယ်သူ့ကို အရေးယူမှာလဲ ဆိုတဲ့ မေးခွန်း ပေါ်ပေါက်လာစေတယ်လို့ ဦးအောင်ထူးက ထောက်ပြပါတယ်။

၅။ ICJ မှာ မြန်မာ ဘာတွေ ရင်ဆိုင်ရနိုင်လဲ

ဘော့စနီးယား မွတ်ဆလင်တွေ လူမျိုးတုံး သတ်ဖြတ် ခံရမှု အကြောင်း ICJ က ကြားနာ စီရင်ခဲ့ဖူးတာ ထင်ရှားပြီး အကိုးအကားများပါတယ်။

ဘော့စနီးယား ဟာဇီဂိုဗီးနား နိုင်ငံက ဆားဘီးယားနဲ့ မွန်တီနီဂရိုး နိုင်ငံအပေါ် တရားစွဲတာပါ။

လူမျိုးတုံး သတ်ဖြတ်တာတွေကို ကာကွယ်ပေးဖို့ ပျက်ကွက်မှုနဲ့ ဆားဘီးယားမှာ အပြစ်ရှိကြောင်း ICJ က ဆုံးဖြတ် ခဲ့ပါတယ်။

IC

ဓာတ်ပုံ ရင်းမြစ်, MOFA

ဓာတ်ပုံ ပုံစာ, "ဂမ်ဘီယာနဲ့ ကျွန်တော်တို့နဲ့ ဘာမှ မဆိုင်ဘူး၊ ပတ်သက်မှုလည်း မရှိဘူး" ဦးဟောက်ဒိုဆွမ်း

ဗိုလ်ချုပ်ကြီး ရပ်ချ်ကို မလားဒစ်ရှိကို တရားစီရင်နိုင်ဖို့ လွှဲပေးရမယ် ဆိုတဲ့ ယူဂိုဆလားဗီးယား ပြည်ထောင်စုဟောင်း ဆိုင်ရာ နိုင်ငံတကာ ရာဇဝတ် ခုံရုံး ICTY က အမိန့်ချထားတာကို မလိုက်နာဘဲ ပျက်ကွက်တာဟာ ဂျီနိုဆိုက် ကွန်ဗင်းရှင်းကို ချိုးဖောက်တာပဲ ဆိုပြီး ICJ က ဆုံးဖြတ်ပါတယ်။

တရားလို ဘော့စနီးယား ဟာဇီဂိုဗီးနားက လျော်ကြေးငွေ ရလိုမှု တောင်းခံတာကိုတော့ အမှုနဲ့ မဆီလျော်ဘူးလို့ ဆုံးဖြတ်ပါတယ်။

ဆာဘီးယားဟာ ဂျီနိုဆိုက် ကွန်ဗင်းရှင်းကို ဖောက်ဖျက်တဲ့ နိုင်ငံအဖြစ် က ICJ က ဆုံးဖြတ် ကြေညာပြီး၊ ICTY ခုံရုံးက အလိုရှိကြောင်း သတ်မှတ်ထားတဲ့ လူပုဂ္ဂိုလ် တစ်ဦးချင်းစီကို ဆားဘီးယားက လွှဲပေးရမယ်လို့လည်း အမိန့်ချပါတယ်။

ဘော့စနီးယားနဲ့ ဟာဇီဂိုဗီးနား အမှုကို ကြည့်ရင် ICJ ကို မရောက်ခင် ကတည်းက ဂျီနိုဆိုက် လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ICTY ဆိုတဲ့ နိုင်ငံတကာ ခုံရုံးဖွဲ့ စစ်ခဲ့ပြီး၊ ဘယ် စစ်ဗိုလ်ချုပ်တွေ၊ ဘယ် အဖွဲ့တွေမှာ တာဝန် ရှိတယ်ဆိုတဲ့ အဆုံး အဖြတ် ရှိနှင့် နေပြီး ဖြစ်ပါတယ်။

မြန်မာ ကိစ္စမှာတော့ နိုင်ငံတကာ ခုံရုံး ICCမှာ စစ်နိုင်ဖို့ အမှုတည်ဆောက်ဆဲ၊ ကြိုးစားဆဲ အခြေအနေပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် ICJ မှာ မြန်မာဘက် အလေးသာတဲ့ ဆုံးဖြတ်ချက် ချလာခဲ့ရင်၊ ICC သွားနေတဲ့ လမ်းကြောင်း ထိခိုက် သွားနိုင်ပြီး၊ မြန်မာ အနေနဲ့ ဂျီနိုဆိုက် ကွန်ဗင်းရှင်းကို ချိုးဖောက်ကြောင်း ဆုံးဖြတ်ခဲ့ရင်လည်း ကျူးလွန်သူ လူပုဂ္ဂိုလ်၊ ဒါမှမဟုတ် အဖွဲ့အစည်းကို အပြစ်ပေး အရေးယူနိုင်ရေး အတွက် မသေချာလှဘူးလို့ ရှေ့နေ ဦးအောင်ထူးက သုံးသပ်ပါတယ်။

ဗီဒီယို ပုံစာ, ရိုဟင်ဂျာ ကိစ္စနဲ့ မြန်မာခေါင်းဆောင်တွေ ရုံးတင်ခံရနိုင်