မင်းဘူးမှာ တိုက်လေယာဉ်နှစ်စီးပျက်ကျ၊ လူ သုံးဦးသေ

ဓာတ်ပုံ ရင်းမြစ်, U Win Cho
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့တောင်ဘက် ဆားပွက်ချောင်းအနီးနဲ့ မင်းဘူးမြို့နဲ့ ဆယ်မိုင်လောက်ဝေးတဲ့ သနပ်ပင်စုနား နေရာ ၂ နေရာ မှာ အောက်တိုဘာလ ၁၆ ရက် ဒီနေ့ မနက်ပိုင်းက တပ်မတော် တိုက်လေယာဉ် ၂ စီး ပျက်ကျခဲ့လို့ လူ ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံနဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဆားပွက်ချောင်းမှာ ပျက်ကျခဲ့တဲ့ လေယာဉ်ကြောင့် လေယာဉ်မှူးနဲ့ အနီးအနားက ကျောင်းသူ ၁ ဦး သေဆုံးခဲ့ပါတယ်။
လေယာဉ်က တာဝါတိုင်ကို တိုက်တယ်လို့ ယူဆရပြီး လေယာဉ်မှူးက ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဖြစ်စဉ်ကို သွားရောက် ကြည့်ရှုခဲ့တဲ့ ဒေသခံ ဦးဝင်းချိုက ဘီဘီစီကို ပြောပါတယ်။ လေယာဉ်ပျက်ကျရာကနေ ထိမှန်ခဲ့တဲ့ အပိုင်းအစနဲ့ အနီးအနားက ဆရာမ အိမ်မှာ စာသင်နေတဲ့ ပဉ္စမတန်း ကျောင်းသူ မသွယ်ဇင်ငြိမ်းလည်း ထိခိုက် ခဲ့ပြီး ဆေးရုံ အရောက်မှာ သေဆုံးခဲ့တယ်လို့ သူက ဆိုပါတယ်။
တတိယတန်း ကျောင်းသူနဲ့ ကျောင်းသား ၂ ဦးလည်း ထိခိုက် ဒဏ်ရာ အနည်းငယ် ရခဲ့ပေမယ့် စိုးရိမ်စရာ မရှိဘူးလို့ မင်းဘူးမြို့ ဆေးရုံကြီး ဓာတ်မှန်ဌာနက ဝန်ထမ်း တစ်ဦး ဖြစ်သူ ကိုဇော်ဦးက ပြောပါတယ်။
ဒီအချိန်က ကျောင်းသားကလေးငယ်တွေ စာမေးပွဲ ဖြေချိန် ဖြစ်နေလို့ ကျောင်းသူ ကျောင်းသားလေးတွေက မိုင်ခရို တာဝါတိုင် နားက ဆရာမ အိမ်မှာ စာလာသင်နေတုန်း လေယာဉ်ပျက် အစိတ်အပိုင်းတွေက အိမ်ထဲ အထိ ရောက်လာလို့ အခုလို အဖြစ်နဲ့ ကြုံခဲ့ရတာလို့ ဆိုပါတယ်။
သနပ်ပင်စု အနောက်ဘက်မှာ ပျက်ကျခဲ့တဲ့ လေယာဉ်ကတော့ ယာကိုင်းမြေ ကွင်းအမှတ် ၁၂၂၀ ( အေ) ကွင်း မှာ ပျက်ကျခဲ့တာ ဖြစ်တယ်လို့ ဦးဝင်းဝင်း (မင်းဘူး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) က ဘီဘီစီကို ပြောပါတယ်။ လေယာဉ်မှူးက လေထီးနဲ့ ခုန်ချခဲ့ပေမယ့် သေဆုံးခဲ့တယ်လို့ သူက ဆိုပါတယ်။ တပ်မတော် (လေ) ကို အကြောင်းကြားထားပြီး သူတို့လာမှ အလောင်းကောက်မယ်လို့ ဦးဝင်းဝင်းက ပြောပါတယ်။
လေယာဉ်ပျက်ကျတဲ့ နေရာတွေကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုနဲ့ အဖွဲ့လည်း လာရောက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ တရားဝင် အွန်လိုင်း စာမျက်နှာမှာတော့ မကွေးလေတပ်စခန်းဌာနချုပ်က လေ့ကျင့်ပျံသန်းမှု ဆောင်ရွက်နေတဲ့ အက်ဖ်- ၇ လေယာဉ် နှစ်စီးက ဒီနေ့မနက်ပိုင်းမှာ လေ့ကျင့်ပျံသန်းမှု ပြုလုပ်ပြီး မကွေးလေတပ်စခန်း ဌာနချုပ် လေယာဉ်ကွင်းကို ပြန်လာနေတုန်းမှာ ရာသီဥတု ရုတ်တရက် ဆိုးရွာခဲ့မှုကြောင့် နံနက် ၇ နာရီခွဲ ချိန်က ပျက်ကျခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။









