နေပြည်တော်အနီး တပ်မတော်လေယာဉ် ပျက်ကျ

ဓာတ်ပုံ ရင်းမြစ်, AP
မြန်မာ့တပ်မတော်(လေ)က Beech 1900 D အမျိုးအစား အလတ်စား သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စီး ဒီနေ့မနက် ၉ နာရီ ၄၅ မိနစ်မှာ နေပြည်တော် လေဆိပ်နေ ပျံအတက် စက်ချို့ယွင်းပြီး ပျက်ကျ မီးလောင်သွားခဲ့ပါတယ်။
နေပြည်တော်လေဆိပ် အနီး လယ်ဝေးမြို့နယ် သဲကော ကျေးရွာနဲ့ ကြံခင်းကျေးရွာ အနီးရှိ လယ်ကွင်းထဲကို ပျက်ကျခဲ့တာ ဖြစ်ပါတယ်။
လေယာဉ်ပေါ်မှာ ပါတဲ့ လေသူရဲ ဗိုလ်မှူး အောင်ကျော်မိုး၊ တွဲဖက် လေသူရဲတွေ ဖြစ်တဲ့ ဗိုလ်ကြီးထင်ကျော်စိုး၊ ဗိုလ်ကြီးအောင်ပိုင်စိုးနဲ့ လေယာဉ်အဖွဲ့သား အုပ်ခွဲတပ်ကြပ်ကြီး ကျော်ဌေးတို့ ၄ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။
ကျန် လေယာဉ်အဖွဲ့သား ဖြစ်တဲ့ ဒုတိယ တပ်ကြပ် လှဝင်းထွန်း ကတော့ ဒဏ်ရာတွေနဲ နေပြည်တော် တပ်မတော် ဆေးရုံကြီးမှာ သေဆုံးသွားခဲ့ပါတယ်။
လေယာဉ်ပျက်ကျမှု အခြေအနေ အသေးစိတ်ကို တာဝန်ရှိသူတွေက စစ်ဆေး ဆောင်ရွက်နေတယ်လို့ စစ်တပ်က သတင်းထုတ်ပြန် ခဲ့ပါတယ်။
ဒီလေယဉ်တွေရဲ့ သက်တမ်းနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာကို ဘီဘီစီက ဆက်သွယ် မေးမြန်းရာမှာ ဖြေကြားဖို့ ငြင်းဆန်ခဲ့သလို အခုပျက်ကျတဲ့ Beech 1900 D အမျိုးအစား လေယာဉ် စစ်တပ်မှာ ဘယ် နှစ်စင်း ရှိသလဲ ဆိုတာကိုလည်း ဖြေဖို့ ငြင်းဆန် ခဲ့ပါတယ်။




