သရုပ်ဆောင် သင်ဇာဝင့်ကျော် ကို ပုဒ်မ ၂၉၄ (က) နဲ့ အမှုဖွင့်ထားတယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, သင်ဇာဝင့်ကျော် ဖေ့ဘွတ်ခ်
သရုပ်ဆောင် သင်ဇာဝင့်ကျော် ကို ကမာရွတ်ရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၂၉၄ (က) နဲ့ အမှုဖွင့်ထားပြီး ရဲအရေးပိုင်တဲ့ပုဒ်မဖြစ်တာကြောင့် အာမခံပေးထားတယ်လို့ အနုပညာအသိုင်းအဝိုင်းက သိရှိရပါတယ်။
သရုပ်ဆောင်သင်ဇာဝင့်ကျော်ဟာ အမြင်မတင့်တယ်တဲ့အဝတ်အစားတွေနဲ့အတူ မသင့်လျော်တဲ့ အကသရုပ်ဖော်မှုတွေရှိတယ်ဆိုတဲ့ စစ်တပ်ထောက်ခံသူတွေရဲ့ ပြစ်တင်ဝေဖန်မှုတွေရှိခဲ့ပြီးနောက် အရေးယူဖို့ ဆော်သြခံခဲ့ရတဲ့နောက်မှာ ဒီလိုအမှုဖွင့် အရေးယူ ခံရတာလို့ အနုပညာရှင်အချို့က ပြောပါတယ်။
သင်ဇာဝင့်ကျော်ကိုခေါ်ယူ စစ်ဆေးမှုနဲ့ ပတ်သက်လို့ ဘီဘီစီက ကမာရွတ်ရဲစခန်းရဲ့ စခန်းမှူးဖုန်းကို ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာမရှိပါဘူး။
၂၀၂၂ ခုနှစ် ဒီဇင်ဘာက အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ - ၃၃ (က) နဲ့ ထောင်ငါးနှစ် ချမှတ်ခံခဲ့ရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ဟာ ၂၀၂၅ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ အင်းစိန်ထောင်ကနေ ပြန်လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။
ပြန်လွတ်မြောက်ပြီး တစ်နှစ်အကြာမှာ နောက်ထပ်အမှုကြုံရတာဖြစ်ပြီး ဒီတကြိမ်မှာတော့ ရဲအရေးပိုင်အမှုဖြစ်လို့ ရဲစခန်းမှာသွားရောက်ရှင်းလင်းထားတယ်လို့ နားလည်ရပါတယ်။
ရာဇသတ်ကြီးပုဒ်မ ၂၉၄ နဲ့ ပတ်သက်လို့ ဥပဒေပါ အကျုံးဝင်အချက်တွေထဲမှာ အများပြည်သူဆိုင်ရာ သို့မဟုတ် အနီးအနားနေရာမှာ ကဗျာ၊လင်္ကာ၊သီချင်း၊စကားတစ်မျိုးမျိုးကို ပြောဆို ခြင်း ၊ ထိုသို့သီဆို၊ရွတ်ဖတ်၊ပြောဆိုမှုက ညစ်ညမ်းခြင်း ၊ထိုပြုလုပ်မှုကြောင့်အခြားသူများအား စိတ်ငြိုငြင်စေခြင်း တို့ဖြစ်ပါတယ်။
ပြစ်ဒဏ်မှာ ၃ လအထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချ မှတ်နိုင်တယ်လို့ သိရှိရပါတယ်။





