Y8 လေယာဉ်အသစ်တွေကို စစ်တပ် ဘယ်လိုသုံးမလဲ

တပ်မတော် လေတပ်နေ့ မှာတွေ့ရတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ Y8 လေယာဥ် တစ်စင်း ပေါင်းစပ်ဓာတ်ပုံ

အမေရိကန်ဒေါ်လာ သန်းနဲ့ချီတန်ကြေးရှိတဲ့ စစ်ဘက်သုံး အလတ်စားသယ်ယူပို့ဆောင်ရေးလေယာဉ် Y8-F200W နှစ်စင်းကို မြန်မာစစ်တပ်က ၂၀၂၅ ခုနှစ် မေလနဲ့ ဇွန်လမှာ တရုတ်ကနေ ထပ်မံဝယ်ယူလိုက်ပါတယ်။

Y-8 လေယာဉ်အသစ် ၂ စင်း တရုတ်နိုင်ငံ၊ ကူမင်းလေဆိပ်မှာ ဆိုက်ကပ်ထားတာကို Myanmar Witness က ရှာဖွေဖော်ထုတ်ခဲ့ပြီး ဓာတ်ပုံတွေနဲ့အတူ ဇွန်လထဲမှာ ထုတ်ပြန်ထားပါတယ်။

Myanmar Witness က မြန်မာက လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ဂြိုလ်တုပုံရိပ်တွေက တဆင့်ဆန်းစစ်ဖော်ထုတ်တဲ့ အရပ်ဖက်အဖွဲ့အစည်းဖြစ်ပါတယ်။

ဆိုဗီယက်နိုင်ငံထုတ် အန်တိုနော့ဗ် အန် 12 အမျိုးအစားကို မူပြောင်းထုတ်လုပ်ထားတဲ့ Y-8 လေယာဉ်ကို အာဏာသိမ်းပြီးနောက် ပြည်တွင်းစစ်မှာ စစ်တပ်က တွင်တွင်ကျယ်ကျယ်အသုံးပြုနေတယ်လို့ CDM စစ်တပ်အသိုင်းအဝိုင်းက ထောက်ပြထားပါတယ်။

အင်ဂျင် ၄ လုံးပါတဲ့ ဒီအလတ်စားသယ်ယူပို့ဆောင်ရေး Y- 8 လေယာဥ်တွေကို စစ်တပ်က စစ်ကူ၊ ရိက္ခာနဲ့ လက်နက်တင်ဆောင်တာတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေမှာပါ အသုံးပြုနေပါတယ်။

၂၀၂၅ ခုနှစ်မှာ စစ်တပ်ဝယ်ယူလိုက်တဲ့ Y-8 F200W လေယာဉ်ကို တရုတ်၊ ကူမင်းလေဆိပ်မှာ တွေ့ရတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Myanmar Witness

ဓာတ်ပုံ ပုံစာ, ဒီနှစ်ထဲ စစ်တပ်ဝယ်ယူလိုက်တဲ့ Y-8 F200W လေယာဉ်ကို တရုတ်နိုင်ငံ၊ ကူမင်းလေဆိပ်မှာ တွေ့ရတဲ့မြင်ကွင်း

စန်းရှီ Y-8 လေယာဉ်ဘယ်နှစ်စင်းကို စစ်တပ်ပိုင်ဆိုင်ထားလဲ

စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်ပိုင်းမှာ မြန်မာစစ်တပ်ဝယ်ယူတဲ့ Y-8 အရေအတွက်က ၄ စင်းရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်ပိုင်းမှာ မြန်မာစစ်တပ်ဝယ်ယူတဲ့ Y-8 အရေအတွက်က ၄ စင်းရှိပါတယ်။

မြန်မာစစ်တပ်ဟာ ၁၉၈၈ ခုနှစ်ကစလို့ လက်ရှိအချိန်အထိ Y-8 လေယာဉ် ၁၀ စင်း တရုတ်ဆီက ဝယ်ယူခဲ့ပြီးပြီလို့ လေတပ်မှာ ၂၃ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ CDM အုပ်ခွဲတပ်ကြပ်ကြီး ဦးနေဝင်းအောင်က ဘီဘီစီကို ပြောပါတယ်။

စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်ပိုင်းမှာ မြန်မာစစ်တပ်ဝယ်ယူတဲ့ Y-8 အရေအတွက်က ၄ စင်းရှိပါတယ်။

၂၀၂၅ ခုနှစ်မှာ စစ်တပ်ဝယ်ယူလိုက်တဲ့ Y-8 လေယာဉ် ၂ စင်းရဲ့ တန်ဖိုးအတိအကျကိုတော့ ဘီဘီစီက စုံစမ်းနေဆဲဖြစ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) က CDM လေတပ်အရာရှိတစ်ဦးကတော့ Y-8 လေယာဉ်အသစ် တစ်စင်းရဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ ၂၅ သန်းကနေ သန်း ၄၀ အထိ ရှိနိုင်တယ်လို့ ပြောပါတယ်။

ပျံသန်းမောင်နှင်မှုမရှိထားတဲ့ ဇီးရိုးကီလို ဆိုရင်တော့ အမေရိကန်ဒေါ်လာ ၂၅ သန်း ဝန်းကျင်ကနေ ဈေးစပေါက်ပါတယ်။ ဒါပေမဲ့ လေယာဉ်အတွင်းခန်းထိန်းချုပ်စနစ်တွေအလိုက် ဝယ်ယူသူဘက်က လိုတိုးပိုလျှော့လုပ်တဲ့အပေါ်မူတည်ပြီး ဈေးကွာနိုင်ပါတယ်။

"အဟောင်းဆိုရင်တော့ ပေါက်ဈေးက အမေရိကန်ဒေါ်လာ ၁၀ သန်းအောက်မှာပဲ ရှိနိုင်တယ်လို့" CDM လေတပ်အရာရှိက ခန့်မှန်းတွက်ချက်ပါတယ်။

" ကူမင်းလေဆိပ်ကို ၅ လပိုင်း(မေလ)မှာ ၁ စင်းရောက်တယ်၊ ၆ လပိုင်း(ဇွန်လ)ထဲမှာ ၁ စင်းထပ်ရောက်လာတယ်" လို့ MDSI ရဲ့ နောက်ထပ် လေတပ်ရေးရာတာဝန်ခံတစ်ဦးက သူတို့သိရှိထားတဲ့အချက်အလက်ကို ပြောပြပါတယ်။

စစ်တပ်အနေနဲ့ တရုတ်ကနေ လေယာဉ်ဝယ်ယူရင် ကြာချိန် ၆ လကနေ အချိန် ၁ နှစ်အထိ စောင့်ဆိုင်းရတတ်တာကြောင့် ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းနဲ့ နှစ်ကုန်ပိုင်းကတည်းက ဝယ်ယူထားတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

Y-8 လေယာဉ်တွေကို ရန်ကုန်မြို့၊ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်က အဓိက ကြီးကြပ်ကွပ်ကဲနေပြီး စစ်ဆင်ရေးဖော်ဆောင်မယ့်ဒေသနဲ့ နီးစပ်တဲ့ တခြားလေတပ်စခန်းတွေဆီ ပြောင်းရွှေ့ပြီး ပူးပေါင်းဆောင်ရွက်တာတွေရှိတယ်လို့ လေတပ်သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ဘက်သုံး Y-8 လေယာဉ်ကို စန်းရှီအမည်ရှိတဲ့ တရုတ်လေကြောင်းကုမ္ပဏီက ၁၉၇၄ ခုနှစ်မှာ တီထွင်ဖန်တီးခဲ့ပြီး စမ်းသပ်ပျံသန်းမှု ၆၆ ကြိမ်အထိပြုလုပ်ပြီးမှ တရုတ်အစိုးရက တရားဝင်အသိအမှတ်ပြုရောင်းချတာဖြစ်ပါတယ်။

၁၉၈၁ ခုနှစ်မှာ အဲဒီလေယာဥ်အမျိုးအစားကို တရုတ်ရဲ့ ပို့ကုန်အဖြစ်တင်ပို့ခဲ့ပြီး ၁၉၈၈ နောက်ပိုင်းမှ မြန်မာစစ်တပ်က Y-8 ကို စတင်ဝယ်ယူခဲ့တာဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်ကနေ ၂၀၁၅ ခုနှစ် အထိ ၂၇ နှစ်အတွင်း စစ်တပ်က Y-8 ရဲ့ မော်ဒယ်လ်အဟောင်း D2 အမျိုးအစား ၄ စင်း ဝယ်ယူခဲ့ပါတယ်။

လေယာဥ်အမြီးနံပါတ်တွေက ၅၈၁၅၊ ၅၈၁၆၊ ၅၈၁၇ နဲ့ ၅၈၁၈ တွေ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်မှာ Y-8 မော်ဒယ်လ်မြင့် F200W ၂ စင်း ထပ်မံဝယ်ယူခဲ့ပြီး လေယာဥ်အမြီးနံပါတ်တွေက ၅၈၁၉ နဲ့ ၅၈၂၀ တွေဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်နောက်ပိုင်းကစပြီး စစ်တပ်က Y-8 F200W အမျိုးအစားတွေကိုပဲ ဝယ်ယူခဲ့တာပါ။

Y-8 ပျက်ကျမှုတွေ

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲက လေဆိပ်မှာ ဆင်းသက်ချိန် ပြေးလမ်းချော်ပြီး ခါးပိုင်းကျိုးပျက်စီးခဲ့တဲ့ Y-8 လေယာဉ်တစ်စင်း

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲက လေဆိပ်မှာ ဆင်းသက်ချိန် ပြေးလမ်းချော်ပြီး ခါးပိုင်းကျိုးပျက်စီးခဲ့တဲ့ Y-8 လေယာဉ်တစ်စင်း

၂၀၁၇ ခုနှစ်မှာတော့ ၂၀၁၆ ခုနှစ်က ဝယ်ယူခဲ့တဲ့ အမြီးနံပါတ် ၅၈၂၀ ပျက်ကျခဲ့ပြီး စစ်တပ်ကတော့ ဒီပျက်ကျမှုကို ရာသီဥတုကြောင့်လို့ အမည်တပ်ခဲ့ပါတယ်။

Y-8 ၅၈၂၀ ဟာ မြိတ်လေတပ်စခန်းဌာနချုပ်ကနေ ရန်ကုန်ကိုပျံသန်းတဲ့ခရီးစဉ်မှာပဲ ထားဝယ်မြို့အနီးက လောင်းလုံဒေသနားမှာ ပျက်ကျခဲ့တာပါ။

အဲဒီအချိန်က မြန်မာစစ်တပ်ရဲ့ ဝန်ထမ်းမိသားစုတွေ အပြောင်းအရွှေ့လုပ်တဲ့ကာလမှာ Y-8 လေယာဉ်ကို သယ်ယူပို့ဆောင်ရေးအတွက်အသုံးပြုခဲ့တာပါ။

လေယာဉ်ပေါ် စီးနင်းသူတွေရဲ့ အမှားအယွင်းကြောင့် ပျက်ကျခဲ့တာလို့ယူဆရကြောင်း စစ်ကောင်စီ လေတပ်မှာနှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဘီဘီစီသတင်းရင်းမြစ်က သူသိထားချက်ကို ထုတ်ပြောပါတယ်။

"၂၀၁၇ တုန်းက လေယာဉ်ပေါ်မှာ တင်ဆောင်မယ့်ပစ္စည်းတွေကို စစ်ဆေးတဲ့ X-Ray စက်တွေမရှိသေးဘူး။ ဝန်ထမ်းမိသားစုဝင်တွေ ပြောင်းရွှေ့ရာမှာ သယ်လာတဲ့ ဂတ်စ်အိုးတွေကြောင့် လေယာဉ်ပေါ်မှာ ပေါက်ကွဲပြီးမှ ပျက်ကျတာဖြစ်နိုင်ပါတယ်" လို့သူက ဆိုပါတယ်။

အဲဒီလောင်းလုံဒေသနား Y-8 ပျက်ကျမှုမှာ လူပေါင်း ၁၂၀ ကျော် သေဆုံးခဲ့ပါတယ်။

အာဏာသိမ်းကာလအတွင်း Y-8 ဝယ်ယူမှုကိုပြောရရင် ၂၀၂၂ ခုနှစ်မှာ တစ်စင်း၊ ၂၀၂၄ ခုနှစ်မှာ တစ်စင်း၊ ၂၀၂၅ ခုနှစ်မှာ ၂ စင်း စုစုပေါင်း ၄ စင်းဝယ်ယူထားပါတယ်။

၂၀၂၂ ခုနှစ်မှာ ဝယ်ယူခဲ့တဲ့ Y-8 F200W ရဲ့ အမြီးနံပါတ်ကတော့ ၅၈၂၁ ဖြစ်ပါတယ်။ ဝယ်ယူပြီး ၂ နှစ်အကြာမှာပဲ စစ်တပ်က Y-8 ၅၈၂၁ ကို ထပ်မံ ဆုံးရှုံးခဲ့ရပါတယ်။

၂၀၂၄ ခုနှစ် စစ်တပ်နဲ့ အာရက္ခတပ်တော်(အေအေ)တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေချိန် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မြန်မာဘက်ပြန်ခေါ်ချိန် ပြေးလမ်းအဆင်းမှာ ပြေးလမ်းချော်ပြီး ပျက်စီးခဲ့တာဖြစ်ပါတယ်။

'' မီဇိုရမ်ပြည်နယ်ထဲက Lengpui လေဆိပ်မှာ ဆင်းသက်တဲ့အချိန် ပြေးလမ်းချော်ပြီး ၃ ပိုင်းကျိုးသွားတာ" လို့ လေတပ်သတင်းရင်းမြစ်ကပြောပါတယ်။

Y-8 ၅၈၂၁ လေယာဉ်ဟာ တရုတ်ကနေ စပြီး ဝယ်ယူတဲ့အချိန်ကတည်းက ချို့ယွင်းချက်တချို့ ပါလာခဲ့တယ်လို့ သူက ရှင်းပြပါတယ်။

"ဝယ်ယူပြီး မြန်မာဘက်ရောက်တဲ့အချိန် စမ်းသပ်မောင်းနှင်ကတည်းက ဘရိတ်စနစ်မကောင်းခဲ့ဘူး" လို့ သူက အတည်ပြုပြောပါတယ်။

၂၀၂၄ ခုနှစ်မှာ စစ်တပ်က Y-8 တစ်စင်းထပ်ဝယ်ခဲ့ပြီး အဲဒီလေယာဉ်အပါအဝင် ၂၀၂၄ ခုနှစ်နောက်ပိုင်းဝယ်ယူခဲ့တဲ့ Y-8 လေယာဉ်တွေကို အမြီးနံပါတ်တွေ ပြောင်းလဲမှာယူခဲ့ပါတယ်။

၂၀၂၄ ခုနှစ်မှာ ဝယ်ယူခဲ့တဲ့ Y-8 အမြီးနံပါတ်က ၅၉၂၂ ဖြစ်ပြီး ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း ဝယ်ယူထားပြီး တရုတ်၊ ကူမင်းလေဆိပ်ကို ရောက်ရှိနေတဲ့လေယာဉ်တွေကတော့ ၅၉၂၃ နဲ့ ၅၉၂၄ တို့ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၁၆ ခုနှစ်က ဝယ်ယူခဲ့တဲ့ Y-8 ရဲ့ အမြီးနံပါတ် ၅၈၁၉ ကိုလည်း ၂၀၂၄ ခုနှစ်မှာပဲ စစ်တပ်က ၅၉၁၉ ဆိုပြီး နံပါတ်ပြောင်းလဲ သုံးစွဲနေပါတယ်။

"၅၈ နဲ့ စတဲ့ နံပါတ်တွေက ကံမကောင်းဘူးဆိုပြီး နံပါတ်တွေပြောင်းလိုက်တာ၊ ၅ နဲ့ ၈ က ပေါင်းရင် ၁၃ ဆိုတော့ နံပါတ်မကောင်းဘူးဆိုတဲ့ အယူတွေကြောင့်" လို့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။

ထားဝယ်၊ လောင်းလုံမှာ ပျက်ကျခဲ့တဲ့ လေယာဉ်နဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်လေဆိပ်မှာ ပြေးလမ်းချော်ခဲ့တဲ့ လေယာဉ်အမြီးနံပါတ်တွေကလည်း ၅၈ နဲ့ စတဲ့ နံပါတ်တွေဖြစ်ပါတယ်။

စစ်တပ်ဝယ်ယူထားတဲ့ Y-8 ၁၀ စင်းမှာ D2 အမျိုးအစား လေယာဉ် ၄ စင်းကတော့ သက်တမ်းလွန်နေတာကြောင့် သုံးမရတော့ဘဲ F200W အမျိုးအစားတွေကိုသာ ပြည်တွင်းစစ်မှာ သုံးနေရတာဖြစ်ပါတယ်။

စစ်တပ်ဝယ်ယူထားတဲ့ Y-8 F200W ၆ စင်းမှာ ၁ စင်းက ပျက်ကျခဲ့ပြီး ၁ စင်းက ပြေးလမ်းချော်ပျက်စီးခဲ့တာကြောင့် အသစ်ဝယ်ယူထားတဲ့ ၂ စင်းအပါအဝင် စစ်တပ်အသုံးပြုလို့ရတဲ့ Y-8 လေယာဉ်က ၄ စင်းပဲရှိတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

Y-8 က စစ်တပ်အတွက် ဘာကြောင့်အရေးပါလဲ

Y-8 ပေါ်မှာ လက်နက်ခဲယမ်းနဲ့ ရိက္ခာထုပ်ပေါင်းများစွာ တင်နိုင်တဲ့အပြင် မြေပြင်ကတိုက်ပွဲတွေဆီ စစ်ကူပို့ဖို့အတွက် စစ်ကူအင်အား ၁၀၀ ကျော်ကိုလည်း တင်ဆောင်နိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, Y-8 ပေါ်မှာ လက်နက်ခဲယမ်းနဲ့ ရိက္ခာထုပ်ပေါင်းများစွာ တင်နိုင်တဲ့အပြင် မြေပြင်ကတိုက်ပွဲတွေဆီ စစ်ကူပို့ဖို့အတွက် စစ်ကူအင်အား ၁၀၀ ကျော်ကိုလည်း တင်ဆောင်နိုင်ပါတယ်။

Y-8 အမျိုးအစားလေယာဉ်ဟာ လုံခြုံစိတ်ချရမှုအပိုင်းအားနည်းတယ်ဆိုပြီး နိုင်ငံတကာလေကြောင်းကျွမ်းကျင်သူတချို့က သုံးသပ်ထားပါတယ်။

ဒါပေမဲ့ မြန်မာစစ်တပ်ကတော့ မြေပြင်စစ်ဆင်ရေးတွေကို အကြီးစားထောက်ပံ့ဖို့ Y-8 ကို ပြည်တွင်းစစ်မှာ သုံးနေပါတယ်။

အမြင့်ပေ ၂ သောင်းခွဲနဲ့အထက် အထိ ပျံသန်းနိုင်တဲ့ Y-8 လို လေယာဉ်ရဲ့ ကိုယ်ထည်ဟာ အတော် အတန်ကြီးမားတာကြောင့် အလေးချိန်အားဖြင့် ပေါင်ချိန် ၂ သောင်းနဲ့ အထက်အထိ တင်ဆောင်နိုင်တယ်လို့ စစ်ဘက်သုံးလေယာဉ်တွေအကြောင်း နားလည်တတ်ကျွမ်းသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် Y-8 ဟာ တစ်မိနစ်ကို ၄ မိုင်နှုန်းအထိ ပျံသန်းနိုင်တဲ့ လေယာဉ်အမျိုးအစားဖြစ်ပါတယ်။

CDM အုပ်ခွဲတပ်ကြပ်ကြီး ဦးနေဝင်းအောင်ကတော့ "စစ်တပ်အတွက် Y-8 မရှိလို့မရဘူး" လို့ ဘီဘီစီကို ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းစတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ်ကစပြီး တိုင်းနဲ့ပြည်နယ်အလိုက် စစ်မျက်နှာစုံဖွင့်ထားရတဲ့ စစ်တပ်အတွက် Y-8 သယ်ယူပို့ဆောင်ရေးလေယာဉ်တွေက အဓိကကျခဲ့ပါတယ်။

Y-8 ပေါ်မှာ လက်နက်ခဲယမ်းနဲ့ ရိက္ခာထုပ်ပေါင်းများစွာ တင်နိုင်တဲ့အပြင် မြေပြင်ကတိုက်ပွဲတွေဆီ စစ်ကူပို့ဖို့အတွက် စစ်ကူအင်အား ၁၀၀ ကျော်ကိုလည်း တင်ဆောင်နိုင်ပါတယ်။

"ဝေဟင်ပေါ်မှာပဲ ၄ နာရီဝန်းကျင်ကြာ ပျံသန်းနိုင်တာကြောင့် လေယာဉ် ၁ ခေါက်တည်းနဲ့ အနည်းဆုံး နေရာ ၃ နေရာကို စစ်ကူပို့လို့ရတယ်" လို့ သူက ဖြည့်စွက်ပြောပါတယ်။

Y-8 လေယာဉ်ကို စစ်ဆေးနေတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, Y-8 လေယာဉ်ကို စစ်ဆေးနေတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

စစ်ကောင်စီတပ်စခန်းတွေ လက်မလွှတ်ရရေးအတွက် မြေပြင်ကနေ စစ်ကူစစ်ကြောင်းမပို့နိုင်တဲ့အခြေအနေတွေမှာ စစ်တပ်က Y-8 ကို သုံးပြီး စစ်ကူပို့လေ့ရှိတယ်လို့ သူက ဆိုပါတယ်။

လေဆိပ်မရှိတဲ့နေရာဒေသတွေကို Y-8 နဲ့ စစ်ကူပို့နိုင်ဖို့အတွက် စစ်တပ်က လေတပ်စခန်းတချို့မှာ Y-8 ပေါ်ကနေ လေထီးခုန်စစ်ဆင်ရေးတွေကို ၆ လတစ်ကြိမ် သင်တန်းပေးနေတယ်လို့ သူက ဆက်ပြောပါတယ်။

"စစ်ကူက ညပိုင်းတွေပဲပို့တာများတယ်၊ သင်တန်းပေးတာလည်း ညပိုင်းပဲပေးနေတာ။ လေထီးခုန်စစ်ဆင်ရေးမှာ အမျိုးသမီးစစ်သည်တွေပါ ပါတယ်" လို့ ဦးနေဝင်းအောင်က ထပ်ပြောပါတယ်။

သပိတ်ကျင်းဒေသက တိုက်ပွဲတွေမှာလည်း စစ်တပ်က Y-8 သုံးပြီး စစ်ကူပို့တာတွေ ခပ်စိပ်စိပ်လုပ်ဆောင်နေတယ်လို့ သပိတ်ကျင်းအခြေစိုက် တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

သပိတ်ကျင်းမြို့နယ်ကို တော်လှန်ရေးအင်အားစုက သိမ်းပိုက်ထားနိုင်ပေမယ့် အဲဒီမြို့နယ်ထဲက ၇ မိုင်တပ်စခန်းနဲ့ တွင်းငယ်ရွာအနီးက စစ်တပ်ရဲ့ အမှတ် ၁၃ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း( တကက-၁၃) ကိုတော့ စစ်တပ်က ဆက်ပြီးထိန်းချုပ်ထားပါတယ်။

စစ်တပ်ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းက အဲဒီနှစ်နေရာကို စစ်ကူတွေပို့ပြီး တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့နေရာတွေပြန်ရဖို့ စစ်တပ်က ၂၀၂၄ နှစ်ကုန်ပိုင်းကတည်းက တန်ပြန်စစ်ကြောင်းတွေ ဖြန့်ကြက်ပြီး ထိုးနေတာဖြစ်ပါတယ်။

စစ်တပ်ရဲ့ စစ်ကူနဲ့ ရိက္ခာထောက်ပံ့မှုတွေ မပြတ်စီးဆင်းနေတာကြောင့် တော်လှန်ရေးတပ်တွေအနေနဲ့ မန္တလေး-မတ္တရာ-သပိတ်ကျင်းလမ်းပိုင်းကို အပြည့်အဝ မထိန်းချုပ်နိုင်တာလို့ သပိတ်ကျင်းမှာလှုပ်ရှားနေတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်နီနီကျော်က ပြောထားပါတယ်။

တစ်ဖက်မှာလည်း ပျံသန်းရတဲ့ နေရာဒေသ မြေမျက်နှာသွင်ပြင် အမြင့်အလိုက် ကြုံရတဲ့ စိန်ခေါ်ချက်တချို့ကိုလည်း Y-8 က ဖြေရှင်းနိုင်တယ်လို့ အကဲခတ်တချို့က ထောက်ပြပါတယ်။

တောင်ကုန်း၊ တောင်တန်း ဒေသကိုဖြတ်ပြီး ပျံသန်းရတဲ့အခါမျိုးမှာ စစ်ရဟတ်ယာဉ်တွေနဲ့ အသေးစား သယ်ယူပို့ဆောင်ရေးယာဉ်ဖြစ်တဲ့ Y-12 တွေကို အသုံးပြုတာက လေယာဉ်ပစ်လက်နက်နဲ့ ပစ်ချခံရနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ စစ်လက်နက်ကျွမ်းကျင်သူ အကဲခတ်တစ်ဦးက ထောက်ပြပါတယ်။

"ပေ ၆၀၀၀ လောက်ရှိတဲ့ ကုန်းပေါ်ကနေ ပစ်မယ်ဆိုရင်တောင် Y-8 က အမြင့်ပေ ၂ သောင်းကျော်အထိ ပျံနိုင်တော့ ပစ်ချနိုင်ဖို့ ခက်ခဲပါတယ်။ တော်လှန်ရေးအဖွဲ့တွေ သုံးနိုင်တဲ့ လေယာဉ်ပစ်လက်နက် အမျိုးအစားပေါ်လည်း မူတည်တာပေါ့" လို့ သူက ဆက်ရှင်းပြပါတယ်။

Y-8 ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေမှာ သုံးနေလား

တပ်တော်ဝင်တဲ့ Y-8

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, တပ်တော်ဝင်တဲ့ Y-8

Y-8 လေယာဉ်ကို ပြည်တွင်းလေကြောင်းတိုက်ခိုက်မှုတွေမှာ အသုံးပြုတယ်လို့ လေတပ်သတင်းရင်းမြစ်က ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ အားကောင်းတဲ့ အညာဒေသတွေနဲ့ ရခိုင်ပြည်နယ်ထဲက တိုက်ပွဲတချို့မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ Y-8 ကို ၂၀၂၄ ခုနှစ်မှာ သုံးခဲ့တယ်လို့ သူက ပြောပါတယ်။

ဘီဘီစီရဲ့ သတင်းရင်းမြစ် ပေးပို့လာတဲ့ ဓာတ်ပုံတွေမှာလည်း Y-8 လေယာဉ်ရဲ့ အနောက်ဘက်ခြမ်းမှာ လေကြောင်းကနေ ဗုံးကြဲချဖို့ အရှည် ၅ ပေခန့်လောက်ရှိတဲ့ ပီဗီစီ (PVC) ပိုက် ၃ လုံးကို သံဖရိန်နဲ့ချိတ်ဆက်ပြီး စီရီတပ်ဆင်ထားတာတွေ့ရပါတယ်။

"ဗုံးသီးတွေကို ပိုက် ၃ လုံးထဲကနေ ပစ်ချပြီး ကြဲတာ" လို့ သတင်းရင်းမြစ်က ဆိုပါတယ်။

ဒါ့အပြင် အဲဒီပုံထဲမှာ စစ်ကောင်စီလေတပ်ရဲ့ လက်နက်အရာရှိ ဒုတိယဗိုလ်မှူးကြီး ကျော်စွာမြင့်က Y-8 လေယာဥ်အနောက်ပိုင်းမှာ လေကြောင်းကြဲဖို့ ပိုက်တွေတပ်ဆင်ထားတဲ့အခြေအနေကို စစ်ဆေးနေတာတွေ့ရပါတယ်။

၂၀၂၄ ခုနှစ်တုန်းက လေတပ်အရာရှိတစ်ဦးက ဘီဘီစီသတင်းရင်းမြစ်ဆီကို ပို့ပေးခဲ့တဲ့ပုံတွေကို ဘီဘီစီက ကြည့်ရှုခွင့်ရခဲ့တာဖြစ်ပါတယ်။

Y-8 ပေါ်မှာ "ဗုံးတွေဆိုလည်း အလုံးရေ ရာနဲ့ချီအထိ ဆံ့တယ်။ အချိန်ကြာကြာ ပျံလို့ရတယ်ဆိုတော့ ပစ်မှတ်သေချာအောင် ကြဲနိုင်ရင် ပိုပြီးအထိနာတယ်" လို့ သူက ရှင်းပြပါတယ်။

လေကြောင်းတိုက်ခိုက်မှုအမြင့်ဆုံးခံထားရတဲ့ စစ်ကိုင်းတိုင်းမှာတော့ စစ်တပ်ရဲ့ Y-8 လို သယ်ယူပို့ဆောင်ရေးယာဉ်တွေသုံးပြီး လေကြောင်းတိုက်ခိုက်ခံနေရလားဆိုတာကို အတည်မပြုနိုင်သေးဘူးလို့ NUG ရဲ့ မြင်းခြံနဲ့ နွားထိုးကြီးအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တချို့က ဘီဘီစီကိုပြောပါတယ်။