၁၀၂၇ စစ်ဆင်ရေး
အရှေ့မြောက်က အုပ်စိုးသူအပြောင်းအလဲ

၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်   

မြန်မာစစ်တပ်သမိုင်းမှာ အဆိုးဝါးဆုံးရှုံးနိမ့်မှုတွေဖြစ်ပေါ်စေခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး အောက်တိုဘာ ၂၇ ရက်မှာ နှစ်ပတ်လည်ပါပြီ။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်က မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် MNDAA ၊ တအာင်းတပ် TNLA၊ အာရက္ခတပ်တော် AA တို့ ဦးဆောင်စတင်ခဲ့တဲ့ ဒီစစ်ဆင်ရေးဟာ ပထမဆုံးနေ့မှာတင် တရုတ်နယ်စပ်မြို့ ချင်းရွှေဟော်ကနေ လားရှိုးမြို့အထိ   တပြိုင်နက် တိုက်ခိုက်ခဲ့ပါတယ်။

ခေတ်သစ်အွန်လိုင်းရာဇဝတ်မှုဖြစ်တဲ့ ကျားဖြန့် နှိမ်နင်းရေးနဲ့ ဆက်စပ်တဲ့ ဒီစစ်ဆင်ရေးဟာ သက်ရောက်မှုကြီးပြီး တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေး နဲ့ တရုတ်စီမံကိန်းတွေပါ ရပ်တန့်ကုန်တဲ့အထိ ဖြစ်ခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ အားနည်းချက်တွေ ဖုံးဖိမရခဲ့တဲ့ ဒီစစ်ဆင်ရေးမှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လို စစ်တိုင်းတစ်ခုပါ ဆုံးရှုံးရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

၁၀၂၇ ရဲ့ ရည်ရွယ်ချက်တွေအောင်မြင်လား 

၁၀၂၇ ရဲ့
ရည်ရွယ်ချက်တွေအောင်မြင်လား 

မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့ထုတ်ပြန်ခဲ့တဲ့ ၁၀၂၇ ရဲ့ စစ်ရေး ရည်ရွယ်ချက်ကိုအနှစ်ချုပ်လိုက်ရင် အခုလိုတွေ့ရပါတယ်။

  • ၁။ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေး
  • ၂။ မိမိကိုယ်ကိုခုခံကာကွယ်‌‌ရေး
  • ၃။ မိမိဒေသကို ပိုမိုထိန်းချုပ်နိုင်ရေး
  • ၄။ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကို ဟန့်တားနိုင်ရေး
  • ၅။ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး
  • ၆။ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) နှိမ်နင်းရေး

တရုတ်နိုင်ငံက အလိုရှိတဲ့ အွန်လိုင်းလိမ်လည်မှု ကျားဖြန့် နှိမ်နင်းရေး လှိုင်းကိုစီးခဲ့တဲ့ ညီနောင်မဟာမိတ် သုံးဖွဲ့ဟာ ရှမ်းပြည်နယ်(မြောက်ပိုင်း)က မြို့ကြီးတွေ အားလုံးနီးပါးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

သိမ်းပိုက်ထားတဲ့ မြို့တွေကိုတော့ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဆက်ရှိနေလို့ အုပ်ချုပ်ရေး အပြည့်အဝလည်ပတ်ဖို့ စိန်ခေါ်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး ဆိုတဲ့ ရည်ရွယ်ချက်ကတေ့ာ မေးခွန်းထုတ်စရာဖြစ်ခဲ့ပြီး ကိုးကန့်တပ် MNDAA က လားရှိုးကို သိမ်းပိုက်အပြီးမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ စစ်ရေး၊ နိုင်ငံရေးပူးပေါင်းတာ လုံးဝ လုပ်မှာမဟုတ်ဘူးလို့ ကြေညာခဲ့လို့ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ ဖိအားကြောင့် ကိုးကန့်တပ်(MNDAA) က ထိုးစစ်ရပ်ခဲ့ပေမဲ့ တအာင်းတပ် (TNLA) နဲ့  အာရက္ခတပ်တော် (AA) တို့ကတော့ မြို့တွေဆက်လက်သိမ်းယူနေဆဲဖြစ်ပါတယ်။

မိမိဒေသကို ပိုမိုထိန်းချုပ်နိုင်ရေးဆိုတဲ့ ရည်ရွယ်ချက်ကတော့ မျှော်မှန်းထားတာထက်ပိုမိုခဲ့ပြီး ထိန်းချုပ်နယ်မြေသစ်တွေကို ညီနောင်မဟာမိတ် သုံးဖွဲ့ လုံး ရရှိခဲ့ကြပါတယ်။

အရှေ့မြောက်က အုပ်စိုးသူအပြောင်းအလဲ
အရှေ့မြောက်က


အုပ်စိုးသူအပြောင်းအလဲ

ညီနောင်မဟာမိတ် သုံးဖွဲ့ဟာ မြန်မာစစ်တပ် အစဉ်တစိုက်အုပ်စိုးခဲ့တဲ့ နယ်မြေတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တစ်နှစ်ကြာတဲ့အထိ လက်လွှတ်မခံရအောင် ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။

ဒါက အရှေ့မြောက်စစ်ဒေသမှာ တချိန်က မြန်မာစစ်တပ်ရဲ့ အဓိကပြိုင်ဘက်ဗမာပြည်ကွန်မြူနစ်ပါတီတောင် မရခဲ့တဲ့ အောင်မြင်မှုဖြစ်ပါတယ်။

မြန်မာအစိုးရတွေ ရုံးစိုက်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့တွေမှာ ၁၀၂၇ စစ်ဆင်ရေးပြီးတဲ့နောက် ညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ အလံတွေ စိုက်ထူထားနိုင်ခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေကတော့ မူဆယ်၊ကျောက်မဲ၊မိုင်းရယ် တို့မှာသာ တပ်စခန်းတချို့ကျန်ခဲ့ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)ရဲ့ အစိုးရအုပ်ချုပ်ရေးယန္တရားတစ်ခုလုံး ပျက်စီးသွားတာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကို အဓိက ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းတွေကတော့ ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ်(TNLA)၊ ဝ တပ်ဖွဲ့(UWSA)၊ ရှမ်းပြည်တပ်မတော် (SSA)၊  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) နဲ့ စစ်ကောင်စီတို့ တစိတ်တပိုင်းစီ ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးမှာ ပထမဆုံးသိမ်းပိုက်နိုင်ခဲ့တဲ့ မြို့က တရုတ်နယ်စပ်က ချင်းရွှေဟော်မြို့ဖြစ်ပြီး အကြီးဆုံးသိမ်းပိုက်နိုင်ခဲ့တဲ့မြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အခြစိုက် လားရှိုးမြို့ ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီလေတပ်က လားရှိုးမြို့အပါအဝင် မြောက်ပိုင်းညီနောင်မဟာမိတ်တွေ ထိန်းချုပ်ထားတဲ့ မြို့တွေကို အောက်တိုဘာလအထိ ဗုံးကြဲတိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။

နယ်မြေ

၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ ထိန်းချုပ်နယ်မြေ‌အသစ်တွေတိုးလာပြီး ကိုးကန့်တပ် (MNDAA)က နယ်မြေအများဆုံးရခဲ့တာ ဖြစ်ပါတယ်။

တရုတ်နယ်စပ်မှာရှိတဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပြန်ရခဲ့ရုံမက ကိုးကန့်ပြင်ပ နယ်မြေတွေဖြစ်တဲ့ ကွမ်လုံ၊သိန္နီ နဲ့ လားရှိုးမြို့အထိ MNDAA က  ထိန်းချုပ်နယ်မြေတွေ တိုးလာပါတယ်။

တအာင်းတပ် (TNLA) ကလည်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နယ်မြေတွေအပြင် ပလောင်ပြင်ပ နယ်မြေတွေဖြစ်တဲ့ နမ္မတူ၊ နမ့်ခမ်း၊ကွတ်ခိုင်၊ မူဆယ်(တစ်စိတ်တစ်ပိုင်း) တို့ကိုပါ သိမ်းပိုက်ထားနိုင်ပါတယ်။

နောင်ချို နဲ့ ကျောက်မဲ မြို့နယ်တွေမှာတော့ တိုက်ပွဲတွေ ဆက်ရှိနေပြီး ပြင်ဦးလွင် နဲ့ လက်တကမ်းအကွာအထိ တအာင်းတပ်ရဲ့ ထိုးစစ်က ရောက်နေတာ ဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးတစ်နှစ်ပြည့်ခါနီးမှာပဲ တအာင်းတပ်က သီပေါမြို့ကိုပါ အပြီးသတ် ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဝပြည်သွေးစည်းညီညွတ်‌ရေးတပ်မတော် (UWSA) ကလည်း ဟိုပန်မြို့နဲ့ ပန်လုံမြို့ကို ရလိုက်ပြီး တန့်ယန်း နဲ့ လားရှိုးအထိပါ တပ်ချထားပါတယ်။

ရခိုင်ပြည်နယ်ဘက်မှာဆိုရင်လည်း အာရက္ခတပ်တော် AA က ပြည်နယ်တစ်ဝက်ကျော်ကို ထိန်းချုပ်ထားနိုင်ပြီး အမ်း မြို့ အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုပါ တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။

စိန ကဏ္ဍ

၁၀၂၇ စစ်ဆင်ရေးအကြောင်းပြောရင် တရုတ်ရဲ့အခန်းကဏ္ဍက မပါမဖြစ်ပါ။ မြန်မာစစ်တပ်အကြီးအကျယ်အထိနာခဲ့တဲ့ ဒရုန်းစစ်ဆင်ရေးတွေမှာ တရုတ်ပညာရှင်တွေ မပါဘဲမဖြစ်နိုင်ဘူးလို့ အကဲခတ်တွေက သုံးသပ်ခဲ့ပါတယ်။

မြန်မာစစ်တပ်လို နှစ်ပေါင်း ၇၀ လောက် စစ်တိုက်လာတဲ့ အဖွဲ့အစည်းတစ်ခုကို တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ အသာစီးရယူနိုင်မှုမှာ နိုင်ငံကြီးတစ်ခုရဲ့ အကူအညီ ဒါမှမဟုတ် ပြည်ပကြေးစားတွေရဲ့ အကူအညီ မပါဘဲ မဖြစ်နိုင်ဘူးလို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

တဖက်မှာ ဘေဂျင်းက နေပြည်တော်နဲ့ ပုံမှန်ဆက်ဆံရေးရှိနေခဲ့ပြီး တရုတ်နယ်စပ်တကြောမှာလည်း တိုက်ပွဲတွေရှိနေခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေးရပ်တန့်ဖို့အတွက် ဟိုင်ဂင် ဆွေးနွေးပွဲတွေပြုလုပ်ပြီး တရုတ်ကကြားဝင်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

လားရှိုးသိမ်းပိုက်ခံရပြီးနောက် မန္တလေးကိုပါ ဆက်သိမ်းဖို့ မဟာမိတ်တပ်တွေ ခြေလှမ်းပြင်လာခဲ့ချိန်မှာ တရုတ်က နေပြည်တော်ဘက်ကနေ ပြတ်ပြတ်သားသား ရပ်တည်ပြပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့  ၂၀၂၄ သြဂုတ်လ နေပြည်တော်ခရီးစဉ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းပြီးနောက်ပထမဆုံး တရုတ်ပြည်ခရီးစဉ်ဖြစ်ပေါ်လာမှုတို့က ဒီအချက်ကို သက်သေပြပါတယ်။

တဖက်မှာတော့ တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီကျွင်းဟာ ဝတပ်ဖွဲ့ UWSA နဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်တွေကို ယူနန်ပြည်နယ်ထဲ ဖိတ်ခေါ်ပြီး ဖိအားပေးမှုတချို့ပြုလုပ်ခဲ့ပါတယ်။

တရုတ်ရဲ့ စိုးရိမ်ချက်ကတော့ သူ့နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ NUG၊PDF နဲ့ ပေါင်းပြီး အမေရိကန်နဲ့နီးစပ်သွားမှာကို အဓိကစိုးရိမ်တာလို့ အကဲခတ်တချို့က ထောက်ပြပါတယ်။

၁၀၂၇ စစ်ဆင်ရေး တစ်နှစ်မပြည့်ခင်မှာပဲ တရုတ်တပ်မတော်က မြန်မာနယ်စပ်အနီးမှာ အကြီးစား စစ်ရေးလေ့ကျင့်မှု သုံးကြိမ်အထိ လုပ်ခဲ့ပြီးပါပြီ။

အလားအလာ

အလားအလာ

၁၀၂၇ စစ်ဆင်‌ရေးဟာ မြန်မာ့စစ်ရေးချိန်ခွင်လျှာကို ကြီးကြီးမားမားပြောင်းလဲစေခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးတပ်တွေဟာ မြန်မာစစ်တပ်ရဲ့ တပ်ရင်းဌာနချုပ်တွေကို သိမ်းလို့ ရနိုင်တယ် ဆိုတဲ့ အမြင်သစ်ကို ဖွင့်လှစ်ပေးခဲ့ပါတယ်။

အင်အားကြီးတဲ့ မြန်မာစစ်တပ်ကို ထိုးစစ်ပြုဖို့ဆိုတဲ့စိတ်ကူးက အရင်တုန်းက အလွန်ခက်ခဲတဲ့စိတ်ကူးဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်‌ရေးမှာ စစ်တပ်ကပဲ ဦးစီးဦးဆောင်နေရာမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ ရမခ ကိုလက်လွှတ်ခဲ့ရပေမယ့် စစ်တိုင်း ၁၃ ခု အထိ ကျန်နေသေးပါတယ်။

၁၀၂၇ အလွန်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင် ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပေမဲ့ မြောက်ပိုင်းညီနောင်မဟာမိတ် နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေအပါအဝင် အဓိကလက်နက်ကိုင်အဖွဲ့တွေ နေပြည်တော်ကို ရောက်မလာခဲ့ပါဘူး။

ဘေဂျင်းက အပစ်ရပ်စေချင်ပေမဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ တိုက်ပွဲတွေက ဆက်ရှိနေပြီး စစ်ကောင်စီက လည်း လေကြောင်းကနေ နေ့စဉ်ဆိုသလို ဗုံးကြဲတိုက်ခိုက်နေဆဲပါ။

အောက်တိုဘာလကုန်ပိုင်းက ပွင့်လင်းရာသီဖြစ်လို့ မြန်မာမှာ ပုံမှန်အားဖြင့် စစ်ဆင်ရေးတွေ စတင်ချိန်လည်း ဖြစ်ပါတယ်။

စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးထားတဲ့ နယ်မြေတွေကို ပြန်သိမ်းနိုင်မလား၊ မြောက်ပိုင်းမဟာမိတ်တွေက နယ်မြေသစ်တွေကို ထိုးစစ်ဆက်ဆင်မလားဆိုတာ ၁၀၂၇ နှစ်ပတ်လည်အလွန်မှာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်ဖြစ်လာမလားဆိုတဲ့ ရွေးချယ်စရာလမ်းကြောင်းတစ်ခုလည်း ရှိနေပါသေးတယ်။

စစ်ကောင်စီ ဘက်မှာတော့ ၂၀၂၅ ရွေးကောက်ပွဲဆိုတဲ့ အချိန်ကန့်သတ်ချက်ကလည်း ရှိနေပါသေးတယ်။

လက်လွှတ်ဆုံးရှုံးသွားတဲ့နယ်မြေတွေပြန်မရရင် ရှမ်းပြည်နယ်(မြောက်ပိုင်း)မပါတဲ့ ရွေးကောက်ပွဲကို စစ်ကောင်စီကကျင်းပရဖွယ် ရှိနေပါတယ်။

၁၀၂၇ စစ်ဆင်ရေး ရဲ့ ပြောစမှတ် ဖြစ်ရပ်တွေ
၁၀၂၇ စစ်ဆင်ရေး ရဲ့


ပြောစမှတ် ဖြစ်ရပ်တွေ

၁၀၂၇ စစ်ဆင်ရေး

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှာ မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် MNDAA ၊ တအာင်းတပ် TNLA၊ အာရက္ခတပ်တော် AA တို့ ပူးပေါင်းစတင်ခဲ့တဲ့ ဒီစစ်ဆင်ရေးဟာ မြန်မာစစ်တပ်ရဲ့ သမိုင်းမှာ တပ်ရင်း၊ဌာနချုပ်တွေ ဆုံးရှုံးမှုအများဆုံး စစ်ဆင်ရေးအဖြစ် မှတ်တမ်းဝင်။

ကျားဖြန့်

အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်) ဆိုတဲ့ စကားဟာ ၁၀၂၇ စစ်ဆင်ရေးမှာ အရေးပါပြီး တရုတ်ရဲ့ ကျားဖြန့်တိုက်ဖျက်ရေးလိုလားချက်ကို မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့က စစ်ဆင်ရေးရည်ရွယ်ချက်ထဲထည့်သွင်းခဲ့။

မိသားစုကြီး လေးစု

ကိုးကန့်မှာ သြဇာရော ဓနပါ အင်အားကြီးထွားလာကြတဲ့ ပယ် မိသားစု၊ မြီ မိသားစု၊ ဝေ မိသားစု နဲ့ လျို မိသားစု တို့ကို ကျားဖြန့်အပါအဝင် တခြားရာဇဝတ်မှုစွဲချက်တွေနဲ့ တရုတ်က ဝရမ်းထုတ်ဖမ်းဆီးပြီးတဲ့နောက် မိသားစုလေးစု ရဲ့ခေတ် အဆုံးသတ်ခဲ့ပါတယ်။

ဒကစ လောက်ကိုင်

ဒကစ လောက်ကိုင် လို့ အတိုကောက်ခေါ်ကြတဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်) ကျဆုံးမှုက ၁၀၂၇ စစ်ဆင်ရေးရဲ့ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်ပါတယ်။ တပ်မှူး ၆ ဦးအထိ စုစည်းခုခံခဲ့ပေမယ့် အဆုံးမှာ လက်နက်ချခဲ့ရပြီး တပ်မှူးတွေ သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။ လောက်ကိုင်ကနေ လားရှိုးအပြန် ဝ တပ်ဖွဲ့ထိန်းချုပ်နယ်မြေ ပန်ဆန်းမှာ ညစာစားရင်း အရက်သောက်ခဲ့ကြတဲ့ တပ်မှူးတွေရဲ့ ဓာတ်ပုံက နာမည်ကျော်ခဲ့ပြီး တပ်ထောက်ခံသူတွေ အကြီးအကျယ်ဒေါသထွက်ခဲ့ကြ။

ဒရုန်းစစ်ဆင်ရေး

၁၀၂၇ စစ်ဆင်ရေးမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ ဒရုန်းတိုက်ခိုက်မှုက အောင်ပွဲအတွက်အရေးပါခဲ့ပြီး မြန်မာ့ပြည်တွင်းစစ်မှာ နည်းပညာရဲ့ ဦးဆောင်မှုကို မြင်တွေ့ရတာလည်း ဖြစ်ပါတယ်။

MNDAA ၊ TNLA နဲ့ ဆက်စပ်အဖွဲ့တွေသုံးနေတဲ့ Drop Bomb တွေ၊ ရှော့တိုက်ဒုံးတွေဟာ ပြင်ပကြေးစားနည်းပညာရှင်တွေနဲ့ ပူးပေါင်းပြီး နည်းပညာအရ အဆင့်မြှင့်တင်ထားတာတွေ၊ တိုက်ပွဲမှာ ပိုအသုံးဝင်အောင် ပြုပြင်ထားတာတွေ့ရတယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

ရမခ

ရမခ လို့ အတိုကောက်သိကြတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်တဲ့ လားရှိုးမြို့ ကို သြဂုတ်လထဲမှာ ကိုးကန့်တပ်က သိမ်းပိုက်ခဲ့ပြီး မြန်မာစစ်တပ်သမိုင်းမှာ စစ်တိုင်းတစ်ခုကို ပထမဆုံးလက်လွှတ်ဆုံးရှုံးခဲ့ရ။

ဟိုင်ဂင်

၁၀၂၇ စစ်ဆင်ရေးကိုအရှိန်လျှော့ချဖို့ တရုတ် ကမကထပြုတဲ့ ဆွေးနွေးပွဲကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ ဟိုင်ဂင်ဧည့်ဂေဟာမှာ လေးကြိမ်အထိ ကျင်းပခဲ့ပါတယ်။ ဒီဆွေးနွေးပွဲတွေကို ဟိုင်ဂင်ဆွေးနွေးပွဲ လို့ လူသိများပြီး လုံးဝ အပစ်ရပ်လိုက်တဲ့အထိ တော့ မအောင်မြင်ခဲ့ဘူးလို့ ဆိုနိုင်ပါတယ်။ တရုတ်စကားနားမထောင်ကြတော့တဲ့သာဓက အဖြစ် ဟိုင်ဂင် ကို အကဲခတ်တွေက ရည်ညွှန်းကြပါတယ်။

TNLA ကို တရုတ်သတိပေးစာ

တအာင်းလွတ်မြောက်ရေးတပ် TNLA ကို တိုက်ပွဲတွေ ချက်ချင်းရပ်တန့်ဖို့ ဩဂုတ် ၂၉ ရက်စွဲနဲ့ တရုတ်ဘက်က သတိပေးစာကလည်း အထင်ကရဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။

 ‘’သတိပေးချက်အတိုင်း မပူးပေါင်းရင် အကျိုးဆက်တွေအားလုံးကို တာဝန်ယူရမယ်”လို့ တရုတ်ဘာသာနဲ့ ရေးသားထားတဲ့ စာကို အတု၊အစစ် အငြင်းပွားမှုပါ ဖြစ်ခဲ့ကြပါတယ်။

မြန်မာ- တရုတ် နယ်စပ်မှာ တရုတ်စစ်တပ်က သုံးရက်ကြာ စစ်ရေးလေ့ကျင့်မှုကာလအတွင်းမှာပဲ ဒီသတိပေးချက်က ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

ဝမ်ယိခရီးစဉ်

သြဂုတ်လအတွင်းမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ နေပြည်တော်ကို ရောက်လာပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ တွေ့ပါတယ်။  ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ EAO အဖွဲ့တွေရဲ့ မြို့ရွာတွေအပေါ် တိုက်ခိုက်မှုကို တရုတ်နိုင်ငံက ဆန့်ကျင်တယ် လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပူအယ်မှတ်တမ်း

တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီကျင်း နဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ/တပ်မတော်(UWSP/UWSA) ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ‘’ပူအယ်အစည်းအဝေးမှတ်တမ်း’’ ပေါက်ကြားလာပါတယ်။

သြဂုတ်လကုန်ပိုင်းက တရုတ်နိုင်ငံယူနန်ပြည်နယ်၊ ပူအယ်မြို့မှာ လုပ်ခဲ့တဲ့ ဒီအစည်းအဝေးမှတ်တမ်းမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကို အကူအညီမပေးဖို့ ဝ တပ်ဖွဲ့ကို တရုတ်အထူးကိုယ်စားလှယ်က မှာကြားခဲ့ပါတယ်။

တရုတ်က နယ်စပ်ဂိတ်တွေပိတ်

၁၀၂၇ စစ်ဆင်ရေးတစ်နှစ်ပြည့်ကာနီးမှာပဲ တရုတ် - မြန်မာနယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ထိန်းချုပ်နယ်မြေတွေနဲ့ ထိစပ်နေတဲ့ နယ်စပ်ဂိတ်တွေကို တရုတ်ကပိတ်လိုက်ပါတယ်။

ထိုးစစ်ရပ်ဖို့ တရုတ်ရဲ့ ဖိအားပေးမှုကိုမလိုက်နာတဲ့အတွက် ဒဏ်ခတ်တာလို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။

သတင်း - ဘီဘီစီမြန်မာပိုင်း 

ထုတ်လုပ်‌ရေးမှူး - အာဗင်စူပရီရာဒီ ( Arvin Supriyadi) 

အယ်ဒီတာ - မင်းထက်

အထူးပြုလုပ်ချက် - အန်ဒရိုဆိုင်နီ ( Andro Saini ) 

သတင်းဓာတ်ပုံများ - MNDAA ၊ TNLA ၊ AA Info ၊ Getty Images