အလင်္ကာပုလဲပန်း တူမီး၊ ကျောက်မီး၊ သေနတ်၊ ကျည်ဆန်

ချင်းလူမျိုးများရိုးရာ အမဲလိုက်ရာမှာ တူမီးသေနတ်ကို သုံးလေ့ရှိ

ဓာတ်ပုံ ရင်းမြစ်, Nay Lynn Photography

ဓာတ်ပုံ ပုံစာ, ချင်းလူမျိုးများရိုးရာ အမဲလိုက်ရာမှာ တူမီးသေနတ်ကို သုံးလေ့ရှိ
    • ရေးသားသူ, ကိုသိမ်းမြတ်
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

ဒီနှစ်ထဲမှာ အာဏာသိမ်းပြီးနောက်မှ ပြန်လည်ခေတ်စားလာတဲ့ ဝေါဟာရ တခုကတော့ တူမီးသေနတ် ဖြစ်ပါတယ်။ အရင်ကဆိုရင်တော့ တူမီးသေနတ်သုံးပြီး အမဲလိုက်တဲ့ဒေသတွေမှာသာ ဒီစကားကို အပြောများ အသုံးများပြီး ကျန်တဲ့ဒေသတွေမှာတော့ တော်တော်အသုံးပါးလျားလာနေပါပြီ။

အာဏာသိမ်းပြီးနောက် အရပ်သားတွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ တော်လှန်လာကြတဲ့နောက်မှာတော့ တူမီးသေနတ်ဟာ တော်လှန်ရေးရဲ့ အဓိကဇာတ်ကောင်လိုတောင် ဖြစ်လာပါတယ်။

"တူမီးသေနတ်" ဆိုတဲ့စကားထဲမှာ တဝက်က ဗမာစကားစစ်စစ်ဖြစ်ပြီး ကျန်တဝက်က နိုင်ငံခြားဘာသာစကားပါလို့ဆိုလိုက်ရင် ဘယ်အပိုင်းက နိုင်ငံခြားစကားလို့ လူအများကထင်ကြလေမလဲမသိ။ အထင်မှားတဲ့သူတွေတော်တော်ရှိလိမ့်မယ်လို့ ထင်မိပါတယ်။ တူမီးဆိုတဲ့အသံက အင်္ဂလိပ်ဆန်တယ်လို့ထင်ရပါတယ်။ ဒါပေမဲ့ ဗမာစကားစစ်စစ်ပါ။ သေနတ်ဆိုတာကိုတော့ ဗမာစကားလို့အများကထင်ကြပါတယ်။ သေစေတတ်တဲ့အရာ ဘာညာစသည်ဖြင့် ထင်ကြတွေးကြလေ့ရှိပါတယ်။ တကယ်တော့ သူကမှ နိုင်ငံခြားက ဆင်းသက်လာတဲ့စကားပါ။

တူမီးသေနတ်၊ ကျောက်မီးသေနတ်ဆိုတာ ရှေးဗမာဘုရင်များလက်ထက်ကတည်းက ရှိခဲ့ကြပါတယ်။ တူမီးဆိုတာဘယ်ကလာသလဲဆိုတော့ ဆရာကြီးဦးထွန်းတင့်က အခုလို ရှင်းပြပါတယ်။

"တူမီးသေနတ်ရဲ့ မောင်းရိုက်တဲ့လက်တံကလေးက တူကလေးနဲ့ သဏ္ဌာန်တူတယ်လို့ ဆိုကြတယ်ဗျ။ အကောက်ကလေးပေါ့။ အဲဒီတူသဏ္ဌာန် မောင်းရိုက်တံကလေးနဲ့ ရိုက်လိုက်တဲ့အခါမှာ မီးပွင့်ပြီး ယမ်းကို မီးကူးတယ်။ အဲဒီကယမ်းအားနဲ့ ကျည်ထွက်တယ်လို့ဆိုကြပါတယ်။ အဲဒါကြောင့် အဲဒီသေနတ်မျိုးကို တူမီးသေနတ်လို့ ခေါ်တာပါ။"

တူမီးသေနတ်နဲ့ ဆင်တူရိုးမှား နောက်ထပ်သေနတ်တမျိုးကတော့ ကျောက်မီးသေနတ်ပါ။ "ယမ်း၊ ကျည်စေ့စသည်ကို ပြောင်းဝမှထိုးထည့်ကာ မီးခတ်ကျောက်တပ်ထားသည့်မောင်းဖြင့် ရိုက်၍မီးပွင့်စေပြီး ပစ်ခတ်ရသောရှေးသေနတ်" လို့ခရီးဆောင်မြန်မာအဘိဓာန်မှာ အဓိပ္ပာယ်ဖော်ပြထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ တူမီးဟာ အသုံးများတဲ့စကားလုံးဖြစ်လာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အာဏာသိမ်းပြီးနောက်ပိုင်းမှာ တူမီးဟာ အသုံးများတဲ့စကားလုံးဖြစ်လာ

ရှေးအခါက ထမင်း၊ ဟင်း ချက်ပြုတ်ဖို့ မီးမွှေးတဲ့အခါ၊ ဆေးလိပ်သောက်ဖို့ မီးညှိတဲ့အခါ မီးပွင့်စေတဲ့ကျောက်ကို အသုံးပြုလေ့ရှိပါတယ်။ မီးခတ်ကျောက်လို့ ခေါ်လေ့ရှိပါတယ်။ များသောအားဖြင့် အင်ကြင်းကျောက်ကို အသုံးပြုပါတယ်။ သဲချောင်းတွေထဲမှာတွေ့ရတတ်တဲ့ ကျောက်ခဲအဖြူလေးတွေကိုလည်း အသုံးပြုတတ်ပါတယ်။ အဲဒါကတော့ အင်ကြင်းကျောက်ဟုတ်မဟုတ် သေသေချာချာ မသိပါဘူး။ အဲဒီကျောက်ခဲလေးတွေကို ကျောက်ချင်းခတ်ပြီးဖြစ်စေ၊ ကျောက်နဲ့သံနဲ့ခတ်ပြီးတော့ဖြစ်စေ မီးကူးလေ့ ရှိပါတယ်။ အဲဒီကျောက်ကလေးတွေကို မီးခတ်ကျောက်လို့ ခေါ်လေ့ရှိပါတယ်။ အဲဒီနောက်ပိုင်း ဓာတ်ဆီမီးခြစ်တွေ ပေါ်လာတဲ့အချိန်မှာလည်း မီးပွင့်ဖို့ရာအတွက် မီးခြစ်ကျောက်လို့ခေါ်တဲ့ ကျောက်အသေးလေးတွေကို အသုံးပြုပါတယ်။ အခုချိန်အထိ ဓာတ်ငွေ့မီးခြစ်တွေမှာ မီးခြစ်ကျောက်ကို အသုံးပြုနေဆဲပါ။

ကျောက်မီးသေနတ်မှာ အဲသလိုမီးပွင့်စေတဲ့ မီးခတ်ကျောက် တပ်ဆင်ထားပါတယ်။ အဲဒီမီးခတ်ကျောက်နဲ့ အခွက်ကလေးထဲကို ရိုက်တဲ့အခါ မီးပွင့်ပြီး ယမ်းကို မီးကူးစေပါတယ်။ ကျောက်မီးတို့ ၊ တူမီးတို့နဲ့ရိုက်တဲ့ အခွက်ကလေးကိုတော့ နားခွက်လို့ ခေါ်ပါတယ်။ သေနတ်ကောင်း၊ ကျောက်ကောင်းရင် ချက်ကနဲတချက်ရိုက်လိုက်တိုင်းမှာ နားခွက်က မီးတောက်တတ်ပါတယ်။ အဲဒါကို ချက်ဆိုရင် နားခွက်ကမီးတောက်တယ်လို့ ဆိုလေ့ရှိပါတယ်။ သွက်လက်ချက်ချာပြီး သဘောပေါက်လွယ်တဲ့လူမျိုးကို ချက်ဆိုနားခွက်က မီးတောက်တဲ့လူစားမျိုးလို့ တင်စားသုံးနှုန်းတဲ့အသုံးတမျိုးဟာ မြန်မာစကားမှာ နောင်အခါ တွင်ကျယ်လာပါတယ်။

သေနတ်ဆိုတဲ့စကားကတော့ မြန်မာစကားလို့ အများထင်မှတ်ကြပေမဲ့ သူဟာဒတ်ချ်ဘာသာစကားက ဆင်းသက်လာတဲ့စကားလို့ မြန်မာအဘိဓာန်မှာ ဖွင့်ဆိုထားပါတယ်။ "ကျွန်တော်တို့ အဘိဓာန်ထဲမှာ ပါပါတယ်။ snaphaan လို့စာလုံးပေါင်းတဲ့ ဒတ်ချ်စကားက လာတယ်လို့ ဖော်ပြထားပါတယ်။" လို့ ဆရာကြီးဦးထွန်းတင့်က ဆိုပါတယ်။ snaphaan ကို စနတ်ဖန်လို့ အသံထွက်ပါတယ်။ ရှေ့စကားလုံးစနတ်ကို အတိုခေါ်ရာကနေ သေနတ်အဖြစ်ရွေ့ပြောင်းလာသလားလို့ တွေးမိပါတယ်။ ဆရာတော်ဦးကောသလ္လရဲ့ ဗြဟ္မနိရုတ္တိနယသင်္ဂဟမှာတော့ မွန်အဘိဓာန်မှာ သေဏာတ်လို့ရေးထားကြောင်း ဖော်ပြပါတယ်။ ဝါးချွန်သနဆိုတဲ့သနကနေ ဆင်းသက်တာ ဖြစ်မလား၊ ဒါမှမဟုတ် သေနစ်၊ သနစ်ကနေ ဆင်းသက်လာတာဖြစ်မလားလို့လည်း ဆရာတော်က မြန်မာလို ကြံဆပါတယ်။ မုချဧကန်သဘောတော့ ပြောဆိုမထားပါဘူး။

ကျည်ဆန်ဆိုတဲ့စကားကလည်း ဗမာစကားစစ်စစ်ပါ။ ဆန်က အစေ့အဆန် ဖြစ်ပါတယ်။ အစေ့အဆန်ကို ဆလိမ်နသတ်နဲ့ပေါင်းပါတယ်။ ကျည်ကအတောင့်ကိုပြောတာပါ။

သေနတ်ဆိုတဲ့စကားဟာ ဒတ်ချ်စကားကလာတယ်လို့ မြန်မာအဘိဓာန်မှာဆိုထား

ဓာတ်ပုံ ရင်းမြစ်, getty images

ဓာတ်ပုံ ပုံစာ, သေနတ်ဆိုတဲ့စကားဟာ ဒတ်ချ်စကားကလာတယ်လို့ မြန်မာအဘိဓာန်မှာဆိုထား

"ကျည်က အခေါင်းလေးတွေပါတဲ့ အတောင့်မျိုးကို ကျည်ခေါ်တာပါ။ ဝါးကျည်တောက်ရဲ့ ကျည်နဲ့အတူတူပါပဲ။ တကယ်တော့ အတောင့်ဗျ။ အခေါင်းပါပါမပါပါ ကျည်လို့ခေါ်နိုင်ပုံရပါတယ်။"

ရှေးကသစ်သားဆီဆုံများမှာ သုံးတဲ့ ကျည်ပွေ့ရဲ့ကျည်ကလည်း အတောင့်အချောင်းကို ပြောတာပါပဲ။ ငရုပ်ကျည်ပွေ့ရဲ့ကျည်ပွေ့နဲ့လည်း တူပါတယ်။ ကျည်ရဲ့ရင်းမြစ်ကို ဆရာကြီးဦးထွန်းတင့်က အခုလိုရှင်းပြပါတယ်။

"ကျည်၊ ကျည့်၊ ကျည်းမှာ ကျွန်တော်တို့ ရင်းမြစ် ရှာကြည့်ရမှာပေါ့ဗျာ။ ကျစ်ကိုလည်း ထည့်တွက်လို့ ရပါလိမ့်မယ်။ ပထမအက္ခရာအသတ်နဲ့ ပဉ္စမအက္ခရာအသတ်ဖလှယ်တွေးတဲ့နည်းပေါ့။ ဗမာစကားမှာ ကျည်ရှိတယ်။ ဒါပေမဲ့ကျည့်ဆိုတာ ဗမာစကားမှာမရှိဘူး။ အဲဒီတော့ ကျည့်မှာ ကျွန်တော်တို့ အနက်ရှာလို့မရဘူး။ ကျည်းမှာတော့ အနက်တွေ့နိုင်ပါတယ်။ ကျည်းက အချောင်းအတံပါပဲ။ ထမ်းပိုးကျည်းရဲ့ ကျည်းနဲ့အတူတူပဲ။ အချောင်းအတံကိုဟောပါတယ်။ တံခါးကျည်းဘောင်ရဲ့ကျည်းနဲ့လည်း အတူတူပဲ။ ကျစ်ကိုကြည့်ရင်လည်း အဓိပ္ပာယ်တူသွားတွေ့နိုင်ပါတယ်။ ထမ်းပိုးကျည်းကို ထမ်းပိုးကျစ်လို့လည်း ခေါ်ပါတယ်။ အဲဒီကျစ်ကလည်း အချောင်းအတံပါပဲ။ တခါတခါမှာ ထမ်းပိုးကျင်ဆိုပြီးတောင် ခေါ်သေးတယ်။ အဲဒီကျင်ကလည်း အချောင်းအတံပဲ။ ကျင်ချောင်းကကျင်၊ ဆံကျင်ကကျင် အဲဒါတွေအကုန်လုံးအချောင်းအတံပဲ။ အဲဒီတော့ ကျည်ဆန်ရဲ့ကျည်ကလည်း အချောင်းအတံကို ပြောတာပါပဲ။"

ဗမာစကားဟာ အသံထွက်တိုင်းမှာ အနက်အဓိပ္ပာယ်ကိုယ်စီရှိတဲ့ ဧကဝဏ္ဏဘာသာစကားဆိုတဲ့အချက်ကို ပညာရှင်အများက ဂုဏ်ယူပြောဆိုလေ့ ရှိပါတယ်။ ရှေးကရေးသားခဲ့ကြတဲ့ အရေးအသားတွေထဲမှာ ရင်းမြစ်ကိုပြန်ရှာကြတာမျိုးရှိသလို ရင်းမြစ်အနက်ကို မိမိဉာဏ်စွမ်းဉာဏ်စနဲ့ ကြံဆရှာဖွေကြသူပညာရှင်တွေလည်း ရှိကြပါတယ်။ ဒုတိယကျော်အောင်စံထားဆရာတော်၊ ဝဇီရဗုဒ္ဓိဦးဖိုးစိန်၊ ဦးဖိုးလတ်၊ ဆရာတော်ဦးကောသလ္လ၊ ဆရာကြီးဒေါက်တာဦးထွန်းတင့်တို့ အစရှိကြတဲ့ ပညာရှင်တွေ ဖော်ထုတ်ကြံဆခဲ့ကြတဲ့ ရင်းမြစ်အနက်တွေလည်း အများအပြားရှိကြပါတယ်။ ဒါပေမဲ့ စာပေနယ်၊ ဘာသာစကားနယ်ပယ် ကျယ်ပြန့်လွန်းတဲ့အတွက် ရင်းမြစ်ကိုမကြံဆ မဖော်ထုတ်နိုင်သေးတဲ့ ဒါမှမဟုတ် မကြံဆမဖော်ထုတ်ရသေးတဲ့စကားတွေလည်း အများအပြား ကျန်ရှိနေကြပါသေးတယ်။