“ကောလင်းကို PDF နဲ့ ပကဖ တွေက ထိန်းချုပ်ထားဆဲပါ” - အမှတ် (၁) စစ်ဒေသအဖွဲ့ဝင် ကိုသြဇာ

ဓာတ်ပုံ ရင်းမြစ်, KAWLIN REVOLUTION - KR
၂၀၂၃ခုနှစ်၊ နိုဝင်ဘာ ၆ ရက်နေ့တုန်းက အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထိန်းချုပ်နိုင်ပြီလို့ ကြေညာခဲ့တဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းက ကောလင်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ဓာတ်ပုံနဲ့တကွ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ကောလင်း မြို့ဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA )ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ခေါင်လွန်း ကိုယ်တိုင် စစ်ဒေသမှူးအဖြစ် တာဝန်ယူကွပ်ကဲနေတဲ့ အမှတ် (၁) စစ်ဒေသအောက်မှာရှိတဲ့ “က” သုံးလုံးဒေသထဲမှာ ပါဝင်ပြီး KIA အရာရှိကြီးတွေက ခရိုင်ကွပ်ကဲရေးအနေနဲ့ ဆောင်ရွက်နေတာလို့ သိရှိထားရပါတယ်။
ဒီလို စစ်ရေးကွပ်ကဲမှုအဆင့်ဆင့်ရှိနေတဲ့ ကောလင်းမြို့တိုက်ပွဲဟာ ဘယ်လောက်အထိပြင်းထန်သလဲ။ တော်လှန်ရေးအင်အားစုတွေအတွက်သာမက စစ်ကောင်စီအတွက်ပါ ကောလင်းက ဘာကြောင့်အရေးပါ နေရတာလဲ။
အမှတ် (၁) စစ်ဒေသ ကွပ်ကဲရေးအဖွဲ့ဝင်လည်းဖြစ်တဲ့ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုင်းတာဝန်ခံ ကိုသြဇာကို ဘီဘီစီက ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ဆက်သွယ်မေးမြန်းထားပါတယ်။
စစ်ကောင်စီ စစ်ကြောင်း ၅ ကြောင်းနဲ့ ထိုးစစ်ဆင်ခံနေရတဲ့ ကောလင်းမြို့

ဓာတ်ပုံ ရင်းမြစ်, Kawlin Revolution-KR
ဘီဘီစီ - နိုဝင်ဘာ ၆ ရက်နေ့တုန်းက တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်နိုင်ခဲ့တဲ့ ကောလင်းမြို့ကို ပြန်ပြီးထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်နေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါက ဟုတ်ပါသလား၊ ကောလင်းကို ဘယ်သူတွေ ထိန်းချုပ်ထားပါသလဲ။
ကိုသြဇာ (စစ်ကိုင်းတိုင်းတာဝန်ခံ) - ကောလင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များက ထိန်းချုပ်ထားဆဲဖြစ်ပြီးတော့ ကျွန်တော်တို့ တိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်ပါတယ်ခင်ဗျ။ ကျွန်တော်တို့ စစ်ကိုင်းတိုင်း၊ အမှတ် (၁) စစ်ဒေသမှာတော့ ကောလင်း၊ ရွှေပြည်အေး၊ ခမ်းပတ်၊ မော်လူး၊ သောင်သွပ်မြို့တွေကို ကျွန်တော်တို့ထိန်းချုပ်ထားတယ်။ ထိန်းချုပ်ထားတယ်ဆိုတာက မြို့တွေနဲ့ စခန်းကြီး ရွာကြီးတွေကို ထိန်းချုပ်ထားတယ်လို့ ပြောတာပေါ့နော်။ တကယ်တမ်းကတော့ မြို့ကြီးတွေရဲ့ ပတ်လည်မှာ ရှိကြတဲ့ ကျေးလက်ဒေသအားလုံးဟာ အမှတ် ၁ စစ်ဒေသကွပ်ကဲမှုအောက်မှာရှိတဲ့ PDF နဲ့ ပကဖတွေက ထိန်းချုပ်ထားတာဖြစ်ပါတယ်။
ဘီဘီစီ - ကောလင်းတဝိုက်က စစ်ရေးအခြေအနေကို ဆက်ပြီးမေးချင်ပါတယ်။ စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင်နေတယ်လို့ကြားသိထားရတော့ ဘယ်နေရာတွေကနေ ဝင်ရောက်ဖို့ကြိုးစားနေလဲ၊ ဘယ်လောက် တိုက်ပွဲပြင်းထန်နေပါသလဲ။
ကိုသြဇာ (စစ်ကိုင်းတိုင်းတာဝန်ခံ) - ကောလင်းမြို့ကို ကျွန်တော်တို့တိုက်ခိုက်ပြီး သူတို့ဆုတ်ခွာခဲ့ပြီး နောက်ပိုင်း စစ်ကောင်စီက အကြိမ်ကြိမ်ကြိုးစားပါတယ်။ ကြိုးစားတိုင်းလည်း ကျွန်တော်တို့ပြန်ပြီးချေမှုန်း နိုင်ခဲ့တာပေါ့နော်။ ကောလင်းရဲ့တောင်ဘက် ကန့်ဘလူမြို့နယ်ဘက်ကနေလည်း စစ်ကြောင်းထိုးတယ်၊ နောက်တစ်ခါကောလင်းရဲ့ မြောက်ဘက်မှာရှိတဲ့ ဝန်းသိုဘက်ကနေပြီးတော့လည်း စစ်ကြောင်းထိုးတယ်။ ဝန်းသို၊ ကောလင်း၊ ကန့်ဘလူကြားမှာတော့ တိုက်ပွဲတွေဖြစ်နေတာပေါ့။ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ ပကဖ က တော့ ဖြတ်တောက်ရေးနဲ့ ချေမှုန်းရေးတွေ ဆောင်ရွက်နေတာရှိပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဘီဘီစီ - ၁၀၂၇ စစ်ဆင်ရေးက ရှမ်းပြည်မြောက်ပိုင်းမှာ အပစ်ရပ်ထားပြီးတဲ့နောက်ပိုင်း ကောလင်းဘက်ကို စစ်ကောင်စီက စစ်ရေးအရ ဖိအားပေးလာတဲ့သဘောလို့ ဆိုလိုတာလား။ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလ ဆန်းပိုင်းမှာ ဘယ်လို အခြေအနေရှိလဲ။
ကိုသြဇာ (စစ်ကိုင်းတိုင်းတာဝန်ခံ) - စစ်ကောင်စီအနေနဲ့က ရှမ်းမြောက်မှာ ခွက်ခွက်လန်အောင်ရှုံးတယ်ပေါ့။ အခုလည်း ရခိုင်ဘက်မှာ ဖနောင့်နဲ့ တင်ပါးတသားတည်းကျအောင် ပြေးနေရတဲ့ အနေအထားပေါ့။ ဒီလိုအနေအထားမှာ အဲဒီဘက်က ဆုတ်ခွာလာတဲ့သူတို့ လွှတ်ပေးလိုက်တဲ့သူအချို့ပါနိုင်တယ်၊ ထောင်ထွက်အချို့ပါနိုင်တယ်။ ဒါတွေနဲ့ မြေပြန့်ပိုင်းကို ပြန်ပြီးတော့ ထိုးဖို့ကြိုးစားကြည့်တာပေါ့နော်။ ရန်သူရဲ့ထိုးလာတဲ့စစ်ကြောင်းတိုင်းအပေါ်မှာတော့ ကျွန်တော်တို့ပြန်လည်ပြီး ဖြတ်တောက်ဖို့၊ ချေမှုန်းဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ သိသာတဲ့အပြောင်းအလဲကတော့ သူတို့လေကြောင်းပိုပြီးတော့ သုံးလာတယ်။ လက်နက်ကြီးပစ်ကူပိုပြီးတော့ သုံးလာတယ်။ နောက်တစ်ခါ ဒရုန်းလည်း သုံးလာတယ်။ ကျွန်းလှမြို့ကနေပြီးတော့လည်း မြောက်ဘက်အထိ ဟောင်ဝေဇာယူလာပြီးတော့ ကျွန်တော်တို့တိုက်ခိုက်နေတဲ့ ချပ်သင်းဘက်ကို ပစ်နေတာရှိတယ်။ ကောလင်းကို ထိုးဖို့ စစ်ကြောင်းငါးကြောင်း၊ အင်အား ၅၀၀ ကျော် ၇၀၀၊ ၈၀၀ ကြားလောက်သုံးပြီး ထိုးလာတာရှိတယ်။ ကောလင်းမြို့ထဲကို ဒီနေ့(ဖေဖော်ဝါရီ ၁၁)ရက်နေ့မှာ ကောလင်းမြို့ထဲကို စစ်ကြောင်း တစ်ကြောင်းထိုးလာတာရှိတယ်။ အခုပြောနေတဲ့အချိန်မှာပဲ စစ်ဒေသကွပ်ကဲမှု အောက်မှာရှိတဲ့ PDF တပ်ရင်း တပ်ဖွဲ့တွေနဲ့ ပကဖတပ်ဖွဲ့တွေ ပေါင်းပြီးတော့ ရန်သူနဲ့ ထိတွေ့မှု အပြင်းအထန်ဖြစ်နေပါတယ်။ စစ်ကောင်စီ အလောင်းတွေနဲ့ လက်နက်ခဲယမ်းသိမ်းယူထားတာလည်း ရှိပါတယ်။ မြို့ရဲ့အစိတ်အပိုင်းအချို့မှာ ရန်သူနဲ့ အပြန်အလှန်တိုက်နေဆဲဖြစ်ပြီးတော့ အချို့အစိတ်အပိုင်းတွေကိုတော့ ကောင်းကောင်းထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်ခင်ဗျ။

ဓာတ်ပုံ ရင်းမြစ်, CINCDS
ဘီဘီစီ - ဒါဆိုရင် ကောလင်းတိုက်ပွဲတွေမှာ စစ်ကောင်စီက လေကြောင်း ကိုပဲ အဓိကအားထားနေရတဲ့ အခြေအနေပဲလို့ ပြောချင်တာလား။ တိုက်ပွဲအခြေအနေက ဘယ်လိုရှိနေတာလဲ။
ကိုသြဇာ (စစ်ကိုင်းတိုင်းတာဝန်ခံ) - အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)တို့၊ နမ့်ဆန်တို့ဘက်ကနေ လေကြောင်းတိုက်ခိုက်မှုတွေလုပ်တယ်။ အဓိကကတော့ လေကြောင်းကနေ စစ်ကူပို့တဲ့နေရာမှာ ကန့်ဘလူ ၆၀၀၆ တပ်ရင်းကနေတဆင့် ကောလင်းနဲ့ ကန့်ဘလူအစပ်မှာရှိတဲ့ ကိုးတောင်ဘို့(တိုက်နယ်) မှာ ကောလင်းကို တက်လာမယ့်စစ်ကြောင်းကို တပ်ကူပို့တာဖြစ်ပါတယ်။ ကောလင်းကို သိမ်းယူပြီးတုန်းကဆိုရင် ပျူ(အရပ်အခေါ် စစ်တပ်ထောက်ခံတဲ့ ပျူစောထီးလက်နက်ကိုင်)စစ်ကြောင်း တစ်ကြောင်းတက်လာတာကို ကောင်းကောင်းချေမှုန်းလိုက်နိုင်တာရှိတာကြောင့် သူတို့သင်ခန်းစာယူပြီး လေကြောင်းကနေပဲ စစ်ကူပို့တော့တာပါ။ တလောကဆိုရင် ချပ်သင်းကနေ ဖြတ်သွားတဲ့ ရဟတ်ယာဉ် တစ်စီးကို ကျွန်တော်တို့ပစ်ချလိုက်တယ်။ ပျက်တော့မကျဘူး၊ ထိခိုက်မှုရှိပြီးတော့ ၆၀၀၆ တပ်ရင်းထဲကို ပြန်ဆင်းသွားတယ်။ အဲလိုပဲ ဝန်းသိုတပ်ရင်းဘက်မှာလည်း တက်လာတဲ့ ရဟတ်ယာဉ်တစ်စင်းကို ဖျက်ချတာ ရှိပါတယ်၊ အဲဒါလည်း ထိမှန်မှုရှိတယ်ပေါ့၊ စက်ပျက်သွားတဲ့သဘောပေါ့။
ဘီဘီစီ - ဒီလိုရဟတ်ယာဉ်ဖျက်ချတာတွေကို ဘယ်ကာလတွေမှာ လုပ်ခဲ့တာလဲ၊ လေယာဉ်ပစ်လက်နက် ပိုင်ဆိုင်ထားပြီလား။
ကိုသြဇာ (စစ်ကိုင်းတိုင်းတာဝန်ခံ) - ဒီရက်ပိုင်းလေးပါပဲ။ သုံးရက်နေ့စပြီးတော့ သူတို့စစ်ဆင်ရေးစတယ်၊ ဒီနေ့ ၁၁ ရက်ပေါ့။ ၈ ရက် ၉ ရက် ၁၀ ရက်အတွင်းမှာပဲ ဒီလိုပစ်ခတ်တိုက်ခိုက်မှုတွေပိုပြီးတော့ ရှိလာတာ ဖြစ်ပါတယ်ခင်ဗျ။ စစ်ဆင်ရေးကိစ္စလည်းဖြစ်တော့ ကျွန်တော်တို့မှာရှိတဲ့ လက်နက်တွေကို အကောင်းဆုံး အသုံးပြုတိုက်ခိုက်နေတာဖြစ်ပါတယ်။
ဘီဘီစီ - နှစ်ဖက်က အပြန်အလှန်ထိန်းချုပ်ဖို့ကြိုးစားနေတဲ့ကောလင်းမြို့ဟာ ဘယ်လောက်အထိ အရေးပါတာလဲ။ ကောလင်းကို ဘာကြောင့်ထိန်းချုပ်နိုင်ဖို့ကြိုးစားနေကြတာလဲ။
ကိုသြဇာ (စစ်ကိုင်းတိုင်းတာဝန်ခံ) - ကျွန်တော်တို့အတွက် အရေးပါမှုနဲ့ထိန်းချုပ်ထားနိုင်မှုက မြို့တိုင်းအတူတူပါပဲ။ ရွာတိုင်း စခန်းတိုင်းကတော့ အတူတူပါပဲ။ ကောလင်းဟာစစ်ရေးအရ အရေးပါလွန်းတဲ့ မြို့ တမြို့တော့မဟုတ်ဘူး။ ဒါပေမဲ့ NUG က စစ်အုပ်ချုပ်ရေးကို ပထမဆုံးဖြိုဖျက်ပြီးတော့ ကျွန်တော်တို့ ပြည်သူ့အုပ်ချုပ်ရေး၊ ခရိုင်အုပ်ချုပ်ရေးတည်ဆောက်ခဲ့တဲ့မြို့ဖြစ်တယ်။ စစ်ကောင်စီအတွက်တော့ မရှိတဲ့သိက္ခာ ကျခဲ့ရတဲ့မြို့လို့ ပြောလို့ရတယ်။ သူ့ရည်မှန်းချက်က မြို့ကိုရချင်တာ။ ကျွန်တော်တို့ရည်မှန်းချက်က ရန်သူကိုအမှည့်ခြွေ ခြွေဖို့ သူ့အင်အားပြုန်းတီးအောင်လုပ်ဖို့ဖြစ်ပါတယ်။ ရည်မှန်းချက်တွေတော့ မတူဘူးပေါ့လေ။
စစ်အာဏာသိမ်းပြီးနောက်မှ ပေါ်ထွက်လာတဲ့ အမှတ် (၁) စစ်ဒေသ၊ “က” သုံးလုံးဒေသ အခေါ်အဝေါ်

ဓာတ်ပုံ ရင်းမြစ်, NUG MOD
ဘီဘီစီ - ကောလင်းမြို့ကို တော်လှန်ရေးအင်အားစုတွေဟာသိမ်းယူနိုင်ခဲ့တာဟာ အမှတ် (၁) စစ်ဒေသရဲ့ ကွပ်ကဲမှုကြောင့်လို့ သိထားရပါတယ်။ မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကရော ဘယ်လိုလဲ၊ အမှတ်(၁) စစ်ဒေသဆိုတာဘာလဲ သိပါရစေ။
ကိုသြဇာ (စစ်ကိုင်းတိုင်းတာဝန်ခံ) - ကျွန်တော်တို့အမှတ် (၁) စစ်ဒေသရဲ့ စစ်ဒေသမှူးက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ခေါင်လွန်း ဖြစ်ပါတယ်။ သူက စစ်ဒေသမှူးအဖြစ် တာဝန်ယူပြီးဆောင်ရွက်နေတာဖြစ်ပြီးတော့ စစ်ဦးစီးအဖွဲ့မှာလည်း KIA အရာရှိကြီးများ ပါဝင်ပါတယ်။ ခရိုင်ကွပ်ကဲရေးအဖွဲ့မှာ KIA အရာရှိကြီးတွေက ခရိုင်ကွပ်ကဲရေးအနေနဲ့ဆောင်ရွက်ပြီးတော့ စစ်ဒေသကွပ်ကဲမှုရဲ့အောက်မှာ PDF တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တွေ ရှိပါတယ်ခင်ဗျ။ ဒီနေ့ကောလင်းတိုက်ပွဲမှာဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ပကဖ အဖွဲ့တွေက တိုက်နေတာဖြစ်ပါတယ်။ စစ်ဆင်ရေးကွပ်ကဲမှုအနေနဲ့က ကွပ်ကဲမှုအဆင့်ဆင့်နဲ့ ဆောင်ရွက်နေတာပါ။ အမှတ် (၁) စစ်ဒေသဆိုတာ စစ်ကိုင်းတိုင်းပါတယ်၊ မန္တလေးတိုင်းရဲ့ အစိတ်အပိုင်းအချို့ပါမယ်၊ မကွေးတိုင်းရဲ့ အစိတ်အပိုင်းအချို့ပါမယ်၊ အဲဒီ သုံးခုကိုပေါင်းပြီးတော့ခေါ်တာပါ။
ဘီဘီစီ - နောက်ထပ်တစ်ချက်က ကောလင်းလို့ပြောပြီဆိုတာနဲ့ “က” သုံးလုံးဒေသဆိုတာကို တွဲသိလာရ ပါတယ်။ ကချင်ပြည်နယ်နဲ့ ဝင်ပေါက်ထွက်ပေါက်လိုဖြစ်နေတဲ့ မြို့တွေပါဝင်နေတဲ့ “က”သုံးလုံး ဒေသဟာ အမှတ် (၁) စစ်ဒေသအတွက် အရေးအပါဆုံးလို့ ပြောလို့ရနိုင်လား။
ကိုသြဇာ (စစ်ကိုင်းတိုင်းတာဝန်ခံ) - “က” သုံးလုံးဆိုတာကတော့ဗျာ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်တွေကိုပေါင်းပြီးခေါ်လိုက်တာပေါ့။ ခရိုင်သုံးခု၊ မြို့နယ်အားဖြင့် ၉ ခုရှိတာပေါ့။ အမှတ် (၁) စစ်ဒေသထဲမှာရှိတဲ့ စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ ခရိုင်သုံးခုပါ။ ထူးခြားချက်တစ်ခုကတော့ “က” သုံးလုံးခရိုင်ထဲမှာ အမှတ် (၁) စစ်ဒေသက ကွပ်ကဲတဲ့ PDF တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပကဖ ပဲ ရှိပါတယ်ခင်ဗျ။ ဒေသတစ်ခုလုံးရဲ့ စစ်ရေးအလှုပ်အခတ်ကတော့ ကျန်တဲ့ ဒေသတစ်ခုလုံးနဲ့ ဆက်စပ်နေတာပေါ့။ ဒေသတစ်ခုတည်းထိန်းချုပ်ထားတာမဟုတ်ဘူး။ ကျွန်တော်တို့ စစ်ဆင်ရေးတိုက်ပွဲတွေက စစ်ဒေသတစ်ခုလုံးမှာရှိနေတယ်။ စစ်ဒေသတစ်ခုလုံးကို တော်လှန်ရေးဘက်က ကိုင်လှုပ်နေတယ်၊ လှုပ်ခတ်နေတယ်။ ကျန်တဲ့တိုင်းတွေမြို့ကြီးတွေဆီကိုလည်း ဒီလှုပ်ခတ်မှုရဲ့ အရွေ့က ရွေ့လာမှာဖြစ်တာပေါ့။ ပြောရရင် ကန့်ဘလူနဲ့ ၁၅ မိနစ်လောက်သွားရတဲ့ အင်ကြင်းစုဆိုတဲ့ ပျူစခန်းကို သိမ်းမိတာရှိတယ်။ ရွှေပြည်အေးအနောက်ထဲမှာရှိတဲ့ တမူးခရိုင်နဲ့ ခန္တီးခရိုင်အစပ်မှာရှိတဲ့ အောင်ဇေယျဆိုတဲ့စစ်စခန်းရွာကြီးကိုလည်း မနေ့ည (ဖေဖော်ဝါရီ ၁၀ရက်) ညက သိမ်းပိုက်နိုင်တာရှိတယ်။ ဆိုလိုတာက အင်ကြင်းစုကို တိုက်တယ် ကန့်ဘလူ လှုပ်တယ်၊ ချပ်သင်းကိုတိုက်တယ် ကျွန်းလှက လှုပ်တယ်။ အောင်ဇေယျကိုသိမ်းတယ်၊ တမူးကလှုပ်တယ်။ စစ်ဒေသ ခွင်ကြီးတစ်ခုလုံးမှာ အနှံ့အပြား လှုပ်ခတ်မှုပြုလုပ်နေတယ်။ ဒါကြောင့် အရွေ့အကြီးကြီးဖြစ်လာမှာက သေချာပါတယ်။
ဖေဖော်ဝါရီဒုတိယအပတ်အတွင်း မြို့တွင်းတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး ကျော်ဇေယျာ တောင်ပိုင်း(အောင်ချမ်းသာအခြမ်း)၊ အောင်သီရိရပ်ကွက်၊ ကျော်ဇေယျာ အမှတ်46 သစ်စက်အနောက်ခြမ်း နဲ့ ကောလင်းမြို့မစျေးအနီး မီးလောင်ကျွမ်းနေတယ်လို့ Kawlin Revolution – KR ကနေ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ သတင်းဖော်ပြထားပါတယ်။









