ရွှေပြည်အေးမြို့မှာ ဘာတွေဖြစ်ခဲ့တာလဲ

ရွှေပြည်အေးမြို့က စစ်ကောင်စီ စခန်းတွေကို ‌ခန္တီးခရိုင် အမှတ်(၁) တပ်ရင်း-ဟုမ္မလင်း ၊ HPDF-124၊ HPDF ၊ HPDF- မိုးကြိုး စတဲ့ မဟာမိတ်တပ်ပေါင်းစုအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ပြော

ဓာတ်ပုံ ရင်းမြစ်, Homalin DDefense Forces HPDF124

ဓာတ်ပုံ ပုံစာ, ရွှေပြည်အေးမြို့က စစ်ကောင်စီ စခန်းတွေကို ‌ခန္တီးခရိုင် အမှတ်(၁) တပ်ရင်း-ဟုမ္မလင်း ၊ HPDF-124၊ HPDF ၊ HPDF- မိုးကြိုး စတဲ့ မဟာမိတ်တပ်ပေါင်းစုအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ပြော

ချင်းတွင်းမြစ်အထက်ပိုင်း ဟုမ္မလင်းမြို့ကနေ မြစ်ကြောင်းအတိုင်း စုန်လာရင် ၂၅ မိုင်ခန့်အကွာမှာ ရွှေပြည်အေးမြို့ကို ရောက်ပါတယ်။

ရွှေပြည်အေးမြို့ဟာ ဟုမ္မလင်းမြို့နဲ့ ဖောင်းပြင်မြို့ကြား ချင်းတွင်းမြစ်ဘေးမှာတည်ရှိတဲ့ မြို့ဖြစ်ပါတယ်။

ဒီမြို့မှာ သစ်ပါးလွှာထုတ်စက်ရုံတွေ ရှိပြီးတော့ ပြည်တွင်းသစ်တင်မော်တော်တွေ အကပ်များတဲ့ဆိပ်ကမ်းလည်းရှိပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကတော့ အဲဒီမြို့ကလေးမှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့က စပြီးတိုက်ပွဲဖြစ်

no tag

ဓာတ်ပုံ ရင်းမြစ်, Homalin DDefense Forces HPDF124

ဖေဖော်ဝါရီလ ၁ ရက် ကစပြီး ‌ရွှေပြည်အေးမြို့က စစ်ကောင်စီကင်းစခန်း ဂိတ်စခန်းတွေကို ‌ခန္တီးခရိုင် အမှတ်(၁) တပ်ရင်း-ဟုမ္မလင်း ၊ HPDF-124၊ HPDF ၊ HPDF- မိုးကြိုး စတဲ့ မဟာမိတ်တပ်ပေါင်းစုအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

မြို့ရဲ့ နေရာအများစုကို သိမ်းယူထားနိုင်ချိန်မှာတော့ စစ်ကောင်စီက ရှမ်းနီအမျိုးသားတပ်(SNA) နဲ့ပူးပေါင်းပြီး ‌ကုန်းကြောင်းက တိုက်ခိုက်ခဲ့သလို ရေကြောင်း‌၊ လေကြောင်းကနေပါ အသာစီးပြန်ယူဖို့ကြိုးစားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ အထိ နှစ်ဖက်တပ်တွေကြားမှာ အပြင်းအထန်တိုက်ခိုက်ခဲ့ရတဲ့ အခြေအနေဖြစ်ခဲ့ပါတယ်။

စစ်တပ်ရဲ့ စစ်သုံးရဟတ်ယာဥ် တစ်စီးကို ဒေသကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုအဖွဲ့က ပစ်ချခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရဘက်က ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တစ်ချိန်တည်းမှာပဲ စစ်ကောင်စီကလည်း အင်အားအလုံးအရင်းနဲ့မြို့ကို စစ်‌ရေးလမ်းကြောင်းပေါင်းစုံကနေ ပြန်သိမ်းဖို့ကြိုးစားခဲ့ပါတယ်။

အခုတော့ စစ်ကောင်စီက အဲဒီနေရာမှာ အနည်းဆုံးတပ်ရင်း ၄ရင်းလောက်သုံးပြီး နယ်မြေရှင်းလင်းမှုတွေ လုပ်နေတယ်လို့ နောက်ဆုံးသတင်းတွေအရ သိရပါတယ်။

စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစ်စီးကို ပီဒီအက်ဖ်က ပစ်လိုက်တယ်လို့ သတင်းတွေ ထွက်လာခဲ့ပြီးနောက်ပိုင်း စစ်အင်အားတွေထပ်တိုးလာပြီ ဥရုမြစ် (ဒေသအခေါ် ဥရုချောင်း) ကနေ ဆယ်ဇင်းတစ်ဝိုက်အခြေစိုက်ထားတဲ့ ရှမ်းနီ အမျိုးသားတပ် (SNA)တပ်မဟာ ၉၇၂ ကလည်း စစ်ကောင်စီကို စစ်ကူလာသလို ။မြစ်ကြောင်းကနေလည်း စစ်ကူ နှစ်ကြောင်း၊ကုန်းလမ်းကနေလည်း စစ်ကူ တစ်ကြောင်း၊ စုစုပေါင်း သုံးကြောင်းနဲ့ စစ်ကြောင်းတွေ ထိုးလာလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ကပြန်ဆုတ်ပေးလိုက်ရတဲ့ အနေအထားလို့ နယ်မြေအခြေအနေသိရှိသူက ပြောပါတယ်။

စစ်တပ်လေကြောင်းရန်ကို ကြောက်လို့ ဒေသခံတွေ ထောင်ချီ နေအိမ်တွေကိုစွန့်ခွာပြီး ပြေးကြခဲ့ကြရပါတယ်။

ရွာကြီးကနေ မြို့သစ်ဖြစ်လာတဲ့ ရွှေပြည်အေးဟာ ‌နေရာ အချက်အချာကျတာကြောင့် စစ်တပ်အတွက်ထောက်ပံ့ပို့ဆောင်ရေးမှာ အဓိကကျတဲ့ လမ်းကြောင်းဖြစ်နေတာလို့ ဆိုပါတယ်။

ဒါ့ကြောင့်လည်း ဒီနေရာကို ဒေသကာကွယ်ရေး တပ်ပေါင်းစုတွေက သိမ်းယူဖို့ကြိုးစားခဲ့ကြတာလို့ ဘီဘီစီကို ပြောပါတယ်။

'' ဒေသကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ရွှေပြည်အေးမြို့ကို ရေရှည် ထိန်းထားနိုင်တဲ့ အင်အားမရှိတာကြောင့်နယ်မြေကို သူတို့သိမ်းလိုက်နိုင်တယ်ဆိုတာကိုပဲ စစ်ကောင်စီကို ပြလိုက်တာလို့မြင်တယ်'' လို့ မြေပြင်အခြေအနေ သိရှိသူက ပြောပါတယ်။

'' စစ်ကောင်စီက ဖေဖော်ဝါရီ ၃ ရက်နေ့ကဆိုရင် ကလေးမြို့ကနေ အင်အား ၂၀၀ လောက်တက်လာတယ်။ရွှေပြည်အေး ကို စစ်ကူပေးဖို့ တမူးမြို့နယ်က စစ်ကောင်စီတွေ SNA(ရှမ်းနီအမျိုးသားတပ်) တွေ ပျူတွေ ပေါင်းပြီး မြစ်ရဲ့အနောက်ဘက်ကနေ လက်နက်ကြီးတွေနဲ့ပစ်ကူတယ် '' လို့ မြေပြင်အခြေအနေသိရှိသူက ဆက်ပြောပါတယ်။

ရွာကြီးကနေ မြို့သစ်ဖြစ်လာတဲ့ ရွှေပြည်အေးဟာ ‌နေရာ အချက်အချာကျတာကြောင့် စစ်တပ်အတွက်ထောက်ပံ့ပို့ဆောင်ရေးမှာ အဓိကကျတဲ့ လမ်းကြောင်းဖြစ်နေတာလို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Screen Shot

ဓာတ်ပုံ ပုံစာ, ရွာကြီးကနေ မြို့သစ်ဖြစ်လာတဲ့ ရွှေပြည်အေးဟာ ‌နေရာ အချက်အချာကျတာကြောင့် စစ်တပ်အတွက်ထောက်ပံ့ပို့ဆောင်ရေးမှာ အဓိကကျတဲ့ လမ်းကြောင်းဖြစ်နေတာလို့ ဆိုပါတယ်။

ရွှေပြည်အေးမြို့ဘယ်လိုတည်ခဲ့

ရွှေပြည်အေးမြို့ ကို အရင် က စစ်အစိုးရလက်ထက်က စစ်ကိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်သာအေး လက်ထက်မှာ တည်ခဲ့တဲ့မြို့ဖြစ်ပြီး တောင်ကုန်းပြန့်ကို မြို့သစ်တည်ထားလို့ ရေလမ်းကြောင်းကို အပေါ်စီးကနေမြင်ရတဲ့မြို့ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်မှာတော့ စစ်ကောင်စီကနေပြီး ဟုမ္မလင်း ခရိုင်ထဲ ထည့်ခဲ့တာဖြစ်ပြီး လူဦးရေ ၃၀၀၀နီးပါးနေထိုင်နေတာပါ။

၂၀၂၁ ခုနှစ်မှာတော့ စစ်ကောင်စီကနေပြီး ဟုမ္မလင်း ခရိုင်ထဲထည့်လိုက်ပြီး မြို့သစ်တည်ပေးလိုက်တာလို့ ဆို

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ၂၀၂၁ ခုနှစ်မှာတော့ စစ်ကောင်စီကနေပြီး ဟုမ္မလင်း ခရိုင်ထဲထည့်လိုက်ပြီး မြို့သစ်တည်ပေးလိုက်တာလို့ ဆို

ရွှေပြည်အေးမြို့က ဘာကြောင့် အရေးကြီး

ချင်းတွင်းမြစ်ဘေး အချက်အချာကျနေတဲ့ ဒီမြို့ကို နှစ်ဖက် လက်နက်ကိုင်တွေကသိမ်းယူချင်နေကြတာလို့ ဆိုပါတယ်။ စီးပွားရေးနဲ့ စစ်ရေးဗျူဟာ အရ ရွှေပြည်အေးမြို့ဟာ အချက်အချာကျတဲ့ မြို့ တစ်မြို့လည်းဖြစ်ပါတယ်။

စစ်ရေးဗျူဟာအရ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်ကို ရေကြောင်းနဲ့ ကုန်းကြောင်း ဆက်စပ်ချိတ်ဆက်သွားလာလို့ရတဲ့ လမ်းတွေရှိပါတယ်။ ရွှေပြည်အေးမြို့ အနီးဝန်းကျင် ဥရုမြစ် (ဒေသအခေါ် ဥရုချောင်း) ဒေသက ထွက်သမျှ သစ်တွေကို ရွေပြည်အေး သစ်ဆိပ်ကနေ သစ်တွေသယ်ယူနိုင်ပါတယ်။ တခြားစီးပွားရေးအနေနဲ့လည်း ရွှေပြည်အေးမြို့ မှာ သစ်ပါးလွှာစက်ရုံတွေ ရှိသလို ချင်းတွင်းမြစ်ကနေထွက်လာတဲ့ ရွှေမျော (ရွှေတူးဖော်တဲ့လုပ်ငန်း)ရှိတာကြောင့် စစ်ကောင်စီနဲ့ ရှမ်းနီအမျိုးသားတပ်(SNA) တို့က ရွှေမျောတွေဖွင့်တာတွေ ရှိပါတယ် ။

မုံရွာကနေ ချင်းတွင်းမြစ်ရေကြောင်းနဲ့တက်လာတဲ့ မော်တော်တွေကို ရွှေပြည်အေးဂိတ်က တားဆီးစစ်ဆေးတဲ့ ဂိတ်တွေလည်းရှိပါတယ်။ ဒါကြောင့်ရွှေပြည်အေးမြို့ဟာ မြစ်ကြောင်းအရ အင်မတန်အရေးပါတဲ့ နေရာမှာရှိနေတာပါ။ ဒါတွေကပဲ စစ်ရေးဗျူဟာအရပါ အချက်အချာကြတယ်လို့ ပြောကြတာဖြစ်ပါတယ်။

အခုတော့ မြို့မှာ တိုက်ပွဲတွေဖြစ်လို့ ရွှေပြည်အေး ဒေသခံတွေကတော့ နီးစပ်ရာ ရွာတွေမှာတိမ်းရှောင်နေကြဆဲပါ။

လက်ရှိအခြေအနေအထိ ရွှေပြည်အေးဘက်မှာ ဖုန်းလိုင်းအဆက်အသွယ်မရသေးတာကြောင့် ဒေသခံပြည်သူတွေရဲ့အခြေအနေကိုတော့ ပြည့်ပြည့်စုံစုံ မသိရသေးပါဘူး။