ကက်ရှ်မီးယား ပဋိပက္ခ - အိန္ဒိယ တိုက်လေယာဉ် ၂ စီး ကို ပါကစ္စတန် ပစ်ချ

၁၉၇၁ စစ်ပွဲ အပြီး ကတ်ရှ်မီးယားဒေသမှာ လေကြောင်းတိုက်ခိုက်မှု ပထမဆုံး ပြန်ဖြစ်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ၁၉၇၁ စစ်ပွဲ အပြီး ကတ်ရှ်မီးယားဒေသမှာ လေကြောင်းတိုက်ခိုက်မှု ပထမဆုံး ပြန်ဖြစ်

ကက်ရှ်မီးယား ဒေသ ပါကစ္စတန် ထိန်းချုပ် နယ်မြေ ဝေဟင် ပိုင်နယ် ထဲကို ဝင်လာတဲ့ အိန္ဒိယ လေတပ် ဂျက် လေယာဉ်ပျံ ၂ စီးကို ပစ်ချခဲ့ပြီး လေယာဉ်မှူးကိုလည်း မြေပြင်ပေါ်မှာ အရှင်ဖမ်းမိခဲ့တယ်လို့ ပါကစ္စတန် စစ်တပ်က ပြောပါတယ်။

ပစ်ချခဲ့တဲ့ လေယာဉ် ၂ စီးမှာ ၁ စီးက ပါကစ္စတန် ထိန်းချုပ် နယ်မြေထဲကို ပျက်ကျခဲ့ပြီး ၁ စီးကတော့ အိန္ဒိယ ပိုင်နက်ထဲ ပျက်ကျခဲ့တယ်လို့ ပါကစ္စတန် တပ်မတော် ပြောခွင့်ရ ဗိုလ်ချုပ်ကြီး အဇိဖ်ဂါဖောက ဆိုပါတယ်။

ဒါပေမယ့် အိန္ဒိယဘက်ကတော့ တစ်စုံတစ်ရာ အတည်ပြုတာမျိုး မရှိသေးဘဲ ပါကစ္စတန် လေယာဉ် ၁ စီးကို ပစ်ချခဲ့တယ်လို့ ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ (ဖေဖော်ဝါရီ ၂၆) က ပါကစ္စတန် ထိန်းချုပ် ကက်ရှ်မီးယား နယ်မြေ ဘာလာကော့ဒ် ဒေသက ဂျိတ်ရှ် မိုဟာမက် စစ်သွေးကြွအဖွဲ့ရဲ့ လေ့ကျင့်ရေး စခန်း ကို ဦးတည်ပြီး အိန္ဒိယ ဘက်က လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း အဲဒီမှာ အိန္ဒိယနဲ့ ပါကစ္စတန် အပြန်အလှန် တင်းမာမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။

အိန္ဒိယရဲ့ တိုက်ခိုက်မှုက ကက်ရှ်မီးယား ဒေသ အိန္ဒိယ ထိန်းချုပ်နယ်မြေထဲမှာ ဖြစ်ပွားခဲ့တဲ့ စစ်သွေးကြွအဖွဲ့ရဲ့ တိုက်ခိုက်ခဲ့မှု ကို လက်တုံ့ပြန်တာပါ။

ဖေဖော်ဝါရီလ ၁၄ ရက် တုန်းက အနည်းဆုံး စစ်သား ၄၀ သေဆုံးခဲ့ရတဲ့ အိန္ဒိယ စစ်ရဲတပ်ဖွဲ့ ယာဉ်တန်း အသေခံ ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း ကက်ရှ်မီးယား ဒေသမှာ စစ်ရေး တင်းမာမှုတွေ ပြန်လည် စတင်လာခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၇ ရက် (ဗုဒ္ဓဟူးနေ့) မှာ ကတ်ရှ်မီးယား ဒေသ နှစ်နိုင်ငံ ထိန်းချုပ်မျဉ်း တလျှောက် ပါကစ္စတန် လေတပ် ဂျက်လေယာဉ်တွေက လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

အရပ်သား ထိခိုက်မှုနဲ့ လူ့ အသက်တွေ ဆုံးရှုံးမှု မရှိအောင် စစ်ရေး ပစ်မှတ်တွေကို ရှောင်လွှဲ ပြီး တိုက်ခိုက်ခဲ့တယ်လို့ ပါကစ္စတန်ဘက်က ဆိုပါတယ်။ ဒါပေမယ့် ပါကစ္စတန် ဂျက်လေယာဉ်တွေကို မောင်းထုတ်နိုင်ခဲ့တယ်လို့ အိန္ဒိယ အာဏာပိုင်တွေက တုံ့ပြန်ပါတယ်။

အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံအကြား ဆယ်စုနှစ်များစွာ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကတ်ရှ်မီးယားဒေသ
ဓာတ်ပုံ ပုံစာ, အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံအကြား ဆယ်စုနှစ်များစွာ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကတ်ရှ်မီးယားဒေသ

စစ်ရေး တင်းမာနေတဲ့ ဒေသတဝိုက်မှာ အိန္ဒိယဘက်က လေယာဉ်ပျံသန်းခွင့် ကန့်သတ်လိုက်တဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ အဲဒီ ဒေသတဝိုက် လေယာဉ်ခရီးစဉ်တွေကို ယာယီ ရပ်နားထားရတယ်လို့ အိန္ဒိယ ပြည်တွင်း လေကြောင်းလိုက် Vistara က ပြောပါတယ်။

Line of Control (LoC) လို့ ခေါ်တဲ့ ကက်ရှ်မီးယားဒေသ အိန္ဒိယနဲ့ ပါကစ္စတန် ထိန်းချုပ်နယ်မြေ သတ်မှတ်မျဉ်း တလျှောက် အခုလို လေကြောင်းတိုက်ပွဲ ဖြစ်ပွားနေတာဟာ ၁၉၇၁ ခုနှစ် နှစ်နိုင်ငံ စစ်ပွဲ အပြီး နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

အဲဒီ နယ်ခြားမျဉ်းကို ကျော်ပြီး နှစ်ဖက် မြေပြင် တပ်ဖွဲ့တွေ အကြား အပြန်အလှန် ပစ်ခတ်မှုတွေလည်း ဖြစ်ပေါ်နေပါတယ်။ နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုတွေကြောင့် အင်္ဂါနေ့က ပါကစ္စတန် အရပ်သား ၄ ဦး သေဆုံးခဲ့ပြီး လူ ၁၀ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

အိန္ဒိယဘက်ခြမ်းမှာတော့ စစ်သား ၅ ဦး ဒဏ်ရာ ရခဲ့တယ်လို့ တာဝန်ရှိသူတွေက ဘီဘီစီကို ပြောပါတယ်။ နယ်စပ်မျဉ်း တလျှောက်ရှိ ရာဂျိုရီနဲ့ ပွန့်ချ် ခရိုင် ၂ ခုက စာသင်ကျောင်းတွေကိုလည်း ပိတ်ထားရပါတယ်။

နယ်ခြားတလျှောက် နေထိုင်ကြသူတွေကိုလည်း နေအိမ်တွေကနေ စွန့်ခွာဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။

အစ္စလာမ် ဘာသာဝင် အများစု နေထိုင်တဲ့ ကက်ရှ်မီးယား ဒေသကို အိန္ဒယနဲ့ ပါကစ္စတန် နှစ်ဖက်စလုံးက သူတို့ ပိုင်နက်အဖြစ် တောင်းဆိုနေကြပြီး အဲဒီက နယ်မြေတွေကို ခွဲခြား ထိန်းချုပ်မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

အင်အားပြင်း နျူကလီးယား လက်နက်ကိုယ်စီ ပိုင်ဆိုင်ထားတဲ့ အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံဟာ ၁၉၄၇ ခုနှစ်မှာ ဗြိတိသျှ ဆီကနေ သီးခြားစီ လွတ်လပ်ရေး ရယူခဲ့ပြီးနောက် စစ်ပွဲ အဆင့် ၃ ကြိမ် ဖြစ်ပွားခဲ့ရာမှာ ၁ ကြိမ်က လွဲပြီး ကျန်တာတွေက ကက်ရှ်မီးယား နယ်မြေ အငြင်းပွားမှုကြောင့် ဖြစ်ပွား ခဲ့တာပါ။

အိန္ဒိယနဲ့ ပါကစ္စတန် စစ်ရေး တင်းမာမှု သမိုင်း

  • အောက်တိုဘာ ၁၉၄၇ - ဗြိတိသျှဆီကနေ သီးခြားစီ လွတ်လပ်ရေး ရယူပြီး ၂ လ အကြာမှာ ကက်ရှ်မီးယား ဒေသ ပိုင်ဆိုင်မှု အငြင်းပွားမှု စတင်ခဲ့ပြီး ပထမဆုံး အကြိမ် စစ်ပွဲကြီး ဖြစ်ခဲ့ပါတယ်။
  • သြဂုတ် ၁၉၆၅ - ကကက်ရှ်မီးယား အရေး နောက်ထပ် ၁ ကြိမ် စစ်ပွဲငယ် ဖြစ်ခဲ့ပါတယ်။
  • ဒီဇင်ဘာ ၁၉၇၁ - အရှေ့ပါကစ္စတန် (အခု ဘင်္ဂလားဒေ့ရှ်) ရဲ့ ပါကစ္စတန်ကနေ ခွဲထွက်ပြီး လွတ်လပ်ရေး တောင်းဆိုမှုကို အိန္ဒိယက ထောက်ခံခဲ့ပါတယ်။ အိန္ဒိယ လေတပ်က ပါကစ္စတန် ပိုင်နက်ထဲကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံ တည်ထောင်ခြင်းနဲ့ အတူ အဲဒီ စစ်ပွဲ အဆုံးသတ်ခဲ့ပါတယ်။
  • မေ ၁၉၉၉ - ပါကစ္စတန် စစ်တပ်နဲ့ စစ်သွေးကြွ တပ်ဖွဲ့ဝင်တွေက ကာဂီလ် တောင်တန်းက အိန္ဒိယ စစ်စခန်းတွေကို ဝင်သိမ်းခဲ့ပါတယ်။ အိန္ဒိယက မြေပြင်နဲ့ ဝေဟင် တိုက်ခိုက်မှုတွေနဲ့ တန်ပြန်ခဲ့ပါတယ်။
  • အောက်တိုဘာ ၂၀၀၁ - ကက်ရှ်မီးယားဒေသ အိန္ဒိယ ထိန်းချုပ်နယ်မြေထဲက အစိုးရ စီစဉ်တဲ့ လူစုလူဝေး တစ်ခုမှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လူ ၃၈ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီနောက် ၂ လ အကြာမှာ ဒေလီမြို့တော်ရှိ အိန္ဒိယ လွှတ်တော် အဆောက်အအုံ တိုက်ခိုက်ခံခဲ့ရပြီး လူ ၁၄ ဦး သေဆုံးခဲ့ပါတယ်။
  • နိုဝင်ဘာ ၂၀၀၈ - မွန်ဘိုင်း (အရင် အခေါ် ဘုံဘေ) ဘူတာကြီး၊ ဇိမ်ခံ ဟိုတယ်တွေနဲ့ ဂျူး ယဉ်ကျေးမှု စင်တာ တွေ တပြိုင်နက်တည်း တိုက်ခိုက်ခံခဲ့ရပြီး လူ ၁၆၆ ဦး သေဆုံးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေကို ပါကစ္စတန် အခြေစိုက် လာရှခါအီတိုင်ဘေ (Lashkar-e-Taiba) အဖွဲ့က ကျူးလွန်ခဲ့တယ်လို့ အိန္ဒိယဘက်က ပြစ်တင်ခဲ့ပါတယ်။
  • ဇန်နဝါရီလ ၂၀၁၆ - ပက်သာကော့ (Pathankot) ဒေသက အိန္ဒိယ လေတပ်စခန်း ၄ ရက် ကြာ တိုက်ခိုက်ခံခဲ့ရပါတယ်။ အဲဒီ တိုက်ပွဲမှာ အိန္ဒိယ စစ်သား ၇ ဦးနဲ့ စစ်သွေးကြွ ၆ ဦး သေဆုံးခဲ့ပါတယ်။
  • ၁၈ စက်တင်ဘာ ၂၀၁၆ - ကက်ရှ်မီးယားက အိန္ဒိယ ထိန်းချုပ်ဒေသ အူရီ (Uri) က စစ်စခန်း ၁ ခု တိုက်ခိုက်ခံခဲ့ရပြီး စစ်သား ၁၉ ဦး သေဆုံးခဲ့ပါတယ်။
  • ၃၀ စက်တင်ဘာ ၂၀၁၆ - ပါကစ္စတန် အခြေစိုက် စစ်သွေးကြွ စခန်းတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အိန္ဒိယဘက်က ကြေညာခဲ့ပေမယ့် ဒါကို ပါကစ္စတန်ဘက်ကတော့ ငြင်းဆိုခဲ့ပါတယ်။