လူကာရှန်ကို - ဥရောပကအာဏာရှင်ရဲ့နေပြည်တော်ခရီး

ဓာတ်ပုံ ရင်းမြစ်, President of the Republic of Belarus
ဥရောပရဲ့နောက်ဆုံးအာဏာရှင်လို့ တင်စားကြတဲ့ ဘယ်လာရုစ်သမ္မတ လူကာရှန်ကို အရှေ့တောင်အာရှရဲ့ စစ်တပ်အာဏာသိမ်းတိုင်းပြည် မြန်မာကို ပထမဆုံးအကြိမ်လာရောက်ပါတော့မယ်။
၂၀၂၁ အာဏာသိမ်းမှုကြောင့် သံတမန်ရေးမျက်နှာစာမှာ ဖယ်ကျဥ်ခံထားရတဲ့ နေပြည်တော်ကို ဥရောပကနိုင်ငံခေါင်းဆောင်တစ်ဦး ရှားရှားပါးပါးရောက်လာတာလည်း ဖြစ်ပါတယ်။
နှစ်နိုင်ငံကြား မိုင်ပေါင်းထောင်ချီကွာဝေးပေမဲ့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဒီနှစ်ထဲမှာ ဘယ်လာရုစ်ကို နှစ်ကြိမ်ရောက်ခဲ့ပြီး နှစ်မကုန်ခင်မှာပဲ မစ္စတာလူကာရှန်ကိုက အပြန်အလှန်လာရောက် လည်ပတ်တာဖြစ်ပါတယ်။
စစ်ရေးနဲ့စီးပွားရေးဆက်နွှယ်မှုတွေရှိနေပေမဲ့ ဘယ်လာရုစ်သမ္မတဟာ နိုင်ငံတချို့ကကန့်ကွက်နေတဲ့ မြန်မာရွေးကောက်ပွဲကို ပရိုမိုးရှင်းဆင်းပေးမယ့်သူလို့ နိုင်ငံတကာဆက်ဆံရေးကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။
အာဏာရှင်ဆန်တာ ကျွန်တော့်စရိုက်

ဓာတ်ပုံ ရင်းမြစ်, President of the Republic of Belarus
၁၉၉၄ ရွေးကောက်ပွဲအနိုင်ရပြီးကတည်းက ဘယ်လာရုစ်သမ္မတနေရာက မဆင်းတော့တဲ့ လူကာရှန်ကိုဟာ အာဏာကို ဆယ်စုနှစ်သုံးခုတိုင် ချုပ်ကိုင်ထားနိုင်သူဖြစ်ပါတယ်။
မစ္စတာလူကာရှန်ကို ရဲ့ အုပ်ချုပ်မှုဟာ ဆိုဗီယက်ခေတ် အာဏာရှင်ဆန်တဲ့ အုပ်စိုးမှုမျိုးကို အတုယူ အုပ်ချုပ်တာမျိုးလို့ ဆိုရမှာပါ။
သတင်းဌာနတွေကို ချုပ်ကိုင်တာ၊ အတိုက်အခံ နိုင်ငံရေး ပြိုင်ဘက်တွေကို နှောင့်ယှက် ထောင်ချတာနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုတွေကို ကန့်သတ်တာတွေ လုပ်ခဲ့တယ်လို့ အရှေ့ဥရောပအရေးကျွမ်းကျင်သူတွေက ပြောပါတယ်။
"အာဏာရှင် ဆန်ဆန် အုပ်ချုပ်မှုဟာ ကျွန်တော်ရဲ့ ထူးခြားတဲ့ ပင်ကိုယ်စရိုက်ပါ၊ ဒါကို ဝန်ခံပါတယ်။ နိုင်ငံကို ထိန်းချုပ်ဖို့ လိုပါတယ်။ အဓိကက လူတွေ ရဲ့ ဘဝတွေကို မဖျက်ဆီးပစ်ဖို့ပဲ" လို့ ၂၀၀၃ ခုနှစ်မှာ သူက ပြောခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပြီးခဲ့တဲ့ ဇန်နဝါရီ ရွေးကောက်ပွဲမှာ မစ္စတာ လူကာရှန်ကိုအနိုင်ရခဲ့လို့ သမ္မတအဖြစ် ခြောက်ကြိမ်ဆက် အနိုင်ရခဲ့ပါတယ်။
အဲဒီရွေးကောက်ပွဲကို မြန်မာရွေးကောက်ပွဲကော်မရှင်ကလည်း သွားရောက်လေ့လာခဲ့ပါတယ်။
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တရုတ်၊ ရုရှားနဲ့ ဘယ်လာရုစ် သုံးနိုင်ငံကို ရှေ့ဆင့်နောက်ဆင့်သွားရောက်ခဲ့ပေမဲ့ မြန်မာရွေးကောက်ပွဲအချိန်ဇယားကို ဘယ်လာရုစ်ရောက်မှသာ တိတိကျကျပြောခဲ့တာဖြစ်ပါတယ်။
ဘယ်လာရုစ်မှာ ခမ်းခမ်းနားနားကြိုဆိုခြင်းခံခဲ့ရတဲ့အတွက်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ များစွာပျော်ရွှင်ခဲ့တယ် လို့ ခရီးစဥ်မှာ လိုက်ပါသွားသူတွေဆီက သိရပါတယ်။
သူ့မိတ်ဆွေရဲ့နေပြည်တော်ခရီးမှာ ပြန်လည်ဧည့်ဝတ်ကျေဖို့ ပြီးခဲ့တဲ့လတွေကတည်းက အားထုတ်နေပါတယ်။
မတ်လ ငလျင်ကြီးကြောင့် အကြီးအကျယ်ပျက်စီးခဲ့တဲ့ နေပြည်တော်ကို နေ့ရောညပါ အစွမ်းကုန်ပြုပြင်နေပြီး လူကာရှန်ကို လာရောက်လည်ပတ်မယ့်နေရာတွေကို အဓိကထားပြင်ဆင်နေတယ်လို့ ဘီဘီစီသတင်းအရင်းအမြစ်က ပြောပါတယ်။
"မစ္စတာဟွန်ဆန်လာတုန်းကထက် ခမ်းနားလိမ့်မယ်" လို့ သူက ပြောပါတယ်။
၂၀၂၂ ခုနှစ်က ကမ္ဘောဒီးယားနိုင်ငံရဲ့ ဝန်ကြီးချုပ် ဟွန်ဆန်ဟာ နေပြည်တော်ကို နှစ်ရက်ကြာရောက်ရှိလာပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
ဘာကြောင့် ဘယ်လာရုစ်လဲ

ဓာတ်ပုံ ရင်းမြစ်, President of the Republic of Belarus
၂၀၂၁ အာဏာသိမ်းပြီးတဲ့နောက်မှာ မြန်မာစစ်တပ်ဟာ ဘယ်လာရုစ်နဲ့ ပိုမိုနီးကပ်လာပေမဲ့ ဆက်ဆံရေးကောင်းရှိခဲ့တာကတော့ ကြာပါပြီ။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဘယ်လာရုစ်မြို့တော် မင့်စ်ကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာကတည်းက ပထမဆုံးအကြိမ် တရားဝင် ခရီးစဉ်အဖြစ် သွားရောက်ခဲ့ပြီးဖြစ်ပါတယ်။
မြန်မာစစ်တပ်ဟာ ရုရှားထုတ်လက်နက်တွေကို ဘယ်လာရုစ်နေတဆင့်ခံဝယ်ယူလို့ရနေတာက နှစ်နိုင်ငံဆက်ဆံရေးသင့်မြတ်နေခြင်းရဲ့အဓိကအကြောင်းလို့ စစ်ဘက်ရေးရာကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။
"ဘယ်လာရုစ်ကနေ တစ်ပတ်ရစ်တွေဝယ်တာ။ ရုရှားကတိုက်ရိုက်ဝယ်ရင် စျေးကြီးတယ်လေ" လို့ သူကပြောပါတယ်။
မြန်မာစစ်အုပ်စုကို တခြားနိုင်ငံတွေက စစ်လက်နက်ပစ္စည်းများ လွှဲပြောင်း ရောင်းချမှုမှာဘယ်လာရုစ်ရဲ့ ပါဝင်ပတ်သက်နေမှုတွေကို လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Justice For Myanmar ကလည်း ဖော်ထုတ်ထားပါတယ်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း JSC Russian Helicopters ထံမှ မြန်မာစစ်အုပ်စုကို ကုန်တင်ပို့မှုနှစ်ခုတွေ့ရတယ်လို့ ရုရှားကုန်တင်ပို့မှု အချက်အလက်တွေကိုကိုးကားပြီး JFM က ထုတ်ပြန်ပါတယ်။
ရဟတ်ယာဥ်သုံး အပိုပစ္စည်းတွေလို့ ယူဆနိုင်တဲ့အဲဒီကုန်စည်တွေကို ဘယ်လာရုစ်နိုင်ငံက ပို့တဲ့ကုန်စည်တွေလို့ ဖော်ပြထားတယ်လို့ JFM က ဆိုပါတယ်။
ဘယ်လာရုစ်ကုမ္ပဏီတွေဟာ ဆားဘီးယားနိုင်ငံက မြန်မာကို စစ်လက်နက်လွှဲပြောင်း ရောင်းချမှု မှာလည်း တိုက်ရိုက်အခန်းကဏ္ဍကနေ ပါဝင်တယ်လို့ JFM က ဆက်ပြောပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ဘယ်လာရုစ်ရဲ့ Rada Airlines ဟာ ဆားဘီးယားထုတ် ၈၀ မမ ဒုံးကျည် ရာပေါင်းများစွာကို မြန်မာနိုင်ငံကို သယ်ပို့ပေးခဲ့တယ်လို့ JFM ကထုတ်ပြန်ပါတယ်။
မြန်မာစစ်တပ်ဟာ ရုရှားကိုပဲ ပညာသင်စေလွှတ်နေရာကနေ ၂၀၂၃ ခုနှစ်ကစလို့ ဘယ်လာရုစ်ကိုပါ စေလွှတ်လာတာတွေ့ရပါတယ်။
ဒီနှစ် နေပြည်တော်မှာကျင်းပတဲ့ တပ်မတော်နေ့အခမ်းအနားကို ဘယ်လာရုစ် ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဗစ်ခ်တာခရီနင် လာတက်ပြီး ခရီးစဥ်အတွင်း စစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့ပါတယ်။
လူကာရှန်ကိုနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကြားသဘောတူထားတဲ့ ကာကွယ်ရေးနဲ့ စစ်ဘက်နည်းပညာအပါအဝင် ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်တွေ အကောင်အထည် ဖော်ဆောင်နေမှုတွေကို ဆက်လက်ဆွေးနွေးခဲ့ကြပါတယ်။
အခုလာမယ့် ခရီးစဥ်မှာလည်း စီးပွားရေးကိစ္စတွေဆွေးနွေးကြတယ်လို့ ထုတ်ပြန်မှာဖြစ်ပေမဲ့ ဘယ်လာရုစ်နဲ့မြန်မာကြားမှာ စစ်ရေးဆွေးနွေးမှုတွေကပဲ အဓိကလွှမ်းမိုးနေလိမ့်မယ်လို့ ဘယ်လာရုစ်-မြန်မာအရေး လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။
"မြန်မာစစ်တပ်ရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ဘယ်လာရုစ်က အများကြီးကူညီထားတယ်" လို့ သူကပြောပါတယ်။
စစ်ခေါင်းဆောင်ရဲ့ဘယ်လာရုစ်သွား တောလား

ဓာတ်ပုံ ရင်းမြစ်, cincds
ပြီးခဲ့တဲ့ ဇွန်လအတွင်းက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဘယ်လာရုစ်နဲ့ ရုရှားခရီးစဉ်အတွင်း သတင်းမထုတ်ပြန်ဘဲ သွားခဲ့တဲ့စစ်ဘက်ဆိုင်ရာနေရာတချို့ရှိခဲ့တယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
ဘယ်လာရုစ်စစ်လက်နက်ကုမ္ပဏီ BelOMO Holding ကို သွားခဲ့တာ နဲ့ ရုရှား အူလန်အူဒေးကနေ တိုက်လေယာဥ် သုံးစင်း ၀ယ်ခဲ့တာတွေဖြစ်တယ်လို့ ခရီးစဥ်အကြောင်း ထဲထဲဝင်ဝင်သိထားသူ ဘီဘီစီသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ရုရှားနဲ့ မြန်မာပေါင်းပြီး ရဟတ်ယာဥ်ထုတ်ဖို့ပါ သဘောတူညီမှုရခဲ့ပါတယ်။
ဘယ်လာရုစ်နိုင်ငံပိုင် စစ်လက်နက်ကုမ္ပဏီ Belarusian Optical and Mechanical Organization (BelOMO Holding) ကို စစ်ခေါင်းဆောင်သွားတဲ့အကြောင်း တရားဝင်သတင်းမထုတ်ပြန်ခဲ့ပါဘူး။
ဘယ်လ်အိုမို (BelOMO) လို့ သိကြတဲ့ ဒီကုမ္ပဏီဟာ စစ်ဘက်သုံးမှန်ပြောင်းတွေ အဓိကထုတ်တဲ့ လက်နက်စက်ရုံဖြစ်ပါတယ်။
သန်းခေါင်ယံစစ်ဆင်ရေးတွေအတွက် ဘယ်လ်အိုမိုထုတ် ညကြည့်မှန်ပြောင်းတွေက နာမည်ကြီးပါတယ်။
သူက ရုရှားနဲ့ ဘယ်လာရုစ်စစ်တပ်က သီးသန့်မှာယူတဲ့ စစ်ဘက်သုံးမှန်ပြောင်းတွေနဲ့ ပစ်မှတ်ညွှန်းကိရိယာတွေကိုလည်း ထုတ်ပေးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ss
ဒါကြောင့် ဘယ်လ်အိုမို ကို ယူကေနဲ့ အမေရိကန်ပြည်ထောင်စုက အရေးယူပိတ်ဆို့ထားပါတယ်။
အမေရိကန်ရဲ့ အရေးယူပိတ်ဆို့တဲ့ထုတ်ပြန်ချက်ထဲ ဘယ်လ်အိုမိုဟာ ဒရုန်းတွေနဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေအတွက် လေဆာ-အော့ပ်တီကယ်လ်စနစ် (laser optical system) တွေကို ထောက်ပံ့ပေးနေတယ်လို့ ပါဝင်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဇွန်လ ၂၆ ရက်က ဘယ်လာရုစ်မြို့တော် မင့်စ်မှာ ဘယ်လ်အိုမို ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ မြန်မာစစ်တပ်ရဲ့ လက်နက်အရောင်းအဝယ်တွေကို ဖော်ထုတ်နေတဲ့ Justice For Myanmar က ထုတ်ပြန်ပါတယ်။
စစ်ခေါင်းဆောင်ရဲ့ ဘယ်လာရုစ်ခရီးစဥ်မှာ စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ် တက်ရောက်တာ၊ ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနဲ့ သီးခြားတွေ့ဆုံတာ၊ စက်ရုံ၊ အလုပ်ရုံတွေကို သွားရောက်လေ့လာတာတွေကို စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပေမဲ့ ဘယ်လ်အိုမိုကို သွားတဲ့အကြောင်းတော့ သတင်းမထုတ်ခဲ့ပါဘူး။
သတင်းမထုတ်ခဲ့တဲအကြောင်းတွေက ဘယ်လာရုစ်မှာတင်ရပ်မနေဘဲ ရုရှားမှာပါ ရှိခဲ့ပါတယ်။
တိုက်လေယာဥ် ၃ စင်းဝယ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, MILITARNYI
ဘယ်လာရုစ်ကနေ ရုရှားကိုဆက်သွားတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဟာ ဘူရားတီးယားပြည်နယ်၊ Ulan-Ude Aviation Plant က Mi စီးရီးတွေထုတ်တဲ့ ရဟတ်ယာဥ်စက်ရုံကို သွားခဲ့ပါတယ်။
အူလန်အူဒေးဟာ ရထားလည်းထုတ်ပြီး စစ်ခေါင်းဆောင်က ရထားစက်ရုံကိုသွားလေ့လာတဲ့အကြောင်းပဲ စစ်ကောင်စီက သတင်းထုတ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားမီဒီယာတွေကို အင်တာဗျူးပေးတဲ့အချိန်မှသာ ရဟတ်ယာဉ်စက်ရုံကို သွားတဲ့အကြောင်း တစွန်းတစ ထုတ်ပြောခဲ့တာဖြစ်ပါတယ်။
"အနာဂတ်မှာ ရဟတ်ယာဉ်နဲ့ပတ်သက်ပြီး၊ ပို့ဆောင်ရေးနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီးလုပ်ဖို့ စီစဉ်ထားတယ်" လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့ပါတယ်။
ဆိုက်ဘေးရီးယားနဲ့ အူလန်အူဒေးတဝိုက်ဟာ ဝေးလံခေါင်ဖျားဒေသတွေဖြစ်ပြီး လေယာဉ်အစား ရဟတ်ယာဥ်ပဲ သုံးကြပါတယ်။
မြန်မာစစ်တပ်မှာ အသုံးများတဲ့ ရုရှားထုတ် ရဟတ်ယာဥ်တွေက ဒီစက်ရုံကလာတာဖြစ်ပြီး အဲဒီကို စစ်ခေါင်းဆောင်ကိုယ်တိုင် သွားခဲ့တာဖြစ်ပါတယ်။
ဘူရားတီးယားမှာရှိတဲ့ ဒီစက်ရုံကိုသွားခဲ့တဲ့ခရီးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူ ဇနီးဒေါ်ကြူကြူလှပါ Ulan-Ude Aviation Plant ထုတ် ရဟတ်ယာဥ်စီးပြီး လေယာဥ်ပေါ်မှာပဲ ကွန်ပြူတာ တက်ဘလက်ကတဆင့် ဒီဇိုင်းတွေရွေးခဲ့ကြပါတယ်။
အူလန်အူဒေးကနေ တိုက်လေယာဥ် သုံးစင်း အမှာစာတင်ခဲ့တဲ့အကြောင်း ခရီးစဥ်အကြောင်း ထဲထဲဝင်ဝင်သိထားသူ ဘီဘီစီသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
နိုင်ငံရေးအရ အားပေးထောက်ခံမယ်

ဓာတ်ပုံ ရင်းမြစ်, President of the Republic of Belarus
အနောက်နိုင်ငံတွေရဲ့အရေးယူပိတ်ဆို့မှုတွေကို ခံထားရတဲ့ မြန်မာနဲ့ ဘယ်လာရုစ်အနေနဲ့ သံတမန်ရေးနဲ့စစ်ရေးမှာ ရုရှားကို မှီခိုအားကိုးနေရတာချင်းလည်း တူကြပါတယ်။
ရုရှားနိုင်ငံနဲ့ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုကို ဂုဏ်ပြုပေးအပ်တဲ့ Order of Alexander Nevsky ဘွဲ့တံဆိပ်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရော လူကာရှန်ကိုပါ ရုရှားက ချီးမြှင့်ခံထားရပါတယ်။
ယူကရိန်းကို ရုရှားကကျူးကျော်မှုမှာလည်း နေပြည်တော်နဲ့ မင့်စ်ဟာ မော်စကိုဘက်ကပဲ ထောက်ခံခဲ့ကြပါတယ်။
ဘယ်လာရုစ်ရဲ့ လက်နက်ကုမ္ပဏီတွေကိုရော မြန်မာစစ်တပ်အတွက် လက်နက်တင်သွင်းတဲ့ ကုမ္ပဏီတွေကိုပါ ယူကေ၊ အမေရိကန်နဲ့ ကနေဒါတို့က ဒဏ်ခတ်ပိတ်ဆို့ထားပါတယ်။
လူကာရှန်ကိုရဲ့ နေပြည်တော်ခရီးစဥ်က အထီးကျန်အချင်းချင်း နိုင်ငံရေးအားပေးထောက်ခံမှုကို ပြသတာလို့ ဘယ်လာရုစ်-မြန်မာအရေးလေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။
လူကာရှန်ကိုပဲဆက်နိုင်တဲ့ ၂၀၂၀ ရွေးကောက်ပွဲကတည်းကဘီလာရုစ်ရွေးကောက်ပွဲတွေကို ယူကေ၊ ဥရောပသမဂ္ဂနဲ့ အမေရိကန်တို့က အသိအမှတ် မပြုတော့ပါဘူး။
ဒါပေမဲ့ ရုရှားကတော့ ကျောထောက်နောက်ခံပြုပေးခဲ့ပါတယ်။
စစ်ကော်မရှင်ရဲ့ဒီဇင်ဘာရွေးကောက်ပွဲကိုလည်း ယူကေ၊ ဥရောပသမဂ္ဂနဲ့ အမေရိကန်တို့က အသိအမှတ် မပြုပြန်ပါဘူး။
ဒီလိုအခြေအနေမှာပဲ လူကာရှန်ကိုက မြန်မာရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်သူတွေစေလွှတ်သွားမယ်လို့ ထုတ်ပြောထားတဲ့အပြင် လူကိုယ်တိုင်ပါ နေပြည်တော်ရောက်လာခဲ့တာ ဖြစ်ပါတယ်။












