ကမ္ဘောဒီယားဝန်ကြီးချုပ်ရဲ့ ပထမနေ့ ခရီးစဥ် သိသမျှ - စစ်ကောင်စီကို သံတမန်ရေး အသိအမှတ်ပြုတာလား

ဟွန်ဆန်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ဓာတ်ပုံ ရင်းမြစ်, MRTV

အခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်မယ့် ကမ္ဘောဒီးယားနိုင်ငံရဲ့ ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ နှစ်ရက်တာ မြန်မာခရီးစဥ် အဖြစ် ဒီကနေ့ နေပြည်တော်ကို ရောက်ရှိလာပြီး စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒါဟာ အာဏာသိမ်းပြီးတစ်နှစ်နီးပါးကြာတဲ့အချိန်မှ ပြည်ပနိုင်ငံခေါင်းဆောင်တစ်ဦး မြန်မာပြည်ကို လာရောက်တဲ့ ခရီးစဥ်လည်း ဖြစ်ပါတယ်။

မစ္စတာဟွန်ဆန် ကမ္ဘောဒီးယားက မထွက်လာခင်ကတည်းက သူ့ရဲ့ နေပြည်တော်ခရီးစဥ်အပေါ် ပြည်တွင်းပြည်ပ ကန့်ကွက်မှုတွေနဲ့ မြန်မာပြည်မှာဆန္ဒပြမှုတွေ ရှိနေခဲ့ပါတယ်။

နေပြည်တော်ကို သူရောက်လာတဲ့ ဒီကနေ့မှာလည်း ယူကေနိုင်ငံ လန်ဒန်မြို့မှာ မြန်မာတချို့က ကမ္ဘောဒီယားသံရုံးရှေ့မှာ သွားရောက် ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ယူကေက မြန်မာတွေ ဆန္ဒပြ

ဓာတ်ပုံ ရင်းမြစ်, Banya

ဓာတ်ပုံ ပုံစာ, ယူကေက မြန်မာတွေ ဆန္ဒပြ

သံတမန်ရေး အသိအမှတ်ပြုတာလား

အရင်က အာဆီယံက မြန်မာ့အရေးကို ဘုံသဘောတူညီချက် ၅ ရပ်နဲ့ အကောင်အထည် ဖော်နေရာမှာ တဆင့်နိမ့် သံတမန်တွေနဲ့ပဲ ဆက်ဆံနေရာက အခုလို အာဆီယံ ဥက္ကဋ္ဌကိုယ်တိုင်လာရောက်တာဟာ သံတမန်ရေးအရ အသိအမှတ်ပြုတယ်ဆိုတဲ့ လမ်းကြောင်း ဖြစ်သွားတယ်လို့ စင်ကာပူ နိုင်ငံ၊ လီကွမ်ယု Public Policy School မှာ မဟာတန်းတက်နေတဲ့ ကိုကြည်စင်က ပြောပါတယ်။

ဒါကြောင့် ဒါဟာ စစ်ကောင်စီအတွက်တော့ အောင်မြင်တဲ့လမ်းတစ်ခုလို့ ဆိုပါတယ်။

ဒါပေမဲ့ သူ့ရဲ့ ခရီးစဥ်တစ်ခုတည်းကြောင့်တော့ စစ်ကောင်စီကို တခြားနိုင်ငံတွေက ဆက်ဆံပုံ ပြောင်းသွားမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

ကမ္ဘာဒီးယားအနေနဲ့တော့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လို့ မြန်မာ့အရေးမှာ စေ့စပ်ညှိနှိုင်းရေး လမ်းကြောင်းနဲ့ ထွက်လမ်းဖော်ထုတ်ဖို့ တာဝန်တော့ ရှိနေတယ်လို့ သူက ပြောပါတယ်။

ဟွန်ဆန်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ဓာတ်ပုံ ရင်းမြစ်, MRTV

ဝန်ကြီးတွေနဲ့သားဖြစ်သူ ဒုတပ်ချုပ်ပါလာ

မစ္စတာဟွန်ဆန်ရဲ့ ခရီးစဥ်ကို ကန့်ကွက်မှုတွေ ရှိနေပမဲ့ သူ့ခရီးစဥ်မှာ သူ့အစိုးရအဖွဲ့ရဲ့ ဝန်ကြီး ၅ ဦးနဲ့ ဒုဝန်ကြီး ၂ ဦးအထိ နေပြည်တော်ကို ခေါ်လာခဲ့ပြီး စစ်ကောင်စီ နဲ့ဆက်ဆံရေးကို တိုးမြှင့်မယ့်အကြောင်း ပြခဲ့တာပါ။

ဒါ့အပြင် ဟွန်ဆန်ဟာ ကမ္ဘောဒီးယားစစ်တပ်ရဲ့ ဒုတိယတပ်ချုပ်နဲ့ ကြည်းတပ် ဦးစီးချုပ် ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးအဆင့်ရှိတဲ့ သူ့သားဖြစ်သူ ဟွန်မာနက်ကိုပါ နေပြည်တော်ကို ခေါ်လာတာပါ။

ဒီကနေ့ တွေ့ဆုံမှုမှာ အောက်ပါအချက်တွေ ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

  • နှစ်နိုင်ငံ ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု
  • မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းတွေမှာ အာဆီယံ ဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်နဲ့ ကမ္ဘောဒီးယားအနေနဲ့ ပါဝင်ကူညီဆောင်ရွက်မယ့် အခြေအနေတွေ
  • အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်နဲ့ အညီ မြန်မာက ဆောင်ရွက်နေမှု အခြေအနေတွေ
  • ကိုဗစ်ရောဂါကာကွယ်ရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ကိစ္စတွေ

အာဆီယံနဲ့ တခြားဆွေးနွေးမှုတွေ

ဒီခရီးစဥ်မှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ ဝန်ကြီးချုပ် ခရီးစဥ်ဖြစ်တာကြောင့် အာဆီယံအရေးကို အချိန်ပေးဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် ကမ္ဘောဒီးယားဒုဝန်ကြီးချုပ်လည်းဖြစ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်လည်း ဒီခရီးစဥ်မှာ ပါလာပါတယ်။

ဒီကနေ့ ဆွေးနွေးမှုတွေမှာ နှစ်နိုင်ငံ ကုန်သွယ်မှု၊ ပညာရေးနဲ့ ခရီးသွား ကဏ္ဍ၊ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု စတာတွေလည်း ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

တွေ့ဆုံမှု

ဓာတ်ပုံ ရင်းမြစ်, SAC statement

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့မရှိ

မစ္စတာဟွန်ဆန်ရဲ့ ဒီခရီးစဥ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ့် အစီအစဥ်မပါတာကိုတော့ တွေ့ရပါတယ်။

မစ္စတာ ဟွန်ဆန်ရဲ့ခရီးစဥ်ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကလည်း ဒီကနေ့ သဘောထားထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ အရေးကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး မြန်မာပြည်သူလူထုက ဆန္ဒမဲပေး‌ရွေးချယ်ထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရ တို့အပါအဝင် တရားဝင် အဖွဲ့အစည်းတွေနဲ့သာ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဘာပြောထားကြသလဲ

သူ့ရဲ့ မြန်မာပြည် ခရီးစဉ်အတွက် ကြိုတင် သတ်မှတ်ချက်တွေ ပြုလုပ်မထားသလို၊ အဲဒီခရီးစဉ်ဟာ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နဲ့လည်း နီးစပ်မှုရှိတယ်လို့ ဝန်ကြီးချုပ် ဟွန်ဆန်က ပြောထားပါတယ်။

မြန်မာ့အရေးကို ဖြေရှင်းဖို့ မစ္စတာ ဟွန်ဆန်ရဲ့ ကြိုးပမ်းမှုတွေနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး ဆိုင်ရာ အာဆီယံ ပါလီမန် အမတ်များ အဖွဲ့ ဥက္ကဋ္ဌ၊ ဝါရင့် မလေးရှား ပါလီမန် အမတ် ချားလ်စ်စင်တီယာဂိုကတော့ ကမ္ဘာဒီးယားအနေနဲ့ ပဋိပက္ခ ဖြေရှင်းရေး ဆိုင်ရာ နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်မှာ စီမံ ခန့်ခွဲနိုင်လောက်တဲ့ အရည်အသွေးနဲ့ အတွေ့အကြုံတွေ ရှိမနေဘူးလို့ ဘီဘီစီကို ပြောထားပါတယ်။

ဒါ့အပြင် ကမ္ဘောဒီးယားဟာ နိုင်ငံခြားရေး ဌာနနဲ့ ပတ်သက်ပြီး အစိုးရ ဘတ်ဂျက်ကိုလည်း သိပ်သုံးတဲ့ နိုင်ငံမျိုး မဟုတ်ဘူးလို့ ပြောထားပါတယ်။