ရုရှားရေတပ် မြန်မာကိုလာတဲ့ ချစ်ကြည်ရေးခရီးစဉ် ဘာသဘောဆောင်လဲ

ဓာတ်ပုံ ရင်းမြစ်, The Global New Light of Myanmar
ပင်လယ်ပြင် စစ်ရေးလေ့ကျင့်မှုတွေကို ခပ်စိပ်စိပ်လုပ်နေတဲ့ မြန်မာရေတပ်ဟာ ရုရှားရေတပ်နဲ့အတူ ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ရေးတွေကို ပူးတွဲဆောင်ရွက်ဖို့ရှိပါတယ်။
ရုရှားနိုင်ငံရဲ့ ပစိဖိတ်ရေတပ်ရဲ့ စစ်ရေယာဉ် ၃ စင်းကလည်း နှစ်နိုင်ငံချစ်ကြည်ရေးခရီးစဉ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ပူးတွဲလေ့ကျင့်မှုတွေလုပ်ဖို့ ရန်ကုန်၊ သီလဝါဆိပ်ကမ်းကို နိုဝင်ဘာပထမအပတ်ထဲမှာပဲ ဆိုက်ရောက်ခဲ့ပါတယ်။
ဒီလေ့ကျင့်မှုဟာ နှစ်နိုင်ငံပူးတွဲဆောင်ရွက်တဲ့ တတိယအကြိမ်မြောက် ဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာပဲ မြန်မာစစ်တပ်က ရုရှားအပြင် တရုတ်၊ အိန္ဒိယနိုင်ငံတို့နဲ့လည်း ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်တာတွေလုပ်ခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်က တစ်နှစ်အတွင်းမှာပဲ ပင်လယ်ပြင် စစ်ရေးလေ့ကျင့်မှုတွေကို ခပ်စိပ်စိပ်လုပ်လာပါတယ်။
မြန်မာ-ရုရှားနှစ်နိုင်ငံရေတပ်ပူးတွဲလေ့ကျင့်ရေးတွေကနေ မြန်မာစစ်တပ် ဘာတွေအကျိုးအမြတ်ရမလဲ။
တတိယမြောက်ချစ်ကြည်ရေးခရီးစဉ်

ဓာတ်ပုံ ရင်းမြစ်, The Global New Light of Myanmar
ရုရှားပစိဖိတ်ရေတပ်ရဲ့ ချစ်ကြည်ရေးခရီးစဉ်မှာပဲ ရုရှားနဲ့ မြန်မာ ရေတပ်တို့ နှစ်နိုင်ငံရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ရေးတွေကို ပူးတွဲဆောင်ရွက်မယ်လို့ စစ်ကော်မရှင်က နိုဝင်ဘာ ၁၀ ရက်မှာ သတင်းထုတ်ပါတယ်။
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့အနီးက မြန်မာ့ပင်လယ်ပြင်ထဲမှာ စစ်ကော်မရှင်ရဲ့ ရေတပ်က စစ်ရေးလေ့ကျင့်ပစ်ခတ်မှုတွေကို နိုဝင်ဘာလထဲမှာ ၂ ရက်ကြာလုပ်ခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မြိတ်မြို့ အနောက်ဘက်ပင်လယ်ပြင်၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာလည်း စစ်ကော်မရှင်ရေတပ်က ဝေဟင်၊ရေပြင်နဲ့ ရေအောက် စစ်လက်နက်ပစ်ခတ်လေ့ကျင့်ရေးတွေကို ၅ ရက်ကြာ လေ့ကျင့်ဆောင်ရွက်ခဲ့ပါတယ်။
အာဏာသိမ်းကာလ ၂၀၂၂ ခုနှစ်တုန်းက အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ "မီလန်စစ်ရေးလေ့ကျင့်ခန်း" မှာ မြန်မာစစ်တပ်လည်း ပါဝင်ခဲ့ပြီး စစ်ရေယာဉ်တစ်စင်းနဲ့ အတူ တပ်ဖွဲ့ဝင်တွေ စေလွှတ်ပြီး လေ့ကျင့်စေခဲ့ပါတယ်။
၂၀၂၃ ခုနှစ် နိုဝင်ဘာမှာတော့ တရုတ်ဖျက်သင်္ဘောတွေ၊ ဖရီးဂိတ်စစ်ရေယာဉ်နဲ့ ထောက်ပံ့ရေးရေယာဉ် စုစုပေါင်း ၃ စင်း မြန်မာကိုရောက်လာပြီး စစ်ကော်မရှင်ရေတပ်နဲ့ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲ့ပါတယ်။
ရုရှား-မြန်မာ နှစ်နိုင်ငံ ပထမဆုံးအကြိမ် ပူးတွဲလေ့ကျင့်မှုက ၂၀၂၃ ခုနှစ်ကဖြစ်ပြီး ရုရှားပစိဖိတ်ရေတပ်ရဲ့ စစ်ရေယာဉ် ၂ စင်း သီလဝါဆိပ်ကမ်းကို ရောက်လာခဲ့ပါတယ်။
ဒီလေ့ကျင့်မှုကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ခဲ့ပြီး ရုရှားရေတပ်ဦးစီးချုပ်ကိုယ်တိုင် လိုက်လာခဲ့ပါတယ်။
ဒုတိယတစ်ကြိမ်လေ့ကျင့်မှုမှာတော့ ရုရှားစစ်ရေယာဉ် ၄ စင်းအထိရောက်လာခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ ပူးတွဲလေ့ကျင့်ခဲ့တာဖြစ်ပါတယ်။
ရုရှား-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးခရီးစဉ်နဲ့ နှစ်နိုင်ငံပူးတွဲလေ့ကျင့်မှု ၃ ကြိမ်စလုံးဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှသာ ပေါ်လာခဲ့တာဖြစ်ပါတယ်။
လက်ရှိရောက်လာတဲ့ စစ်ရေယာဉ် ၃ စင်းကတော့ ဖရီဂိတ်စစ်ရေယာဉ် (Marshal Shaposhnilkov)၊ ကော်ဗက်စစ်ရေယာဉ် (Gremyashchiy) နဲ့ ထောက်ပံ့ရေးရေယာဉ် (Boris Butoma) တို့ဖြစ်ပါတယ်။
ဖရီဂိတ်နဲ့ ကော်ဗက်ရေယာဉ်တွေကတော့ တိုက်ခိုက်ရေးစစ်ရေယာဉ်အမျိုးအစားတွေဖြစ်ပါတယ်။
ဖရီဂိတ်စစ်ရေယာဉ်ကို ပစိဖိတ်သမုဒ္ဒရာတလျှောက် စစ်ဆင်ရေးတွေမှာ သုံးလေ့ရှိပြီး အဲဒီစစ်သင်္ဘောမှာ နည်းပညာမြင့်လုပ်ဆောင်ချက်တွေ ပါဝင်နေတယ်လို့ CDM ရေတပ်အရာရှိတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဖရီဂိတ်မှာ တာဝေးပစ် မစ်ဇိုင်းနဲ့ ဒုံးကျည်တွေလည်း တပ်ဆင်လို့ရတာကြောင့် မြေပြင်ကိုလည်း ပစ်ခတ်မှုတွေလုပ်နိုင်တယ်လို့ သူကဆိုပါတယ်။
အလားတူ အဲဒီစစ်ရေယာဉ်မှာ "ရေကြောင်း၊ လေကြောင်း ထောက်လှမ်းလို့ရတဲ့ နေ့ရောညပါမြင်နိုင်တဲ့ ရေဒါစနစ်တွေလည်း ပါတယ်" လို့ သူက ရှင်းပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, The Global New Light of Myanmar
ကော်ဗက်စစ်ရေယာဉ်ကလည်း မစ်ဇိုင်းတွေကို တပ်ဆင် သယ်ဆောင်နိုင်ပြီး မြေပြင်ပစ်ခတ်မှုတွေကို လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။
သူ့ကိုတော့ ကမ်းရိုးတန်းအနီးတဝိုက်ကို စောင့်ကြည့်တာ၊ သတင်းအချက်အလက်စုစည်းတာနဲ့ ကမ်းရိုးတန်းအနီးတဝိုက်က လုံခြုံရေးတွေအတွက် တပ်စွဲအသုံးပြုလေ့ရှိတဲ့အကြောင်း CDM ရေတပ်အရာရှိက ပြောပါတယ်။
တစ်ဖက်အဖွဲ့ရဲ့ ရေယာဉ် ဒါမှမဟုတ် လေကြောင်းကနေ လာတဲ့ မစ်ဇိုင်းနဲ့ ဒုံးကျည်တွေကိုလည်း အကွာအဝေးအလယ်အလတ်ကနေ ကျယ်ပြန့်တဲ့အကွာအဝေးတစ်ခုအထိ လွှမ်းခြုံထောက်လှမ်းနိုင်တယ်လို့ သူကဆိုပါတယ်။
ကော်ဗက်စစ်ရေယာဉ်မှာ "မစ်ဇိုင်းနဲ့ လေကြောင်းရန်တွေကို ဟန့်တားသတိပေးတဲ့ ဂျန်မာ(Jammer) စနစ်တွေလည်းပါတယ်။ ရဟတ်ယာဉ် ၁ စီးတင်ဆောင်လို့ရတဲ့ အရွယ်အစားရှိတယ်" လို့ သူက ထည့်ပြောပါတယ်။
ရုရှားအနေနဲ့ ဒီလိုပူးတွဲလေ့ကျင့်ရေးတွေကနေ မြန်မာစစ်တပ်ကို စစ်ဘက်ဆိုင်ရာ နည်းပညာတွေဖလှယ်လေ့ရှိတယ်လို့ သူကပြောပါတယ်။
အာဏာသိမ်း ၄ နှစ်ခွဲကျော်ကာလအတွင်း ကြည်း၊ရေ၊ လေ ဘက်ပေါင်းစုံကနေ စစ်ဆင်ရေးတွေကို ဗျူဟာကျကျ ပြင်ဆင်လာတဲ့ မြန်မာစစ်တပ်အတွက်လည်း ဒီလိုပူးတွဲလေ့ကျင့်မှုတွေက အထောက်အပံ့ပေးနေတယ်လို့ သူကဆိုပါတယ်။
ထောက်ပံ့ရေးရေယာဥ်(Boris Butoma)

ဓာတ်ပုံ ရင်းမြစ်, The GlobalNew Light of Myanmar
ရုရှားကနေလာတဲ့ စစ်ရေယာဉ် ၃ စင်းထဲမှာ ထောက်ပံ့ရေးရေယာဉ်(Boris Butoma) ကတော့ စစ်တပ်ရဲ့ မြေပြင်စစ်ဆင်ရေး ထောက်ပို့စနစ်တွေအတွက် အခရာကျတယ်လို့ နောက်ထပ် CDM ရေတပ်အင်ဂျင်နီယာအရာရှိတစ်ဦးက သုံးသပ်ပါတယ်။
ရခိုင်တိုက်ပွဲမှာ ထောက်ပံ့ရေးရေယာဉ်တွေ ဆုံးရှုံးထားတဲ့ စစ်ကော်မရှင်ရေတပ်အတွက် ဒီရေယာဉ်မှာ ပါလာတဲ့"တပ်သား၊ အရာရှိတွေရဲ့ လေ့ကျင့်ပေးမှုတွေကနေ ရိက္ခာလမ်းကြောင်းရွေးချယ်တာ၊ လက်နက်၊ စစ်ကူနဲ့ ရိက္ခာစနစ်တကျတင်ဆောင်တဲ့ ဗျူဟာနည်းနာတွေကို လေ့လာခွင့်ရသွားမယ်" လို့ သူက မှတ်ချက်ပြုပါတယ်။
ဒီစစ်ရေယာဉ်ဟာ မြေပြင်စစ်ဆင်ရေးတွေနဲ့ ပူးပေါင်းပါဝင်တဲ့အခါမှာ သုံးရတဲ့ အဓိက ထောက်ပံ့ရေးရေယာဉ်တစ်ခုလို့ သူက ဆက်ရှင်းပြပါတယ်။
"စစ်ရေယာဉ်အုပ်စုတစ်စုကို ပင်လယ်ပြင်ပေါ်မှာ ရက်သတ္တပတ်တွေကြာတဲ့အထိ သုံးနိုင်အောင် ရေယာဉ်ဆီတွေ အလုံအလောက်ထောက်ပံ့ပေးနိုင်တယ်"လို့ သူက ဆိုပါတယ်။
အဲဒီရေယာဉ်ပေါ်မှာ သောက်ရေ တန်ချိန် ၁,၀၀၀၊ စားနပ်ရိက္ခာ တန်ချိန် ၅၀၀ ဝန်းကျင်နဲ့ သင်္ဘောလောင်စာဆီ တန်ချိန် ၁၀,၀၀၀ ကျော်အထိ တင်ဆောင်ပြီး တိုက်ရိုက်ဖြည့်တင်းပေးနိုင်တယ်လို့ CDM ရေတပ်အင်ဂျင်နီယာအရာရှိက ပြောပါတယ်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက ကျောက်တော်နဲ့ မင်းပြားမြို့နယ်တွေမှာဖြစ်ခဲ့တဲ့ အာရက္ခတပ်တော်(အေအေ) နဲ့ စစ်ကော်မရှင်ရေတပ်တို့ရဲ့တိုက်ပွဲမှာ စစ်ကော်မရှင် ရေတပ်က စစ်ရေယာဉ် ၄ စင်း ဆုံးရှုံးခဲ့ပါတယ်။
အေအေကလည်း အဲဒီစစ်ရေယာဉ် ၄ စင်းကို ရခိုင်၊ ကျောက်တော်မြို့နယ်၊ အပေါက်ရွာနဲ့ မင်းပြားမြို့နယ်၊ သက်ပုန်းရွာအနီးက ရေကြောင်းတိုက်ပွဲတွေမှာ ဗျူဟာမြောက် တိုက်ခိုက်သိမ်းပိုက်ပြီး ရရှိခဲ့တာလို့ ဓာတ်ပုံတွေအနဲ့အတူ ထုတ်ပြန်ထားပါတယ်။
စစ်တပ် ရေကြောင်းစစ်ဆင်ရေးတွေ

ဓာတ်ပုံ ရင်းမြစ်, The Global New Light of Myanmar
၁ နှစ်နီးပါးကြာနေပြီဖြစ်တဲ့ ကချင်ပြည်နယ်က ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာလည်း စစ်တပ်က ရေကြောင်းစစ်ဆင်ရေးကို သုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လမှာ မန္တလေးဂေါဝိန်ဆိပ်ကမ်းကနေ ထောက်ပံ့ရေးစစ်သင်္ဘောဒါဇင်ကျော်ပါတဲ့ ရေယာဉ်အုပ်စုကို ဗန်းမော်စစ်မြေပြင်အထိ စစ်တပ်က ပို့နိုင်ခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောခဲ့ပါတယ်။
အလားတူ စစ်တပ်ပြန်ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်းထဲက သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲမှာလည်း မြို့ကိုပြန်ထိန်းချုပ်နိုင်ဖို့ စစ်တပ်က ရေကြောင်းစစ်ဆင်ရေးတွေ ထုတ်သုံးခဲ့ပါတယ်။
သပိတ်ကျင်းနဲ့ ဗန်းမော်မြို့ဟာ ဧရာဝတီမြစ်ကြောင်းဘေးမှာ အခြေတည်တဲ့ မြို့တွေဖြစ်ပါတယ်။
ဗန်းမော်ကို ထောက်ပို့ဖို့သွားတဲ့ စစ်ရေယာဉ်အုပ်စုထဲက "သင်္ဘောတချို့က သပိတ်ကျင်းက စစ်ကော်မရှင် တပ်တွေအတွက် လက်နက် နဲ့ ခဲယမ်းတွေ အင်အားဖြည့်တင်းခဲ့တယ်" လို့ သပိတ်ကျင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ပြောခဲ့ပါတယ်။
တစ်ဖက်မှာလည်း စစ်ရေးဖိအားတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ထဲက စစ်တပ်ထိန်းချုပ်ထားတဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင် ရေပိုင်နက်တွေထဲမှာ စစ်သင်္ဘောတွေကို ပိုထားလာတယ်လို့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။
အေအေထိန်းချုပ်လာတဲ့ သံတွဲနဲ့ ဂွမြို့နယ်အနီးက ပင်လယ်ပြင်တွေမှာလည်း စက်တင်ဘာလကစပြီး စစ်သင်္ဘောတွေ ဒါဇင်ထက်မနည်း ရွေ့လျားသွားလာနေတာ မြင်တွေ့လာရတယ်လို့ ရေလုပ်ငန်းလုပ်ကိုင်နေတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကော်မရှင်ရဲ့ ရေတပ်က လက်ရှိမှာ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တွေကို ပင်လယ်ရေကြောင်းကနေတဆင့် စစ်သင်္ဘောတွေနဲ့ စစ်ကူအင်အား ထပ်ပို့နေတာတွေရှိတယ်လို့ ရခိုင်စစ်ရှောင်အရေးကူညီသူ ကိုဝေဟင်အောင် က ပြောပါတယ်။
မြို့တွေရဲ့ အနီးတဝိုက်မှာ စစ်ရေယာဉ်တွေ တပ်စွဲထားပြီး ရေယာဉ်တွေပေါ်မှာ စစ်ပြင်ရင်းစောင့်ကြည့်နေတာ" လို့ သူက ပြောပါတယ်။
အေအေကတော့ သူ့ရဲ့ ထိန်းချုပ်နယ်မြေတွေထဲကို စစ်တပ်က လေကြောင်းအပြင် ရေကြောင်းကနေ ပါ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ စက်တင်ဘာလက ထုတ်ပြန်ခဲ့ပါတယ်။
စစ်ဘက်သုံး ထောက်ပံ့ရေးရေယာဉ်တွေဟာ ထောက်ပို့ရေး ယန္တရားမှာ လေကြောင်းနဲ့ ကုန်းကြောင်းထက်ပိုပြီး အရေးပါပြီး တန်ချိန်ပိုဆံ့တယ်လို့ CDM ရေတပ်အရာရှိက ထောက်ပြပါတယ်။
"လေကြောင်းက လက်နက်နဲ့ တပ်ခွဲတစ်ခုလောက်ပဲ ထောက်ပို့လို့ရပေမယ့် ရေကြောင်းကတော့ တပ်မတစ်ခုစာလူရော လက်နက်ရော၊ ရိက္ခာရော၊ ယာဉ်ရော အကုန်တင်လို့ရတယ်" လို့ သူက ဖြည့်ပြောပါတယ်။
ရေတပ်အနေနဲ့ မြေပြင်တိုက်ပွဲ အနိုင်၊ အရှုံးကို ဆုံးဖြတ်မပေးနိုင်ပေမဲ့ ထောက်ပို့လုပ်နိုင်တဲ့ ဖိအားကတော့ "မြေပြင်တိုက်ပွဲတွေအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနိုင်တယ်" လို့ သူက ပြောခဲ့ပါတယ်။












