မြန်မာစစ်တပ်က စစ်ဆင်ရေးတွေမှာ ကင်းထောက်သူလျှို ပူဖောင်းတွေ သုံးနေလား

တရုတ်နိုင်ငံထုတ် ကင်းထောက်ပူဖောင်းတစ်လုံး ကောင်းကင်မှာ ဝဲပျံနေတဲ့ မြင်ကွင်းသရုပ်ဖော်ပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်နိုင်ငံထုတ် ကင်းထောက်ပူဖောင်းတစ်လုံး ကောင်းကင်မှာ ဝဲပျံနေတဲ့ မြင်ကွင်းသရုပ်ဖော်ပုံ

တရုတ်နဲ့ ရုရှားက စစ်ဘက်သုံးနည်းပညာအမျိုးမျိုးကို တွင်တွင်ကျယ်ကျယ်သုံးနေတဲ့ မြန်မာစစ်တပ်ဟာ ၂၀၂၅ နှောင်းပိုင်းမှာ ကင်းထောက်ပူဖောင်း (Spy Balloon) တွေကို အသုံးပြုလာတယ်လို့ တော်လှန်ရေးအဖွဲ့တချို့က သူတို့ရရှိထားတဲ့ အထောက်အထားတချို့ကို ကိုးကားပြီးပြောလာပါတယ်။

အထူးသဖြင့် စစ်တပ်ကို ခုခံတော်လှန်မှုတွေ အားကောင်းတဲ့စစ်ကိုင်းနဲ့ မကွေးတိုင်းထဲက မြို့နယ်တချို့ရဲ့ ကောင်းကင်မှာ ကင်းထောက်ပူဖောင်း (Spy Balloon)တွေ ဝဲပျံတာ တွေ့လာရတယ်လို့ ဆိုပါတယ်။

ကင်းထောက်ပူဖောင်းဟာ မြေပြင်မှာရှိတဲ့ပစ်မှတ်တွေရဲ့သတင်းအချက်အလက်တွေကို စုံစမ်းထောက်လှမ်းဖို့ အထူးဒီဇိုင်း ထုတ်လုပ်ထားတဲ့ ကိရိယာတစ်ခုလို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) က ထုတ်ပြန်ပါတယ်။

သူတို့က အမြင့်ပေ ၁၀,၀၀၀ ကျော်အထက်ထိ ဝဲပျံနိုင်တာကြောင့် ဒီပူဖောင်းတွေကို တိုက်ခိုက်ဖျက်ဆီးဖို့ ခက်တယ်လို့ MDSI ရဲ့ စစ်ဘက်ရေးရာ သုတေသနတာဝန်ခံ CDM ဗိုလ်မှူး နောင်ရိုးကပြောပါတယ်။

မြေပြင်သတင်းအချက်အလက်တွေရဖို့ ကင်းထောက်ပူဖောင်းမှာ ဘယ်လိုနည်းပညာလုပ်ဆောင်ချက်တွေပါလဲ။ ဒီ ကင်းထောက်ပူဖောင်းတွေက စစ်တပ်ရဲ့ မြေပြင်စစ်ဆင်ရေးတွေမှာ ဘယ်လိုကူညီထောက်ပံ့နိုင်ပါလဲ။

ကင်းထောက်ပူဖောင်း (Spy Balloon) မှာ ဘာတွေပါလဲ

၂၀၂၃ ခုနှစ်က အမေရိကန်လေတပ်က ပစ်ချခဲ့တဲ့ တရုတ်နိုင်ငံထုတ် Spy Balloon
ဓာတ်ပုံ ပုံစာ, ၂၀၂၃ ခုနှစ်က အမေရိကန်လေတပ်က ပစ်ချခဲ့တဲ့ တရုတ်နိုင်ငံထုတ် Spy Balloon

ကင်းထောက်ပူဖောင်းတစ်လုံးမှာ ဟီလီယမ် ဒါမှမဟုတ် ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ဖြည့်ထားတဲ့ လေအိတ်နဲ့ အရေးကြီးတဲ့ စက်ပစ္စည်းကိရိယာတွေ သယ်ဆောင်လို့ရတဲ့ Payload Gandola တို့ ပါတယ်လို့ MDSI က ဖော်ပြပါတယ်။

Payload Gandola ဆိုတာကတော့ ကိုယ်သယ်ဆောင်ချင်တဲ့ပစ္စည်းကို တွဲပုံစံနဲ့ သယ်ဆောင်လို့ရတဲ့ ပစ္စည်းဖြစ်ပါတယ်။

MDSI ဟာ CDM စစ်သားတွေနဲ့ ဖွဲ့စည်းထားပြီး မြန်မာစစ်တပ်ရဲ့ စစ်ဘက်နဲ့ လုံခြုံရေးဆိုင်ရာ အချက်အလက်တွေကို သုတေသနပြုနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကင်းထောက်ပူဖောင်းမှာ မြေပြင်က ပုံရိပ်တွေကို ဖမ်းယူနိုင်တဲ့ နည်းပညာမြင့် ကင်မရာတွေလည်း တပ်ဆင်လို့ရတယ်လို့ စစ်ဘက်ဆိုင်ရာ နည်းပညာကျွမ်းကျင်ရှင်တစ်ဦးက ပြောပါတယ်။

ပူဖောင်းကနေ ဓာတ်ပုံရိုက်ယူပြီး အဲဒီ ဓာတ်ပုံတွေကတဆင့် သတင်းအချက်အလက်တွေကို စုဆောင်းနိုင်တယ်လို့ သူက ဆိုပါတယ်။

ကင်းထောက်ပူဖောင်းတွေဟာ လေတိုက်ရာ အရပ်ကို ဦးတည်ပြီးရွေ့လျားတာဖြစ်ပါတယ်။ ပူဖောင်းပေါ်မှာတော့ လူ စီးနင်းလိုက်ပါလို့ မရပါဘူး။

အဲဒီပူဖောင်းတွေမှာ လေတိုက်နှုန်းကို ဖမ်းယူပြီး ပူဖောင်းပျံသန်းနေတဲ့ အမြင့်ပေကို ပြောင်းလဲပေးတဲ့ လမ်းညွှန်ကိရိယာလည်း တပ်ဆင်ထားတာကြောင့် ရာသီဥတုဒဏ်ကို ခံနိုင်တယ်လို့ စစ်ဘက်ဆိုင်ရာ သုတေသီတချို့က လေ့လာဖော်ပြထားကြပါတယ်။

စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းတွေဟာ မြေပြင်သတင်းအချက်အလက်တွေရဖို့ ဂြိုဟ်တုတွေကို အသုံးပြုနေကြတယ်ဆိုပေမယ့် ဂြိုဟ်တုတွေဟာ ကမ္ဘာမြေကြီးနဲ့ မိုင်ပေါင်းထောင်နဲ့ချီ အကွာမှာရှိပါတယ်။

ဒါပေမဲ့ ကင်းထောက်ပူဖောင်းတွေကတော့ ဂြိုဟ်တုတွေထက် မြေပြင်နဲ့ ပိုနီးကပ်တဲ့အတွက်ကြောင့် မြေပြင်က အရာဝတ္တုတွေကို ပိုပြီးရှင်းလင်းပြတ်သားစွာမြင်နိုင်တယ်လို့ အမည်မသုံးလိုတဲ့ စစ်ဘက်ဆိုင်ရာ နည်းပညာကျွမ်းကျင်ရှင်တစ်ဦးက ထောက်ပြပါတယ်။

"ပူဖောင်းတွေက နှေးနှေးပဲ ကောင်းကင်မှာ ဝဲတာဖြစ်လို့ သတင်းအချက်တွေ သေချာအောင် စောင့်ကြည့်ထောက်လှမ်းနေလို့ရတယ်" လို့ သူက ရှင်းပြပါတယ်။

Spy Balloon ရဲ့ လုပ်ဆောင်ချက်က ဘာတွေလဲ

အောက်တိုဘာလ ဒုတိယအပတ်က စစ်ကိုင်း၊ ရေဦးမြို့နယ်အနောက်ခြမ်းထဲမှာ တွေ့ရတဲ့ ကင်းထောက်ပူဖောင်းလို့‌ ရေဦးအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံ

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ကင်းထောက်ပူဖောင်းမှာ အလင်းရောင်နဲ့ အနီအောက်ရောင်ခြည်သုံးတဲ့ ကင်မရာတွေ တပ်ဆင်လို့ရတာကြောင့် နေ့ရောညပါ မြေပြင်အခြေအနေ ထောက်လှမ်းစောင့်ကြည့်နိုင်တယ်လို့ MDSI က ပြောပါတယ်။

မြေပြင်ကနေ ထုတ်လွှင့်နေတဲ့ ရေဒီယို၊ ဝေါ်ကီတော်ကီလို့ ခေါ်တဲ့ ဆက်သွယ်ရေးစက်အပြင် ဒရုန်းနဲ့ တခြားဆက်သွယ်ရေးလှိုင်းတွေကိုလည်း ကြားဖြတ်ဖမ်းယူနိုင်တဲ့ ကိရိယာပါဝင်တယ်လို့ MDSI ရဲ့ စစ်ဘက်ရေးရာ တာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးက ဆိုပါတယ်။

မြေပြင်မှာရှိတဲ့ တစ်ဖက်အဖွဲ့ရဲ့ အဆောက်အအုံ၊ အရာဝတ္တု ဖွဲ့စည်းတည်ဆောက်ပုံနဲ့ ပုံသဏ္ဍာန်တွေကိုပါ ဖမ်းယူတိုင်းတာဖော်ထုတ်နိုင်တဲ့ ရေဒါစနစ်တွေကိုလည်း ပူဖောင်းမှာ တပ်ဆင်နိုင်တယ်လို့ သူက ရှင်းပြပါတယ်။

အလားတူ နေရောင်ခြည်သုံး ဆိုလာပြားတွေနဲ့ ဘက်ထရီတွေကိုလည်း ကင်းထောက်ပူဖောင်းမှာ တပ်ဆင်နိုင်တာကြောင့် ပူဖောင်းက ကောင်းကင်မှာ လနဲ့ချီ လည်ပတ်ပြီး ထောက်လှမ်းနိုင်တယ်လို့ သိရပါတယ်။

မြေပြင်မှာရှိတဲ့ တစ်ဖက်အဖွဲ့ရဲ့ "စစ်အခြေစိုက်စခန်းတွေ၊ တပ်ဖွဲ့ရွေ့လျားမှု၊ ယာဉ်အသုံးပြုမှုတွေကို တည်နေရာပြ (GPS) စနစ်နဲ့ တိတိကျကျ စောင့်ကြည့်မှတ်တမ်းတင်နိုင်တယ်" လို့ သူက ထပ်ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်တဲ့နေရာမှာလည်း ပစ်မှတ်သတ်မှတ်ပေးတာအထိ လုပ်နိုင်တယ်လို့ CDM ဗိုလ်မှူးနောင်ရိုးက ပြောပါတယ်။

"လက်နက်ဂိုထောင်တွေ၊ စစ်ရေးလေ့ကျင့်တဲ့နေရာတွေကို Spy Balloon မှာပါတဲ့ အာရုံခံကိရိယာတွေနဲ့ ထောက်လှမ်းနိုင်တယ်" လို့ သူက ရှင်းပြပါတယ်။

ကင်းထောက်ပူဖောင်းဟာ သာမန်လေယာဉ်တွေလို ADS-B transponder လွှင့်မထားတာကြောင့် လေကြောင်းဖြတ်သန်းတာတွေကို အချက်ပြတဲ့ Flight Radar (FR24) မှာလည်း ပူဖောင်းပျံသန်းနေတာကို မသိနိုင်ဘူးလို့ သူက ထည့်ပြောပါတယ်။

Transponder ဆိုတာ လေထဲမှာ စအလုပ်လုပ်တာနဲ့ သတ်မှတ်အကွာအဝေးအတွင်း ဝင်လာသမျှကို ထောက်လှမ်းနိုင်ပါတယ်။

Spy Balloon တွေရဲ့ အကြီးမားဆုံးအားသာချက်ကတော့ အမြင့်ပေဖြစ်ပါတယ်။ ကင်းထောက်ပူဖောင်းတွေရဲ့ အရည်အသွေးနဲ့ အမျိုးအစားအလိုက် အမြင့်ပေ ၁၅,၀၀၀ ကနေ ပေ ၂၀,၀၀၀ (၃ မိုင်အထက်) ကျော်အထိ ဝဲပျံနိုင်တယ်လို့ စစ်ဘက်ဆိုင်ရာ နည်းပညာကျွမ်းကျင်သူက ဆိုပါတယ်။

"အမြင့်ပေ ၂၀,၀၀၀ ကျော်သွားရင် လေယာဉ်ပစ် စက်သေနတ်တွေ၊ အသေခံဒရုန်းတွေနဲ့ ဖျက်ဆီးဖို့ မလွယ်တော့ဘူး" လို့ သူက ပြောပါတယ်။

အမြင့်ပေ ၂၀,၀၀၀ နဲ့အထက်ရောက်သွားတဲ့ ပူဖောင်းတွေကို ပစ်ချဖို့ ခဲယဉ်းတာကြောင့် လှိုင်းဖြတ်တောက်တာ (Electronic Countermeasure) မျိုးပဲ လုပ်လို့ရနိုင်တယ်လို့ သူက ပြောပါတယ်။

အရပ်ဘက်နဲ့ စစ်ဘက်သုံးကင်းထောက်ပူဖောင်းတွေကို တရုတ်နိုင်ငံကပဲ အများဆုံးထုတ်လုပ်နေတာဖြစ်ပြီး အမေရိကန်အပါအဝင် အိန္ဒိယ၊ ထိုင်ဝမ်နဲ့ ဂျပန်နိုင်ငံတို့မှာ တရုတ်ကနေ လွှင့်တင်လိုက်တဲ့ ကင်းထောက်ပူဖောင်းတွေ ပျံသန်းဝင်ရောက်ခဲ့တာကို အထောက်အထားတွေနဲ့ ဖော်ပြထားကြပါတယ်။

Spy Balloon တွေကို ဘယ်ဒေသတွေမှာ တွေ့ရလဲ

စစ်ကိုင်း၊ ရွှေဘိုခရိုင် ဒီပဲယင်းအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်ကိုင်း၊ ရွှေဘိုခရိုင် ဒီပဲယင်းအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)

စစ်တပ်လေကြောင်းကို စောင့်ကြည့်နေတဲ့ မြေပြင်ကင်းထောက်အဖွဲ့တွေရဲ့ အချက်အလက်တွေအရ ၂၀၂၅ အောက်တိုဘာလထဲမှာ Spy Balloon တွေကို စစ်တပ်က မြေပြင်မှာ စသုံးလာတယ်လို့ သိရပါတယ်။

အညာဒေသက ဒေသအခြေစိုက် တော်လှန်ရေးတပ်တချို့ကလည်း ကင်းထောက်ပူဖောင်းပျံဝဲနေတဲ့ဓာတ်ပုံတွေကို သူတို့ရဲ့လူမှုကွန်ရက်မှာ မျှဝေထားပါတယ်။

စစ်ကိုင်းထဲက တန့်ဆည်၊ ဝက်လက်၊ ဘုတလင်၊ အရာတော်၊ ဝန်းသို၊ ကနီ၊ ရေဦးနဲ့ ဒီပဲယင်းဒေသတကြောမှာ ပူဖောင်းဝဲပျံတာတွေ့ခဲ့ရတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

စစ်တပ်က မြေပြင်လှုပ်ရှားမှုတွေကို စောင့်ကြည့်ထောက်လှမ်းဖို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဖြစ်တဲ့ မုံရွာအခြေစိုက် နမခ ထဲကနေ ကင်းထောင်ပူဖောင်းတွေကို လွှတ်တင်နေတာလို့ မုံရွာအခြေစိုက်တပ်ဖွဲ့တစ်ခုက ပြောပါတယ်။

မကွေးတိုင်း၊ မြိုင်တကြောမှာလည်း ကင်းထောက်ပူဖောင်းတွေကို စစ်တပ်က စမ်းသပ်လွှတ်တင်ပြီး စတင်အသုံးပြုနေပြီလို့ ဒေသအခြေစိုက် တပ်ဖွဲ့တစ်ခုက ဆိုပါတယ်

အလားတူ ကယား(ကရင်နီ) ပြည်နယ်မှာလည်း ဒီလို ကင်းထောက်ပူဖောင်းတွေကို သုံးနေတယ်လို့ ဒေသတွင်းသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ထဲက လောင်းလုံးမြို့နယ်ထဲမှာလည်း အောက်တိုဘာလအတွင်းက ကင်းထောက်ပူဖောင်းတစ်လုံး ကောင်းကင်မှာ ပျံနေတာ တွေ့လိုက်ရတယ်လို့ လောင်းလုံးအခြေစိုက် တော်လှန်ရေးတပ်တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောပါတယ်။

"စစ်တပ်စစ်ကြောင်းတွေ ရောက်မလာခင် ပူဖောင်းပျံဝဲတာကို ကောင်းကင်မှာ မြင်လိုက်ရတယ်" လို့ သူက အောက်တိုဘာ ၂၇ ရက်က သူတွေ့ရှိချက်ကိုပြောပါတယ်။

အရင်တုန်းက စစ်တပ်ရဲ့ စစ်ကြောင်းတွေကို ပြောက်ကျားတိုက်ခိုက်တဲ့နည်းက ထိရောက်ခဲ့ပေမယ့် လက်ရှိမှာတော့ စစ်တပ်စစ်ကြောင်းတွေကို ကင်းထောက်ဖို့ ခက်ခဲတယ်လို့ သူက ရှင်းပြပါတယ်။

ဘီဘီစီအနေနဲ့ တော်လှန်ရေးတပ်တွေပြောလာတဲ့ ကင်းထောက်ပူဖောင်းတွေအသုံးပြုမှုနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်တာ မရှိသေးတာကြောင့် အချက်အလက်တွေကိုထပ်မံစုဆောင်းနေဆဲဖြစ်ပါတယ်။

"ပြောက်ကျားစစ်လုပ်မယ်ဆိုတာကို ကြိုသိနေသလိုမျိုးတွေနဲ့ စစ်ရေးဖော်ဖို့ တွက်ချက်ပြင်ဆင်ထားတဲ့ နေရာတွေကို စစ်ကြောင်းရောက်မလာမျိုးတွေဖြစ်လာတယ်" လို့ သူက ပြောပါတယ်။

အရပ်ဘက်သုံးကင်းထောက်ပူဖောင်းတွေဆိုရင် တန်ကြေး အမေရိကန်ဒေါ်လာ ၂,၀၀၀ ကနေ ၅၀,၀၀၀ (ပြင်ပကျပ်ငွေပေါက်ဈေး သိန်း ၂,၀၀၀ ကျော်)အထိ ကျသင့်နိုင်ပါတယ်။

အရပ်ဘက် ကင်းထောက်ပူဖောင်းတွေထဲမှာ မြေပြင်ဧရိယာရှာဖွေသတ်မှတ်တာနဲ့ ရာသီဥတုစောင့်ကြည့်လေ့လာတာတွေအတွက် သုံးကြပါတယ်။

အရပ်ဘက်သုံးပူဖောင်းတွေထဲ နည်းပညာမြင့် မထည့်သွင်းထားဘဲ ရာသီဥတုအခြေအနေ စောင့်ကြည့်တဲ့ လုပ်ဆောင်ချက်တစ်ခုတည်းအတွက်သာ သုံးမယ်ဆိုရင်တော့ အမေရိကန်ဒေါ်လာ ၂,၀၀၀ ဝန်းကျင်သာ ကျသင့်နိုင်တယ်လို့ စစ်ဘက်ဆိုင်ရာ နည်းပညာကျွမ်းကျင်သူက ဆိုပါတယ်။

အရပ်ဘက်သုံအမျိုးအစားကိုမှ မြေပြင်ကင်းထောက်နိုင်တဲ့ နည်းပညာမြင့်သုံးပြီး "လုပ်ဆောင်ချက်တစ်ခုနဲ့ အထက် စွမ်းဆောင်ရည်ရှိတဲ့ ပူဖောင်းမျိုးဆိုရင်တော့ အမေရိကန်ဒေါ်လာ ၅၀,၀၀၀ အထိ ကျသင့်နိုင်တာပေါ့" လို့ သူက ရှင်းပြပါတယ်။

တရုတ်နိုင်ငံထုတ် စစ်ဘက်သီးသန့်သုံး အရည်အသွေးမြင့်ကင်းထောက်ပူဖောင်းတွေကတော့ အမြင့်ပေ ၆၀,၀၀၀ ကျော်နဲ့ ပေ ၁၀၀,၀၀၀ အထိ ပျံနိုင်ပြီး တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၅ သန်းနဲ့အထက်ကျသင့်နိုင်တယ်လို့ နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ သုတေသီတွေက ခန့်မှန်းပြောဆိုထားပါတယ်။

ဒါပေမဲ့ ကင်းထောက်ပူဖောင်းတွေမှာ အရည်အသွေးအမျိုးမျိုးရှိပြီး ပူဖောင်းထဲမှာ တပ်ဆင်ထားတဲ့ ကိရိယာ၊ သုံးထားတဲ့ နည်းပညာနဲ့ စက်ပစ္စည်းတွေအလိုက် ဈေးနှုန်းအမျိုးမျိုးကျသင့်မှာဖြစ်တယ်လို့ ဘီဘီစီမေးမြန်းခဲ့တဲ့ စစ်ဘက်ဆိုင်ရာ နည်းပညာကျွမ်းကျင်သူတစ်ဦးက ရှင်းပြပါတယ်။